ကိစ္စဉာဏ် (သင်္ခတဋ္ဌော)

မျက်စိနဲ့ အဆင်းနဲ့တိုက်လို့ မြင်စိတ်ကလေး ပေါ်တယ်။ ဒီမြင်စိတ်ကလေးဟာလည်း ဒုက္ခသစ္စာလေးပေါ်လာတာပဲ။ သဠာယတနလေးပေါ်လာတာပဲ။ ကြားစိတ်ပေါ်လည်း ဒုက္ခသစ္စာပဲ။ နံစိတ်ပေါ်တိုင်းလည်း ဒုက္ခသစ္စာပဲ။ ဒုက္ခမှတစ်ပါး ဘာမှမရှိဘူးလို့ ပိုင်ပိုင်နိုင်နိုင်သိတာက ကိစ္စဉာဏ်။ ဒုက္ခသစ္စာသည် တဏှာယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာ ပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရတဲ့သဘော။ အရင်ဘဝက တဏှာလုပ်လိုက်လို့ ဒုက္ခရောက်တာ။ အဝိဇ္ဇာနဲ့ တဏှာပေါင်းပြီးတော့ ဒုက္ခရောက်အောင်လုပ်လိုက်တာ။ မြင်စိတ်ကိုပြောကြပါစို့။ တဏှာယောက်ျား လက်သမား၏ ဆိုးဝါးယုတ်မာ နှိပ်စက်တာကို ရံခါမသွေ အမြဲခံနေရသော မြင်စိတ်။ တဏှာပြုပြင်သလိုခံနေရသောကြောင့် သူသည် ဒုက္ခသစ္စာ (သင်္ခတဋ္ဌော)။ ရှေ့အတိတ်ဘဝက တဏှာစီမံသလို ခံရတာ။ ကုသလဝိပါက် စက္ခုဝိညာဏ်က မြင်စိတ်ပေါ်ဆိုပေါ်လိုက်၊ အကုသလဝိပါက်စက္ခုဝိညာဏ်က မြင်စိတ်ပေါ်ဆို ပေါ်လိုက်၊ တဏှာစီမံသလို ကံစီမံသလိုပေါ်နေတာ။ ပေါ်တာမှန်သမျှဟာလည်း ခန္ဓာ၊ ဒုက္ခသစ္စာမှတစ်ပါး အခြားမရှိဘူး။ ဒါဖြင့် မြင်စိတ်ကလေးဟာ တဏှာစီမံတဲ့ကိစ္စပဲ။ ဒီတဏှာစီမံတဲ့မြင်စိတ်ကလေးဟာ ဖြစ်ပြီး ပျက်သွားတော့ ကိုယ့်သဘော တစ်ခုမှမပါဘူး၊ သူ့သဘောအတိုင်း ဖြစ်ပျက်ပြီး ဒုက္ခရောက်သွားတာပဲ။ ဒီတော့ တဏှာစီမံသလိုခံနေရတာက မြင်စိတ်ရဲ့ ကိစ္စ၊ အဲဒီကိစ္စကိုလှမ်းပြီး သိလိုက်တာက ဉာဏ်။ ပေါင်းလိုက်တော့ ကိစ္စဉာဏ်။ ဒါဖြင့် မြင်စိတ်ကလေးပေါ်တိုင်း ဖြစ်ပျက်ရှုပြီးနေတာဟာ တစ်ခြားမဟုတ်ဘူး၊ ကိစ္စဉာဏ်ပဲ။ သူက သူ့ကိစ္စသူပြောသွားပါလိမ့်မယ်။ ဒီကနေ ဉာဏ်နဲ့သာလိုက်ကြည့်ပေးလိုက်ပါ။ ဒါဖြင့် ကိစ္စက ဒုက္ခသစ္စာ၊ ဉာဏ်က မဂ္ဂသစ္စာ။ ဒီလိုမျိုးစေ့မျိုး နောင်မလိုချင်တော့တာက သမုဒယချုပ်တာ။ သမုဒယချုပ်တော့ ဥပါဒါန်ချုပ် ကံချုပ် ဇာတိဇရာမရဏတွေလည်း ချုပ်ရော။ ဒါဖြင့် ကိစ္စဉာဏ်တစ်ခုတည်းက လေးချက်ပြီးသွားတယ်။ ဇာတိဇရာမရဏတွေ ချုပ်သွားတော့ မလာတာက နိရောဓပေါ့။ ကိစ္စဉာဏ်တစ်ခုတည်း လေးချက်ပြီးသွားတယ်။ သူ၏မြင်စိတ်ကိစ္စကိုလည်း ဒုက္ခသစ္စာလို့ သိလိုက်တယ်။ သိတဲ့ဉာဏ်က မဂ္ဂသစ္စာပေါ်လာတာ။ သမုဒယသစ္စာကလည်း သေထိုက်လို့ သေသွားတယ်။ နောက်က နိရောဓသစ္စာပေါ်တယ်။ ဒီလို တစ်ချက်ရှုလိုက်တာနဲ့ သစ္စာလေးချက် တစ်ပြိုင်နက်ပေါ်လာတာဟာ ကိစ္စဉာဏ်။ ဒါကြောင့် ကိစ္စတစ်ခု ပိုင်ပိုင်နိုင်နိုင်သိလိုက်ရင် သမုဒယရေ သေပါတော့လို့ဆိုနေစရာမလိုတော့သလို နိရောဓရေ ကြွခဲ့ပါလို့လည်း လှမ်းခေါ်နေစရာမလိုတော့ဘူး။ ဒါဖြင့် ကိစ္စနဲ့ ဉာဏ်နဲ့သာ တွဲမိဖို့ အရေးအကြီးဆုံးဖြစ်တယ်။ ကိစ္စနဲ့ဉာဏ်နဲ့သာ တွဲမိအောင်လုပ်ပါ၊ သမုဒယသေတာလည်း ဒီထဲပါသွားတယ်။ နိရောဓပေါ်လာတာလည်း ဒီအထဲပါသွားတယ်။ တစ်ခုတည်းလုပ်လိုက်တာနဲ့ အကုန်ပြီးသွားတယ်။ ဒါ ကိုယ်ကိုယ်တိုင်မသိသော်လည်း အလုပ်ကသိတယ်။ အလုပ်မှာ အကုန်ပါသွားတယ်။ ဖြစ်ပျက်က ဒုက္ခသစ္စာပဲ။ ဒုက္ခသစ္စာမှ အနှိပ်စက်ခံ ဒုက္ခသစ္စာ။ အနှိပ်စက်ခံရခြင်းကိစ္စရှိတယ်။ ပျောက်ပျောက်သွားအောင်အထိ အနှိပ်စက် ခံလိုက်ရတယ်။ ကံကနှိပ်စက်တာလည်းခံလိုက်ရတာပဲ၊ တဏှာက နှိပ်စက်တာလည်း ခံလိုက်ရတာပဲ။ သူ့ကိစ္စသည် အနှိပ်စက်ခံခြင်းကိစ္စ။ မြင်စိတ်လေးမှာ အနှိပ်စက်ခံခြင်းကိစ္စ ရှိတယ်။ သူ့ကိစ္စကိုသိတဲ့ဉာဏ်က ကိစ္စဉာဏ်။ ကိစ္စဉာဏ်လည်း ပေါ်လာရော၊ တဏှာကိုအထူးပယ်နေစရာမလို၊ သမုဒယသစ္စာကို ပဟာတဗ္ဗကိစ္စနဲ့ ပယ်လိုက်တယ်။ တဏှာမလာတော့ နိရောဓသစ္စာကိုလည်း မျက်မှောက်ပြုသွားတယ်။ ကိစ္စနဲ့ဉာဏ်နဲ့ တွဲလိုက်၊ ဒီလိုနှစ်ခုတွဲလိုက်ပြီးရင် နောက်ကနှစ်ခုအလိုလိုပြီးတယ်။ ဒါဖြင့် ကြားစိတ်ကလေးရှုတော့လည်း ကိစ္စဉာဏ်နဲ့ရှု၊ နံစိတ်လေးလည်း ကိစ္စဉာဏ်နဲ့ရှု၊ စားစိတ်၊ ယားစိတ် ယံစိတ် နာစိတ် ဝမ်းထဲက လောဘ ဒေါသ မောဟ စိတ်တွေလည်း ပေါ်ရင် ကိစ္စဉာဏ်နဲ့ချည်းရှုသွားပါ။ သစ္စာလေးချက်တစ်ပြိုင်နက် ပြီးနိုင်ပါတယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး