သစ္စာသိရင် ဉာဏ်လာတယ်
ဒီဘဝပြီးရင် နောက်ဘ၀ လူပြန်ဖြစ်ချင်တယ်ဆိုရင် လူအစ ဇာတိ လာမယ်။ ဇာတိဟာ ဒုက္ခသစ္စာပဲ။ ဒါဖြင့် လူပြန်ဖြစ်ချင်တဲ့သူဟာ နောက်ဘ၀ ဇာတိ ဒုက္ခသစ္စာမသိလို့ပဲ။ ပဋိသန္ဓေနေချင်သေးလို့၊ အိုချင်သေးလို့၊ သေချင်သေးလို့၊ အပါယ်ရောက်ချင်သေးလို့ဆိုရင်လည်း မလွဲပါဘူး။ ဒါကြောင့် သစ္စာမသိရင် သံသရာရှည်တယ်လို့သာ မှတ်လိုက်စမ်းပါ။
ကုသိုလ်ပြုပြီး ဟိုဘဝဆုတောင်း ဒီဘဝဆုတောင်းနဲ့ တောင်းနေကြတာဟာ သစ္စာမသိသေးလို့ပါ။ သုခတွေတောင်းယူနေတာလား ဒုက္ခတွေတောင်းယူနေတာလားဆိုရင် ဒုက္ခတွေတောင်းယူနေတာပဲ။ သစ္စာမသိတဲ့သူဟာ ဇာတိ ဒုက္ခသစ္စာလို့ မသိတော့ ဇာတိချည်း တောင်းယူနေတယ်။ လူအကြိမ်ကြိမ်ဖြစ်ရပါလို၏၊ နတ်အကြိမ်ကြိမ်ဖြစ်ရပါလို၏ဆိုတော့ ဒုက္ခအကြိမ်ကြိမ်တွေ့ရပါလို၏ဆိုတာနဲ့ အတူတူပဲ။ ဒုက္ခဆိုတာ ရှောင်ကွင်းရမယ့်အလုပ်၊ တောင်းယူရမယ့်အလုပ်မဟုတ်ပါဘူး။ ရှောင်ကွင်းရမယ့်အလုပ်ကို တောင်းယူနေတာဟာ သစ္စာမသိမှုကြောင့်ပါပဲ။
သစ္စာမသိတဲ့ပုဂ္ဂိုလ်ဟာ အကန်း လမ်းသွားသလိုပါပဲတဲ့။ ကန်းလည်းကန်း လမ်းလည်း သွားနေပြန်တယ်ဆိုတော့ မြွေတွေ့လည်း မမြင်ဘူး၊ နင်းမှာပဲ။ ခလုပ်တွေ့လည်း မမြင်တော့ တိုက်မှာပဲ။ ရန်သူတွေ့လည်း မမြင်တော့ တိုးမှာပဲ။ မမြင်ရတဲ့အခါကျတော့ အရမ်းသွား သွားတယ်။ သစ္စာမသိပြီဆိုမှဖြင့် ဒီအတိုင်းပါပဲ၊ အရမ်းသွား သွားတယ်။ သစ္စာမသိလို့ရှိရင် ပဋိသန္ဓေဒုက္ခသစ္စာလည်း သူယူမှာပဲ။ ဒုက္ခသစ္စာမှန်းမှ သူမသိဘဲ။ ပဋိသန္ဓေ ဒုက္ခသစ္စာယူမိပြီဆိုရင် အိုဘေးနာဘေးသေဘေး စိုးရိမ်သောက ဗျာပါဒဘေး အပါယ်ဘေးတွေ ပြေးလို့မလွတ်တော့ဘူး။ ဒါဟာ သစ္စာမသိသူရဲ့ ဖြစ်စဉ်ပဲ။
ဘုရားရှင်က ရဟန်းတစ်ပါး ခေါ်ပြီး တောင်ကြီးတစ်တောင်ပေါ်တက်သွားတယ်။ တောင်ထိပ်ရောက်လို့ အောက်လှည့်ကြည့်လိုက်တော့ တောင်က တစ်ခြမ်းပြိုနေတယ်။ ရဟန်းက အရှင်ဘုရား ဒီချောက်ကြီးက ကြောက်စရာကြီးဘုရား- လို့လျှောက်တယ်။ ဘုရားရှင်က `ရဟန်း- ဒီတောင်ပေါ်က ခြေချော်ကျလို့ သေရင် တစ်ခါပဲ သေရမှာ၊ မကြောက်ပါနဲ့။ သစ္စာမသိဘဲ သေရတဲ့အသေမျိုးကသာတော့ အကြိမ်ကြိမ်သေရမှာ။ အဲဒါကိုသာ ကြောက်စမ်းပါ´တဲ့။ သစ္စာမသိတဲ့အသေကသာလျှင် ကြောက်စရာကောင်းပါတယ်လို့ ဘုရားရှင်က ဟောတော်မူလိုက်တာပါပဲ။
ဒါကြောင့် သစ္စာသိအောင်လုပ်ရမယ်။ ကိုယ့်ဇာတ်ကိုယ် သိမ်းနိုင်အောင်လုပ်ရမယ်။ ကိုယ့်ဇာတ်ဆိုတာ ယခုရထားတဲ့ ခန္ဓာ ဒုက္ခသစ္စာ၊ နောင်ရမှာတွေကလည်း ဒုက္ခသစ္စာပဲ။ ဒီဇာတ်ကိုဖြင့် အသိတစ်လုံးပိုင်ရင် သိမ်းပါတယ်။ သစ္စာသိတဲ့အသိ။ သစ္စာသိတာနဲ့ တစ်ပြိုင်နက် နိဗ္ဗာန်ရောက်တာပဲ။ ဒါဖြင့် သစ္စာမသိသေးတဲ့အလုပ်ဟူသရွေ့ နိဗ္ဗာန်မရောက်ဘူးလို့သာ ဆုံးဖြတ်ချက်ချထားလိုက်။ သစ္စာသိဖို့အတွက် ပြောရမယ်ဆိုရင် ယခုရထားတဲ့ ခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့မှတ်လိုက်။ ဒါ ခြုံပြောလိုက်တာ။ ခန္ဓာကြီးဟာ ဒုက္ခသစ္စာမို့ ခန္ဓာထဲက ဘာပဲ ပေါ်လာ ပေါ်လာ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။ ဝေဒနာပေါ်လည်း ဒုက္ခသစ္စာ၊ စိတ်ပေါ်လည်း ဒုက္ခသစ္စာ၊ ပူတဲ့အေးတဲ့ ရုပ်တွေပေါ်လည်း ဒုက္ခသစ္စာ။ ပင်ကို ခန္ဓာကြီးက ဒုက္ခသစ္စာမို့ ပေါ်ပေါက်လာတော့လည်း ဒုက္ခသစ္စာပဲ ပေါ်ပေါက်လာရတယ်။ ဒီလို အပေါင်း သိထားတာကို သစ္စဉာဏ်ခေါ်တယ်။
အစိတ်လေးတွေ ပေါ်လာတော့ ဥပမာ ဝေဒနာပေါ်တဲ့အခါ၊ စိတ်ပေါ်တဲ့အခါ ဝိပဿနာရှုရင် ဉာဏ်ထဲမှာ ဖမ်းမိမယ်။ ခန္ဓာဒုက္ခသစ္စာလို့ အပေါ်င်းသိမဟုတ်ဘဲ အစိတ်သိ သိနေတာဖြစ်လို့ ဒီဒုက္ခသစ္စာလေးတွေက နှိပ်စက်နေတာပဲလို့ ကိစ္စကို သိရတယ်။ ဒါက ကိစ္စဉာဏ်။ အပေါင်းသိတာက သစ္စဉာဏ်၊ ဒီထဲက အစိတ်လေးတွေ သိတာက ကိစ္စဉာဏ်။ ခန္ဓာငါးပါး အပေါင်းကြီးက ဒုက္ခသစ္စာပဲလို့သိတာက သစ္စဉာဏ်။ ဒီအပေါင်းခန္ဓာထဲက ဝေဒနာလေးတွေ - သုခ ဒုက္ခ ဥပေက္ခာ ဝေဒနာလေးတွေ ပေါ်လာတာ၊ စိတ်လေးတွေ ပေါ်လာတာ။ ဒီတရားတွေ လာတိုင်းလာတိုင်း ဉာဏ်နဲ့ တည့်မိတာက သစ္စာသိတဲ့ ကိစ္စ။ ဒါကြောင့် သူတို့ကို ကိစ္စဉာဏ်လို့မှတ်လိုက်။ ဒီလို ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက်မှုကိုသိတာ ကိစ္စဉာဏ်။ ကတဉာဏ်ဆိုလို့ရှိရင် သောတာပန် တည်တော့တာပဲ။
ခန္ဓာငါးပါးအပေါင်းကို ဒုက္ခသစ္စာလို့ အပေါင်းသိထားတာက သစ္စဉာဏ်။ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးကို ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်ရှုနေတာက ကိစ္စဉာဏ်။ စိတ်ရှုရင် စိတ်ဖြစ်ပျက်လေးတွေက နှိပ်စက်နေတာပဲလို့ သိနေတာ (ဒုက္ခဿ ပီဠနတ္ထော၊ သင်္ခတဋ္ဌော)။ ဒီဖြစ်ပျက်တွေ ဆုံးအောင်လိုက်လို့ ဆုံးသွားလို့ရှိရင် ကတဉာဏ်။ ဒီဖြစ်ပျက်တွေဟာ နှိပ်စက်တတ်တဲ့တရားတွေမို့ နှိပ်စက်နေတာပဲလို့ အမှန်အကန် သိသိသွားတော့ ဒီလို အနှိပ်စက်ခံ ခန္ဓာကြီးဖြင့် မလိုချင်တော့ပါဘူးဆိုတဲ့ဉာဏ်ဝင်လာတာနဲ့ ဖြစ်ပျက်တွေဟာ ဖျပ်ခနဲ့ ချုပ်သွားတယ်။ ချုပ်ပြီးမှ ပေါ်လာတဲ့ဉာဏ်ကို ကတဉာဏ်လို့ခေါ်တယ်။ ဒါ သောတာပန်တည်ပြီလို့ သိတဲ့ဉာဏ်ပဲ။ ဒါဖြင့် အပေါင်းသိတဲ့ဉာဏ်က သစ္စဉာဏ်၊ ဒီထဲက ဖြစ်ပျက်သိတဲ့ဉာဏ်က ကိစ္စဉာဏ်၊ ဖြစ်ပျက်အဆုံးကိုသိတဲ့ဉာဏ်က ကတဉာဏ်။ ဒီဉာဏ်သုံးဆင့်မှာ ကိစ္စဉာဏ်က အလုပ်လုပ်ရမယ့်ဉာဏ်။ သစ္စဉာဏ်က သိရမယ့်ဉာဏ်။ ကတဉာဏ်က ဝမ်းမြောက်ရမယ့်ဉာဏ်။ ကိစ္စပြီးပြီဟေ့လို့သိတော့ ဝမ်းမြောက်ရုံပဲရှိတော့တယ်။ ဒါဟာ ဓမ္မစကြာမှာလာတဲ့အတိုင်းပဲ။ အရှင်ကောဏ္ဍညနဲ့ နတ်ဗြဟ္မာပေါင်း ရှစ်သောင်းလေးထောင် ကျွတ်သွားတာ ဒီဉာဏ်သုံးဆင့်နဲ့ပဲလို့ မှတ်လိုက်ပါ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.