သောတာပန်၏ ထူးခြားချက် (၇)ရပ်

ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လည်း ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလည်း သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလည်း ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလည်း ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလည်း လောဘသဘောစွန့်တယ်။ စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံပဲ။ ဉာဏ်နဲ့ကြည့်လိုက်တော့ ဝိပရိဏာမလက္ခဏာတွေချည်းပဲ၊ ဖောက်ပြန်တာချည်းပဲ။ အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင် ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။ ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။ မြင်ပြီးတော့ မိမိခန္ဓာကြီးသည် ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခန္ဓာကြီးတော့ သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ ဒီဉာဏ်တက်လာခဲ့ရင် ရှေ့ဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ ဝိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။ အဝိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ဝိပရိဏာမတွေ မရှိတော့ဘူး၊ အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ်ဆိုတဲ့ ဉာဏ်လာတယ်။ ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာက နိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။ မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင် ပစ္စဝေက္ခဏာ ရတာပဲ။ ပစ္စဝေက္ခဏာရတာ အထူးပြောဖို့မလိုဘူး၊ ဝီထိနိယာမသဘောအတိုင်း မဂ်ဖိုလ်ရရင် သူရမှာပဲ။ မဂ်ရဖို့သာ အဓိကဖြစ်တယ်။ ဝိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ဝိပရိဏာမဆုံးသွားတာမြင်လိုက်တော့ ကတဉာဏ်။ ကတဉာဏ်ဆိုတာ ငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။ မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလို့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေ မမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေ ရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကို မြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။ ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့ သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့ ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတော့ ကိစ္စဉာဏ်၊ ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေ အကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲ ဆက်တိုက်မြင်နေရင် ဒါကို ကိစ္စဉာဏ်။ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စ မမြင်ပြန်တော့ ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊ မဖောက်ပြန်မပျက်စီးတဲ့ ချမ်းသာလေးတစ်ခုတည်းပဲ မြင်နေတယ်ဆိုရင် ဒါ ကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲ တက်လိုက်ပါ။ အကျဉ်းအားဖြင့် သစ္စာသိရင် သစ္စဉာဏ်၊ ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊ ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။ ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။ သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလည်းမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလည်းမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့ မတူတာ ခုနှစ်မျိုးရှိတယ်။ သောတာပန်လည်း လောဘ ဖြစ်သေးတယ်၊ ဒေါသလည်း ဖြစ်သေးတယ်၊ မောဟလည်း ဖြစ်သေးတယ်။ ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလည်း ဖြစ်သေးတယ်။ ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလည်း ဖြစ်သေးတယ်။ ကုက္ကုစ္စလည်း ဖြစ်သေးတာပဲ။ ဒီတရားတွေက ပုထုဇဉ်မှာလည်း ဖြစ်တယ်၊ သောတာပန်မှာလည်း ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။ ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လည်း ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လည်း ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့ နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လည်း ဉာဏ်အသိ ချက်ချင်းလိုက်တယ်။ ထိနမိဒ္ဓဖြစ်ရင်လည်း ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊ မပယ်နိုင်သေးလို့ ဖြစ်တာ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။ လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လည်း ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊ ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။ သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊ ဒါပေမဲ့ နောက်က အသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။ နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လည်း ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။ လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။ သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လည်း ငြိမ်းအေးအောင်လုပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ်ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။ (၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။ (ဆက်လက်ဖော်ပြပါမည်)။

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး