အသေလွတ်တရား

မနေ့က တဏှာသည် ခန္ဓာငါးပါးက လာတယ်လို့ ပြောခဲ့တယ်။ တဏှာသည် ခန္ဓာငါးပါးကလာတယ်ဆိုတော့ ခန္ဓာငါးပါးမှန်း သိရင်လည်း တဏှာ မလာပါဘူး။ ခန္ဓာငါးပါးရယ်လို့ မသိလို့သာ လာခြင်းဖြစ်တယ်။ ဒါဖြင့် ကိုယ့်ခန္ဓာခင်လို့ တဏှာလာတာ၊ သားသမီးခင်လို့၊ ဆွေမျိုးခင်လို့၊ စီးပွားခင်လို့ တဏှာလာတာ။ ခန္ဓာငါးပါးကလာတဲ့ တဏှာပဲ။ ဒီခန္ဓာငါးပါးရဲ့ အပြစ်ကိုမသိတော့ တဏှာလာတယ်။ ဘယ်နှယ်ကြောင့် ခန္ဓာငါးပါး ခင်ကြတာလဲဆိုတော့ အားကိုးရလိမ့်မယ်၊ ကိုးစားရလိမ့်မယ်ထင်လို့ ခင်တာ။ ခင်တော့ ခင်တာက တဏှာ၊ တဏှာက တစ်ဆင့် ဥပါဒါန်၊ ဥပါဒါန်ကတစ်ဆင့် ကံဘက်လည်သွားတယ်။ လည်ချင်လို့လည်တာလားဆိုရင် လက်သည်ရှာတော့ ခန္ဓာခင်လို့ လည်တာ။ ဒီတော့ ခန္ဓာခင်ရင် သေပွဲတွေ အထပ်ထပ်ဝင်ရလိမ့်မယ်ဆိုတာ စက်ဝိုင်းအရ ရှင်းနေတယ်။ ကံကဟိုဘက် ဇာတိ ဇရာမရဏတွေ တစ်ဘဝလည်းမက အထပ်ထပ် သေပွဲတွေဝင်ရလိမ့်ဦးမယ်။ မိမိခန္ဓာ ခင်ရင်လည်း သေပွဲဝင်ရသလို သူတစ်ပါးခန္ဓာ ခင်ရင်လည်း သေပွဲဝင်ရမယ်။ ပစ္စည်းခန္ဓာတွေ ခင်ရင်လည်း သေပွဲဝင်ရမှာပဲ။ ဒါဖြင့် အဖန်ဖန်သေပွဲတွေဝင်နေကြရတာဟာ ကံမကောင်း အကြောင်းမသင့်လို့မဟုတ်ဘူး၊ ခန္ဓာခင်လို့ ဖြစ်နေကြရတယ်ဆိုတာ ပေါ်လာတယ်။ ခန္ဓာက (၂)အကွက်၊ ခင်တာက (၃)အကွက်၊ သေပွဲဝင်တာက (၄)အကွက် ဒီအတိုင်း သုံးခုစပ်သွားတယ်။ ဒါဖြင့် ခန္ဓာကို ဝိပဿနာရှုလို့ သမုဒယသေသွားရင် ခန္ဓာမခင်လို့ သေပွဲမဝင်ရတော့ဘူး။ ခန္ဓာမခင်တော့ သေပွဲမဝင်ရဘူး။ ခန္ဓာခင်ရင်တော့ သေပွဲဝင်ရလိမ့်မယ်။ ခန္ဓာခင်လို့သေပွဲဝင်တော့ ပဋိစ္စသမုပ္ပါဒ် သုံးချက် စပ်သွားတယ်။ (၂)နဲ့(၃) စပ်တယ်၊ (၃)နဲ့(၄)စပ်တယ်။ (၂-၃-၄) စပ်သွားတယ်။ ခန္ဓာခင်ရင်တော့ မသေတဲ့ပုဂ္ဂိုလ်မရှိဘူး။ အဖန်ဖန် သေလေသမျှ ဒီခင်မှုတစ်လုံးက နှိပ်စက်တာပဲ။ ဘုရားတစ်ဆူနဲ့ တစ်ဆူကြားမှာ (၄)ရက်တက်၊ (၄)ရက်ဆင်းရှိတဲ့တောင်ကြီးလောက် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရိုးတွေ ပုံတယ်ဆိုတာ ခင်တစ်လုံးက သတ်လို့။ ဒါကြောင့် တဏှာသည် သေအောင်သတ်တတ်တဲ့ တရားလို့ဆိုတာ ငြင်းလို့မရပါဘူး။ ပဋိစ္စသမုပ္ပါဒ်ဒေသနာနဲ့ ကြည့်လိုက်တော့ (၂)နဲ့(၃)စပ်၊ (၃)နဲ့(၄) စပ်လို့ သေပွဲဝင်ရတယ်။ (၂)နဲ့(၃)ကို ခန္ဓာခင်တဲ့ တဏှာက စပ်တယ်။ တဏှာကနေပြီး (၃)နဲ့(၄)ဆက်သွားတော့ ကမ္မဘဝနဲ့ ဇာတိစပ်သွားတယ်။ စပ်တော့ ဇရာမရဏဆိုတာ ပေါ်လာတယ်။ ဒါကြောင့် ခန္ဓာခင် သေပွဲဝင်ကြရတာ။ (၂)နံပါတ်က ခင်စရာ၊ (၃)နံပါတ်က ခင်တာ။ (၄)နံပါတ်က သေတာ။ ဒီလိုဆက်သွားတယ်။ ခန္ဓာမခင်တော့ သေပွဲလွတ်တယ်။ သေပွဲလွတ်တဲ့အလုပ်လုပ်ဖို့ ဝေဒနာသုံးပါး ခန္ဓာထဲမှာ ပေါ်ရင် ဖြစ်ပျက်ရှုလိုက်။ ဖြစ်ပျက်ရှုလိုက်တော့ (၂)(၃)အစပ်ကြားမှာ မဂ်ဝင်တယ်။ မဂ်ဝင်တော့ ခင်တာ မလာတော့ဘူး။ ခန္ဓာခင်တဲ့တဏှာမလာတော့ အသေလွတ်တယ်။ ဖြစ်ပျက်ရှုနေလို့ရှိရင် ခန္ဓာမခင်တော့ သေပွဲမဝင်ရဘူး။ (၂)နဲ့ (၃)မကူးလို့ သေပွဲလွတ်တာ။ ဘာကြောင့် မကူးတာလဲဆိုရင် ကြားမှာ မဂ်ဝင်လိုက်လို့။ မဂ်ဝင်တော့ ခန္ဓာမခင်တော့ဘူး။ ရှုနေတဲ့ ဖြစ်ပျက်က ခန္ဓာ၊ မခင်တာက မဂ်။ ခန္ဓာမခင်တော့ ဒီဘက်က သေစရာမလာတော့ဘူး။ အနာဂတ်ဘဝရယ်လို့ ပေါ်စရာမရှိတော့ အနာဂတ် သေစရာမရှိတော့ဘူး။ ပစ္စုပ္ပန်တစ်ခါသေပြီးနောက် သေစရာမရှိတော့ဘူး။ ဒီခန္ဓာကြီးကို အသုဘပဲ၊ အနိစ္စပဲလို့ သိရင် မဂ်ဉာဏ်လာပါတယ်။ မဂ်ဉာဏ်လာရင် (၃)နံပါတ် မကူးတော့ဘူး။ ဒီတော့ (၄)ဒုက္ခတွေ့ဖို့ မရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ခန္ဓာမခင်တဲ့ မဂ်ပေါ်လို့။ ဒီခန္ဓာကြီးက အဆိပ်နဲ့ ရောထားတဲ့ အရက်နဲ့တူတယ်တဲ့။ သောက်မိရင် မူးလည်းမူးမယ်၊ သေလည်း သေမယ်။ တဏှာနဲ့ ခင်တယ်ဆိုတာ သောက်မိတာပဲ။ သောက်မိတော့ သေပွဲဝင်ရတယ်။ မသောက်ဘူးဆိုပြီး ဘယ်ဝေဒနာလာလာ ဖြစ်ပျက်ရှု။ စိတ်လာလည်း ဖြစ်ပျက်ရှု။ ဖြစ်ပျက်ရှုလိုက်တော့ မခင်တော့ဘူး။ အဆိပ်နဲ့ရောထားတဲ့အရက်ကို ရှောင်လိုက်တယ်။ အဆိပ်နဲ့ရောထားတဲ့ အရက်က ခန္ဓာကြီးနဲ့ တူတယ်။ သောက်တဲ့သူနဲ့ ပုထုဇဉ်မိုက်နဲ့တူတယ်။ မိုက်တော့ မသောက်သင့်တာ သောက်လို့ သေရတယ်။ ဒါဖြင့် သေချင်လို့ သေရတာမဟုတ်ဘူး၊ မိုက်လို့ သေရတာသာ ဖြစ်တယ်။ မိုက်တော့ တဏှာနဲ့ ခင်တယ်။ ခင်တော့ ဥပါဒါန် ကံ ဇာတိ ဇရာမရဏဆိုတဲ့ သေပွဲတွေကပြေးလို့မလွတ်တော့ဘူး။ သောက်တဲ့ပုဂ္ဂိုလ် သေတယ်၊ ခင်တဲ့ပုဂ္ဂိုလ်သေတယ်။ မခင်တဲ့နည်းကတော့ ဝေဒနာပေါ်ရင် ဝေဒနာ ဖြစ်ပျက်ရှုပေး။ စိတ်တွေ့ရင်လည်း စိတ်ဖြစ်ပျက်ရှုပေး။ စိတ်ရှုတော့ စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်၊ မသောက်ဖြစ်တော့ဘူး။ မသောက်ဖြစ်တော့ (၂) (၃)မစပ်တော့ဘူး။ (၃) (၄)လဲ မလာတော့ဘူး။ ပဋိစ္စသမုပ္ပါဒ်ကတော့ ဘုရားဟောလည်း ရှိနေတာပဲ၊ ဘုရားမဟောလည်း ရှိနေတာပဲ။ ဘုရားက အရှိကို အရှိအတိုင်း ဖော်ပြတာသာဖြစ်တယ်။ ဒါဖြင့် အဆိပ်နဲ့ရောထားတဲ့အရက်ကို သိလို့ ရှောင်လိုက်မယ်ဆိုရင် သေပွဲက လွတ်သွားတယ်။ အိုပွဲ နာပွဲ သေပွဲ အကုန်လွတ်တယ်။ ရှောင်တာသည် ဝိပဿနာရှုနေတာ။ ခန္ဓာငါးပါးထဲက ဝေဒနာကြိုက်ရင် ဝေဒနာရှု၊ ဖဿကြိုက်ရင် ဖဿရှု၊ စိတ်ကြိုက်ရင် စိတ်ရှု။ ဒီလိုရှုတော့ ဒီတရားတွေက ဖြစ်ပျက်၊ ရှုတာက မဂ်။ အစပ်ကိုဖြတ်လိုက်တော့ (၃)မဆက်တော့ဘူး။ (၃)မဆက်ရင် (၄)မလာတော့ဘူး။ ဒါကြောင့် ခန္ဓာငါးပါးကို အဆိပ်နဲ့ရောထားတဲ့ အရက်ရယ်လို့ သေသေချာချာ သိအောင်လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ အဆိပ်နဲ့ရောထားတဲ့ အရက် သောက်လို့ရှိရင် မူးလည်းမူးတယ်၊ သေလည်း သေတယ်။ ဒီမှာလည်း သားသမီးကိုခင်တဲ့ တဏှာ လာလို့ရှိရင် ရုပ်နာမ်ဒုက္ခသစ္စာ အကုန်ပျောက်တော့ မူးသွားတယ်။ ရုပ်နာမ် ဒုက္ခသစ္စာ မပေါ်ဘဲ ခင်စရာ မင်စရာ အားကိုးစရာသာ ပေါ်နေတော့တယ်။ မူးသွားတော့ ခင်မိ မင်မိ ကြင်နာမိသွားတယ်။ မူးတဲ့ပုဂ္ဂိုလ် သောက်မိတော့ သေပွဲဝင်ရတယ်။ မသောက်မိတဲ့ပုဂ္ဂိုလ် သေပွဲမဝင်ရဘူး။ ဒါဖြင့် ဒီခန္ဓာကြီးကို အနိစ္စတော ဒုက္ခတော ရောဂတော လို့ရှုပေးပါ။ ဖြစ်ပျက်ရှုပေးပါ။ ရှုလို့ရှိရင် မဂ်ပေါ်တယ်။ မဂ်ပေါ်လို့ တဏှာမလာတော့ မသောက်ဖြစ်တော့ဘူး။ မသောက်ဖြစ်ရင် သေပွဲလွတ်တယ်။ ဒါဖြင့် ဖြစ်ပျက်အလုပ်ဟာ အသေလွတ်တရားပဲ။ အိုသေလွတ်တဲ့တရား။ အိုသေလွတ်ရာကို နိဗ္ဗာန်လို့ခေါ်တယ်။ ဇာတိလွတ်ရာ၊ ကံလွတ်ရာ၊ ဥပါဒါန်လွတ်ရာ၊ တဏှာလွတ်ရာဟာလည်း နိဗ္ဗာန်ပါပဲ။ အားလုံးဟာ နိဗ္ဗာန်ချည်းဖြစ်သွားတယ်။ (၂) နဲ့ (၃) အစပ်နေရာမှာ မဂ်ပေါ်လို့ရှိရင် အားလုံးဟာ နိဗ္ဗာန်ပဲ ဖြစ်သွားတော့တယ်။ ဒေါက်တာအရှင်ပါရမီ See also: http://myakyunthar.blogspot.com/?m=1

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး