ကလေသာ ဖြူစင်နေပါမှ

သစ္စာတရားမသိဘဲ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဘုရားရှင်က သောတာပန်တည်အောင် ဟောတဲ့အခါမှာ ရှေးဦးစွာ သောတာပန်တည်မယ့်ပုဂ္ဂိုလ် ယဉ်ကျေးသွားအောင် ဒါနကထာဟောလိုက်တယ်။ လူ့ပြေ နတ်ပြည်ရောက်နေတာ ဒါနကျေးဇူးပဲလို့ ဒါနနဲ့ ချီးမြှောက်ပြီး ဟောတော်မူတယ်။ အသက်ရှည်ဖို့အတွက် သီလဆောက်တည်ရမယ်လို့ သီလကျေးဇူးကိုလည်း ဟောလိုက်ပြန်တယ်။ ဒါနဟောပြီး သီလဟောတယ်၊ သီလဟောပြီး နတ်ပြည်ဂုဏ်ကျေးဇူး နတ်ပြည်ကောင်းကြောင်းဟောတယ်။ ဒါဟာ ဘုရားရှင်ရဲ့ ဟောစဉ်လို့ မှတ်လိုက်ပါ။ နတ်ပြည်ကောင်းကြောင်း ဟောလိုက်တော့ လူပြည် နတ်ပြည် မက်မောတဲ့ တောင့်တတဲ့ တဏှာ မာန ဒိဋ္ဌိတွေ ကြွတက်လာတယ်။ ဒီလို ကြွတက်လာတော့မှ ကာမာနံ အာဒီနဝကထာ ဆိုပြီး ကာမဂုဏ်တွေရဲ့ အပြစ်တွေကို ဟောရပြန်တယ်။ နောက်ပိုင်းရောက်မှ ဒီဟာတွေဟာ အပြစ်တွေချည်းပဲလို့ ဒီဘုံတွေက ထွက်မြောက်ဖို့ နေက္ခမ္မကထာကို ဟောတယ်။ ကာမဂုဏ်အပြစ်တွေကိုဘယ်လိုများ ဟောသလဲဆိုရင် သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပျော်တယ်ရွှင်တယ်ဆိုတာ ခွေးအမဲရိုးကိုက်သလိုပဲတဲ့။ ဝတယ်ရယ်လို့ မရှိဘူး။ သားခင် သမီးခင် ဆွေခင် မျိုးခင်ဆိုတာတွေဟာ ဝတယ်ရယ်လို့ မရှိပါဘူး။ ပင်ပန်းရုံ စိတ်ဆင်းရဲရုံမျှသာရှိတယ်။ လူ့ပြည်နတ်ပြည်ကာမဂုဏ်တွေဆိုတာ မကောင်းဘူး၊ ခွေးအမဲရိုးကိုက်သလိုပါပဲဆိုပြီး အပြစ်ပြဟောတော်မူတယ်။ ဒီလို ဟောလိုက်တော့ ကာမဂုဏ်အပေါ်မှာ သာယာတာတွေ စင်သွားပြီး ဒီကာမဂုဏ်ငါးပါးမှ ထွက်မှတော်မှာပဲဆိုတဲ့ စိတ်ကလေး ပေါ်လာတယ်။ အဲဒီလိုပေါ်လာတော့မှ ကိုယ့်သန္တာန်မှာရှိတဲ့ ကိလေသာတွေဟာ ဖြူစင်လာတယ်။ ဒီတော့မှ ဘုရားရှင်က သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်တွေဟောလို့ရတယ်။ ကိလေသာခံနေရင် ဟောလို့မရဘူး။ ကိလေသာဖြူစင်ချိန်ရောက်မှ သစ္စာဟောရတယ်။ ကာမဂုဏ်ဆိုတာ မြက်မီးရှုးကိုင်ပြီး လေလာတဲ့ဘက်လှည့်ထားရင် ကိုယ့်လက်ကိုယ် ပြန်လောင်သလိုပဲတဲ့။ လွှတ်ရင်လွှတ် မလွှတ်ရင် ကိုယ့်လက်ကိုယ် လောင်လိမ့်မယ်။ ကာမဂုဏ်ဆိုတာလည်း လွှတ်ရင်လွှတ် မလွှတ်ရင် ကိုယ့်ကိုယ်ကို လောင်မှာ။ မလွှတ်နိုင်ကြလို့ဘဲ သားပူ သမီးပူ ဇနီးပူ ဆွေပူ မျိုးပူတွေ အလောင်ခံနေကြရတာ။ မလွှတ်လို့သာ လောင်နေတာ၊ လွှတ်လိုက်ရင် မလောင်ဘူးဆိုတာ ရှင်းပါတယ်။ ဒီလိုဟောလိုက်တော့ ကာမဂုဏ်အပြစ်ဟာ တော်တော်ကြီးတယ်ဆိုတာ ပေါ်လာတယ်။ ပေါ်လာတော့ သူ့စိတ်ထဲ ရာဂ ဒေါသ မောဟ ကိလေသာတွေ ပါးသွားတာပေါ့။ အဲဒီလို ပါးတဲ့အချိန်ရောက်မှ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ကိုဟောတော်မူပါတယ်။ ဝမ်းထဲကိလေသာတွေ ဖြူစင်နေတဲ့အချိန်မှာ ဟောတယ်။ သစ္စာဟာ အင်မတန်အရေးကြီးတဲ့တရားမို့ ကိလေသာ အညစ်အကြေးခံနေတဲ့ပုဂ္ဂိုလ်ကို ဟောလို့မရဘူး။ ဖြူစင်နေတဲ့ အဝတ်ဖြူပေါ်မှာ ဆေးဆိုးပန်းရိုက်လုပ်လိုက်ရင် ပီပီပြင်ပြင်ထင်ထင်ရှားရှား ပေါ်လာမှာဖြစ်သလို ကိလေသာကင်း ဖြူစင်သန့်ရှင်းနေမှ သစ္စာဟောလို့ရတယ်။ ဒါမှ ဖြူစင်တဲ့အဝတ်ကို ဆေးပိုစွဲထင်သလို ကိလေသာဖြူစင်တဲ့သူဟာလည်း သောတာပန်တည်သွားနိုင်တယ်။ သောတာပန်တည်တယ်ဆိုတာ ဝမ်းထဲမှာ မဂ်ဉာဏ်တည်တာ။ ကိလေသာအညစ်အကြေးခံနေရင် ဒီမဂ်ဉာဏ်က ဝမ်းထဲမှာ မကိန်းနိုင်ဘူး။ ကိလေသာခံနေရင် လောဘ ဒေါသ မောဟ အညစ်အကြေးတွေခံနေရင် ပျော်မှုရွှင်မှုတွေနဲ့ သာယာနေရင် ဝမ်းထဲ ဟဒယဝတ္ထုပေါ်မှာ သစ္စာမကိန်းနိုင်ဘူး။ ဖြူစင်နေရင်တော့ ကိန်းပါလိမ့်မယ်။ ဖြူစင်နေလို့ရှိရင် သစ္စာဟောလိုက်တော့ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် ခန္ဓာထဲရောက်လို့ရှိရင် သောတာပန်တည်တာပဲ။ ဒီတော့ ဝမ်းထဲမှာ ကိလေသာ ဖြူစင်နေဖို့ အရေးကြီးတယ်။ ဖြူစင်နေတဲ့အချိန် သစ္စဉာဏ်ပေးလိုက်တော့ ဟဒယဝတ္ထုမှာ သစ္စဉာဏ်ကိန်းသွားတယ်။ ကိစ္စဉာဏ်ပေးလိုက်တော့လည်း ကိန်းသွားတာပဲ။ ဖြူစင်နေတော့ ဆိုးတဲ့ဆေးဟာ စွဲတယ်။ ဒါကြောင့် ဘုရားရှင်က ဥပါလိတို့ အရှင်ကောဏ္ဍညတို့ကို ဒါနသီလ နတ်ပြည်ရောက်ကြောင်း ဟောပြီးခါမှ ကာမဂုဏ်အာရုံတွေရဲ့အပြစ်ကို ဟောလိုက်တော့ ကိလေသာတွေ ပါးသွားတယ်။ ကိလေသာတောမှ ထွက်ချင်စိတ်ပေါ်လာတော့မှ ဟဒယဝတ္ထုက ဖြူစင်လာတယ်။ ဟဒယဝတ္ထုက ဖြူစင်ပြီး အညစ်အကြေးမရှိဘဲ ဘဝင်စိတ်တွေသာ ရှိနေတော့တယ်။ ဒီလို ဘဝင်စိတ်နဲ့ ဖြူဖြူစင်စင်ဖြစ်နေတုန်းမှာ သစ္စဉာဏ်ဟောလိုက်တော့ ဟဒယဝတ္ထုပေါ်ရောက်သွားတယ်။ ကိစ္စဉာဏ်ဟောလိုက်လည်း ဟဒယဝတ္ထုပေါ်ရောက်သွားတယ်။ ကတဉာဏ်ဟောလိုက်လည်း ဟဒယဝတ္ထုပေါ်ရောက်သွားတယ်။ ဟဒယဝတ္ထုပေါ်မှာ ကတဉာဏ်တည်းဟူသော မဂ်က သွား နေတော့ အဲဒီအချိန်မှာ သောတာပန်တည်တာပဲ။ ဒီနည်းအတိုင်း ပေးလိုက်တော့ ဥပါလိ တရားနာရင်း သောတာပန်တည်တယ်။ အရှင်ကောဏ္ဍညလည်း တရားနာရင်း သောတာပန်တည်တာပဲ။ ဒါဟာ ဘာလို့ ဒီလောက်မြန်ပါလိမ့်မလဲဆိုရင် သစ္စာတရားမနာခင် ဝမ်းထဲမှာ ကိလေသာ ဖြူစင်နေလို့ပဲ။ ဒါကြောင့် ကိလေသာ ဖြူစင်နေဖို့၊ ဘယ်အာရုံမှမလိုချင်ဖို့၊ ဘယ်နတ်ပြည် လူ့ပြည်မှ မလိုချင်ဖို့ အရေးကြီးတယ်။ ဒီလိုချင်စိတ်တစ်ခုခုရှိနေရင်ဖြင့် ကိလေသာအညစ်အကြေးက ဟဒယဝတ္ထုပေါ်ရောက်နေလို့ မဂ်ဖိုလ်မရနိုင်ဘူး။ ဟဒယဝတ္ထုပေါ်မှာ ကိလေသာဖြူစင်နေတဲ့အချိန် ဘုရားရှင်က သစ္စာတရားကို ဟဒယဝတ္ထုပေါ် အရောက်သွင်းလိုက်တော့ ဟဒယဝတ္ထုပေါ်မှာ ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာပြတ်တဲ့ မဂ်ဉာဏ်ကလေး သွားတည်တယ်။ သူ့နောက်က တစ်ဆက်တည်း ဖိုလ်ဉာဏ် သွားတည်တယ်။ မဂ်ဉာဏ်ချုပ်တာနဲ့ ဖိုလ်ဉာဏ်တည်တာပဲ။ ဖိုလ်ဉာဏ်ချုပ်တော့ နိဗ္ဗာန်မြင်တဲ့ ပစ္စဝေက္ခဏာဉာဏ်တွေ သွားတည်တယ်။ ဒါဆို သောတာပန်ဖြစ်ပြီပေါ့။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး