ဒိဋ္ဌိစွဲ

ဒိဋ္ဌိဆိုသော စကားလုံးသည် မှားသောအထင်အမြင်ကိုရည်ညွှန်းသော စကားလုံးဖြစ်၏။ အမှန်ရှိသဘောမှ သွေဖီ၍ မှားသောအားဖြင့် ထင်မြင်ယူဆချက်သည်ပင် ဒိဋ္ဌိဖြစ်တော့၏။ ဒိဋ္ဌိပေါင်း (၆၂)မျိုးအထိ ရှိကြောင်းကို သီလက္ခန္ဓဝဂ်၊ ဗြဟ္မဇာလသုတ်တွင် ဘုရားရှင် မိန့်တော်မူခဲ့၏။ ထိုဒိဋ္ဌိ(၆၂)မျိုးတို့၏ မြစ်ဖျားခံရာသည် သက္ကာယဒိဋ္ဌိပင်ဖြစ်၏။ သက္ကာယဒိဋ္ဌိစွဲ အရင်ပြုတ်မှသာလျှင် ဝိပဿနာအလုပ်ကို လုပ်ရမည်ဖြစ်၏။ သက္ကာယဒိဋ္ဌိ ဟူသည်မှာလည်း ထင်ရှားရှိသော ခန္ဓာကိုယ်ကို ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဟု စွဲလမ်းခြင်းပင်ဖြစ်၏။ ငါ့ကိုယ်ဟု စွဲထားခြင်း ထင်မြင်ယူဆထားခြင်းဖြင့် ငါ့ရုပ် ငါ့ဝေဒနာ ငါ့သညာ ငါ့သင်္ခါရ ငါ့စိတ်ဟူသော အထင်အမြင်သည် အလိုလို ဖြစ်နေတော့၏။ ရုပ်သည် ရုပ်သာဖြစ်၏၊ ငါ့ရုပ်မဟုတ်။ ဝေဒနာသည် ဝေဒနာသာဖြစ်၏၊ ငါ့ဝေဒနာမဟုတ်။ သညာသည် သညာသာဖြစ်၏၊ ငါ့သညာမဟုတ်။ သင်္ခါရသည် သင်္ခါရသာဖြစ်၏၊ ငါ့သင်္ခါရမဟုတ်။ စိတ် (ဝိညာဏ်) သည် စိတ်သာဖြစ်၏၊ ငါ့စိတ်မဟုတ်။ ဤသို့ ရှင်းလင်းစွာ ထင်မြင်ယူဆလိုက်ပါမူ အသိဉာဏ်တွင် သက္ကာယဒိဋ္ဌိစွဲ အလိုလိုပြုတ်တော့၏။ ခန္ဓာငါးပါးဖြင့် ပိုင်းခြားစိတ်ဖြာ၍ ဒိဋ္ဌိကို ခွါထုတ်ပစ်ခြင်းဖြစ်၏။ ငါ့ကိုယ်ဟု ထင်မြင်ယူဆထားသော ဤခန္ဓာကိုယ်ကြီးကို ခန္ဓာငါးပါးဖြင့် ပိုင်းခြားထားသည်ဟု သိမှ ပြုတ်မည်ဖြစ်၏။ ခန္ဓာငါးပါးဟု နှုတ်တက်ရနေ၍ ခေါ်ဆိုနေရုံမျှဖြင့် ဒိဋ္ဌိသည် ပြုတ်မည်မဟုတ်။ ပုဂ္ဂိုလ် သတ္တဝါအမြင် ပြန်ဝင်နေသဖြင့် သက္ကာယဒိဋ္ဌိပင် ဖြစ်နေလေ၏။ လိုရင်းမှာ မိမိ၏ခန္ဓာဖြစ်စေ၊ သူတစ်ပါး၏ခန္ဓာဖြစ်စေ ဓမ္မအရှိသဘောသက်သက်မျှကိုသာ မြင်အောင်ကြည့်နိုင်ရမည်ဖြစ်၏။ စက်ဝိုင်းထောက်၍ ဒိဋ္ဌိဖြုတ်ပြသည်ကို ကြည့်ပြီး ဒိဋ္ဌိပြုတ်သည်ဟု ထင်မြင်နေကြသည်လည်း ရှိ၏။ စက်ဝိုင်းပေါ်မှာ ဒိဋ္ဌိမရှိ။ မိမိခန္ဓာပေါ်မှာသာ ဒိဋ္ဌိရှိ၏။ စက်ဝိုင်းပေါ်က တရားများသည် မိမိခန္ဓာမှာ ရှိသောတရားများကို ကိုယ်စားပြုထားခြင်းဖြစ်၏။ မိမိခန္ဓာမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသောတရားများရှိသည်ကို ညွှန်းဆိုပုံဖော်ပြထားခြင်းသာ ဖြစ်၏။ ဆရာသမားက တုတ်ဖြင့်ထောက်၍ “ဝိညာဏ်သည် ငါလား”ဟုမေးလျှင် “မဟုတ်ပါဘုရား”ဟုဖြေရုံသက်သက်မျှဖြင့် ဒိဋ္ဌိပြုတ်သည်ဟု အထင်အမြင်လွဲမှားခြင်း ဖြစ်လေ့ရှိသဖြင့် ပြောရခြင်းဖြစ်၏။ မိမိခန္ဓာကိုယ်သည် ဤတရားများစုဝေးနေခြင်းသာ ဖြစ်သည်ဟု နားလည်ပြီး “ငါ့ကိုယ်ဟူ၍ ခေါ်ဆိုစရာမပါရှိပါလား”ဟု မိမိခန္ဓာကိုယ်ကို ငါဟုထင်မြင်ယူဆထားခြင်း၊ စွဲလန်းနေခြင်းကို ပယ်ဖျက်ပစ်ရမည်ဖြစ်၏။ ယင်းသို့ပယ်ဖျက်လိုက်မှ အရှိသဘောကို ဉာဏ်တွင် ထင်ဟပ်လာမည်ဖြစ်၏။ အရှိသဘောသည် ရုပ်နာမ် ခန္ဓာငါးပါးသာဖြစ်၏။ ငါဟုပြောစရာမရှိ။ ငါ့ကိုယ်ဟုပြောဆိုစရာလည်း မရှိ။ ခန္ဓာအပေါ်တွင် ငါထင်မြင်မှုကို သက္ကာယဒိဋ္ဌိဟု ဆို၏။ ထိုသို့ ထင်မြင်ယူဆမှုကို ဝိပဿနာမရှုခင် အသိဉာဏ်ဖြင့် ကြိုတင်၍ ပယ်ရှင်းထားရမည်ဖြစ်၏။ ရုပ်နာမ်အစုသာရှိ၏ဟု သိမြင်ထားရမည်ဖြစ်၏။ သို့မှသာလျှင် ရုပ်ကိုဖြစ်စေ နာမ်ကိုဖြစ်စေ ဝိပဿနာရှု၍ ရနိုင်မည်ဖြစ်၏။ ယင်းသို့မဟုတ်လျှင် ငါ့ကိုယ်ကို ဝိပဿနာရှုနေရောက်နေပါ၏။ တကယ့်အရှိတရားအထိ ထိုးဖောက်မြင်နိုင်စွမ်းမရှိ။ ထို့ကြောင့် ဒိဋ္ဌိမပြုတ်ဘဲ ဝိပဿနာရှုလျှင် ဒုဗ္ဗလ- အားနဲသောဝိပဿနာဟု ဆိုရ၏။ ဒိဋ္ဌိစွဲ ရှင်းလင်းပြီးမှ ရှုရသောဝိပဿနာကိုမူ ဗလဝ- အားကောင်းသောဝိပဿနာဟု ဆို၏။ ထို့ကြောင့် အားကောင်းသောဝိပဿနာဖြစ်ဖို့ အရေးကြီးပါ၏။ ဖြစ်နေကြသည်မှာ ဝိပဿနာလုပ်ရင်းဖြင့် ဒိဋ္ဌိစွဲမပြုတ်ဘဲ အစွဲပိုနေလေ့ရှိကြ၏။ ဆရာစွဲများပိုလာတတ်၏။ ဝါဒစွဲများပိုလာတတ်၏။ ကျောင်းစွဲ ရိပ်သာစွဲများ ပိုလာတတ်၏။ ဒိဋ္ဌိဖြုတ်ပင်ဖြုတ်ငြားသော်လည်း မပြုတ်သည့်အပြင် အစွဲအသစ်များ ထပ်တိုးလာနေတတ်၏။ ပုဂ္ဂိုလ်ခင်မှ တရားမင်ဟုပင် ဆိုတတ်ကြသေး၏။ ပုဂ္ဂိုလ်စွဲဒိဋ္ဌိပင် ဖြစ်လာတော့၏။ ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမဟု မြင်နေလျှင် ဓမ္မသဘောကို ဓမ္မသဘောအဖြစ် ရှင်းလင်းစွာ မမြင်နိုင်ဘဲ ဖြစ်နေတတ်၏။ ကိုယ့်ဆရာမှ တော်သည်ဟု စွဲထားသဖြင့် ကျန်သည့်ဆရာများအပေါ် ပြစ်မှားလေ့ရှိကြ၏။ ကိုယ့်ဆရာမှတစ်ပါး အခြားသံဃာများကိုပါ ထိခိုက်ပြောဆိုလာတတ်၏။ ဗုဒ္ဓဝါဒမှန်လျှင် လက်ခံကျင့်သုံးရမည်ဖြစ်သော်လည်း ကိုယ့်ဆရာ၏ဝါဒမှ ကောင်းသည်ဟု ခံယူထားသဖြင့် ကျန်သည့်ဝါဒကို ပစ်ပယ်လေ့ရှိကြ၏။ ကိုယ်သွားနေသည့်ကျောင်း၊ ကိုယ်ဝင်နေသည့်ရိပ်သာမှ အဆင့်မီသည်ဟုယူဆထားလျှင် ကျန်သည့်ကျောင်း ရိပ်သာများအပေါ် အထင်အမြင်သေးဖြစ်တတ်လေ့ရှိ၏။ ယင်းသို့ ဒိဋ္ဌိစွဲဖြုတ်ရင်းဖြင့်ပင် ဆရာကလည်း “ငါ့ဒကာ ဒကာမ၊ ဒကာ ဒကာမတို့ကလည်း ငါ့ဆရာမှ ငါ့ဆရာ”ဟု အပြန်အလှန် အစွဲဒိဋ္ဌိတို့ဖြင့် ပို၍ခိုင်သထက်ခိုင် မြဲသထက်မြဲအောင် ချည်နှောင်မိလျက်သား ဖြစ်နေတတ်ကြ၏။ ဖြုတ်ကာမှ ပိုမြဲနေသည့်သဘော ဆောင်နေတတ်ပါ၏။ ခန္ဓာမှာ ဓမ္မသဘောသာရှိ၍ ဓမ္မသဘောကို သိအောင် လုပ်ရမည်ဖြစ်၏။ အရှိဓမ္မသဘောကို ဉာဏ်ဖြင့် သိမ်းပိုက်နိုင်မှ ပုဂ္ဂိုလ် သတ္တဝါ သူ ငါထင်မြင်မှုဒိဋ္ဌိ ပပျောက်နိုင်မည်ဖြစ်၏။ ဓမ္မအရှိသဘော သက်သက်ကို ခွဲခြမ်းစိတ်ဖြာမြင်နိုင်ပြီဆိုလျှင် သက္ကာယဒိဋ္ဌိ ကွာမည်သာဖြစ်၏။ ဤသည်မှာ မိမိခန္ဓာကိုယ်ကို သူစိမ်းပြင်ပြင် သဘောထား၍ ရှုနိုင်ရန်အတွက်ဖြစ်၏ (ပရတော)။ ငါမဟုတ်၊ ငါ့ကိုယ်မဟုတ်ဟု ဉာဏ်ဖြင့်ပိုင်းဖြတ်ထားလိုက်လျှင် ရုပ်ပေါ်လာလျှင် “သဘောရုပ်ပဲ၊ ဖြစ်ပျက်ပြောင်းလဲဖောက်ပြန်နေတာပဲ”ဟု သိပေးရ၏။ ဝေဒနာပေါ်လာလျှင်လည်း “ငါမဟုတ်၊ ဝေဒနာပဲ၊ ဖြစ်ပြီး ပျက်သွားတဲ့သဘောပဲ”ဟု ရှုနိုင်ရမည်ဖြစ်၏။ ယင်းသို့ဉာဏ်ရှင်းမထားလျှင် “ဆရာတော်ကတော့ ပြောတာပဲ၊ ငါမဟုတ် သူမဟုတ် နာမ်နှင့်ရုပ်၊ ဒါပေမဲ့ နာတာက ငါတကယ်နာတာ”ဟု ဖြစ်နေတတ်၏။ ရှေးဦးစွာ အသိဉာဏ်တွင် ဒိဋ္ဌိရှင်းထားမှ ဖြစ်ပျက်ရှုသည့်အခါတွင် လွယ်ကူသက်သာမည်ဖြစ်၏။ သို့မဟုတ်လျှင် ငါသိ ငါမြင် ငါကြား ငါနာဖြစ်နေပြီး သောက ပရိဒေဝတိုးဖို့သာ ရှိ၏။ တဏှာမာန ပွားဖို့သာ ဖြစ်နေ၏။ ဝိပဿနာလုပ်ငန်းခွင်တွင် အထည်ခန္ဓာပေါ်တွင် ပေါ်လာသမျှ သဘောတရားများကို ဉာဏ်ဖြင့် စောင့်ကြည့်ပေးနေရ၏။ ပေါ်သမျှ သဘောတရားများကို ဖြစ်ပျက် ဒုက္ခသစ္စာဟု မြင်အောင်ကြည့်နိုင်လျှင် သဘောခန္ဓာ၏ ဖြစ်ပျက်ကို မြင်သည်ဟုဆိုရ၏။ မျက်စိဖြင့်မြင်ရသော အထည်ခန္ဓာကိုယ်ကို ပကတိမျက်စိဖြင့် ကြည့်နေခြင်းဖြင့် သဘောမိလိမ့်မည်မဟုတ်။ အထည်ခန္ဓာပေါ်တွင် ထပ်ဆင့်ပေါ်လာသော သဘောခန္ဓာကိုသာ ဉာဏ်မျက်စိဖြင့် မြင်အောင်ကြည့်ပေးရခြင်း ဖြစ်၏။ ယားတာ နာတာ ထုံတာ ကျင်တာ ကိုက်တာ ခဲတာဟူသမျှသည် အထည်ခန္ဓာကိုမှီ၍ပေါ်လာသော သဘောခန္ဓာများသာဖြစ်၏။ ထို့အတူ မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ယားနာကောင်းစိတ် တွေးတောကြံစည်စိတ် လောဘစိတ် ဒေါသစိတ် မောဟစိတ် အလောဘစိတ် အဒေါသစိတ်တို့သည်လည်း သဘောခန္ဓာများသာ ဖြစ်၏။ ချမ်းသာ ဆင်းရဲ မချမ်းသာမဆင်းရဲအလယ်အလတ်ခံစားမှုဝေဒနာတို့သည်လည်း သဘောခန္ဓာများပင်။ ကြည့်လိုက်သည့်အခါတွင် ပေါ်သမျှ သဘောတရားတို့သည် အကြည့်မခံ၊ ပျောက်ပျက်ကုန်ဆုံးသွားသည်ကိုသာ တွေ့ရမည်ဖြစ်၏။ လောဘစိတ်ပေါ်လာ၏။ ဉာဏ်ဖြင့်ကြည့်။ မရှိတော့။ ပေါ်လာသည်က ဖြစ်၊ မရှိတော့သည်က ပျက်။ ဖြစ်ပျက်ဟု ဉာဏ်တွင် မြင်လိုက်ခြင်းဖြစ်၏။ မခံသာသည့်ဒေါသစိတ်ပေါ်လာလျှင်လည်း ဉာဏ်ဖြင့်သာကြည့်၊ မရှိသည်ကိုတွေ့ရ၏။ ဤသည်ကို ဖြစ်ပျက်ဟု နားလည်ရမည်ဖြစ်၏။ စိတ်ရှုရသည်ကို သဘောကျသူက စိတ်ကိုပင် ရှုရမည်ဖြစ်၏။ ဝေဒနာရှုသူက တစ်မျိုးပြီးတစ်မျိုး ပေါ်သမျှ ဝေဒနာကိုသာ ရှုရမည်ဖြစ်၏။ စိတ်ရှုလိုက် ဝေဒနာရှုလိုက် ရောရှု၍ အဆင်မပြေ။ သတိပဋ္ဌာန်အနေအားဖြင့် ခွဲခြားထားသောကြောင့်ဖြစ်၏။ ပေါင်းရှုလိုက်လျှင် ရောထွေးပြီး ပျံ့လွင့်စိတ်ဝင်လာတတ်၏။ ဝိပဿနာလုပ်ငန်းသည် သဘောခန္ဓာအစုကို ဉာဏ်ဖြင့်ရှုရသည်ဖြစ်ရာ သဘောခန္ဓာအစုက အရှုခံ၊ ရှုသည့်ဉာဏ်က အရှုဉာဏ်ဟု နားလည်ရမည်ဖြစ်၏။ ငါရှုနေသည်မဟုတ်၊ အရှုခံကို အရှုဉာဏ်က လိုက်ရှုနေခြင်းသာဖြစ်၏။ စိတ်ရှုလျှင် စိတ်က အရှုခံဖြစ်၏။ ပေါ်လာသောစိတ် ပျောက်သွားသည်ကို မြင်လိုက်သည်က အရှုဉာဏ်ဖြစ်၏။ စိတ်က ဖြစ်ပြီး ပျက်သွား၏။ ဉာဏ်က ဖြစ်ပျက်သွားသည်ကို မြင်လိုက်၏။ ယင်းသို့ အရှုခံ အရှုဉာဏ်တို့သာ အလုပ်လုပ်နေကြသည်ဟု ရှင်းလင်းစွာ မြင်ထားလျှင် ဒိဋ္ဌိသည် အပွားဉာဏ်ဖြင့် ကွာနေပြီဖြစ်၏။ အပယ်ဉာဏ်ဖြင့်ကွာရန်ကိစ္စသည် ဓမ္မ၏တာဝန်သာဖြစ်၏။ ကြပ်ကြပ်ရှုဖန်များလျှင် ဓမ္မက တာဝန်ယူခွါပေးသွားမည်ဖြစ်ရာ အပယ်ဉာဏ်ဖြင့် ဒိဋ္ဌိခွါဖို့အတွက် ကြောင့်ကြစိုက်ရန်မလို။ ရှုနေဖို့သာ အရေးကြီး၏။ သက္ကာယဒိဋ္ဌိရှင်းလျှင် သဿတ၊ ဥစ္ဆေဒဒိဋ္ဌိတို့လည်း အလိုလိုရှင်းမည်သာဖြစ်၏။ သက္ကာယဒိဋ္ဌိရှိနေသောကြောင့်သာ မြဲသည်ဟုထင်မြင်ယူဆထားသော သဿတဒိဋ္ဌိနှင့် ပြတ်သည်ဟု ထင်မြင်ယူဆထားသော ဥစ္ဆေဒဒိဋ္ဌိတို့ ဖြစ်ပေါ်လာရခြင်းဖြစ်၏(ဒွါသဋ္ဌိဒိဋ္ဌိယာ သက္ကာယဒိဋ္ဌိပမုခေနေ၀ ဥပ္ပဇ္ဇန္တိ)။ သို့ဖြစ်၍ သက္ကာယဒိဋ္ဌိကို ဖြိုဖျက်နိုင်လျှင် ဒိဋ္ဌိမှန်သမျှ အကုန်စင်သည်သာဖြစ်၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး