ဘုရားရှင်၏ဝါဒ (၂)

အရှင်မဟာကစ္စည်းက အရှင်ဘုရားတို့နာချင်တယ်ဆိုရင်တော့ ဟောပေးပါမယ်ဆိုပြီး သစ္စာအလုပ်တရားကို ဟောပေးတယ်။ မျက်စိနဲ့ အဆင်းနဲ့ တွေ့တော့ မြင်စိတ်ကလေးပေါ်တယ်။ မျက်စိအကြည်နဲ့ အဆင်းနဲ့တိုက်တော့ မျက်စိအကြည်ပေါ်မှာ မြင်စိတ်ကလေး ပေါ်လာတယ်။ စက္ခုဝိညာဏ်ဆိုတာ မြင်စိတ်ပဲ။ ဘယ်အခါမြင်မြင် မျက်စိနဲ့ အဆင်းဆိုတဲ့ အကြောင်းနှစ်ခုကြောင့် မြင်တယ်လို့သာ မှတ်လိုက်ပါ။ မြင်ပြီးတော့ တွေ့တယ် (ဖဿ)။ ဖဿပစ္စယာ ဝေဒနာ လာတာပေါ့။ ဝေဒနာလာပြီးနောက် ဝေဒနာတင် ခံစားတာမဟုတ်ဘူး၊ မှတ်သေးတယ်။ ဒါကအနီ ဒါကအပြာစသည် မှတ်သေးတယ်။ ဒါဖြင့် မြင်ပြီးတော့ တွေ့တယ်၊ တွေ့ပြီးတော့ ခံစားတယ်၊ ခံစားပြီးတော့ မှတ်တယ်။ မှတ်ပြီးတော့ ကြံတယ်။ ကြံပြီးလို့ အကြံတည့်တဲ့အခါကျမှ တဏှာ မာန ဒိဋ္ဌိတို့က လာတာ။ ဥပမာ- ရွှေနဲ့ မျက်စိနဲ့တွေ့တဲ့အခါ ရွှေမြင်တဲ့စိတ်ကလေးပေါ်တယ်။ မြင်ပြီးတွေ့တယ်။ တွေ့ပြီးခံစားတယ်။ ခံစားပြီးတော့ မှတ်သားတယ်။ မှတ်သားပြီးတော့မှ ကြံလုံးထုတ်တယ်။ ကြံလုံးထုတ်ပြီးတော့မှ လိုချင်တဲ့တဏှာ လာမယ်။ ဝယ်ချင်တဲ့တဏှာလာမယ်။ ဒါလေး ငါကြိုက်တယ်ဆိုတော့ ဒိဋ္ဌိ။ ဘယ်လောက်ပေးရပေးရ ငါဝယ်နိုင်ပါတယ်ဆိုတော့ မာန။ ဒါဖြင့် တဏှာ မာန ဒိဋ္ဌိ တစ်ခုခုတော့ လိုက်တယ်။ လိုက်တော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ။ လှည့်သွားတယ်။ ပစ္စုပ္ပန်ဘဝက အနာဂတ်ဘဝထိအောင် ကြောင်းကျိုးစပ်သွားတယ်။ ဒါ ပပဉ္စလိုက်လာလို့ ဖြစ်ရတာ။ ကြံပြီးတော့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စလိုက်လာတာ။ ပပဉ္စလာတော့ သံသရာဆက်သွားတယ်။ ရွှေဆိုတဲ့ အဆင်းရုပ်ကလေးကလည်း ဒုက္ခသစ္စာပဲ။ မျက်စိအကြည်ရုပ်ကလေးကလည်း ဒုက္ခသစ္စာပဲ။ မြင်စိတ်ကလေးကလည်း ဒုက္ခသစ္စာပဲ။ ဒီသုံးမျိုးထဲက ကြိုက်ရာတစ်ခုခုကို ပပဉ္စမလာခင် ဖြစ်ပျက်မြင်အောင်ရှုပါ။ ဒီလို ဖြစ်ပျက်ရှုလိုက်တော့ ပပဉ္စသိမ်းသွားတယ်။ ပပဉ္စသိမ်းတော့ တဏှာသိမ်း၊ မာနသိမ်း၊ ဒိဋ္ဌိသိမ်းသွားတာပဲ။ သံသရာချဲ့တတ်တဲ့တရား သုံးပါး သိမ်းသွားတာ။ ဒါဖြင့် မြင်စိတ်ကြိုက်လို့ရှိရင် မြင်စိတ်ဖြစ်ပျက်ရှု၊ အဆင်းကြိုက်ရင်အဆင်းရှု၊ မျက်စိအကြည်ကြိုက်ရင် အကြည်ကို ရှု။ တည့်တာသာ ရှုလိုက်။ မြင်စိတ်ရှုတော့ စိတ္တာနုပဿနာ၊ အဆင်းနဲ့ မျက်စိရှုတော့ ကာယာနုပဿနာ၊ ရုပ်ရှုတာပဲ။ ဒီအထဲက မြင်စိတ်ရှုချင်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှုလိုက်တော့ တဏှာ မာန ဒိဋ္ဌိ မလာတော့ဘူး။ မလာတော့ ငါ နောင် ဘာများဖြစ်ဦးမှာပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာလည်း မလာတော့ဘူး၊ ဝိစိကိစ္ဆာသေတယ်။ မြင်စိတ်ကလေးဟာ ဖြစ်ပျက် ဒုက္ခသစ္စာ၊ ရှုတာလေးက မဂ္ဂသစ္စာ။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ လို့ ကိစ္စဉာဏ်နဲ့ရှုလိုက်။ ကိစ္စဉာဏ်နဲ့ ရှုနေတာလို့ သဘောကျ။ ကိစ္စဉာဏ်နဲ့ ရှုလိုက်တော့ ကြံလုံးတွေ ပပဉ္စတွေ မလာတော့ဘူး။ မလာတော့ ငါ့ဝါဒဟာ တဏှာဖြတ်တဲ့ဝါဒဆိုတာ သေချာသွားပြီ။ ဒါဖြင့် စိတ်ကလေး ဖြစ်ပျက်ရှုလိုက်တော့ တဏှာ မာန ဒိဋ္ဌိတွေမလာလို့ ပပဉ္စပြတ်၊ ပဋိစ္စသမုပ္ပါဒ်လည်း ပြတ်တယ်။ ပဋိစ္စသမုပ္ပါဒ်ကြီး ရှည်နေအောင် လည်နေအောင် လုပ်တာဟာ တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့ ပပဉ္စသုံးပါးက လုပ်နေတာ။ ဘဝများစွာ ဆက်အောင်လုပ်နေတာ။ အခု ကိစ္စဉာဏ်နဲ့ ဖြစ်ပျက်ရှုလိုက်တော့ မြင်စိတ်နားမှာပဲ မဂ်က တဏှာ မာန ဒိဋ္ဌိတို့ကို သတ်ပစ်လိုက်တယ်။ စိတ်ရဲ့ ခြေရင်းမှာ သူတို့ အကုန်သေရတယ်။ မဂ်ကသတ်လို့သေရတာ။ ဖြစ်ပျက်ကိုသိတဲ့ ကိစ္စဉာဏ်က သတ်လိုက်တာ။ ဒီအတိုင်းပဲ ကြားစိတ်ကလေးလာလည်း ပပဉ္စမလာအောင် ကြားစိတ်ကို ဖြစ်ပျက်ရှု။ ဖြစ်ပျက်ရှုတော့ ကိစ္စဉာဏ်ရတယ်။ ကိစ္စဉာဏ်ဆိုတာ ဖောက်ပြန်ပျက်စီးသွားတာပဲလို့ သိလိုက်တာပါပဲ (ဝိပရိဏာမဋ္ဌော)။ မြင်စိတ်ကလေးလည်း ဖောက်ပြန်ပျက်စီးသွားတာပဲ၊ ကြားစိတ်ကလေးလည်း ဖောက်ပြန်ပျက်စီးသွားတာပဲ။ မဖောက်ပြန်ဘဲနဲ့ ပျက်စီးတာမဟုတ်ဘူး၊ ဖောက်လည်းဖောက်ပြန် ပျက်လည်း ပျက်စီးသွားတယ်။ ဒါကိစ္စဉာဏ်ပဲ။ ဖြစ်လည်းဖြစ်တယ်၊ ဖြစ်ပြီးတော့လည်း ချုပ်သွားတယ်။ ဒီတော့ ဖောက်ပြန်ပျက်စီးတာလေး သိလိုက်ရတဲ့အတွက် ကိစ္စဉာဏ်ရတယ်။ ဒါဖြင့် စိတ်တွေ လာတိုင်းလာတိုင်း မြင်စိတ်လာလာ ကြားစိတ်လာလာ ဝမ်းထဲလောဘစိတ်လာလာ ဒေါသစိတ်လာလာ မောဟစိတ်လာလာ ကိစ္စဉာဏ်နဲ့ရှု။ ဖောက်ပြန်တာက ဒုက္ခသစ္စာ၊ ဖောက်ပြန်တာကို သိတာက ကိစ္စဉာဏ်။ ကိစ္စဉာဏ်ဆိုတာ မဂ္ဂသစ္စာပါပဲ။ ကိစ္စဉာဏ် မဂ္ဂသစ္စာလာတော့ ပပဉ္စတွေသေတယ်။ ပပဉ္စဆိုတာ ချဲ့ထွင်တာ။ တဏှာလာရင် ဥပါဒါန် ကံ ဇာတိ ဇရာမရဏ ချဲ့မှာပဲ။ မာနလာရင်လည်း မာနက ကာမုပါဒါန်၊ ပြီးတော့ ကံ၊ ဇာတိ ဇရာမရဏထိအောင် ချဲ့မှာပဲ။ ဒိဋ္ဌိလာရင်လည်း ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ ကနေ ဇာတိ ဇရာမရဏထိအောင် ချဲ့မှာပဲ။ ဒီလို ပပဉ္စဟာ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးထွက်တယ်။ ဒီပဋိစ္စသုံးမျိုးကို မဂ္ဂသစ္စာက ဖြတ်ပစ်တယ်။ ဒါကြောင့် ဘုရားရှင်က တဏှာဖြတ်တဲ့ဝါဒသည် ငါ့ဝါဒလို့မိန့်တော်မူတာ။ ဒီလို တဏှာဖြတ်တဲ့ဝါဒကိုလိုက်ရင် ပပဉ္စသေလို့ ပဋိစ္စသမုပ္ပါဒ်လည်း ပြတ်တာပဲ။ ကိုယ်ရှုရင် ကိုယ့်ပဋိစ္စသမုပ္ပါဒ်ပြတ်တာပဲ။ ဖြစ်ပျက်ကိုသိ၊ ဝိပရိဏာမကိုသိ၊ ဖောက်ပြန်ပျက်စီးတာကိုသိ၊ ကိစ္စဉာဏ်ကိုသိတဲ့ပုဂ္ဂိုလ်မှာ ပြတ်တယ်။ ကိစ္စဉာဏ်နဲ့ ဘယ်စိတ်လာလာ ဖောက်ပြန်ပျက်စီးပြန်ပြီလို့သာ သိပေးလိုက်ပါ။ ဖောက်ပြန်ပျက်စီးတာက ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က ကိစ္စဉာဏ်၊ မဂ္ဂသစ္စာ။ ဒီလိုချည်းရှုနေရင် ပပဉ္စတွေ ချုပ်တယ်။ ပပဉ္စဆိုတာ သံသရာမှာ အိုဘေး နာဘေး သေဘေးတွေ ပွားအောင် အပါယ်ဘေးတွေ မရောက် ရောက်အောင် ပို့တတ်တဲ့တရားလို့ဆိုရင်လည်း မလွဲပါဘူး။ ရှုလိုက်တော့ ဒီပပဉ္စတွေ ချုပ်တယ်။ ပပဉ္စနိရောဓော နိဗ္ဗာနံ လို့ ဘုရားကလည်း ဟောထားတယ်။ ဒီသုံးခုချုပ်သွားလို့ရှိရင် နိဗ္ဗာန်ပဲ။ ပပဉ္စမရှိတာကို နိဗ္ဗာန်။ ကိစ္စဉာဏ်ကြောင့် ပပဉ္စတွေ ချုပ်ရပါတယ်။ ဒါဖြင့် စိတ်တွေ လာတိုင်းလာတိုင်း ဘယ်စိတ်လာလာ စိတ္တာနုပဿနာ ရှုပေးပါ။ ရှုတော့ အရှုခံက ဒုက္ခသစ္စာ၊ ရှုတဲ့ ကိစ္စဉာဏ်က မဂ္ဂသစ္စာ။ သေတာက ပပဉ္စ။ ဒီပပဉ္စတွေချုပ်အောင်တော့ ကိုယ့်ကိစ္စဉာဏ်နဲ့ ကိုယ်လုပ်မှ ရမယ်။ ပပဉ္စမလာရင် နိဗ္ဗာန်ပါပဲ။ ဒါဖြင့် ဘယ်မှာချုပ်တာလဲဆိုတော့ ရှုတဲ့ဉာဏ်ရဲ့နောက်မှာ ချုပ်တယ်။ ရှုတဲ့ဉာဏ်လည်း လာရော ပပဉ္စတွေလည်း ချုပ်ရောပဲ။ ရှုဖန်များလာလို့ ဝိပရိဏာမကိစ္စတွေ ရှုလို့မရတော့ဘူး၊ မမြင်တော့ဘူးဆိုရင် ကတဉာဏ်ဖြစ်သွားတယ်။ ရှေ့မှာ ဖြစ်ပျက် ဖြစ်ပျက်ဆိုတာတွေ မမြင်တော့ဘူးဆိုရင် ဘယ်စိတ်မှလည်း မလာတော့ဘူးဆိုရင် နိဗ္ဗာန်ပေါ်လာတယ်။ နိဗ္ဗာန်ပေါ်လာတော့ နိဗ္ဗာန်မြင်တဲ့ဉာဏ်ကို ကတဉာဏ်လို့ ခေါ်လိုက်တာပဲ။ ဒါဖြင့် ခန္ဓာငါးပါး အပေါင်းသိတဲ့ဉာဏ်က သစ္စဉာဏ်၊ ဖြစ်ပျက်လေးတွေ သိတဲ့ဉာဏ်က ကိစ္စဉာဏ်၊ ဖြစ်ပျက်တွေ ဆုံးအောင်လိုက်ရှုလိုက်တဲ့အခါ ပပဉ္စလည်းချုပ်၊ ရှေ့က ဒုက္ခမရှိတာလည်း သိလိုက်ရတော့ ကတဉာဏ်။ ဒီသုံးဉာဏ်နဲ့တက်လည်း နိဗ္ဗာန် ရမှာပါပဲ။ အရှင်ကောဏ္ဍညနဲ့ နတ်ဗြဟ္မာပေါင်း ရှစ်သောင်းလေးထောင် ဒီသုံးဉာဏ်နဲ့ တက်သွားကြတာ။ ပထမ သစ္စဉာဏ်ကိုသိလိုက်တယ်။ နောက် ကိစ္စဉာဏ်နဲ့ ပွားလိုက်တယ်။ ပွားရင်းနဲ့ မကြာခင်မှာပဲ ပပဉ္စပယ်ပြီး နိဗ္ဗာန်မြင်လိုက်တော့ ကတဉာဏ်ရလိုက်တယ်။ ဒါကြောင့် ကတဉာဏ်သည် နိဗ္ဗာန်မြင်တဲ့ဉာဏ်ပါပဲ။ ဒေါက်တာအရှင်ပါရမီ See also: http://myakyunthar.blogspot.com/?m=1

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး