သစ္စာသိနည်း လမ်းညွှန် (၂)

ကိုယ့်သန္တာန်မှာ ကြားစိတ်ကလေးပေါ်တယ်ဆိုရင် ဒုက္ခသစ္စာလေး ပေါ်တာပဲလို့ နားထဲ ဉာဏ်ထည့်ပြီး ရှုလိုက်ပါ။ ဒါဖြင့် ကြားစိတ်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ ဒီမဂ္ဂသစ္စာမလာရင် တဏှာ ဥပါဒါန် ကံလာမယ်။ ကံလာရင် ဟိုဘက် ဇာတိ ဇရာမရဏလာမယ်။ တဏှာ ဥပါဒါန်က ကိလေသ ဝဋ်၊ ကံက ကမ္မဝဋ်၊ ဇာတိ ဇရာမရဏတွေက ဝိပါကဝဋ်။ မဂ္ဂသစ္စာသာ လာမယ်ဆိုရင် ဒီဝဋ်သုံးပါးကျွတ်တယ်။ ဒီဝဋ်တွေက ကိုယ့်သန္တာန်မှာ ဖြစ်နေတာ။ ဘုရားထံသွားပြီး ဆုတောင်း ဘုရားကိုဖြတ်ပေးပါ ခိုင်းနေလို့ မရဘူး။ သစ္စာသိတဲ့ ကိုယ့်ဝိဇ္ဇာမဂ္ဂင်နဲ့ ကိုယ့်ဟာကိုယ် ဖြတ်မှ ပြတ်မယ်။ ကြားစိတ်လေးက ဒုက္ခသစ္စာ၊ သိတာလေးက မဂ္ဂသစ္စာ၊ ဝိဇ္ဇာမဂ္ဂပဲ။ ဝိဇ္ဇာဆိုလို့ရှိရင် အဝိဇ္ဇာနိရောဓာ င်္သခါရနိရောဓောလည်းဖြစ်၊ ဝိညာဏနိရောဓောလည်းဖြစ်၊ ဒုက္ခက္ခန္ဓဿနိရောဓောလည်း ဖြစ်တယ်။ ဒါဖြင့် ကိုယ့်ကို ကယ်တင်နိုင်တဲ့သူဟာ သစ္စာသိတဲ့ဉာဏ်ပဲဆိုတာ ကောက်ချက်ချလိုက်ပါ။ သစ္စာသိပြီဆိုရင်တော့ လာမယ့်ဒုက္ခတွေလည်း ချုပ်၊ ရှေးကမိုက်ထားတဲ့ မိုက်ကြွေးဒုက္ခတွေလည်း ချုပ်တယ်။ ရှေ့နောက်ဖြတ်တာ။ အတိတ်ကံတွေလည်း ဖြတ်၊ အနာဂတ်ကံတွေလည်း ဖြတ်တယ်။ ကြားစိတ်လေး ဖြစ်ပျက်မဂ်ကိုက်အောင်လုပ်လိုက်တော့ နောက်က တဏှာ ဥပါဒါန် ကံတွေ မလာတော့ဘူး။ ကံမလာတော့ အနာဂတ်ခန္ဓာတွေ မလာတော့ဘူး။ ကံမလာရင် ခန္ဓာမလာတဲ့အတွက် ခန္ဓာမပေါ်တော့တဲ့အတွက် အတိတ်ကံတွေ လိုက်အကျိုးပေးခွင့် မရှိတော့ဘူး။ အတိတ်ကံတွေက ခန္ဓာရှိမှ အကျိုးပေးလို့ရတာလေ။ ပစ္စုပ္ပန်ကံလည်း မပေါ်လို့ အနာဂတ်ခန္ဓာမလုပ်တော့ဘူး။ ခန္ဓာပေါ်မှ ကံကလိုက်အကျိုးပေးနိုင်တယ်၊ ခန္ဓာမပေါ်တော့ အကျိုးပေးလို့မရတော့ဘူး။ ဒါဖြင့် မဂ်သည် အတိတ်ကံတွေလည်း ဖြတ် ပစ္စုပ္ပန်ကံတွေလည်း ဖြတ်တယ်။ ဒီကံတွေက အကျိုးပေးရင်လည်း ဒုက္ခသစ္စာပဲလာမှာ။ ဒါဖြင့် သစ္စာသိတဲ့ ဉာဏ်က အတိတ်ကံကအကျိုးပေးမယ့် ဒုက္ခသစ္စာကိုလည်း ဖြတ်တယ်။ နောင်လာမယ့်ကံတွေလည်း သစ္စာသိရင် မပေါ်တော့ဘူး။ ယခုလို မဂ်ကဖြတ်လိုက်ပြီဆိုရင် အတိတ်ကံတွေလည်း ကြောက်စရာမလိုတော့သလို ယခုဘဝကံတွေကိုလည်း ကြောက်စရာမလိုတော့ဘူး။ ကံကြောင့် ခန္ဓာဖြစ်၊ ခန္ဓာရှိလို့ရတဲ့ ဒုက္ခသစ္စာတွေ အကုန်သိမ်းတယ်။ ဒါကြောင့် ဒုက္ခကုန်ချင်ရင် သစ္စာသိအောင်လုပ်မှုမှတစ်ပါး အခြားမရှိဘူး။ သစ္စာမသိရင် အဝိဇ္ဇာ၊ သစ္စာသိမှ ဝိဇ္ဇာဖြစ်တယ်။ ကြားစိတ်ပေါ်လည်း သိ၊ ဒုက္ခသစ္စာလို့ရှု၊ ပွား။ နံစိတ်ပေါ်လည်း ဒုက္ခသစ္စာ၊ စားစိတ်ပေါ်လည်း ဒုက္ခသစ္စာ၊ ယားစိတ် ယံစိတ်ပေါ်လည်း ဒုက္ခသစ္စာလို့သာ ပွားနေလိုက်ပါ။ ပွားလိုက်တော့ မဂ်က အတိတ်ကံတွေကိုလည်း ဖြတ် ပစ္စုပ္ပန်ကံတွေကိုရော လာခွင့်မပေးတော့ဘူး။ အတိတ်ဝဋ်ကြွေးတွေလည်း ပြေ၊ ဝဋ်သစ်တွေလည်း မလာတော့ဘူး။ ဝဋ်ကျွတ်သွားတာ။ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကြောင့် ကိုယ့်ဝဋ်ဖြစ်နေတာ၊ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကိုမှ ကိုယ့်မဂ်ဉာဏ်နဲ့ မဖြတ်ဘဲနဲ့ ဝဋ်က မကျွတ်ပါဘူး။ ဒါကြောင့် ဝဋ်ကျွတ်ချင်ရင် နိဗ္ဗာန်ရောက်ချင်ရင် ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်တိုင်ဖြတ်ရပါလိမ့်မယ်။ သစ္စာသိအောင် လုပ်ရမယ်။ ဒါဖြင့် ကိုယ့်သန္တာန် လာသမျှ စိတ်ကို ရှု။ ရှူစိတ်လေး လာလည်း ရှု၊ ရှိုက်စိတ်လေး လာလည်း ရှု၊ စားချင်စိတ်လေးလာလည်း ရှု၊ အိပ်ချင်စိတ်လေးလာလည်း ရှု။ လာသမျှစိတ် အကုန် ဒုက္ခသစ္စာချည်းပဲလို့သာ ရှုပေးလိုက်ပါ။ ရှုတိုင်း ရှုတိုင်း အရှုခံရတာက ဒုက္ခသစ္စာ၊ ရှုဉာဏ်က မဂ္ဂသစ္စာ။ ဒီလိုရှုလိုက်တော့ အတိတ်ကံတွေလည်း ပြတ်၊ ပစ္စုပ္ပန်ကံတွေလည်း မလာတော့ဘူး။ အတိတ်ကံပြတ်တာလည်း မဂ်ကြောင့်ပဲ။ ပစ္စုပ္ပန်ကံပြတ်တာလည်း မဂ်ကြောင့်ပါပဲ။ ဒါကြောင့် မဂ်သည်သာ အားကိုးအားထားရာအစစ် ဧကန်ဖြစ်တယ်လို့ မှတ်လိုက်ပါ။ See also: http://myakyunthar.blogspot.com/2011/03/blog-post_30.html?m=1 ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး