သစ္စာသိမှ နိဗ္ဗာန်ရ
ဘုရားရှင်ဟောကြားတဲ့တရားတွေထဲမှာ သစ္စာသိဖို့ဟာ အရေးအကြီးဆုံးပဲလို့ မှတ်လိုက်ပါ။ သစ္စာမသိရင် သောတာပန်လည်း မဖြစ်ဘူး၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဘုရား ပစ္စေကဗုဒ္ဓါလည်း မဖြစ်ဘူး။ မဖြစ်ဘူးဆိုတော့ သစ္စာမသိဘဲ နိဗ္ဗာန် ဘယ်သူမှမရဘူးတဲ့။ သစ္စာထဲမှာမှ နိဗ္ဗာန်ပါတယ်။ ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်၊ ကိလေသာသိမ်းတဲ့ နိဗ္ဗာန်ကို သစ္စာမသိသရွေ့ မရဘူး။ သစ္စာမသိတဲ့သူရဲ့ သန္တာန်မှာ နိဗ္ဗာန်မရှိဘူးလို့သာမှတ်လိုက်ပါ။ သစ္စာမှ မသိရင် နိဗ္ဗာန် မသိပါဘူးတဲ့။
နိဗ္ဗာန်ဟာလည်း ခန္ဓာနဲ့ စပ်ပြီးတော့ နေတယ် (ခန္ဓပဋိဗဒ္ဓမေ၀ နိဗ္ဗာနံ)။ ခန္ဓာနဲ့ စပ်နေတော့ ခန္ဓာက ဒုက္ခသစ္စာ၊ ခန္ဓာနဲ့ စပ်နေတာက နိရောဓသစ္စာ။ ဒီတော့ ခန္ဓာဒုက္ခသစ္စာမှ မသိလို့ရှိရင်လည်း ခန္ဓာနဲ့ စပ်နေတဲ့ နိဗ္ဗာန်ကို ရောက်နိုင်စရာ အကြောင်းမရှိပါဘူး။ နိဗ္ဗာန်ဟာ ခန္ဓာနဲ့ တစ်ခြားစီလို့လည်း မယူပါနဲ့ (အညေ ခန္ဓာ အညံ နိဗ္ဗာနံ အညော ပုဂ္ဂလောတိ နဟေဝံ ဝတ္တဗ္ဗေ)လို့ ကထာဝတ္ထုပါဠိတော်မှာ ဆိုပါတယ်။ သစ္စာမသိတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ နိဗ္ဗာန်မရှိ၊ သစ္စာသိမှ နိဗ္ဗာန်ရှိတယ်။ နိဗ္ဗာန် ဘာနဲ့စပ်နေလဲဆိုရင် ခန္ဓာနဲ့ စပ်နေတယ်။ ခန္ဓာနဲ့ စပ်နေသဖြင့် ခန္ဓာတွေ့အောင်ရှာမှ နိဗ္ဗာန်တွေ့မယ်။ ခန္ဓာက ဒုက္ခသစ္စာဆိုတော့ ခန္ဓာဒုက္ခသစ္စာ တွေ့ပြီးမှ နိရောဓသစ္စာ တွေ့မယ်။ ဒုက္ခသစ္စာမတွေ့ဘဲနဲ့တော့ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကို ဘယ်တော့မှ တွေ့လိမ့်မယ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့က စပ်နေလို့ပါပဲ။ ခန္ဓာ အရင်တွေ့ပြီးမှ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို တွေ့မယ်။ ဒါဖြင့် နိဗ္ဗာန်ရှာချင်ရင် ခန္ဓာ အရင်တွေ့အောင်ရှာပါ။ အိုဘေး နာဘေး သေဘေး ကြောက်တဲ့သူတွေ အပါယ်ဘေးကြောက်တဲ့သူတွေ ဆင်းရဲဇာတ်သိမ်းချင်လို့ရှိရင် ခန္ဓာတွေ့မှ နိဗ္ဗာန်တွေ့မယ်၊ နိဗ္ဗာန်တွေ့မှ ဆင်းရဲဇာတ်သိမ်းမယ်။
ဆင်းရဲဇာတ်သိမ်းချင်ရင် ရှေးဦးစွာ ဒုက္ခသစ္စာ တွေ့အောင်ရှာ။ ဒုက္ခသစ္စာက ခန္ဓာ၊ အဲဒီဒုက္ခသစ္စာနဲ့ တစ်စပ်တည်း စပ်နေတာက နိရောဓသစ္စာ။ ဒါကြောင့် ဒုက္ခသစ္စာ တွေ့ပြီးပြီဆိုလို့ရှိရင်တော့ အင်မတန်ချမ်းသာသွားပါလိမ့်မယ်တဲ့။ သစ္စာမတွေ့ဘဲ နိဗ္ဗာန်ရဖို့ဆိုတာကတော့ ဘုရားလည်း မတတ်နိုင်ဘူး။ ဘုရားကိုးကွယ်ဆည်းကပ်တော့ သုဂတိပဲ ရောက်မယ်။ သစ္စာသိမှသာလျှင် နိဗ္ဗာန်ရမယ်။ ဘုရားရှင်က ဝက္ကလိကို ဘုရားကိုးကွယ်မှု လွန်ကဲလွန်းနေလို့ သစ္စာမသိမှာစိုးလို့ နှင်လွှတ်ခဲ့တဲ့သာဓကရှိပါတယ်။ ဘုရားရှင်က ဥပမာအားဖြင့် (၁၃)မိုင်ပတ်လည် အနက်ကလည်း (၁၃)မိုင်ရှိတဲ့ရေကန်ကြီးမှာ ရေအပြည့်ထည့်ပြီး မြက်ဖျားလေးနဲ့ တစ်ခါတို့ အပြင်ဘက်သွားခါချလိုက်၊ အဲဒီရေတွေကို သွားတို့လိုက် အပြင်သွားခါချလိုက်နဲ့ ခုနှစ်ကြိမ်ခါလိုက်ပါတဲ့။ ခုနှစ်ကြိမ်ခါတဲ့ရေနဲ့ ကန်တွင်းက ရေနဲ့ ဘယ်ရေကများမလဲလို့မေးတော်မူတော့ ကန်ထဲကရေက နှိုင်းချိန်လို့မရလောက်အောင် များပါတယ်လို့ ရဟန်းတော်များက ဖြေတယ်။ ဒီအတိုင်းပဲတဲ့။ သစ္စာသိပြီးရင်တော့ ခုနှစ်ကြိမ်ခါချလိုက်တဲ့ ရေလောက်ပဲ ဒုက္ခ ကျန်တော့တယ်လို့ ဘုရားရှင် မိန့်တော်မူပါတယ်။ သစ္စာမသိသေးရင်တော့ ဒုက္ခဟာ ရေကန်ထဲကရေတွေလောက် ရှိနေဦးမှာပဲ။
ငါ သစ္စာမသိတုန်းက သူများပါးစပ်ဖျားမှာ ခန္ဓာပျက်ပြီး လမ်းဆုံးရတယ်၊ အပါယ်လေးပါးမှာ လမ်းဆုံးရ၊ ဖားဖြစ် ငါးဖြစ်နဲ့ သူများပါးစပ်ဖျားမှာ လမ်းဆုံးခဲ့ရတဲ့ဘဝတွေ သဗ္ဗညုတဉာဏ်နဲ့ ရေတွက်တာတောင် မရဘူး။ ဒါဘာကြောင့်လဲဆိုရင် သစ္စာမသိလို့တဲ့။ သစ္စာသိလို့ သောတာပန်တည်သွားတော့လည်း အပြင်ဘက်ခါချလိုက်တဲ့ ရေခုနှစ်စက်လောက်ပဲ ဒုက္ခ ကျန်ပါတော့တယ်။ ကန်အတွင်းက ရေထုကြီးလောက်များတဲ့ ဒုက္ခတွေ ကုန်သွားပြီ။ ကောင်းရောင်းကောင်းဝယ်လုပ်ပြီး သီလလုံခြုံအောင် စောင့်ထိန်းနေပေမယ့် သီလပြစ်တော့ လွတ်ပါတယ်၊ သစ္စာမသိတဲ့ အဝိဇ္ဇာအပြစ်က သင့်နေတယ်။ အဝိဇ္ဇာပြစ်သင့်တော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ကနေ သင်္ခါရပစ္စယာ ဝိညာဏံ။ နောက်ပဋိသန္ဓေဆက်သွားတော့ ပဋိသန္ဓေဟာ ဒုက္ခသစ္စာပဲ။ အဲဒီဒုက္ခတွေနဲ့တော့ သူမလွတ်ဘူး။ ဒါဖြင့် အဝိဇ္ဇာက ဝိဇ္ဇာဖြစ်မှ သစ္စာသိမယ်လို့ မှတ်လိုက်ပါ။ ဒါကြောင့် ကောင်းရောင်းကောင်းဝယ်လေးနဲ့ မှန်မှန်ကန်ကန်လေးတော့နေတာပဲဆိုရင် သူဟာ သီလနဲ့တော့ ဟုတ်နေတယ်၊ သစ္စာတော့ မရှိသေးဘူး။ အဲဒီသစ္စာ မသိတာဟာ အဝိဇ္ဇာပါပဲ။ ဒါဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ ဟာ တစ်နေ့ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဖြစ်နေတယ်။ ဘာလိုနေတာလဲဆိုရင် သစ္စာသိမှုလိုနေတယ်။ သစ္စာမသိတာ အဝိဇ္ဇာပဲ။ အဝိဇ္ဇာရှိရင် အဝိဇ္ဇာက သူ့တင်ရပ်မနေဘဲ သင်္ခါရာအထိဆက်တယ်။ နောက် သင်္ခါရပစ္စယာ ဝိညာဏံဘက်ဆက်သွားလိုက်တော့ ဇာတိ ဇရာမရဏ ရလာတယ်။ အဆုံးသွားလိုက်တော့ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ၊ ဒုက္ခဖြစ်ကြောင်း သူလုပ်နေတာ။ တစ်နေ့ ဘယ်နှစ်ကြိမ်လုပ်တာလဲဆိုတော့ မရေမတွက်နိုင်အောင် လုပ်နေတာ။ သစ္စာသိမှုလုံးဝမပါတော့ ခန္ဓာက ဘယ်လိုပြောနေနေ ဒုက္ခသစ္စာလို့ မသိတော့ဘူး။ မသိတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာပေါင်း မရေမတွက်နိုင်အောင် လုပ်နေတယ်။ အပါယ်ရောက်ဖို့သာ ပြင်ပေတော့။ သီလတန်ခိုးကြောင့် နတ်ပြည်ရောက်၊ အဝိဇ္ဇာတန်ခိုးကြောင့် အပါယ်သွားဆိုတော့ လွတ်ရေး ကျွတ်ရေးတော့ဖြင့် မမြင်ပါဘူး။ သူစောင့်တဲ့သီလနဲ့ သူ့မှာ ဖြစ်တဲ့အဝိဇ္ဇာချန်ဆကြည့်လိုက်ရင် မညီမျှတာကိုပဲ တွေ့ရမယ်။
ဒါဖြင့် (၁၃)မိုင်ပတ်လည်ရှိတဲ့ ရေကန်ထဲကရေမှုန်တွေလောက်များတဲ့ ဒုက္ခတွေ အဝိဇ္ဇာက ဝိဇ္ဇာမဖြစ်သရွေ့ အကုန်ရှိတယ်။ သစ္စာမသိသေးသရွေ့ အကုန်ရှိတယ်။ ဒါကြောင့် သစ္စာမသိတဲ့ ပုဂ္ဂိုလ်မှာ နိဗ္ဗာန်မရှိဘူးလို့သာ မှတ်လိုက်။ တောဒေယျပုဏ္ဏားကြီးဟာ ယနေ့ သူဋ္ဌေးကြီးပဲ။ မြေထဲမှာ ကုဋေလေးဆယ် မြှုပ်နိုင်တယ်။ နေ့စဉ်သုံးဖို့ ကုဋေလေးဆယ် ပုံထားတယ်။ သေတော့ နောက်နေ့ ခွေးကြီးဖြစ်သွားတယ်။ ဒါဘာကြောင့် ဒီလိုဖြစ်ရတာပါလိမ့်မလဲဆိုရင် သစ္စာမသိလို့ ဖြစ်ရတာ။ ရှေးကပြုဘူးတဲ့ ကုသိုလ်အထူးပုဗ္ဗေစကတပညတာနဲ့တော့ ပြည့်စုံလို့ သူဋ္ဌေးကြီးဖြစ်ပါတယ်၊ ဒါပေမဲ့ အဟောင်းစား ဖြစ်သွားတယ်။ အသစ်ဒုက္ခလွတ်ရေးကို သူမရရှာဘူး။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.