ဒုက္ခအယူအဆ

ဗုဒ္ဓဝါဒသည် ဒုက္ခကို မြင်သာအောင် ပြသောဝါဒဖြစ်၏။ ဒုက္ခဟူသည် ဆင်းရဲခြင်းပင်ဖြစ်၏။ ကိုယ်ဆင်းရဲခြင်းဒုက္ခ၊ စိတ်ဆင်းရဲခြင်းဒုက္ခဟူ၍ အကြမ်းအားဖြင့် နှစ်မျိုးသတ်မှတ်နိုင်၏။ ကိုယ်ဆင်းရဲခြင်းဒုက္ခသည် ရုပ်ဒုက္ခဖြစ်၏။ စိတ်ဆင်းရဲခြင်းဒုက္ခသည် နာမ်ဒုက္ခဖြစ်၏။ ထို့ကြောင့် ရုပ်သည်လည်း ဒုက္ခ၊ နာမ်သည်လည်း ဒုက္ခဟုဆိုရ၏။ ထိုရုပ်နှင့်နာမ်အပေါင်းအစုကို သတ္တဝါဟူ၍လည်း သတ်မှတ်ကြ၏။ ဘဝဟူ၍လည်းခေါ်ဆိုကြ၏။ ထို့ကြောင့် ဘဝသည်ပင် ဒုက္ခဖြစ်နေလေတော့၏။ ဘုရားရှင်ကမူ လိုတာ မရခြင်းသည်လည်း ဒုက္ခ၊ မလိုတာ ရရှိနေခြင်းသည်လည်း ဒုက္ခ၊ ချစ်သူနှင့် မပေါင်းရခြင်းသည်လည်းဒုက္ခ၊ မချစ်သူနှင့်ပေါင်းသင်းနေထိုင်ရခြင်းသည်လည်း ဒုက္ခ၊ မွေးခြင်း အိုခြင်း နာခြင်း သေခြင်းသည်လည်း ဒုက္ခ၊ အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခဟု ဒုက္ခကို ထင်သာမြင်သာအောင် ဖွင့်ဆိုပြခဲ့၏။ ဥပါဒါနက္ခန္ဓာဟူသည်မှာ ဥပါဒါန်တို့၏ စွဲလန်းနိုင်ရာ ခန္ဓာငါးပါးကို ဆိုလိုခြင်းဖြစ်၏။ တဏှာဖြင့်လည်း တပ်မက်စရာ၊ ဒိဋ္ဌိဖြင့်လည်း စွဲလန်းစရာခန္ဓာငါးပါးကို ဥပါဒါနက္ခန္ဓာဟု ဆိုရ၏။ ရုပ်ရည်ချောမောလှပလျှင် တပ်မက်စရာဖြစ်လာ၏။ မိန်းကလေး၊ ယောက်ျားလေး အထင်အမြင်မပျောက်လျှင် ဒိဋ္ဌိဝင်လာခြင်းဖြစ်၏။ ထိုဒိဋ္ဌိသည် ယောက်ျားလေးက မိန်းကလေးကို တပ်မက်စေသကဲ့သို့ မိန်းကလေးကလည်း ယောက်ျားလေးကို တပ်မက်စေပါ၏။ ယင်းသို့ တပ်မက်သည်ကို တဏှာဟုဆိုရ၏။ ကျားမ အပြန်အလှန်တပ်မက်ခြင်းသာမက ကိုယ့်ခန္ဓာကိုယ်ပင် ပြန်လည်တပ်မက်သည်လည်းရှိ၏။ ကိုယ့်ခန္ဓာကိုယ်ကို ငါ အသားဖြူ၏၊ ငါ ဥပဓိကောင်း၏၊ ငါ ချောမော၏၊ ငါ လှပ၏၊ ငါ့လောက်ရုပ်ရည်သန့်ပြန့်သူ မရှိ စသည်ဖြင့် ကိုယ့်ကိုယ်ကို မြတ်နိုးရာမှ တပ်မက်လာပြီး တဏှာသည် ဝင်လာရ၏။ ဥပါဒါန်သည် စွဲလာရ၏။ ဘဝင်မြင့်သည့်မာနသည် ခေါင်းထောင်လာရ၏။ ယင်းသို့ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟု စွဲလမ်းစရာ ခန္ဓာငါးပါးကို ဥပါဒါနက္ခန္ဓာဟုဆိုရ၏။ သာမန်မျှပြောရလျှင် ခန္ဓာငါးပါးဟုသာ ပေါင်းရုံးပြော၍ ရပါ၏။ ယင်းခန္ဓာငါးပါးကို ဘုရားက ဒုက္ခဟု မိန့်တော်မူ၏။ ထို့ကြောင့် ဘာသာခြားများက ဗုဒ္ဓဝါဒသည် အဆိုးမြင်ဝါဒဟု စွပ်စွဲပြောဆိုလေ့ရှိကြ၏။ စင်စစ်မှာ အဆိုးမြင်ခြင်းမဟုတ်၊ အမှန်မြင်ခြင်းသာဖြစ်ပါ၏။ ထို့ကြောင့် အဆိုးမြင်ဝါဒမဟုတ်၊ အမှန်မြင်ဝါဒဟုသာ ခေါ်ဆိုနိုင်၏။ ဗုဒ္ဓဝါဒကို စေ့စေ့စပ်စပ်နားလည်ဖို့ရန် နယ်ပယ်နှစ်ခု ပိုင်းခြားသတ်မှတ်၍ ကြည့်ရမည်ဖြစ်၏။ ပရမတ္ထသစ္စာနယ်ပယ်နှင့် သမုတိသစ္စာနယ်ပယ်တို့ပင်ဖြစ်၏။ ဗုဒ္ဓဘုရားရှင်သည် ပရမတ္ထသစ္စာနယ်ပယ်တွင် အမှန်ရှိ အဟုတ်ရှိကိုသာ ဘက်မလိုက်ဘဲ ဟောတော်မူလေ့ရှိ၏။ ပုဂ္ဂိုလ်ကို ငဲ့၍ဟောသည်မဟုတ်။ ဓမ္မကိုသာ ငဲ့၍ဟော၏။ လူ နတ် ဗြဟ္မာ မခွဲခြား၊ မင်း ပုဏ္ဏား သူဋ္ဌေးသူကြွယ်မခွဲခြား တစ်သားတည်းထား၍ အားလုံးပင် ဒုက္ခအဖြစ် ထပ်တူပြု၍ ဟောကြားသည်မှာ ပရမတ္ထသစ္စာရှုထောင့်မှ ဟောကြားသော ဒေသနာတော်များ ဖြစ်ပါ၏။ အမှန်ကိုသာ မခြွင်းမချန်ဟောသဖြင့် သစ္စာဒေသနာဟု ဆိုရ၏။ (၃၁)ဘုံ အကုန်လုံးကို သိုင်းခြုံ၍ ဒုက္ခဟူသော စကားလုံးဖြင့် သိမ်းသွင်းဟောကြားလိုက်ခြင်းသည် ဘုံဘဝသုခမြတ်နိုးသူတို့အတွက် ထိတ်လန့်ဖွယ်ရာ ဖြစ်ခဲ့ရ၏။ လောက၌ ချမ်းသာသုခ မရှိဟု ဘုရားရှင်ကမိန့်တော်မမူ။ ချမ်းသာသုခသည် ရှိ၏။ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဟူ၍ ချမ်းသာသုခရှိကြောင်းကို ဗုဒ္ဓကိုယ်တိုင်လည်း အသိအမှတ်ပြု၏။ မင်းတို့၏ချမ်းသာသုခ၊ သူဋ္ဌေးတို့၏ ချမ်းသာသုခ၊ ရဟန်းဘ၀ ချမ်းသာသုခ စသည်ဖြင့် ချမ်းသာသုခရှိကြောင်းကို ဗုဒ္ဓဒေသနာတော်တို့တွင် အထင်အရှားတွေ့မြင်နိုင်ပါ၏။ ယင်းဒေသနာတော်တို့သည် သမုတိသစ္စာနယ်ပယ်ကို ငဲ့၍ ဟောကြားထားသောဒေသနာတော်များဖြစ်၏။ သို့ဖြစ်၍ ဘုရားရှင်သည် ချမ်းသာသုခကို မျက်ကွယ်ပြု၍ ဟောကြားခဲ့ခြင်းမဟုတ်။ ပုဂ္ဂိုလ်ကိုငဲ့၍ ဘုံဘဝကိုငဲ့၍ သမုတိသစ္စာနယ်ပယ်တွင် ချမ်းသာသုခရှိကြောင်းကိုလည်း ဟောကြားခဲ့သည်သာဖြစ်သဖြင့် ထိုကဲ့သို့ ဗုဒ္ဓဝါဒကို အပြည့်အ၀ နားလည်မှုမရှိသောကြောင့်သာ အဆိုးမြင်ဝါဒဟု ပြောဆိုကြခြင်းဖြစ်၏။ လောကတွင် ခေါ်ဆိုသတ်မှတ်ထားသော ချမ်းသာသုခကို ဘုရားရှင်က သမုတိသစ္စာနယ်ပယ်တွင် အသိအမှတ်ပြုသော်လည်း ပရမတ္ထသစ္စာနယ်ပယ်တွင်မူ ပုဂ္ဂိုလ်မငဲ့၊ ဘုံဘဝမငဲ့ဘဲဟောကြားရသည်သာဖြစ်သဖြင့် တစ်လောကလုံး သုခဟူ၍ မြူမျှမရှိ၊ ဖြစ်ပေါ်နေသောအရာအားလုံးသည် ဆင်းရဲဒုက္ခသာဖြစ်၏ (သဗ္ဗေ သင်္ခါရာ ဒုက္ခာ)ဟု ဟောကြားတော်မူခဲ့၏။ အပါယ်ဘုံသားလည်း ခန္ဓာငါးပါး၊ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံသားလည်း ခန္ဓာငါးပါး၊ ခန္ဓာမှန်လျှင် ဒုက္ခသာဖြစ်သဖြင့် အပါယ်ဘုံသားကိုမဆိုထားဘိ၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာသည်ပင် ဒုက္ခအောက်တွင် ကျရောက်သွားရတော့၏။ ခန္ဓာရှိလျှင် မွေးအိုနာသေ မကင်းသဖြင့် ဆင်းရဲခြင်းဖြစ်သည်ဟု ကောက်ကြောင်းဆွဲလိုက်လျှင် ချမ်းသာသည်ဟုထင်ရသောဘဝများသည်ပင် ဒုက္ခမှမလွတ်သည်မှာ ထင်ရှားစွာ မြင်တွေ့နိုင်မည်ဖြစ်၏။ ဘုရားရှင်က လောကီချမ်းသာအနေဖြင့် အသိအမှတ်ပြုကြောင်းကို ဝေဒနာသုံးမျိုးတွင် ကြည့်လျှင် သိနိုင်ပါ၏။ သုခ၊ ဒုက္ခ၊ ဥပေက္ခာဟူ၍ဖြစ်၏။ ယင်းသုံးမျိုးတွင် သုခကို ရှေ့တမ်းတင်၍ ဟောကြားခဲ့ပါ၏။ သို့သော် ယင်းသုခသည်ပင် ပေါ်ဆဲသုခ၊ ပျက်သွားလျှင် ဒုက္ခဖြစ်ရ၏ (ဌိတိ သုခံ၊ ဝိပရိဏာမံ ဒုက္ခံ)။ ဝေဒနာသုံးမျိုးခွဲခြားဟောကြားခဲ့ငြားသော်လည်း မည်သည့်ဝေဒနာမှ အရှည်အခန့် တည်တံ့ခိုင်မြဲမနေသဖြင့် ဖြစ်ပြီးပျက်ရသည်မှာ ဓမ္မတာသဘောရှိသဖြင့် ဒုက္ခတစ်လုံးတည်းသာ အမှန်တရားအဖြစ် ကျန်ရှိတော့၏။ ဝေဒနာသုံးမျိုးလုံးသည် ဖြစ်ပျက်မကင်းသဖြင့် ဒုက္ခသစ္စာဟု နားလည်ရ၏။ ဗုဒ္ဓဝါဒအရ ဒုက္ခမှ ထွက်မြောက်ရာပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်၏။ ယင်းနိဗ္ဗာန်ကို ရချင်လျှင် ဒုက္ခကို သိအောင်လုပ်ရ၏။ မြင်အောင်ကြည့်ရ၏။ ရုပ်တရားသည်လည်း အကြောင်းကြောင့်ပေါ်သော အကျိုးတရားမျှဖြစ်လေရာ အကြောင်းပျက်လျှင် အကျိုးလည်း ပျက်ရသည်သာဖြစ်၏။ ထို့ကြောင့် ဖြစ်ပျက်မကင်းသဖြင့် ဒုက္ခသစ္စာအမှန်တရားသာဖြစ်၏။ ဝေဒနာသည်လည်း သုံးမျိုး ငါးမျိုးခွဲခြားနိုင်စေကာမူ မည်သည့်ဝေဒနာမျှ မတည်မြဲ၊ ပြောင်းလဲပျက်စီးခြင်းလျှင် အဆုံးရှိသဖြင့် ဒုက္ခသစ္စာသာဖြစ်တော့၏။ အမှတ်သညာ၊ ပြုပြင်တိုက်တွန်းမှု သင်္ခါရ၊ သိမှုဝိညာဏ်တို့သည်လည်း အခုဖြစ်အခုပျက်ရသည်သာဖြစ်သောကြောင့် ဒုက္ခသစ္စာအမှန်တရားသာဖြစ်၏။ ထို့ကြောင့် သစ္စာအမြင်ဖြင့်ကြည့်လျှင် ဒုက္ခမှတစ်ပါး အခြားမရှိသည်ကို ဧကန်တွေ့မြင်နိုင်မည်ဖြစ်၏။ ခန္ဓာမှန်လျှင် ဒုက္ခသစ္စာဟုသဘောပိုက်မိလျှင် မည်သူ၏ခန္ဓာဖြစ်စေ သုခမဘက် ဒုက္ခသက်သက်သာရှိသည်ကို ရိပ်စားမိနိုင်မည်ဖြစ်၏။ သူဋ္ဌေးလည်း ခန္ဓာနှင့်ဖွဲ့စည်းထားသည်သာဖြစ်သောကြောင့် လောကီနယ်တွင် စည်းစိမ်ချမ်းသာသည်ဟု အသိအမှတ်ပြုခံရသော်လည်း ဖြစ်ပျက်သဘောကို မလွန်ဆန်နိုင်သဖြင့် ဒုက္ခအောက်တွင် ပျားပျားဝပ်ကျရောက်ရ၏။ သူဆင်းရဲလည်း ထို့အတူပင်ဖြစ်၏။ အပါယ်ဘုံသားတို့သည်လည်း ထို့အတူပင်ဖြစ်သကဲ့သို့ လူနတ်ဗြဟ္မာခေါ်ဆိုရသည့် သတ္တဝါမှန်သမျှသည်လည်း ထို့အတူသာ ဖြစ်ပါ၏။ ခန္ဓာတို့၏ ဖြစ်ပျက်ပြောင်းလဲခြင်းကို ဒုက္ခသစ္စာ အမှန်တရားအဖြစ် နားလည်ထားပါမှ ဗုဒ္ဓဟောလိုရင်း ပရမတ်ဒုက္ခကို နားလည်မည်ဖြစ်၏။ ဆင်းရဲခြင်းသည် ဒုက္ခဟု သာမန်မျှ နားလည်ထားမည်ဆိုလျှင် ခွေးလည်းဆင်းရဲခြင်းရှိသည်သာဖြစ်၏။ သူ့ဆင်းရဲသူနားလည်သည့်အခါရှိ၏။ လူလည်း ဥစ္စာမရှိ၍ဆင်းရဲ၊ ဘဝမပြည့်စုံ၍ဆင်းရဲ၊ အလုပ်အကိုင်မရှိ၍ဆင်းရဲ၊ အလုပ်အကိုင်ရှိပြန်တော့လည်း ပင်ပန်း၍ဆင်းရဲ၊ အလိုမကျ၍ ဆင်းရဲ၊ ကျန်းမာရေးမကောင်း၍ ဆင်းရဲ၊ သူများအနှိမ်ခံရ၍ အနှိပ်စက်ခံရ၍ ဆင်းရဲ စသည့်ဆင်းရဲမျိုးစုံနှင့် ရင်ဆိုင်နေရသည်သာ များ၏။ ကိုယ့်ဆင်းရဲ ကိုယ် သိကြသည်သာဖြစ်ပါ၏။ သို့သော် သစ္စာအမြင်ဖြင့် သိသည်ကား မဟုတ်။ သံဝေဂလောက်မျှဖြစ်နိုင်သော အမြင်မျှသာ ဖြစ်ပါ၏။ ထို့ထက်ပို၍ အတွင်းကျသောဆင်းရဲသည် ရုပ်နာမ်တို့၏၊ ခန္ဓာငါးပါးတို့၏ ဖြစ်ပျက်ပြောင်းလဲနေသည်ကို မြင်အောင်ကြည့်၍ တကယ်ဖြစ်၍ တကယ်ပျက်နေသည်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်သိသဖြင့် ဆင်းရဲအစစ်ပင်ဖြစ်သည်ဟု ဆုံးဖြတ်ချက်ချနိုင်သော အမြင်ပေါ်လာမှ ဒုက္ခသစ္စာကို တကယ်သိ၊ တကယ်မြင်သည်ဟု ဆိုရ၏။ သစ္စာလေးပါးအနက် ဒုက္ခသစ္စာကို သိလိုက်ခြင်းဖြစ်ပါ၏။ ဒုက္ခသစ္စာကို သိပြီဆိုလျှင် သိသည့်ဉာဏ်က မဂ္ဂသစ္စာဖြစ်နေပြီဖြစ်၏။ ဒုက္ခသစ္စာကို မဂ္ဂသစ္စာဖြင့် သိနေခိုက်တွင် ကိုယ့်ခန္ဓာအပေါ်တွယ်ငြိမှု တဏှာလောဘ၊ မာန ဒိဋ္ဌိ ကိလေသာတို့ ဖြစ်ပေါ်ခွင့်မရှိဘဲ ချုပ်ပျောက်နေကြလေ၏။ သမုဒယသစ္စာ သေနေသည်ဟုဆိုရ၏။ သမုဒယသစ္စာကို မဂ္ဂသစ္စာဖြင့် အစားထိုးလျက် ဒုက္ခသစ္စာကို နိရောဓသစ္စာဖြင့် အစားထိုးလိုက်ခြင်းပင် ဖြစ်ပါ၏။ ထိုကဲ့သို့ ဒုက္ခကို မမြင်သည့်အချိန်တွင် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့သာ လှည့်နေတော့၏။ အဆိုးသစ္စာနှစ်ပါးဖြင့်သာ နှစ်ပါးသွားနေကြရ၏။ အကောင်းသစ္စာဝင်ခွင့်မရှိ။ ဒုက္ခကို ဉာဏ်ဖြင့် မြင်နေချိန်တွင် မဂ္ဂသစ္စာနှင့် နိရောဓသစ္စာပေါ်ခွင့်ရလာ၏။ အကောင်းသစ္စာနှစ်ပါး ပွင့်ပေါ်လာခြင်းဖြစ်၏။ တဒင်္ဂပေါ်နေသည်ဟု နားလည်ရမည်ဖြစ်၏။ တဒင်္ဂပေါ်ရာမှ ထာဝရပေါ်သည့်တိုင်အောင် ဉာဏ်ဖြင့် ဆက်လက်ကြည့်သွားမည်ဆိုပါက တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့၊ တစ်နေ့နေ့တော့ ဒုက္ခအစပြတ်ချုပ်ငြိမ်း ရုပ်သိမ်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက် မျက်မှောက်ပြုနိုင်ကြမည်သာဖြစ်၏။ အရေးကြီးသည်မှာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ရှိပင် ရှိလင့်ကစား ထိုဆင်းရဲများကို သိရုံမျှ သောင်တင်ကျေနပ်မနေဘဲ ရုပ်နာမ်တို့၏ အတွင်းကျကျ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောတို့ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါမှ ဖြစ်ပျက်ကိုမြင်မည်ဖြစ်၏။ ဖြစ်ပျက်သည် ဒုက္ခသစ္စာဖြစ်၏။ မြင်သည်က မဂ္ဂသစ္စာဖြစ်၏။ မြင်နေခိုက် ကိလေသာပေါ်ခွင့်မရဘဲ သေနေသည်က သမုဒယသစ္စာဖြစ်၏။ သမုဒယအကြောင်းကိလေသာရှိမှ နောင်ခန္ဓာ နောင်ဇာတိ ဇရာမရဏတို့ ထပ်မံဖြစ်ရမည်ဖြစ်ရာ ကိလေသာသမုဒယသစ္စာသေသဖြင့် နောင်ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းသည်က နိရောဓသစ္စာဖြစ်၏။ နိရောဓသစ္စာသည် နိဗ္ဗာန်ကို ဆိုလိုခြင်းဖြစ်၏။ ထို့ကြောင့် နိဗ္ဗာန်မျက်မှောက်ပြုချင်လျှင် သစ္စာလေးပါးအနက် ဒုက္ခသစ္စာကို သိအောင်လုပ်ဖို့သည် အရေးအကြီးဆုံးဖြစ်ပါ၏။ ဒုက္ခသစ္စာသိသည်နှင့် မဂ္ဂသစ္စာပေါ်၊ သမုဒယသစ္စာပျောက်၊ နိရောဓသစ္စာ အလိုလို ဆိုက်ရောက်ရမည်ဖြစ်၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး