နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်း (၂)
ရောက်နေတဲ့ဘဝမှာ ခန္ဓာဒုက္ခသစ္စာကြီးကို မသိသေးလို့ရှိရင်တော့ မသိတဲ့အတိုင်း အဝိဇ္ဇာ ပြန်လာဦးမှာသေချာတယ်။ မသိတော့ ကိုယ့်ဘဝကိုယ် အရတော်လှပြီဆိုပြီး ပျော်နေတာက တဏှာ။ ဒီသား ဒီမယား ဒီစီးပွားဥစ္စာတွေနဲ့ မခွဲချင်တာက ဥပါဒါန်။ ကာယကံ ဝစီကံနဲ့ ပြုတဲ့ စေတနာ သင်္ခါရတွေက ကမ္မဘဝ။ ဒါဖြင့် (၂)နံပါတ်ထဲက သမုဒယသစ္စာတွေ ပေါက်ဖွားလာတော့ (၃)နံပါတ် တရားတွေ ဖြစ်လာတယ်။ (၂)ထဲက (၃)ပေါက်ဖွားလာတယ်။ ဒုက္ခသစ္စာထဲက သမုဒယသစ္စာ ပေါက်ဖွားတာပဲ။ ငါးခုတောင် ပေါက်ဖွားလာတာ။ ဘယ်ကာလမှာ ပေါက်ဖွားတာလဲဆိုတော့ ပစ္စုပ္ပန်ကာလမှာ ပေါက်ဖွားတာ။ ဒါကြောင့် ပစ္စုပ္ပန်အကြောင်းအခြင်းအရာ ငါးပါးလို့ဖော်ပြထားတယ်။ ပစ္စုပ္ပန်အကြောင်းတစ်လွှာပဲ။ သစ္စာအားဖြင့် သမုဒယသစ္စာပြန်ပေါ်လာတာ။
ဒါကို မိုးကုတ်ဆရာတော်ဘုရားကြီးက `နဂိုအနာမှ မပျောက်သေးဘူး၊ နောက်အနာပေါက်ကြောင်းတွေ ထပ်ပြီးပေါ်လာတယ်´တဲ့။ ပစ္စုပ္ပန်ခန္ဓာငါးပါးထဲက သမုဒယသစ္စာ ငါးပါးပေါ်လာတယ်။ ဒီငါးပါးကို အနာဂတ်အကြောင်းအခြင်းအရာ ငါးပါးလို့နာမည်ပေးလိုက်ရင်လည်း မလွဲပါဘူးတဲ့။ ပေါ်တာကတော့ ပစ္စုပ္ပန်ကာလမှာပေါ်တယ်၊ သို့သော် ပစ္စုပ္ပန်ကာလမှာ အကျိုးမပေးဘူး။ အနာဂတ်ဘဝမှာ သွားပြီး အကျိုးပေးမှာဖြစ်တဲ့ အတွက် အနာဂတ်အကြောင်းဆိုရင်လည်း မလွဲပါဘူးတဲ့။ ပေါ်တာက ပစ္စုပ္ပန်ခန္ဓာ၊ လုပ်ရမယ့်ကိစ္စ အကျိုးပေးက အနာဂတ်မှာ။ သေသည်၏အခြားမဲ့၌ အနာဂတ်အကျိုးပေါ်လာမယ်။ (၃)နံပါတ် မြားလေးက ပစ္စုပ္ပန်အကြောင်းအခြင်းအရာတွေ လုပ်လို့ရှိရင် အနာဂတ်ဒုက္ခတွေနဲ့ ဆက်တော့မှာပဲ ဆိုတာ ပြထားတယ်။ ပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါးကို ချုပ်အောင် ငြိမ်းအောင် သိမ်းအောင် မလုပ်နိုင်ရင် နောက်ထပ် ခန္ဓာ ဒုက္ခသစ္စာ ပေါ်မှာပဲ။ ပေါ်လို့ရှိရင် အဲဒီဒုက္ခသစ္စာထဲက အရင်လိုပဲ သမုဒယသစ္စာတွေ ပွားဦးမှာ။ ပွားလို့ရှိရင်ဖြင့် လည်လို့ ပတ်လို့ ပြီးနိုင်တယ်မရှိ တောက်လျှောက် လည်တော့မယ်။ မလည်ချင်လို့ရှိရင် (၂)နဲ့ (၃)မကူးပါစေနဲ့။ (၂)ထဲက (၃)မပေါက်ဖွားပါစေနဲ့။ ပေါက်ဖွားလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဖြစ်ကြောင်း၊ မပေါက်ဖွားလို့ရှိရင် ပဋိစ္စသမုပ္ပါဒ်ချုပ်ကြောင်း၊ ခန္ဓာချုပ်ကြောင်းပဲ။ (၃)တရားတွေ ပေါက်ဖွားလာခဲ့ရင် (၄)နံပါတ် ဒုက္ခသစ္စာဖြစ်ကြောင်း၊ ခန္ဓာဖြစ်ကြောင်းလို့မှတ်လိုက်ပါ။
အစပိုင်းက စကားနဲ့ ပြန်ဆက်ရမယ်ဆိုရင် ရာဂါ ဒေါသ မောဟ ကုန်တာကို နိဗ္ဗာန်။ (၂)ထဲက (၃)နံပါတ်တရားတွေ မပေါက်ဖွားတာပဲ။ ရာဂ ဒေါသ မောဟ ကုန်တော့ (၃)နံပါတ် သမုဒယသစ္စာတွေ သတ်ပြီးသားဖြစ်သွားတယ်။ သမုဒယသစ္စာသေသွားတော့ (၄)နံပါတ် ဒုက္ခသစ္စာ လာစရာမရှိတော့ဘူး။ ဒုက္ခတွေချုပ်ငြိမ်းသွားတော့ ဒုက္ခသိမ်းတာ နိဗ္ဗာန်ပဲ။ (၂)ထဲက (၃)မပေါက်ဖွားတာ နိဗ္ဗာန်ပဲတဲ့။ (၂)ခန္ဓာငါးပါးမှာတင်ရပ်ပြီး လမ်းဆုံးသွားရမယ်။ (၃)နံပါတ်တရားတွေ မပေါ်ဖို့အရေးကြီးတယ်။ (၃)ပေါက်ဖွားရင်တော့ သမုဒယသစ္စာတည်ထောင်မိသွားတယ်။ သူ့ကိုတည်ထောင်မိရင် (၄)ဒုက္ခသစ္စာ မငြင်းသာ မဆန်သာ ခံရလိမ့်မယ်။ (၂)ထဲက (၃)မပေါက်ဖွားလို့ရှိရင် နိဗ္ဗာန်ရောက်မည့်ပုဂ္ဂိုလ်၊ ပေါက်ဖွားလို့ရှိရင်တော့ ဒုက္ခရောက်မယ့်ပုဂ္ဂိုလ်လို့ ကိုယ့်ကိုယ်ကို ပြန်အကဲခတ်နိုင်တယ်။ (၃)က သမုဒယသစ္စာ (၄)က ဒုက္ခသစ္စာ။ ဒါဖြင့် ရာဂါ ဒေါသ မောဟကုန်တာနိဗ္ဗာန်၊ ပဋိစ္စသမုပါဒ်စက်ဝိုင်းအလိုဖြင့် (၂)ထဲက (၃)မပေါက်ဖွားတာ နိဗ္ဗာန်။ (၃)သမုဒယနဲ့ (၄) ဒုက္ခချုပ်တာပဲ။ ဒါဖြင့် နိဗ္ဗာန်ရပါ့မလားလို့ သူများမေးနေစရာမလိုဘူး၊ (၃)မလာရင် နိဗ္ဗာန်လို့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်ချနိုင်ပြီ။ ကိုယ်တိုင်သိ ကိုယ်တိုင်မြင်နိုင်တဲ့ တရားပဲ (သန္ဒိဋ္ဌိကော)။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားဟောနေတာ။ ရာဂ ဒေါသ မောဟချုပ်တာ နိဗ္ဗာန်တဲ့။ တဏှာသိမ်းနိဗ္ဗာန်၊ ခန္ဓာသိမ်းလည်း နိဗ္ဗာန်။ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းက နိဗ္ဗာန်ရမယ်ဆိုရင်လည်း ရမယ်လို့ ပြတယ်၊ မရဘူးဆိုရင်လည်း မရဘူးလို့ ပြတယ်။ (၂)(၃)မကူးရင် ရမယ်၊ ကူးရင် မရဘူး။ စက်ဝိုင်းကိုကြည့်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ ကြည့်လိုက်တော့ အခုရ ထားတဲ့ ခန္ဓာက (၂)နံပါတ်။ ဒီ(၂)နံပါတ်ခန္ဓာထဲက (၃)နံပါတ်ဖြစ်တဲ့ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝတွေ လာ မလာသာ အကဲခတ်ပါ။ မလာလို့ရှိရင် နိဗ္ဗာန်ရမှာပဲ။ လာလို့ရှိရင် မရဘူး။ သူများသွားမေးနေစရာလဲမလို၊ ငြင်းခုံနေစရာလဲမလိုပါဘူး။
နိဗ္ဗာန်ရောက်ကြောင်းက သမ္မာဒိဋ္ဌိတဲ့။ (၂)နဲ့ (၃)ကြား သမ္မာဒိဋ္ဌိလေး ဝင်နိုင်မှ (၂)(၃)အစပ်က ပြတ်မှာ။ သမ္မာဒိဋ္ဌိဆိုတဲ့ မဂ်ဝင်ရတယ်။ မဂ် ဝင်လာတော့ (၃)ဘက် မကူးတော့ဘူး။ မကူးရင် (၄)ဖြစ်စရာမရှိတော့ဘူး။ ဒီအဆက်ကို ဖြတ်နိုင် မဖြတ်နိုင် အကဲခတ်ရမယ်။ ဖြတ်နိုင်တဲ့ပုဂ္ဂိုလ် နိဗ္ဗာန်ရမယ်။ မဖြတ်နိုင်တဲ့ပုဂ္ဂိုလ်ကတော့ ဆက်ဦးမှာပဲ။ နိဗ္ဗာန်ရနိုင် မရနိုင် ကိုယ့်ကိုယ်ကို (၂) (၃)အဆက်ဖြတ်နိုင် မဖြတ်နိုင်ကြည့်ပြီး ဆုံးဖြတ်။ ဖြတ်နိုင်ရင် မဂ်ပေါ်ပြီ။
ဖြတ်နိုင်ဖို့ မဂ်ပေါ်အောင် ဝိပဿနာလုပ်ကြရတယ်။ (၂)ထဲမှာပါတဲ့ ခန္ဓာတွေကို ဝိပဿနာရှုရတယ်။ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ မြင်အောင်ကြည့်ရတယ်။ ဝေဒနာရဲ့ဖြစ်ပျက် ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ ဒီနေရာမှာ ဖြတ်တယ်။ မဂ္ဂသစ္စာ ဒီနေရာမှာ ပေါ်တော့ (၃)နံပါတ် သမုဒယသစ္စာမလာတော့ဘူး။ သမုဒယသစ္စာမလာတော့ (၄)နံပါတ် ဒုက္ခငြိမ်းတယ်။ သံသရာဖြတ်တယ်ဆိုတာ ဒီအစပ် မကူးအောင်လုပ်တာ။ ဒီလို မဂ်အလုပ်လုပ်ရင်တော့ နိဗ္ဗာန်ရောက်ကြောင်းသေချာပြီ။ နိဗ္ဗာန်ရောက်ကြောင်း သမ္မာဒိဋ္ဌိ ပေါ်လာပြီ။ သမ္မာ-က အမှန်အကန်၊ ဒိဋ္ဌိ-က မြင်တာဆိုတော့ ဒုက္ခသစ္စာ အမှန်အကန်မြင်တာ။ သမ္မာဒိဋ္ဌိက ကြားဖြတ်ပြီးတော့ မြင်လိုက်တယ်။ မြင်တော့ (၃)မဆက်အောင် ဖြတ်လိုက်တာ၊ အဲဒါ မဂ်ပဲ။ ဝိပဿနာလုပ်တယ်ဆိုတာ ကိုယ့်သန္တာန်မှာ ဉာဏ်နဲ့ နောက်ခန္ဓာဖြစ်ကြောင်းဖြတ်နေတာ။ နောက်ခန္ဓာဖြစ်ကြောင်းဖြတ်လိုက်တော့ နောက်ခန္ဓာဖြစ်ကျိုးလည်း ပြတ်တယ်။ ပြတ်တော့ ဒုက္ခသစ္စာဆိုတာ မလာတော့ဘူး။ ဒုက္ခငြိမ်း နိဗ္ဗာန်၊ သမုဒယသိမ်းလည်း နိဗ္ဗာန်ပဲ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.