ပုဂ္ဂိုလ်(၄)မျိုး (၂)
ဒုတိယပုဂ္ဂိုလ်က အညစ်အကြေး ရှိလည်းရှိတယ်၊ ရှိမှန်းလည်းသိတယ်။ ကိလေသာတွေ မဂ်နဲ့ မပယ်ရသေးတော့ အညစ်အကြေးတော့ ရှိနေတယ်။ ရှိတာကိုလည်း ရှိမှန်းသိနေတော့ ဆေးမှ ကြောမှ၊ လုံ့လဝီရိယလျှော့လို့ မတော်ဘူးဆိုတဲ့စိတ်လာမယ်။ ဒီလိုပုဂ္ဂိုလ်ကတော့ လုံ့လဝီရိယ မလျှော့ဘဲ ဆေးကြောတဲ့အတွက် သေသည်၏အခြားမဲ့၌ နိဗ္ဗာန် သို့မဟုတ် သုဂတိသွားရတယ်။ ဒါကြောင့် သူ့ကို မြတ်တဲ့အထဲ ထည့်လိုက်တယ်။ ပုထုဇဉ်ဆိုတော့ အညစ်အကြေးက ပင်ကိုအားဖြင့် ရှိနေတာပဲ။ အဲဒါကို ဝိပဿနာရေနဲ့ ဆေးကြောပေးရတယ်။ ဆေးကြောတော့ စင်ကြယ်တာပေါ့။ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်(ဘဗ္ဗပုဂ္ဂိုလ်)လို့ အဋ္ဌကထာဆရာ မိန့်တော်မူတယ်။
ဥပမာအားဖြင့် ညစ်ပေနေတဲ့ ကြေးဖလားတစ်လုံးဝယ်ခဲ့ပြီး သုံးလည်းသုံးဆောင်၊ ပွတ်လည်း ပွတ်တိုက်မယ်၊ သန့်ရှင်းလုံခြုံတဲ့နေရာမှာလည်းထားမယ်ဆိုရင် ဒီကြေးဖလားဟာ သန့်ရှင်းသထက် သန့်ရှင်းလာမယ်။ ဒီအတိုင်းပဲ အညစ်အကြေးပါတဲ့ပုထုဇဉ်ဟာ ဝိပဿနာဉာဏ် မဂ်ဉာဏ်တွေနဲ့ ဆေးလိုက်တဲ့အခါ စင်ကြယ်သွားတယ်။ ဝိပဿနာလုပ်နေရင် ဖြစ်ပျက်မြင်အောင်လုပ်နေရင် ကိုယ့်မှာရှိနေတဲ့ ကိလေသာ အညစ်အကြေးတွေကို ဆေးကြောနေတာ၊ ပြောင်စင်အောင်လုပ်နေတာပဲ။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်ကို အရှင်သာရိပုတ္တရာက မြတ်တဲ့အထဲထည့်လိုက်တယ်။ အညစ်အကြေးရှိတာ ရှိမှန်းသိတော့ ဆေးကြောတဲ့အလုပ်လုပ်တယ်။ ဝိပဿနာဉာဏ် မဂ်ဉာဏ်တွေနဲ့ ဆေးကြောလိုက်တော့ ပဋိစ္စသမုပ္ပါဒ်အညစ်အကြေးတွေ စင်သွားတယ်။ ဝိပဿနာ မလုပ်ရင် ကာမဝိတက်ဆိုတဲ့ ပစ္စည်းရလိုမှု၊ ဗျာပါဒဝိတက်ဆိုတဲ့ စိတ်တိုမှု စိတ်သဘောမကျမှု၊ ဝိဟိံသဝိတက်ဆိုတဲ့ ဘယ်သူ့ကိုချိုးလိုက်မယ်၊ ဘယ်သူ့ကိုဖဲ့လိုက်မယ်၊ ဘယ်သူ့ကို ငွေနဲ့ဖိလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်တွေသာ လာမယ်။ ဝိပဿာနအလုပ်လုပ်တော့ ဒါတွေ မလာတော့ဘူး။ မလာတော့ အညစ်အကြေးရှိတာကို ရှိမှန်းသိသူနဲ့တူတယ်။ သိတော့ ဆေးကြောတယ်။
တတိယပုဂ္ဂိုလ်ကတော့ မွေးကတည်းက ကိလေသာ တော်တော်ပါးရှားတဲ့ပုဂ္ဂိုလ်။ မဂ်နဲ့မပါယ်ရသေးဘဲ ကိလေသာ ပါးရှားနေတဲ့သူမျိုးပဲ။ သို့သော် သူ့စိတ်ထဲမှာ နည်းနေတယ်လို့မသိဘူး။ မသိတော့ ခင်စရာမင်စရာ အာရုံတောထဲမှာ ပျော်မွေ့နေတယ်။ ခင်စရာမင်စရာအာရုံနဲ့ပျော်မွေ့နေတော့ ပါးတဲ့ကိလေသာတွေက များလာတယ်။ ထကြွသောင်းကျန်းလာတယ်။ နဂိုကတော့ ကိလေသာပါးတယ်။ ပါးမှန်းမသိတော့ မတော်တဲ့နေရာ ကိလေသာထကြွမယ့်နေရာ အပေါင်းအသင်း မှားမယ့်နေရာ အပြောအဆိုမှားမယ့်နေရာ ပျော်စရာ ပါးစရာများတဲ့နေရာသွားမိတော့ ကိလေသာက မပါးဘဲ ပွားလာတယ်။ ကိလေသာ ပွါးတာကိုလည်း မသိတော့ ဆေးဖို့ကြောဖို့ ဝိပဿနာအလုပ်ကိုလည်း မလုပ်ဖြစ်တော့ဘူး။ ဒါကြောင့် သူ့ကို အယုတ်ထဲထည့်လိုက်တယ်။
ဥပမာအားဖြင့် ပြောပြောင်စင်စင် ကြေးဖလားတစ်ခုဝယ်လာပြီး အသုံးမပြုဘဲ အညစ်အကြေးရှိတဲ့ ချောင်ထဲ ထိုးထားလိုက်တော့ အညစ်အကြေးတွေတက်လာတယ်။ နဂိုကတော့ ပြောင်စင်နေပေမယ့် မသုံးဘဲထား၊ ပွတ်တိုက်မှုလည်း မလုပ်၊ ညစ်ပေတဲ့နေရာမှာလည်း ထားတော့ အညစ်အကြေးတွေ ပိုတက်လာတယ်။ ဒီအတိုင်းပဲ အစကတော့ ကိလေသာပါးရှားပေမယ့် ပါးလို့ပါးမှန်းမသိတော့ ပျော်စရာ ပါးစရာ မူးစရာ ရစ်စရာတွေဆီသွားလို့ ကိလေသာတွေက တိုးလာတယ်။ တိုးလို့လည်း တိုးမှန်းမသိဘူး။ ကြေးဖလားဝယ်ပြီး ချောင်ထိုးထားလိုက်သလိုပဲ ဝိပဿနာအလုပ်မလုပ်တော့ဘူး။ မလုပ်ဖြစ်တော့ ဒီလိုပုဂ္ဂိုလ်ကိုလည်း အယုတ်ထဲထည့်လိုက်တယ်။ ကိလေသာပါးနေသော်လည်း ဝိပဿနာအလုပ်မလုပ်ဘဲနဲ့ ပေါင်းချင်ရာပေါင်း၊ စားချင်ရာစား၊ သွားချင်ရာသွားနေတော့ အညစ်အကြေးကိလေသာတွေ ပိုတက်လာတယ်။ ဒါက နံပါတ်(၃) ပုဂ္ဂိုလ်။ (၁)နဲ့ (၃)အတူတူပဲလို့သာ မှတ်လိုက်။
စတုတ္ထပုဂ္ဂိုလ်က ကိလေသာအညစ်အကြေးမရှိအောင် ပါးရှားတဲ့ပုဂ္ဂိုလ်။ မရှိတာကိုလည်း မရှိမှန်းသိတယ်။ သူကတော့ ကောင်းမွန်တင့်တယ်တဲ့ အာရုံတွေနဲ့တွေ့သော်လည်း လောဘမဖြစ်အောင်၊ ဒေါသမဖြစ်အောင်၊ မောဟမဖြစ်အောင်၊ ဣဿာမဖြစ်အောင်၊ မာနမဖြစ်အောင် ရှောင်တယ်။ အလိုလို ကိလေသာပါးရှားနေတဲ့သူပဲ။ လူဆိုတာ မသွားမလာလို့လည်းမဖြစ်တော့ သွားရလာရတာပဲ။ သို့သော် တွေ့တဲ့အာရုံတွေကို သူက တွန်းလှန်နိုင်လေ့ရှိတယ်။ ကောင်းမွန်တဲ့ သုဘနိမိတ်တွေ့တော့ ဒါဟာ အနိစ္စပဲ၊ ကိုယ့်စိတ်ကိုယ်တွေ့တော့လည်း အနိစ္စပဲ စသည်ဖြင့် ဝိပဿနာနဲ့ မကင်းဘဲ သွားလေ့ရှိတယ်။ သူကတော့ ယခုဘဝလည်း နိဗ္ဗာန်ရနိုင်တယ်။ မရသော် သေပြီးနောက် နတ်ပြည်သုဂတိကနေ နိဗ္ဗာန်ကူးနိုင်တယ်တဲ့။ အညစ်အကြေးမရှိတာကို မရှိမှန်း၊ နည်းပါးတာကို နည်းပါးမှန်းသိပြီး အညစ်အကြေးတောထဲ သွားရတဲ့အခါမျိုးမှာ ဆင်ဆင်ခြင်ခြင်နဲ့ သွားလေ့ရှိတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကိုတော့ မြတ်တဲ့အထဲထည့်လိုက်။
ဥပမာအားဖြင့် ဈေးထဲက ကြေးဖလားဝယ်တုန်းကလည်း သန့်သန့်ရှင်းရှင်းပဲ။ အိမ်ရောက်တော့လည်း အသုံးပြု၊ ပွတ်တိုက် သန့်ရှင်းတဲ့နေရာမှာ ထားတော့ အညစ်အကြေး တက်ခွင့်မရတော့ဘူး။ ဒီလိုပဲတဲ့။ အညစ်အကြေးမရှိတာကိုမရှိမှန်းသိတဲ့သူဟာ သူ့အညစ်အကြေးသူ စင်ကြယ်အောင် ဝိပဿနာအလုပ်လုပ်တော့ ဒီဘဝမှတင် ကျွတ်တမ်းဝင်နိုင်တယ်၊ ဒါမှမဟုတ် နောက်ဘ၀ သုဂတိရောက်ပြီး ကျွတ်တမ်းဝင်မယ့်သူဖြစ်တယ်။ ဒါဖြင့် ဒီလေးယောက်ထဲမှာ မြတ်တဲ့ပုဂ္ဂိုလ်တွေက (၂)နဲ့ (၄)ပဲ။ (၁)နဲ့ (၃)က ယုတ်တဲ့ပုဂ္ဂိုလ်။ ယုတ်တဲ့ပုဂ္ဂိုလ်စာရင်းထဲ မပါဝင်အောင် မြတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်အောင် ကြိုးစားပြီး ကိုယ့်ရှိနေတဲ့ ကိလေသာအညစ်အကြေးတွေကို ပြောင်စင်အောင် ဆေးနိုင်တဲ့ ဝိပဿနာအလုပ်ကိုတော့ဖြင့် အားလပ်တဲ့အချိန်မှာ လုပ်ဖြစ်အောင် လုပ်လိုက်ပါ။ အချိန်မနှောင်းသေးပါဘူး။
Venerable Dr. Ashin Parami
See also: http://myakyunthar.blogspot.com/?m=1
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.