Wednesday, August 31, 2011
ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၅)
ဆန်ချီစေတီဟာ Madhya Pradesh ပြည်နယ်၊ ဘိုပါးမြို့နဲ့ (၄၆)ကီလိုမီတာအကွာ Raisen District မှာရှိတဲ့ တောင်ထိပ်တည့်တည့်မှာ တည်ထားတဲ့စေတီတစ်ဆူပါ။ စေတီတော်အမြင့် (၉၁)မီတာရှိပါတယ်။ စေတီတော်ကို ကျောက်အုတ်များနဲ့ တည်ထားတာဖြစ်ပါတယ်။ တောင်ကုန်းထိပ်မှာ တည်ထားတာဖြစ်တဲ့အတွက် အဝေးကနေ လှမ်း၍ဖူးမြော်နိုင်သောစေတီတစ်ဆူလဲဖြစ်ပါတယ်။ စိမ်းစိုညို့မှိုင်း အုပ်အုပ်ဆိုင်းနေတဲ့သစ်ပင်တွေကြားမှာ ထီးထီးထင်ထင် လှမ်းမြင်နေရသည်ကပင် အလွန်ကျက်သရေရှိ မြင်လိုက်ရသည်နှင့် ပီတိဖြစ်စေနိုင်စွမ်းလှတယ်လေ။ ဆန်ချီစေတီဝန်းကျင် ဗုဒ္ဓဘာသာဗိသုကာပညာရပ်ဝန်းနှင့်ပတ်သက်၍ လွန်ခဲ့တဲ့ 3rd Century BC ကနေ 12th Century AD အတွင်း ထွန်းကားခဲ့တဲ့ လက်ရာများဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ဆန်ချီစေတီအကြောင်းကို သီရိလင်္ကာရေး မဟာဝံသနှင့် ဒီပ၀ံသကျမ်းစာများမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အသောကမင်းကြီး (273-236 BC) ဘုရင်မဖြစ်ခင်က ဥဇ္ဇေနီ (ဥဇ္ဇယနိ) (modern Ujjain) ပြည်ကို စစ်အောင်ပြီး အပြန်လမ်းမှာ တပ်စခန်းချနားနေစဉ် ၀ိဒိသာမြို့ (modern Vidisha) ကုန်သည်သမီး ဒေ၀ီနဲ့ လက်ထပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါ သူ့သားတော် မဟိန္ဒဟာ သူ့မယ်တော်ရှိရာ ၀ိဒိသာမြို့သို့ အလည်ကြွတော်မူခဲ့ရာ မိဖုရားကြီးက သူဆောက်ထားတဲ့ ကျောင်းတော်သို့ ပင့်ဆောင်သီတင်းသုံးစေခဲ့ပါတယ်။ မဟိန္ဒမထေရ်ဟာ သီရိလင်္ကာသို့ သာသနာပြုမကြွမီ တစ်လခန့် အဲဒီကျောင်းမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ ဒီကျောင်းဆောင်အနီးမှာပင် အသောကမင်းကြီးက ဆန်ချီစေတီကို တည်ထားခဲ့ပြီး အသောကကျောက်စာတိုင်များကိုလည်း စိုက်ထူးထားခဲ့ပါတယ်။ ဒီမှာစိုက်ခဲ့တဲ့ အသောကကျောက်စာတိုင်တစ်တိုင်ရဲ့ ထိပ်တွင် ခြင်္သေ့လေးကောင် ကျောချင်းပေးလျက် အရပ်လေးမျက်နှာလှည့်ထိုင်နေတဲ့ပုံကို အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်တံဆိပ်အဖြစ် သတ်မှတ်ထားပါတယ်။
အသောကအင်ပါယာ ပြိုကွဲပြီးနောက်ပိုင်းမှာ ဆန်ချီစေတီတော်ဟာ အဖျက်ဆီးခံခဲ့ရပါတယ်။ Sungas မင်းလက်ထက် 2nd Century BC အလယ်လောက်မှာ ဆန်ချီစေတီကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပြန်ပါတယ်။ မုခ်ဦးတွေလဲ တပ်ဆင်တည်ဆောက်လာခဲ့ကြပါတယ်။ ပထမ စေတီတော်တစ်ဆူကနေ နောက်စေတီတော်တစ်ဆူကိုပါ ထပ်မံတည်ထားခဲ့ကြပြန်ပါတယ်။ ဆန်ချီစေတီမုခ်လေးခုမှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူစီတည်ထားတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒီဆင်းတုတော်များကတော့ Gutptas မင်းများလက်ထက်မှာ ထုဆစ်ထားတဲ့ မထုရာလက်ရာများဖြစ်လို့ 4th AD လောက်မှာမှ အစားထိုးတည်ထားတာဖြစ်ကြောင်း သမိုင်းပညာရှင်များက မှတ်တမ်းတင်ကြပါတယ်။ ဒီလိုနဲ့ ခေတ်အဆက်ဆက် ဗိသုကာ အနုပညာလက်ရာများ တစ်မျိုးပြီးတစ်မျိုး အစားထိုးထည့်လာရင်း ဆန်ချီစေတီဟာ ဗုဒ္ဓဘာသာရဲ့ အနုပညာပေါင်းစုံတွေ့မြင်နိုင်သည့်စေတီတစ်ဆူ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းခေတ်များတွင် ဗုဒ္ဓဘာသာမှေးမှိန်ပျောက်ကွယ်သွားပြီးနောက် ဆန်ချီစေတီဟာ လူမသိသူမသိအဆင့် ရောက်သွားခဲ့ရပါတယ်။
၁၈၁၈-ခုနှစ်တွင် ဆန်ချီစေတီကို ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။ ဗိသုကာ အနုပညာလက်ရာများလဲ အကောင်းအတိုင်း မရှိတော့ပါဘူး။ သို့သော် ဒီစေတီဟာ ဗုဒ္ဓဘာသာရဲ့ အမွန်မြတ်ဆုံးသော အနုပညာရပ်များဖြစ်နေတာကြောင့် သမိုင်းပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြန်လည်အစားထိုးပြုပြင်ရေးလုပ်ငန်းများကို ၁၈၈၁-ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၁၂- ၁၉၁၃၉ ခုနှစ်အတွင်းတွင် နောက်ဆုံး ပြုပြင်မွမ်းမံမှုများ အပြီးသတ်နိုင်ခဲ့ပါတယ်။ ဆန်ချီစေတီကို အလှဆင်ထားတာကတော့ မုခ်ပေါက်လေးခုပါပဲ။ အ၀င်တံခါးလေးပေါက်လို့ ပြောရမှာပါ။ ဒီဂိတ်များမှာ ဗုဒ္ဓ၀င်ဆိုင်ရာရုပ်ပုံများ၊ အသောကမင်းကြီးနှင့်ဆိုင်ရာ ရုပ်ပုံများစသည် စုံလင်စွာ လက်ရာမြောက်မြောက် ထုဆစ်ထားတာ တွေ့ရပါတယ်။ ဒီအနုပညာလက်ရာများဟာ ကမ္ဘာမှာ ရှေးဟောင်းအနုပညာလက်ရာများအနက် အကောင်းဆုံးလက်ရာများအဖြစ် သတ်မှတ်ခံထားရပါတယ် (The four Gateways constructed in 35 BC are the best form of Buddhist expression one can find anywhere in the world)။
ဒီလို သမိုင်းဝင် ထင်ရှားလှသည့် ဆန်ချီစေတီတော်ကို ဖူးချင်နေသည်မှာ ကာလအတန်ကြာနေပြီဖြစ်ပါတယ်။ သို့သော် ဘယ်သို့ဘယ်ပုံ သွားရောက်ဖူးမြော်နိုင်သည်ကို မသိသဖြင့်လည်းကောင်း၊ အကြောင်း အကျိုး မတိုက်ဆိုင်သေးသဖြင့်လည်းကောင်း မဖူးမြော်နိုင်ခဲ့ပါဘူး။ အခုတော့ ဘုံဘေမြို့၊ ဘုံဘေတက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် ကျောင်းတက်နေတဲ့ သူငယ်ချင်းဖြစ်သူ ဦးဉာဏိန္ဒနှင့် ပန်းကမ္ဘာဝက်ဆိုက်တည်ထောင်သူ ဦးသုနန္ဒာလင်္ကာရတို့ ဒေလီမြို့ကို အလည်အပတ်ရောက်လာကြပြီး ဆန်ချီကိုလဲ သွားရောက်ဖူးမြင်လိုကြောင်း စကားစပ်မိသဖြင့် ယခုလို ဘုရားဖူးခရီးထွက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဆန်ချီဘုရားမဖူးမီ ဘိုပါးမြို့မှာ တစ်ရက် အချိန်ယူလည်ပတ်ခဲ့ကြပါတယ်။ နောက်နေ့ (၂၀-၀၈-၂၀၁၁) နေ့နံနက် (၇)နာရီအချိန်တွင် ဆန်ချီသို့ စတင်ထွက်ခဲ့ကြပါတယ်။ (၄၆)ကီလိုမီတာခရီးဆိုတော့ သိပ်တော့ မဝေးလှပါဘူး။ ကားငှားခ အသွားအပြန် ရူပီး (၂၀၀၀) ပေးရပါတယ်။ မြန်မာငွေ (၄၀၀၀၀)ကျပ်လောက် ကျတာပေါ့။
လမ်းတစ်ဝက်လောက်မှာ နံနက်စာ အာရုံစားရန်အတွက် အဆင်ပြေမယ့်ဆိုင်တွေ့ရင် ရပ်ပေးဖို့ ပြောထားတော့ ကားသမားကလဲ သူအဆင်ပြေမယ်ထင်တဲ့ဆိုင်မှာ ခေတ္တရပ်ပေးပါတယ်။ အဲဒီဆိုင်မှာလဲ ကျန်တာ ဘာမှမရပါဘူး၊ Prathar သာ ရတယ်။ အာလူးပလာတာခေါ်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ ခေါ်တဲ့ ပလာတာနဲ့ မတူပါဘူး။ အတွင်းမှာ အာလူးနှစ်ညှပ်ပြီးကြော်ထားတာပါ။ အဲဒီ အာလူးပရာထား တစ်ပါး နှစ်ချပ်စီမှာ၊ နွားနို့တစ်ခွက်စီမှာလိုက်ပါတယ်။ အိန္ဒိယမှာ ဆွမ်းစားချင်တယ် ဘာညာ ဂျီးများနေလို့ မရပါဘူး။ ဆွမ်းက နေရာတိုင်းရတာမဟုတ်ဘူး၊ အချို့ဆိုင်တွေမှ ရှားရှားပါးပါး ရတာမျိုး။ သူတို့ဓလေ့က ထမင်းအဓိကစားတာမဟုတ်ဘူး။ ပရာထား၊ ပူရီ၊ ချပါတီ၊ ရိုတီလိုမျိုး အစားအစာတွေကိုပဲ ထမင်းလိုစားတာ။ ဒီတော့ ထမင်းစားလိုက်ရမှ ကျေနပ်တယ်ဆိုတဲ့ မြန်မာဓလေ့နဲ့ဆိုရင်တော့ အိန္ဒိယလိုနိုင်ငံမျိုးမှာ တော်တော်အခက်အခဲ တွေ့မှာဖြစ်ပါတယ်။ ကြုံသလိုစားနိုင်မယ်ဆိုရင် အဆင်အပြေဆုံးပဲ။ ဒါပေမယ့် မြန်မာအစားအစာနဲ့ အိန္ဒိယအစားအစာက ဘယ်လိုမှ ဆက်စပ်လို့မရတတ်ဘူး။ သူတို့က မဆလာ အရမ်းသုံးတယ်။ ငြုပ်သီးထည့်လေ့ရှိတယ်။ အစားအစာက သိပ်ခံတွင်းမတွေ့ရင် ငြုပ်သီးစားတော့ စပ်၊ စပ်လေ ထပ်စားချင်လေ၊ ဒီလိုဖြစ်အောင်နဲ့တူပါတယ်။
အိန္ဒိယမှာ အဓိကထားတာကတော့ နွားနို့ပါပဲ၊ နို့ထွက်ပစ္စည်းတွေလဲ မျိုးစုံနေောအင် လုပ်စားကြတယ်။ မလိုင်၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ထောပတ်စသည်ပေါ့။ မုံ့မှန်သမျှဟာလဲ အချိုဓာတ်လွန်ကဲတာများတယ်။ အချိုတော်တော်ကြိုက်ကြတယ်။ သားငါးကိုတော့ မစားကြဘူး။ သတ်သတ်လွတ်စားတာ များတယ်။ ဒါကြောင့် အသားငါး စားချင်ရင် အိန္ဒိယမှာ တော်တော်အခက်အခဲတွေ့ရတယ်။ စားတဲ့သူတွေတော့ ရှိပါတယ်။ ဒါပေမယ့် နဲတယ်။ ဒါကြောင့် ဆိုင်တိုင်းနီးပါး အသားငါး မရတာများတယ်။ သူတို့ အသားမစားသလို သူများတွေ အသားစားတာတွေ့ရင်လဲ သူတို့က မကြည်ကြဘူး။ အထူးသဖြင့် ဘုန်းကြီးတွေ အသားစားတာတွေ့ရင် ပိုဆိုးတယ်။ ဘုန်းကြီးဝတ်ပြီး အသားစားရမလားဆိုပြီး ဘာမဆိုင် ညာမဆိုင် လာပြောတာမျိုးတွေတောင် တွေ့ရတတ်တယ်။ သူတို့မှာ သူ့စည်း ကိုယ့်စည်းသိပ်မရှိဘူး။ ကိုယ်နဲ့ ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ၀င်ရောက် ပြောတတ်ဆိုတတ်တာက သူတို့ဓလေ့လိုဖြစ်နေတယ်။ အခု အာရုံစားဖို့ ၀င်လိုက်တဲ့ဆိုင်မှာလဲ ဘာအသားငါးမှမရပါဘူး။ အာလူးပရာထားပဲ ရတယ်။
မှာလို့ရတာနဲ့ ဘုန်းပေးနေကြဆဲမှာပဲ လမ်းပေါ်မှာ ဆိုင်ကယ်သုံးစီး၊ လူခြောက်ယောက်လောက်က ကားတစ်စီးကို တားပြီး ကားတံခါးတွေအတင်းဆွဲဖွင့်၊ အပြင်ဆွဲထုတ်၊ ကားပေါ်က ပါလာတဲ့ ကောင်လေးနှစ်ယောက်ကို ဆိုင်ကယ်သမားများက လက်သီးနဲ့ထိုး၊ ပါးတွေရိုက်၊ ခြေနဲ့ကန် လုပ်နေကြတာတွေ့လိုက်ရတယ်။ ကုလားတို့ထုံး တစ်ရုံးရုံးပေါ့။ ဘေးကလူတွေကလဲ ၀ိုင်းအုံကြည့်ကြတယ်လေ။ အဲဒါ ဘာဖြစ်တာလဲလို့မေးတော့ အဲဒီကားက ကလေးတစ်ယောက်ကို တိုက်ပြီး မောင်းထွက်ပြေးလာတာ။ ဟိုရွာသားတွေက မကျေနပ်လို့ ဆိုင်ကယ်နဲ့ အတင်းလိုက်ဖမ်းတာတဲ့။ ဟုတ်လောက်မယ်။ ကားကို ပြန်အကွေ့ခိုင်းပြီး ဆိုင်ကယ်တွေရော ကားပါ လာလမ်းအတိုင်းပြန်မောင်းသွားကြတယ်။
(ဆက်လက်ဖော်ပြပါမည်)။
ဒေါက်တာအရှင်ပါရမီ
Tuesday, August 30, 2011
ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၄)
ဘိုပါးမြို့က ဗုဒ္ဓဘာသာတွေကလဲ Ambedkar ဗုဒ္ဓဘာသာတွေဖြစ်ပါတယ်။ Dr. Ambedkar သာသနာဆက်တွေပေါ့။ ဒါကြောင့် သူတို့က ရတနာသုံးပါး ကိုးကွယ်သလို Ambedkar ရုပ်တုကိုလဲ အလေးအမြတ်ထား ကိုးကွယ်ကြတယ်။ စကားမစပ် ကုလားကလဲ ခပ်ကြွားကြွားပဲ ဆိုတာ ရောက်တော့မှ သိလိုက်ရတယ်။ စောစောကပြောတော့ လူတွေ အများကြီးလာမယ်၊ ဗုဒ္ဓဘာသာဝင်တွေအားလုံး အကြောင်း ကြားထားတယ်တဲ့။ သတင်းစာထဲတောင် ထည့်ဦးမယ် ဆိုလိုက်သေး။ အခု တွေ့ရတဲ့ ပရိသတ်ဦးရေကြည့်လိုက်တော့ `ဘဲ - ဘဲ`နဲ့ မကြာမကြာ ထ ငိုတတ်တဲ့ ကလေးလေးပါ တွက်လိုက်မှ စုစုပေါင်း (၁၂)ယောက်။ ဒါတောင် သူတို့က မလျှော့သေးဘူး၊ မိုးရွာလို့မလာကြတာ၊ မိုးသာမရွာရင် ဟောဒီတစ်ဝင်းလုံး ပြည့်တယ်တဲ့။ ထားပါတော့။ ဒါကတော့ လူတိုင်း ကြွားတတ်တဲ့သဘောဆိုတာ အနဲနဲ့ အများ ရှိကြတာချည်းပါပဲ။
သူတို့ဘက်ကလဲ ဥက္ကဋ္ဌလုပ်သူက သူတို့ရဲ့ Project ကို တင်ပြပါတယ်။ ဗုဒ္ဓဘာသာတွေ အားလုံးစုပေါင်းပြီး အဖွဲ့တစ်ခုဖွဲ့ထားကြောင်း၊ အခု ဒီနေရာမှာ ဗုဒ္ဓဘာသာဆင်တာဆောက်ဖို့ လုပ်နေကြောင်း၊ ဗုဒ္ဓဘာသာဝင်များက ထည့်လှူတဲ့ငွေနဲ့ တစ်ဖြည်းဖြည်းချင်း ပြီးအောင်ဆောက်သွားမှာဖြစ်ကြောင်း၊ ပြီးလျှင် မြန်မာပြည်က ဘုန်းကြီးတစ်ပါး ပင့်လိုပါကြောင်း၊ အရှင်ဘုရားတို့ဘက်မှ တတ်စွမ်းသလောက် ကူညီပေးစေလိုပါကြောင်း၊ မြန်မာပြည်က ဘုန်းကြီးတွေကိုပဲ သူတို့ သဘောကျမိပါကြောင်း၊ ဒါ့အပြင် အခုဆင်တာမှာ တည်ထားကိုးကွယ်ဖို့ မြန်မာပြည်က (၅)ပေ၊ (၆)ပေလောက်ရှိတဲ့ ဗုဒ္ဓဆင်းတုတော်ကိုလဲ ပင့်ဆောင်ပူဇော်လိုပါကြောင်း၊ မြန်မာပြည်က အလှူရှင်ပေါ်လျှင်လည်း သူတို့ကိုအကြောင်းကြားပေးဖို့၊ သူတို့ကိုယ်တိုင် သယ်ယူစရိတ် အကုန်ကျခံမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုတင်ပြပါတယ်။ မြန်မာပြည်က ဆင်းတု အလှူရှင်တွေ့မယ်ဆိုရင် လှမ်းအကြောင်းကြားလိုက်မယ်၊ ဒကာ ဒကာမတွေကိုလဲ ဒီအကြောင်းကို ပြောပြလိုက်ပါမယ်လို့ အာမခံခဲ့ပါတယ်။ ကိုယ်တိုင်လှူမယ်လို့တော့ အာမမခံရဲဘူး၊ ဆင်းတုဈေးက ဘယ်လောက်ကျမှန်းမှ မသိတာကိုး။ ဒါနဲ့ အလှူရှင် ရှာတွေ့ရင် အကြောင်းကြားလိုက်မယ်လို့ ပြောလိုက်ရတာပေါ့။ ဆင်းတုက ကျောက်ဆင်းတုပါ။ ကိုယ်တတ်နိုင်တဲ့ဈေးဆိုရင်တော့ ကိုယ်တိုင်ပဲ လှူဖို့ စိတ်ကူးထားပါတယ်။ သူတို့က မြန်မာလက်ရာ ဆင်းတုကို မြတ်နိုးကြတယ်လေ။ သူတို့ဆရာ Dr. Ambedkar ကလဲ မြန်မာပြည်မှာ သုံးခေါက်လောက်သွားပြီး ဗုဒ္ဓဘာသာကို လေ့လာခဲ့တာဆိုတော့ ယဉ်ကျေးမှုချင်းလဲ ဆက်စပ်နေတာပေါ့။
သူတို့ ဆက်လုပ်မယ့် အစီအစဉ်များကို လျှောက်ထားတင်ပြပြီး ဆွေးနွေးတိုင်ပင်ဖြစ်ကြပါတယ်။ သူတို့မှာ အရှင်ဘုရားတို့ကို အခုလို ဖူးတွေ့ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာတယ်၊ ဆွေမျိုးတွေနဲ့ ပြန်တွေ့ရသလိုမျိုး ခံစားရပါတယ်ဆိုပြီး ပြောရှာကြတယ်။ ဟုတ်ပါတယ်။ သူတို့မှာ ဗုဒ္ဓဘာသာဆိုပေမယ့် ဘုန်းကြီး ငတ်နေတဲ့ ဗုဒ္ဓဘာသာ၊ ဘုန်းကြီးပြတ်နေတဲ့ ဗုဒ္ဓဘာသာဖြစ်နေတယ်။ ဗုဒ္ဓဘာသာဝင်သာဖြစ်နေကြတယ်၊ ဘုန်းကြီးနဲ့ တစ်နှစ်တစ်ခါတွေ့ဖို့တောင် သူတို့အတွက် မလွယ်ကူလှပါဘူး။ ဒါကြောင့် သမဏာနဉ္စ ဒဿနံ- ရဟန်းတော်များကို ဖူးတွေ့ခွင့်ရတာဟာလဲ မင်္ဂလာလို့ဆိုတယ်မဟုတ်လား။ တကယ့်ကို သူတို့အတွက် မင်္ဂလာဖြစ်နေပါတယ်။ မြန်မာပြည်မှာ ဟိုနားသွားလဲ ဘုန်းကြီးတွေ့၊ ဒီနားသွားလဲ ဘုန်းကြီးတွေ့နေတဲ့နိုင်ငံဆိုတော့ ဘုန်းကြီးတွေတွေ့နေရတာ မင်္ဂလာလို့ နားလည်ခံစားမှု မရှိတော့ဘူး။ သာသနာထွန်းကားလို့လား၊ တိုင်းပြည်တိုးတက်မှုမရှိလို့လားပဲ။ ကိုယ့်နိုင်ငံမှာ ဘုန်းကြီးဦးရေများနေတာကိုး။ သူတို့မှာက ဘုန်းကြီးနဲ့တွေ့ဖို့အရေး တော်တော်ကို ခက်ခဲနေရှာကြတယ်လေ။ ဒါကြောင့် သူတို့က နောင်လဲ လာမယ်ဆို ကြိုတင်အကြောင်းကြားထားဖို့ လျှောက်ထားကြတယ်။ တည်းဖို့ခိုဖို့ သူတို့ စီစဉ်ပေးမယ်လို့လဲ ကမ်းလှမ်းကြတယ်။ မကြာမကြာလဲ ကြွလာကြဖို့ ကမ်းလင့်တယ်။ ဖုန်းနံပါတ်တွေ လိပ်စာတွေလဲ ပေးလိုက်ကြပါတယ်။ နောက်တစ်ခါ ကုလားစာ ရိုတီဆွမ်းစားချင်စိတ်ပေါက်ရင်တော့ တစ်ခေါက်လောက် ကြွဦးမှဖြစ်မယ်။ ဤအရှင်ကလဲ မြန်မာပြည်လာလည်ကြဖို့၊ ငါ့ကျောင်းမှာ ပရိသတ်ဘယ်လောက်လာလာ တည်းခိုလို့ရကြောင်း ပြန်လည် ကမ်းလှမ်းခဲ့ပါတယ်။ ဒါကတော့ အပြန်အလှန် ကမ်းလှမ်းတဲ့ယဉ်ကျေးမှုပေါ့။ သူတို့ခမျာ တကယ်တော့ သူတို့နိုင်ငံ ဒေလီမြို့ကိုတောင် မနဲရောက်အောင် သွားနေကြရတာ၊ မြန်မာပြည်လာဖို့ဆိုတာကတော့ သိပ်လွယ်ကူလှမယ်မထင်ဘူး။ လာရင်လဲ ဘာမှပူစရာမလိုပါဘူး၊ ကျောင်းရှိတဲ့ ဟင်းပေါင်းအိုးက အကြီးကြီး။ ကျွေးနိုင်ပါတယ်။
အားလုံး အပြန်အလှန်ပြောဆို ဆွေးနွေးတိုင်ပင်ပြီး သူတို့အဖွဲ့က ပန်းသီး ငှက်ပျောသီး ပန်းသစ်တော်သီး စတဲ့ လှူစရာလေးတွေ ဆက်ကပ်လှူဒါန်းကြပါတယ်။ လှူဒါန်းပြီးတာနဲ့ အခမ်းအနားသိမ်းပြီး ဟိုတယ်ပြန်ပို့ပေးပါတယ်။ ဟိုတယ်ပြန်ရောက်တော့ ည (၁၁)နာရီထိုးနေပြီလေ။ နောက်နေ့ (၂၀-၈-၂၀၁၁) ရပ်နေ့ နံနက် (၇)အချိန်တွင် ဆန်ချီစေတီဘုရားဖူး စတင်ထွက်မှာဖြစ်လို့ ဆန်ချီစေတီတော် ဖူးမြော်ရတော့မည့်အရေး တွေးရင်း မှေးရင်း အိပ်ပျော်သွားလေတော့သတည်း။
(ဆက်လက်ဖော်ပြပါမည်)။
ဒေါက်တာအရှင်ပါရမီ
Monday, August 29, 2011
ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း(၃)
Dr. Ambedkar ရုပ်တု
တစ်ညလုံး ရထားစီးခဲ့ရ၊ တစ်နေကုန် မြို့ထဲ လှည့်လည်တာနဲ့ ပင်ပန်းနွမ်းနယ်နေတော့တယ်။ ဒါနဲ့ ဟိုတယ်မှာ အဲယားကွန်းဖွင့်ပြီး နားရင်း တွေ့ဆုံပွဲမှာ ဘာတွေပြောရင် ကောင်းမလဲလို့ keynotes လေးတွေ စဉ်းစားနေဖြစ်တယ်။ ကုလားဒကာကလဲ ဒီတွေ့ဆုံပွဲက လူတွေ တော်တော်များများလာမယ်၊ မြန်မာသံဃာတွေရောက်နေကြောင်း အားလုံးကို အကြောင်းကြားထားတယ်လို့ ကြိုပြောထားတော့ `အင်း ဆီမီနာတစ်ခုလိုဖြစ်မယ်ထင်တယ်` ဆိုတဲ့ အတွေးနဲ့ပေါ့။ စိတ်တွေလှုပ်ရှား၊ ဘာတွေများပြောချလိုက်ရ ကောင်းမလဲဆိုပြီး စဉ်းစားနေရတာ။ လူကသာ နားနေတယ်၊ ဦးနှောက်တွေက ချာချာလည်ဆိုသလိုပေါ့။
ဘုရားဆင်းတုတော်နှင့် Dr. Ambedkar ရုပ်တု
ည(၇)နာရီခွဲလောက် ကားနဲ့ လာရောက်ပင့်ကြတယ်။ (၅)ပါးထဲက တစ်ပါးကတော့ ကျန်းမာရေး သိပ်မကောင်းလို့မလိုက်တော့ဘူးဆိုပြီး ဟိုတယ်မှာပဲ နေခဲ့တယ်။ ဤအရှင်နှင့်အတူ (၄)ပါး လိုက်သွားကြတယ်။ ဘိုပါးမြို့က လှတယ်လို့ မနေ့က ပြောခဲ့ပေမယ့် တောမြို့ဖြစ်တာကြောင့် ကြည့်လို့သာ လှနေတာ၊ လမ်းတွေက မြို့လယ်လောက်ပဲကောင်းတာ၊ မြို့စွန်က လမ်းတွေက ဘာမှမကောင်းဘူး။ မြန်မာပြည်ကလမ်းတွေ ဆိုးတယ်ဆိုတာ ဘိုပါးမြို့ကလမ်းလောက်တော့ မဆိုးသေးဘူး။ ကိုယ့်ထက်ဆိုးတာတွေ့တော့ အင်း ဒို့မြန်မာပြည်ကမှ တော်သေးတယ်လို့ သက်ပြင်းတစ်ချက် ချလိုက်မိသေး။ လမ်းကကြမ်းတဲ့အထဲ တော်တော်နဲ့ မရောက်နိုင်ဘူး။ ဒီကြားထဲ တစ်ချို့နေရာတွေမှာ Traffic Jam ဖြစ်နေလို့ ကားရှေ့ရောက်အောင်ကို မနဲမောင်းနေရတယ်။ မြန်မြန်မောင်းလို့ရတဲ့လမ်းရောက်လို့ speed တင်မောင်းလိုက်ပြန်တော့လဲ လမ်းက ကြမ်းရတဲ့အထဲ ကားက ခပ်နိမ့်နိမ့်၊ ခေါင်းနဲ့ ကားအမိုးနဲ့ မဆောင့်မိအောင် မနဲသတိထား လိုက်နေရတယ်။ အရေးထဲ အိန္ဒိယက ဒီမိုကရေစီနိုင်ငံဆိုတော့ လာဘ်ပေးလာဘ်ယူပပျောက်ရေး ဆန္ဒပြနေကြတဲ့လူတစ်စုက လမ်းမှာ ပိတ်ပြီး အော်နေကြလို့ အချိန်တော်တော်ကြာသွားသေး။ ဒီလိုနဲ့ တစ်လမ်းချိုး တစ်လမ်းကွေ့၊ တစ်လမ်းဝင် တစ်လမ်းထွက် မောင်းနေလိုက်တာ၊ ရောက်ကိုမရောက်နိုင်ဘူး။ မောင်းရင်း မောင်းရင်းနဲ့ မြို့လယ်ကနေ မြို့ပြင် ဆင်ခြေဖုံးရပ်ကွက်တွေဆီ ဦးတည်သွားလေရဲ့။ အင်း ဘယ်တွေဆီများ ရောက်အောင် မောင်းနေပါလိမ့်မလဲနော်။ စဉ်းစားနေဆဲမှာပဲ ရောက်ပြီဆိုတာနဲ့ ကားပေါ်က ဆင်းလိုက်ကြတယ်။ နာရီကြည့်လိုက်တော့ ည(၈)နာရီခွဲနေပြီ။ တစ်နာရီလောက် ကားစီးခဲ့ရတာပေါ့။ မိုးရွာထားတော့ လမ်းတွေကလဲ ပေပွနေတယ်။ ကားပေါ်ကဆင်းတဲ့နေရာက မီးအလင်းရောင်မရတဲ့နေရာ။ ကားတံခါးဖွင့်ပြီး ခြေထောက်အောက် အချလိုက် ရွှံ့ဗွက်ထဲ ဆင်းမိလျက်သားဖြစ်သွားတော့ ငါ့ခြေထောက်တော့ အလှပျက်ပါပြီဆိုပြီး စိတ်ထဲ စနိုးစနောင့်။ သူတို့ ပင့်ရာနောက် လိုက်သွားတော့ ခြံဝင်းကျယ်ကျယ်ကြီးတစ်ခုထဲ ၀င်သွားရတယ်။ မြက်တောကြီးဖြစ်နေတယ်။ တော်တော်ကြီးမားတဲ့အဆောက်အဦးဆောက်ဖို့ ဖောင်ဒေးရှင်း ချထားတာတွေ့ရတယ်။ အဲဒီဖောင်ဒေးရှင်းနေရာ မြက်တောကိုကျော်ဖြတ်ပြီး နောက်ပိုင်းဘက်မှာ ကပ်ဆောက်ထားတဲ့ ယာယီကျောင်းဆောင်လေးတစ်ဆောင်ဆီသို့ ဦးတည်သွားကြတယ်။ အဲဒီမှာတော့ မီးတွေ ထိန်ထိန်လင်းနေအောင် ထွန်းညှိထားတယ်။ အလယ်တဲ့တဲ့မှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ကြည်ညိုဖွယ်ရာ တွေ့ရတယ်။ ဗုဒ္ဓဆင်းတုတော်နဲ့ ကပ်လျက်က Dr. B. R. Ambedkar ရဲ့ ရုပ်တုတစ်ခု ထားရှိတယ်။ ဒီနေရာမှာ ဆက်စပ်တုန်း ဘာဖြစ်လို့ Dr. Ambedkar ရုပ်တုကို ဘုရားနဲ့ တစ်ဂိုဏ်းတည်းထား ကိုးကွယ်ကြသလဲဆိုတာ သိသာအောင် ပြောပြချင်သေးတယ်။
Dr. Ambedkar
အိန္ဒိယပြည်မှာ ဗုဒ္ဓဘာသာဟာ Dr. Ambedkar (1891 - 1956) မတိုင်မီက ပျောက်ကွယ်သလောက် ဖြစ်နေခဲ့တယ်။ ပျောက်ကွယ်လုနီးနေပြီဖြစ်တဲ့ ဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းပေးခဲ့သူဟာ ဟောဒီ Dr. Ambedkar ပါပဲ။ Madhya Pradesh ပြည်နယ်၊ Mhow တပ်မြို့ဇာတိ။ သူ့မိဘဆွေမျိုးတွေကတော့ သီပေါမင်းနောက်ဆုံး အကျဉ်းချခံရတဲ့နေရာ Ratnagiri ခရိုင်၊ Ambavade မြို့ကဖြစ်တယ်။ သူဟာ တော်တော်ထက်မြက်တဲ့သူတစ်ယောက်ပါ။ (He was an journalist, political leader, philosopher, thinker, anthropologist, historian, orator, prolific writer, economist, scholar, editor, and a revolutionary.) ဒီလို အမွှမ်းတင်ခံရလောက်တဲ့ သူတစ်ယောက်ပါ။ ပြီးတော့ ဇာတ်နိမ့်က မွေးဖွားလာတဲ့သူလဲဖြစ်တယ်။ အိန္ဒိယမှာ ဇာတ်စနစ်လွှမ်းမိုးထားတော့ ဇာတ်နိမ့်တွေကို ဇာတ်မြင့်တွေက ဖိနှိပ်ထားတာ။ ဇာတ်နိမ့်တွေကို နေရာမပေးဘူး။ Untouchables, the depressed, outcaste, dalid, sudras စသည်ဖြင့် အမည်အမျိုးမျိုးပေးခံရပြီး လူရာမ၀င်တဲ့သူတွေအဖြစ် သဘောထားကြတယ်။ Dalid ဆိုတာ dalidda (ဒလိဒ္ဒ)- သူဆင်းရဲ၊ sudras ဆိုတာလဲ sudda (သုဒ္ဒ)သူဆင်းရဲပဲ။ ဇာတ်မြင့်တွေ သောက်တဲ့ရေခွက်နဲ့ ဇာတ်နိမ့်တွေ သောက်ခွင့်မရှိဘူး။ ကျောင်းတွေမှာ ဇာတ်နိမ့်တွေ တက်ခွင့်မရှိဘူး။ ဇာတ်နိမ့်တွေကို ရာထူးရာခံကောင်းကောင်း မပေးဘူး။ စီးပွားရေး ရောင်းဝယ်ဖောက်ကားလုပ်ရင်လဲ ဇာတ်နိမ့်ဆိုင်မှန်းသိတာနဲ့ ဇာတ်မြင့်တွေက ဘယ်သူမှ မ၀ယ်တော့ဘူး။ ဒီတော့ ဇာတ်နိမ့်တို့ရဲ့ ဘ၀တက်လမ်းဟာ ကျွန်ခံခြင်းမှတစ်ပါး အခြားမရှိဆိုသလို ဖြစ်နေတော့တယ်။ ဒီလို အခြေအနေဆိုးတွေကို နည်းမျိုးစုံနဲ့ ဖြတ်ကျော်ပြီး Dr. Ambedkar ဟာ ကျောင်းကိုလဲ မရ ရအောင်တက်ခဲ့တယ်။ ကျောင်းတက်တော့လဲ ဆရာတွေက သူ့ကို လုံးဝဂရုမစိုက်ဘူး၊ အတန်းထဲမှာတောင် ကျောင်းသားအချင်းချင်း အတူတူ ယှဉ်ထိုင်ခွင့်မပေးဘူး။ ဒီလို အမျိုးမျိုးအနှိမ်ခံရသော်လဲ ဇွဲမလျှော့ဘဲ သူလိုချင်တဲ့ ပညာကိုသာ ရအောင် ကြိုးစား သင်ယူခဲ့တယ်။ ဒီလို ဆိုးဆိုးရွားရွား ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားဆက်ဆံနေကြတဲ့ ဟိန္ဒူဇာတ်စနစ်ကို သူပညာတတ်လာတဲ့အချိန်မှာ ဆန့်ကျင်မှုတွေ လုပ်ခဲ့တယ်။
သူ့အမေကွယ်လွန်ပြီးနောက်ပိုင်းတွင် မိသားစုလိုက် Ambavede သို့ပြောင်းရွှေ့ကာ ကျောင်းတက်၊ နောက်ပိုင်း ဘုံဘေသို့ ပြောင်းရွှေ့လာခဲ့ကြပြီး Ambedkar ဟာ ဘုံဘေမှာ အထက်တန်းပညာဆက်လက်သင်ယူခဲ့တယ်။ နောက်ပိုင်းတွင် တက္ကသိုလ်ဝင်ခွင့်အောင်လို့ University of Bombay မှာတက်ခွင့်ရတယ်။ အိန္ဒိယမှာ သူဟာ ပထမဦးဆုံးသော ဇာတ်နိမ့် တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲ။ ၁၉၀၆-ခုနှစ်မှာ (၉)နှစ်သမီး Ramabai နဲ့ လက်ထပ်ပေးတယ်။ ဟိန္ဒူဘာသာရေးစနစ်အရ ဒီလို အရွယ်မရောက်ခင်ကတည်းက ကြိုတင်လက်ထပ်ထားကြတာတွေ ရှိတယ်။ အရွယ်ရောက်တော့မှ ရှေ့ဆက်ပေါ့။ သူဟာ ဘုံဘေတက္ကသိုလ်က ဘွဲ့ရပြီးနောက် အနောက်နိုင်ငံတွေမှာလဲ သွားရောက် ပညာသင်ခဲ့လို့ ဒေါက်တာဘွဲ့အထိ ဘွဲ့ပေါင်း များစွာ အထပ်ထပ်ရရှိခဲ့တဲ့သူတစ်ယောက်ပါပဲ။
ဘွဲ့ရပြီးနောက်တွင် သူဟာ ဇာတ်ခွဲခြားမှုစနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ များစွာလုပ်ခဲ့သလို တိုင်းပြည်တိုးတက်ရေးအတွက်လဲ အစိုးရတာဝန်တွေ ထမ်းဆောင်ရင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွေ မူကြမ်းအနေနဲ့ ရေးဆွဲတင်သွင်းပေးရတဲ့အထိ အထက်ပိုင်းရောက်လာခဲ့ပါတယ်။ Dr. Ambedkar ကျေးဇူးကြောင့်ပဲ အိန္ဒိယပြည်ကြီးဟာ ယနေ့လက်ရှိ ကောင်းမွန်တဲ့ အခြေခံဥပဒေတွေအောက်မှာ တိုးတက်သာယာဝပြောနေတာဖြစ်တယ်။ ဒါကြောင့် Dr. Ambedkar ဟာ ဇာတ်နိမ့်ပင်ဖြစ်လင့်ကစား အိန္ဒိယတစ်နိုင်ငံလုံးက အသိအမှတ်ပြုခံရတဲ့ ပညာရှင်တစ်ယောက်ဖြစ်လာခဲ့တယ်။ ဇာတ်နိမ့် ဇာတ်မြင့်ခွဲခြားဆက်ဆံမှုစနစ်တွေလဲ လုံးဝပပျောက်သွားတာ မဟုတ်သေးပေမယ့် အရင်လို ဆိုးဆိုးရွားရွား မရှိလှတော့ဘူး။ ဥပဒေမှာ ဇာတ်ခွဲခြားမှုစနစ်ကို ကာကွယ်ပေးနိုင်အောင် ထည့်သွင်းရေးဆွဲထားခဲ့တယ်။ Dr. Ambedkar ကျေးဇူးကြောင့်ပဲ ဇာတ်နိမ့်တွေ ကျောင်းတက်ခွင့်ရလာတယ်၊ ရာထူးရာခံ ခန့်အပ်ခြင်းခံလာရတယ်၊ စီးပွားရေးလုပ်လုငန်းတွေ လုပ်ဆောင်ခွင့်ရလာတယ်။ အိန္ဒိယပြည်ကြီးအပေါ်မှာ သူအကျိုးပြုခဲ့တဲ့ ကျေးဇူးတွေကတော့ အများကြီးပေါ့။
Dr. Ambedkar နှင့် နောက်လိုက်လူထု ဗုဒ္ဓဘာသာခံယူပွဲကျင်းပသည့်နေရာတွင် တည်ထားသည့် Dikshbhumi စေတီတော်
Dr. Ambedkar ဟာ ဗုဒ္ဓဘာသာကိုလဲ တစ်သက်လုံးလေ့လာခဲ့တယ်။ နောက်ပိုင်း ဗုဒ္ဓဘာသာမှာ ဇာတ်ခွဲခြားမှုစနစ်ကင်းတာကို သဘောကျပြီး အိန္ဒိယက ပျောက်ကွယ်သွားခဲ့တဲ့ဗုဒ္ဓဘာသာ အိန္ဒိယမှာ ပြန်လည်ထွန်းကားစေရမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ဗုဒ္ဓဘာသာကို ပိုမိုလေ့လာဖြစ်သွားတယ်။ ဗုဒ္ဓဘာသာထဲ ၀င်မှ ဇာတ်နိမ့်အဖြစ် အနှိမ်ခံဘ၀က လွတ်မြောက်မယ်ဆိုတာကို သဘောပေါက်လာခဲ့တယ်။ ၁၉၅၀ ၀န်းကျင်လောက်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ သိစရာတွေ ပိုမိုသိရှိနားလည်အောင် သီဟိုဠ်သွားပြီး သီဟိုဠ်ဘုန်းကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်။ မြန်မာနိုင်ငံကိုလဲ သုံးကြိမ်တိတိ သွားရောက်လေ့လာခဲ့တယ်။ The Buddha and His Dhamma စာအုပ်ကို ၁၉၅၆-ခုနှစ်မှာ အပြီးသတ်ရေးနိုင်ခဲ့တယ်။ အကြိမ်ပေါင်းများစွာ ပြန်လည်ထုတ်ဝေခဲ့တယ်။ Dr. Ambedkar ကိုယ်တိုင် တရားဝင် ဗုဒ္ဓဘာသာပြောင်းပွဲကို Nagpur မြို့မှာ ၁၉၅၆-ခုနှစ်၊ အောက်တိုဘာ (၁၄)ရက်နေ့တွင် ထောင်ပေါင်းများစွာသော ပရိသတ်တို့ရှေ့မှာ သီဟိုဆရာတော် သဒ္ဓါတိဿထံမှ သရဏဂုံသုံးပါးနဲ့ ငါးပါးသီလခံယူပြီး ကျင်းပခဲ့တယ်။ သူ့နောက်လိုက်ပရိသတ် ဇာတ်နိမ့်ငါးသိန်းလောက်ကလဲ သူလိုပဲ ဗုဒ္ဓဘာသာခံယူကြတယ်။ ဒီလိုနဲ့ Dr. Ambedkar ဦးဆောင်တဲ့ ဗုဒ္ဓဘာသာခံယူပွဲတွေ၊ သူ့ကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာပြောင်းပွဲတွေ နိုင်ငံနှင့် အ၀ှမ်းကျင်းပလာခဲ့သဖြင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာဦးရေဟာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ ဒီလို Ambedkar ကြောင့်ဖြစ်လာတဲ့ ဗုဒ္ဓဘာသာကို Ambedkar Buddhism လို့ အမည်ပေးနိုင်ပါတယ်။ သူတို့က Ambedkar ကျေးဇူးကြောင့် ဘုရားနဲ့တွေ့ခွင့်ရ၊ ဗုဒ္ဓဘာသာဖြစ်ခွင့်ရရှိခဲ့တာဖြစ်လို့ Dr. Ambedkar ရဲ့ ရုပ်တုကိုလဲ ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားပြီး ကိုးကွယ်နေကြတာကို မြန်မာစာဖတ်ပရိသတ်တို့အနေနဲ့ နားလည်ပေးနိုင်လောက်မယ်လို့ မျှော်လင့်ပါတယ်။ Ambedkar က သူ့နောက်လိုက်တွေကို ပြောလေ့ရှိတဲ့ စကားကတော့ Educate! Organize! Agitate! တဲ့။
(ဆက်လက်ဖော်ပြပါမည်)။
ဒေါက်တာအရှင်ပါရမီ
Sunday, August 28, 2011
ဆန်ချီဘုရားဖူးခရီးစဉ်မှတ်တမ်း (၂)
ဘိုပါး (Bhopal) မြို့က အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စိမ်းစိမ်းစိုစိုရှိတဲ့ မြို့တစ်မြို့ပါပဲ။ အိန္ဒိယနိုင်ငံရဲ့ အလယ်တဲ့တဲ့လောက်မှာ ရှိတဲ့ မြို့တစ်မြိုလဲဖြစ်တယ်။ ဘိုပါးမြို့ကို သဘာဝဖြစ်တည်နေတဲ့နေရကန်ကြီး ရှိတဲ့အတွက်ကြောင့် Lake City or City of Lake လို့လဲ တင်စားခေါ်ဝေါ်ကြတယ်။ ၁၉၈၄- ခုနှစ်၊ ဒီဇင်္ဘာ (၂၊ ၃)ရက်က ဘိုပါးမြို့မှာ Carbide India Limited ဓာတ်ပေါင်းဖိုယိုစိမ့်မှုကြောင့် Methyl isocyanate ပါဝင်တဲ့အဆိပ်ငွေ့တွေ ပြန့်နှံ့ပြီး လူတွေ ထောင်ပေါင်းများစွာ သေကြေခဲ့ရတဲ့အတွက် Bhopal Disaster လို့အမည်နာမတပ်ပြီး ကမ္ဘာက အာရုံအစိုက်ခံခဲ့ရတဲ့ မြို့လဲဖြစ်တယ်။ ဓာတ်ငွေ့အဆိပ်သင့်ပြီး လူပေါင်း (၅၀၀၀)လောက် သေတယ်လို့ဆိုတယ်။ အချို့ခန့်မှန်းချက်အရ နှစ်ပတ်အတွင်းမှာပင် လူပေါင်း (၁၈၀၀၀)လောက်သေခဲ့တယ်လို့လဲပြောကြတယ်။ ဒါကြောင့် နှစ်စဉ် ဒီဇင်္ဘာ(၃)ရက်နေ့တိုင်း လွမ်းဆွတ်အမှတ်တရနေ့အဖြစ် ဒီပြည်နယ်မှာ တရားဝင် ရုံးပိတ်ပေးလေ့ရှိတယ်။
ဘိုပါးမြို့တော်ကို Paramara dynasty (1000-1055 A.D.) က ဘုရင် Bhoja ကတည်ထောင်ခဲ့တဲ့အတွက် Bhojpal လို့ခေါ်ရာကနေ နောက်ပိုင်း တစ်ဖြည်းဖြည်း Bhopal လို့ အမည်တွင်လာခဲ့တယ်လို့ သိရပါတယ်။ ရှေးက ဘိုပါးမြို့ဟာ ဗုဒ္ဓဘာသာမြို့ဖြစ်ခဲ့ပေမယ့် အာဖဂန်စစ်ဘုရင် Dost Mohammad Khan (၁၇၀၇) အုပ်ချုပ်တဲ့အချိန်မှာ မွတ်ဆလင်ဘာသာကို စတင်အခြေချခဲ့ရာကစပြီး မွတ်ဆလင်လွှမ်းမိုးလာတဲ့ မြို့တစ်မြို့ဖြစ်လာကာ ယခုဆိုလျှင် အိန္ဒိယနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မွတ်ဆလင်မြို့ဖြစ်နေပါတယ်။ မွတ်ဆလင်ဦးရေ (၄၀)ရာခိုင်နှုံး၊ ဟိန္ဒူဦးရေ (၃၀)ရာခိုင်နှုံး၊ ဗုဒ္ဓဘာသာဦးရေ (၃၀)ရာခိုင်နှုံးစီရှိတယ်လို့သိရတယ်။
ဘိုပါးမြို့ရောက်လို့ တည်းခိုခန်းငှားပြီးနောက်တွင် ဘိုပါးမြို့ရှိ ဗုဒ္ဓဘာသာဒကာတစ်ယောက်က ဘုန်းကြီးတွေတွေ့လိုက်တာနဲ့ လိုက်လာပြီး နေ့ဆွမ်းကပ်လိုပါကြောင်း လာရောက်လျှောက်ထားသဖြင့် နေ့ဆွမ်းလိုက်ဘုဉ်းပေးကြရတယ်။ အိမ်လဲရောက်ရော၊ အိမ်ရှေ့မှာ အင်းပျဉ်လေးတစ်ချပ် ချပေးလာတယ်။ အဲဒီအင်းပျဉ်ပေါ်မှာ တစ်ပါးချင်း တက်ရပ်၊ ဒကာမကြီးက ခြေထောက်ကို နဖူးနဲ့တိုက်ရှိခိုး၊ ပြီးတာနဲ့ ခြေထောက်ကို ရေလောင်းဆေးပေးတယ်။ ဒါက အိန္ဒိယနိုင်ငံရဲ့ ဓလေ့ထုံးစံဆိုတာ လက်တွေ့ သိလိုက်ရတယ်။ ဘုရားဟောကျမ်းစာတွေထဲမှာလဲ ခြေဆေးအင်းပျဉ်ဆိုတာ ရှိတယ်လေ။ အခု ဒီနိုင်ငံမှာ ဒီနေ့အထိ အသုံးပြုနေကြဆဲပါပဲ။ အာဂန္တုရဟန်းတော်များကြွလာရင် ခြေကို ဆေးကြောပေးခြင်းဆိုတာလဲ စာပေမှာ ရှိတာပဲ။ သူတို့ခမျာမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ အခုလိုတွေ့လိုက်ရတော့ အတိုင်းမသိ ၀မ်းသာပီတိဖြစ်နေကြရှာပါတယ်။ ဗုဒ္ဓဘာသာအိမ်ခြေ (၂၀၀၀၀)လောက်ရှိတယ်၊ ဘုန်းကြီးက (၃)ပါးပဲ ရှိတယ်တဲ့။ ဒီ(၃)ပါးကလဲ ဟိုသွားဒီသွား ခရီးများနေကြတော့ ဘုန်းကြီးနဲ့ တွေ့ရဖို့ သူတို့အတွက် အလွန်ခက်ခဲပါသတဲ့။
အိမ်ရောက် ခေတ္တခဏ စကားပြောဆို မိတ်ဆက်ပြီးတာနဲ့ အိန္ဒိယထုံးစံအတိုင်း ခွက်တစ်ခုထဲတွင် အကန့်ငါးကန့်လောက်ပါတဲ့ စစ်တီးပန်းကန်ပြားနဲ့ ဟင်းက သုံးမျိုးလောက်၊ ရိုတီ၊ ထမင်းအနဲငယ် တစ်ကန့်စီမှာ ထည့်ပြီး တစ်ပါးချင်းကပ်တယ်။ ပဲဟင်းတစ်ခွက် အရေသောက် ချပေးတယ်။ ပဲဟင်းကတော့ မြန်မာပြည်က ပဲဟင်းအတိုင်းပါပဲ။ မြန်မာပြည်လို စားပွဲတွေ ဘာတွေ မပါဘူး။ ကြမ်းပြင်ပေါ်မှာပဲ အ၀တ်လေးခင်းပြီး တစ်ပါးချင်းရဲ့ ရှေ့မှာ လာချပြီး ကပ်တယ်။ ရိုရိုသေသေ ကပ်ကြတာပါပဲ။ ဆွမ်းမကပ်ခင်မှာ ဒကာမကြီးတစ်ယောက်က ရေခွက်နဲ့ တစ်ပါးချင်း လက်ဆေးရေ လောင်းပေးတယ်။ ပြီးမှ ဆွမ်းကပ်တာ။ ဆွမ်းကပ်ပြီး ဘေးကနေ စောင့်ကြည့်နေကြတယ်။ ဟင်းကုန်ရင် ဟင်းထပ်ထည့်ပေးတယ်၊ ရိုတီကုန်ရင် ရိုတီထပ်ထည့်ပေးတယ်၊ ဆွမ်းကုန်ရင် ဆွမ်းထပ်ထည့်ပေးတယ်။ ဗိုက်က ဆာနေတော့ ရိုတီတွေ တစ်ချပ်ပြီးတစ်ချပ် ဟင်းနဲ့ တို့တို့စားလိုက်တာ ဘယ်နှစ်ချပ်ကုန်သွားလဲတောင် မမှတ်မိလိုက်ပါဘူး။ စားပြီးတော့လဲ လက်ဆေးရေ တစ်ခါ လိုက်လောင်းပေးပြန်တယ်။ ရေတော့လောင်းပေးပြီး လက်သုတ်စရာမရှိလို့ လက်သုတ်ပ၀ါတောင်းမှ လာချပေးတယ်။ အိန္ဒိယမှာက လက်သုတ်တို့ တစ်ရှူးတို့ သုံးရိုးထုံးစံမရှိသလောက်ပဲ။ လက်ဆေးပြီးရင် သူတို့ထုံးစံတွေ့ရတာကတော့ လက်နှစ်ဘက် ပွတ်သပ်လိုက်တယ်၊ ရေနဲနဲ စင်သလိုဖြစ်သွားတော့ ခေါင်းက ဆံပင်လှည့်ပွတ်လိုက်တာပဲ။ ဆံပင်မရှိတဲ့သူက နားရွက်နဲ့ မျက်နှာ လှည့်ပွတ်လိုက်တာ။ ဒါက သူတို့ ထုံးစံအတိုင်း လက်သုတ်တဲ့ အလေ့အကျင့်။
ဆွမ်းကပ်တဲ့ဒကာကြီးက ကြိုတင်အကြောင်းကြားထားတော့ ဗုဒ္ဓဘာသာအဖွဲ့အစည်းဆိုင်ရာ ဒကာတွေလဲ ရောက်လာကြတယ်။ ကုလားစကားတတ်တဲ့ ဦးဇင်းတစ်ပါးပါတော့ ပိုအဆင်ပြေတာပေါ့။ သူက ကုလားလို ဒိုင်ခံပြောတယ်။ သူတို့သိချင်တာတွေ မေးကြလျှောက်ကြတယ်။ ဆွမ်းစားပြီးတာနဲ့ သူတို့ထုံးစံအတိုင်း သီလယူကြတယ်။ ပါဠိလိုချည်းပဲ ဆိုပြီး သီလယူကြတဲ့ထုံးစံကို လက်တွေ့ တွေ့လိုက်ရတော့ အလွန်အံ့သြမိတယ်။ အသံဖိုင်နဲ့ ဗွီဒီယိုရိုက်လာခဲ့တယ်။ သူတို့သီလယူတဲ့ထုံးစံကို သဘောကျလွန်းလို့ပါ။ ကုလားစကားတတ်တဲ့ကိုယ်တော်က သီလပေးလုပ်ပါတယ်။ ဤအရှင်ကတော့ ဘေးကနေ ဗွီဒီယိုမှတ်တမ်းလိုက်ရိုက်နေလိုက်တယ်။ မှတ်တမ်းလိုချင်လို့ပါ။ ဒီလိုမှတ်တမ်းမတင်ရင် ဘာမှ ကျန်မှာမဟုတ်ဘူးလေ။ ဒါကြောင့် မှတ်တမ်းကို အရအမိ လိုက်ယူနေရတာ။
ဆွမ်းကပ် တရားနာပြီးတာနဲ့ ကားတစ်စီး စီစဉ်ပြီး ဘိုပါးမြို့ ရှုခင်းတွေ လိုက်ပြတယ်။ ပထမ ဘိုပါးမြို့မှာ တည်ထားတဲ့ ဗုဒ္ဓဆင်းတုတော်ကို အရင်ပို့တယ်။ တော်တော်သပ္ပါယ်တယ်။ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပေါ့။ ဘိုပါးမြို့အထက်စီး တောင်ကုန်းလေးပေါ်မှာ တည်ထားတာ။ အထက်ရောက်အောင် တက်ပြီးဖူးမြော်ခဲ့ပါတယ်။ နေကပူလွန်းနေတော့ ကျောက်ပြားပေါ် ကြာကြာမရပ်နိုင်တာနဲ့ မြန်မြန်ဖူးပြီး အတင်းပြန်ဆင်းခဲ့တယ်ဆိုပါတော့။ နောက် ဘိုပါးသဘာဝရေကန်ကြီးကိုလိုက်ပြတယ်။ တောင်တွေ ၀န်းရံပတ်ထားတဲ့ ကြားထဲမှာ အလိုလို သဘာဝရေကန်ကြီးဖြစ်တည်နေတာ။ အဲဒီကန်ကြီးကို Rajbhol လို့ခေါ်တယ်တဲ့။ ရေကန်ကြီးက ကမ္ဘာ့တတိယအကြီးဆုံး သဘာဝရေကန်ကြီးလို့ ပြောတယ်။ တော်တော်လဲ ကြီးကျယ်ပါတယ်။ မျက်စိတစ်ဆုံးတောင် မကဘူး၊ ပင်လယ်ပြင်ကြီးကြည့်နေရသလိုမျိုးပါပဲ။ ကြည်လင်စိမ်းပြာနေတဲ့ရေပြင်ကျယ်ကြီးကို တောင်တွေဝန်းရံထားတဲ့အောက်မှာ ရှုမြင်လိုက်ရတာ ပန်းခဲ့သမျှတွေ ပြေအေးသွားသလိုခံစားလိုက်ရတယ်။ လေကောင်းလေသန့်တွေ တစ်ဝကြီး ရှူရှိုက်ခွင့်ရတာကလဲ စိတ်ကို လန်းဆန်းလတ်ဆပ်စေတယ်လေ။ ကန်ကြီးတစ်ခြမ်းကို ဘေးကနေ ကားနဲ့ပတ်မောင်းနေရတာကိုက နာရီဝက်လောက်ကြာတယ်။ ဒီကန်အလှကြည့်ပြီးတဲ့နောက် ဘိုပါးတောင်ပေါ်တက်ရတယ်။ တောင်တက်လမ်းကတော့ ကြမ်းတမ်းလှပါတယ်။ ရိုတီနဲ့ ထမင်းစားထားတာတွေ အကုန်ကျေပျက်ကုန်သလားထင်ရလောက်အောင် လမ်းက ကြမ်းလှပါဘိ။ တောင်ထိပ်ရောက်လိုက်တာနဲ့ အပေါ်စီးကနေ မြို့ကို လှည့်ကြည့်လိုက်တော့ တောင်ဘေးပတ်ပတ်လည်မှာ စိမ်းစိမ်းစိုစို သစ်ပင်တွေ၊ လွင်ပြင်တွေနဲ့ စီစီရီရီ ပုံစံမျိုးစုံအဆောက်အဦး တိုက်တာတွေ မြင်ကွင်းကျယ်ဗျူးအနေနဲ့ မြင်တွေ့ရတယ်။ တော်တော်စိမ်းလန်းစိုပြေတဲ့ မြို့တစ်မြို့ဆိုတာ စာထဲမှာပါတာ၊ အခုတော့ လက်တွေ့မျက်တွေ့ မြင်တွေ့ခွင့်ရခဲ့တယ်လေ။ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကြည့်စရာတော့ များများစားစား မရှိပါဘူး။ ဒီလိုရှုခင်းတွေသာ အလှကြည့်ရတာပေါ့။ သူတို့က တိရစ္ဆာန်ရုံလိုက်ပြဖို့ ပြောသေးတယ်။ တိရစ္ဆာန်တော့ မကြည့်ချင်တော့ပါဘူး၊ ဟိုတယ်ပြန်နားကြမယ်ဆိုပြီး တိရစ္ဆာန်ရုံကိုတော့ မ၀င်ခဲ့ကြတော့ဘူး။ ညပိုင်းမှာ အထူးအစီအစဉ်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ဆုံပွဲလုပ်ချင်တယ်၊ အရှင်ဘုရားတို့ ကြွပေးနိုင်မလားဆိုပြီး ပင့်ပြန်တော့ ဘုန်းကြီးရှားတဲ့နေရာမှာ သူတို့က လိုလိုလားလား ပင့်နေတာဖြစ်လို့ ပင်ပန်းတာတွေ ဘေးဖယ်ထားပြီး လိုက်ပေးပါမယ်လို့ ၀န်ခံကတိပြုလိုက်ပါတယ်။ ည (၇)နာရီလာပင့်မယ်တဲ့။
(ဆက်လက်ဖော်ပြပါမည်)။
ဒေါက်တာအရှင်ပါရမီ
Saturday, August 27, 2011
ဆန်ချီဘုရားဖူးခရီးစဉ်မှတ်တမ်း
ဆန်ချီစေတီ (Sanchi Pogada) ဟာ အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်၊ Bhopal မြို့မှ (၄၆)ကီလိုမီတာ အကွာတွင် တည်ရှိပါတယ်။ Bhopal မြို့ဟာ နယူးဒေလီမြို့ကနေ (၆၉၄) ကီလိုမီတ်ာဝေးတယ်။ ရထားနဲ့ တစ်ညအိပ်စီးရတယ်။
ဤအရှင်နှင့်အတူ ရဟန်းတော် (၅)ပါး အဖွဲ့ဟာ (၁၈-၈-၂၀၁၁) နေ့ ည (၉း၀၀) နာရီရထားနဲ့ ဆန်ချီစေတီ ဘုရားဖူးခရီးစဉ် စတင်ထွက်ခဲ့ပါတယ်။ ရထားက (၉)နာရီထွက်မယ့်ရထား၊ ကိုယ်နေတဲ့နေရာကနေ ရထားထွက်မယ့် H Nizamudoin (NZM) ဘူတာကြီးအထိ သွားချိန် (၁)နာရီလောက်မှန်းပြီး ဒီကနေ ည (၈)နာရီမတ်တင်းလောက်ထွက်၊ Metro (မြို့ပတ်အမြန်ရထား) နှစ်ဆင့်စီးသွားကြတယ်။ ညပိုင်းဖြစ်တော့ Metro ရထားက နေ့ပိုင်းလောက် သိပ်မြန်မြန် မမောင်းတော့ Metro ကဆင်းတဲ့အချိန်မှာ (၉)နာရီ မတ်တင်းရှိနေပြီ။ ဒီတော့ Bhopal Express အမြန်ရထားအမီဆိုပြီး Metro က အမြန်ထွက်၊ အားကြိုးမာန်တက် ပြေးကြလွှားကြရတယ်။ တစ်သက်နဲ့တစ်ကို ဒီလောက် မြန်အောင် တစ်ခါမှ မပြေးဘူးခဲ့ပါဘူး။ သင်္ကန်းတွေ လွင့်နေအောင်ပြေးကြတော့ ဘူတာက အစောင့်ရဲတွေက သူခိုးလိုက်တယ်ထင်ပြီး ဘာဖြစ်တာလဲ ဘာညာ မေးမြန်းနေသေးတယ်။ ငါတို့ ရထားမှီအောင်လို့ ပြေးနေတာဆိုတော့မှ သူတို့လဲ ရယ်မောပြီး ကျန်နေခဲ့ကြတယ်။ အဲဒီကနေ ပြေး၊ ကားလမ်းမပေါ်ရောက်၊ ဘူတာကြီးရောက်အောင် တက္ကစီတစ်ဆင့်ငှားရဦးမယ်လေ။ ဒီတော့ သုံးဘီးတက္ကစီတစ်စီး တားပြီး ငါတို့ ဘူတာကြီးသွားမယ်၊ ပြောပြောဆိုဆို တက္ကစီပေါ်တက်၊ ဈေးမေးမနေတော့ဘူး။ တောင်းသလောက်ပေးရတော့မယ်ဆိုပြီး အမြန်မောင်းခိုင်းရတယ်။ ကားပေါ်ရောက်မှ ဈေးမေးတော့ ရူပီး (၁၀၀) တောင်းတယ်။ ပေးမယ်၊ မြန်မြန်သာမောင်း လို့ပြောပြီး မြန်မြန်မောင်းဖို့ ခဏခဏပြောတော့ တက္ကစီသမားက ဒီတက္ကစီက သုံးယောက်ဆန့်တာ၊ အခု ငါးယောက်ကြီးတင်ပြီး ဒီထက်အမြန်မောင်းရင် မှောက်လိမ့်မယ်တဲ့။ သူပြောတာလဲ ဟုတ်သားပဲ။ ကိုယ်က အမြန်ရောက်ချင်နေတာကိုး။ မောင်းရင်းနဲ့ ဘူတာကြီးလဲရောက်ရော၊ (၉)နာရီ (၁၆)မိနစ်ရှိနေပြီ။ ဒါပေမယ့် မလျှော့သေးဘူး၊ ဘူတာထဲ အတင်းဝင်ပြေး၊ Bhopal ရထားထွက်မယ့် စင်္ကြံကို အမြန်ရှာပြီး အတင်းပြေးကြရတာပေါ့။ ဘုရားမတယ်ပြောရမယ်ထင်တယ်၊ (၉)နာရီရထားက Delay ဖြစ်နေပြီး မထွက်သေးဘူး။ ဒါနဲ့ ကိုယ်စီးမယ့်အတွဲ အမြန်ရှာ၊ အမြန်တက်၊ ထိုင်ခုံတွေပေါ် အသီးသီးရောက်တော့မှ မောလွန်းလို့ ဇောချွေးတွေပြန်နေကြတယ်။ ဒီတော့မှပဲ သက်ပြင်းရှည်ရှည်ချနိုင်ကြ၊ ပြုံးနိုင် ရယ်နိုင်ကြလေရဲ့။ ကံကောင်းချင်တော့ ရထားက (၉)နာရီ (၂၆)မိနစ်မှာမှ စထွက်တယ်လေ။ အော် ဆန်ချီဘုရားဖူး၊ မပြေးစဖူး ပြေးလိုက်ကြရပါလား။ မောနေတာပဲ။
ရထားကတော့ ကောင်းပါတယ်၊ အေစီအိပ်စဉ်ကဆိုတော့ စီးရတာ မပင်ပန်းဘူး။ သက်သောင့်သက်သာရှိတယ်။ ညပိုင်းဖြစ်တော့ ဘေးပတ်ဝန်းကျင် ရှုခင်းရယ်လို့လဲ ကြည့်စရာမရှိတာနဲ့ အိပ်ပြီးလိုက်ခဲ့ကြတယ်။ 3 AC အိပ်စဉ်ဆိုတော့ အိပ်စဉ်သုံးခုဆင့်ထားတယ်။ ကိုယ်က အပေါ်ဆုံးထပ်တက်အိပ်လိုက်တယ်။ တက်ရဆင်းရတာကတော့ မလွယ်လှဘူး။ လူက အရပ်ရှည်ရှည် ၀၀ဖြစ်နေတော့ အပေါ်ဆုံးအထပ်ရောက်အောင် မနဲ အားယူတက်၊ ရောက်တော့လဲ ခေါင်းထောင်ပြီးတောင် ထိုင်လို့မရဘူးလေ။ ကွေးကွေးလေး ၀င်ပြီးတော့မှ ဆန့်အိပ်လိုက်ရတာကိုး။ ဒီတော့မှ အင်း ငါနေရာယူတာ မှားလေပြီလို့ သိလိုက်ရတယ်။ တက်ရဆင်းရတဲ့ဒုက္ခက ကိုယ်တွေ့၊ မလွယ်တာအမှန်ပဲ။ ခန္ဓာရလို့ ရှိတဲ့ဒုက္ခသစ္စာအပြင် တက်ရဆင်းရ ကွေးရဆန့်ရတဲ့ဒုက္ခက တစ်ချက်ပိုလာတော့ အင်း ချော်ကျလိုက်လို့ကတော့ဖြင့် ဒီခန္ဓာကြီးနဲ့ မလွယ်လှပါလားလို့တွေးမိလိုက်သေးတယ်။ နေရာချင်းလဲရအောင်ကလဲ ကိုယ့်နေရာနဲ့ကိုယ် ယူပြီးဖြစ်နေကြတော့ အားတုံ့အားနာဖြစ်တာနဲ့ မလဲဖြစ်တော့ဘူး။ ချော်ကျကာမှ ကျရော၊ အားတင်းပြီးသာ တက်လိုက်ဆင်းလိုက်လုပ်ရတော့မှာပဲလို့ ဆုံးဖြတ်လိုက်ရတယ်။ တစ်လမ်းလုံး အိပ်လိုက်လာတာဆိုတော့လဲ သိပ်ဆင်းရတက်ရတယ် မရှိပါဘူး၊ မိုးလင်းလို့ နံနက် (၇)နာရီလောက် Bhopal မြို့ကိုရောက်ပါတယ်။ ဒါတောင် ဘေးကလူတွေက Bhopal ရောက်ပြီဆိုမှ အလန့်တကြား ထပြီး ဆင်းကြရတာ။ ဟိုဘက်ဆက်ပါသွားရင်လဲ မလွယ်လှဘူး။ အိန္ဒိယခရီးက သွားရေးလာရေး သိပ်လွယ်ကူတာမှမဟုတ်ဘဲ။ ဒီရထားက Bhopal တင် ဂိတ်ဆုံးတာမဟုတ်ဘူးလေ၊ ဟိုဘက် Mumbai အထိ ဆက်သွားမယ့်ရထားကိုး။ Bhopal က ဒေလီနဲ့ မုန်ဘိုင်း အလယ်လောက်မှာရှိတယ်။
ဘူတာကထွက်၊ အာရုံစားဖို့ ဆိုင်လိုက်ရှာရတာကလဲ မလွယ်လှဘူး။ ဘုန်းကြီးဆိုတော့လဲ အာရုံက စားနေကျ မစားရ မနေနိုင်၊ ကုလားတွေကလဲ စောစောထတဲ့အလေ့အကျင့်က ရှိတာမဟုတ်။ စောစောဖွင့်တဲ့ဆိုင်ရှာရတာကလဲ မလွယ်လှဘူး။ ဆိုင်တွေ့ပြန်တော့လဲ ဆိုင်ထဲဝင်ထိုင်၊ စားစရာမှာဖို့ မေးမြန်းနေတုန်း ဆိုင်ရှင်က ဘုန်းကြီးတွေ စောစောစီးစီး ၀င်လာတာ ကျက်သရေ ရှိတယ်ထင်ဟန်မတူဘူး၊ မျက်နှာက စူပုပ်နေတာ၊ မပြောချင်ပြောချင်နဲ့ပေါ့။ သူတို့က ဗုဒ္ဓဘာသာမှမဟုတ်ဘဲလေ။ ဒီလောက်အပေါက်ဆိုးတဲ့ဆိုင် မစားတော့ဘူးဆိုပြီး အဲဒီဆိုင်က မစားဘဲ ပြန်ထွက်လာကြတယ်။ ဘုန်းကြီးငါးပါး ကားယားကားယားဆိုပါတော့။ နောက်တစ်ဆိုင်ဝင်လိုက်တော့ အဲဒီဆိုင်က ကုလားကတော့ မဆိုးလှဘူး၊ ဖော်ရွေရှာတယ်။ နံနက်စာဘာတွေရလဲဆိုတော့ သူတို့ထုံးစံအတိုင်း Paratha (အာလူးပလာတာ) ရတယ်တဲ့။ အေး ငါတို့ ပလာတာ စားမယ်ဆိုတော့ ပလာတာလုပ်တဲ့သူက ဒယ်အိုးကြီးနဲ့ ကြော်တာလား၊ ကင်တာလားတော့မသိဘူး၊ သူတို့ထုံးစံအတိုင်းလုပ်တာပေါ့။ ကျက်တာနဲ့ ပလာတာကို ဘေးမှာရှိတဲ့ စစ်တီးပန်းကန်းဇောင်းနဲ့ လှီးပြီး လေးစိပ်စိပ်လိုက်တယ်။ စိတ်ပြီး ပန်းကန်ပြားထဲထည့်ပြီး လာချတာပေါ့။ ကပ်တာတွေ ဘာတွေဆိုတာကတော့ ဘယ်လုပ်ပါ့မလဲ။ ပန်းကန်ပြားကို လယ်သွားအောင် သူတို့ထုံးစံအတိုင်း ခပ်ကြမ်းကြမ်းလေး ပစ်ချလိုက်တာ၊ အဲဒါကို ကိုယ်တိုင်ယူစားရတယ်လေ။ စားကြည့်တော့ မဆိုးလှဘူး၊ စားနိုင်ကြတယ်၊ ဆာနေလို့လားမသိဘူး။ ဒါနဲ့ တစ်ပါးတစ်ချပ်မ၀တော့ နောက်တစ်ခါ တစ်ချပ်စီထပ်မှာရတယ်။ ဒီတော့ ဆိုင်ရှင်က မှာမယ်ဆိုရင် တစ်ခါတည်းမှာပါ၊ ခဏခဏ မီးမွှေးရ လုပ်ရတာ မလွယ်ဘူးတဲ့။ အော် ဈေးရောင်းတာ အလွယ်ကြိုက်တဲ့ ကုလားနဲ့ လာတွေ့နေသေး။
စားပြီး Bhopal မြို့မှာ တစ်ညအိပ်ရမှာဆိုတော့ ဟိုတယ်ငှားဖို့ ဟိုတယ်ဖုန်းလှမ်းဆက်ကြည့်တော့ ရတယ်တဲ့။ ဒါနဲ့ အဲဒီဟိုတယ်ကို တက္ကစီငှားပြီး သွားကြတာပေါ့။ ဟိုတယ်ကြီးက တော်တော်ကောင်းပါတယ်။ ခမ်းခမ်းနားနားပဲ။ ဒါပေမယ့် သင်္ကန်းဝတ်ဘုန်းကြီးတွေဖြစ်နေတော့ ရောက်လဲရောက်ရော၊ ဆောရီး လူပြည့်နေလို့ အခန်းလွတ်မရှိတော့ဘူးဆိုပြီး ငြင်းလွှတ်တယ်လေ။ အိန္ဒိယက ဘုန်းကြီးတွေ သူတို့ ဟိုတယ်မှာ တည်းတာကို သူတို့ အနေနဲ့ ကျက်သရေမရှိဘူးလို့ ယူဆထားဟန်တူပါတယ်။ စောစောက ဖုန်းဆက်တုန်းက ရတယ်၊ အခုဘယ်လိုဖြစ်တာလဲဆိုတော့ အခုပဲ ဧည့်သည်တွေ ပြည့်သွားတာတဲ့။ ပြောင်ပြောင်ပဲ။ မရတော့လဲ နောက်တစ်နေရာပေါ့ဆိုပြီး ထပ်ရှာရပြန်တယ်။ နောက်ဟိုတယ်တစ်ခုကတော့ လက်ခံရှာပါတယ်။ ဒါပေမယ့် ဟိုတယ်က ဟိုတယ်မည်ကာမတ္တ။ မွေ့ယာတွေ အခင်းတွေ ခေါင်းအုံးတွေက ပေပွနေတာပဲ။ ဘာမှ သန့်သန့်ပြန့်ပြန့်မရှိဘူး။ အခန်းထဲ ရောက်မှ သန့်ရှင်းရေးအလုပ်ခိုင်းရတယ်။ အခင်းတွေ ခေါင်းအုံးတွေ အသစ်လဲပေးဖို့ တောင်းဆိုတော့ စတိုခန်းသော့ကိုင်တဲ့သူက အပြင်သွားနေလို့တဲ့။ လုပ်ပုံက။ ဒါနဲ့ပဲ တစ်ညအိပ်ဖို့အရေး လက်ခံတာပဲ တော်သေးရဲ့ဆိုပြီး သည်းခံနေလိုက်ရတာပေါ့။ ဟိုတယ်ကသာ မကောင်းတာ၊ ပေးရတဲ့ဈေးက မသက်သာလှဘူး။ နှစ်ပါးအိပ်တဲ့အခန်းက ရူပီးတစ်ထောင်၊ သုံးပါးအိပ်တဲ့အခန်းက ရူပီး (၁၃၅၀) ပေးလိုက်ရတယ်။ သူတို့တောင်းတဲ့အတိုင်းပဲ လှူလိုက်တယ်ဆိုပါတော့။ ဒေလီမြို့ကြီးက တော်တော်ကောင်းကောင်း ဟိုတယ်တွေမှာတောင် ဒီလောက် ဈေးမရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် အိပ်ဖို့တစ်နေရာ ရတာကိုပဲ တော်လှပါပြီဆိုပြီး နေလိုက်ကြရတယ်။
တကယ်တော့ ဆန်ချီဘုရားဖူးခရီးဟာ Bhopal မှာ ညအိပ်စရာမလိုဘူး။ တစ်ရက်ထဲနဲ့ ပြီးတယ်။ အခုဟာက မစုံမစမ်းနဲ့ လက်မှတ်ဖြတ်လိုက်တာ။ (၁၈)ရက်နေ့ရထားစီး၊ (၁၉)ရက်နေ့ရောက်၊ ရောက်ရောက်ချင်း ကားငှားပြီး ဆန်ချီသွား၊ (၁၉)ရက်နေ့ညရထားနဲ့ ပြန်လာ။ ဒီလိုစီစဉ်ထားတာပေါ့။ ဖြစ်ချင်တော့ (၁၉)ရက်နေ့က သောကြာနေ့၊ သောကြာနေ့တိုင်း ဆန်ချီစေတီပိတ်တယ်ဆိုတာက လက်မှတ်ဖြတ်ပြီးမှ သိလိုက်ရတော့ လက်မှတ်က အမြန်လက်မှတ်(တာကာလို့ခေါ်တယ်)၊ ဒီလက်မှတ်က ရက်ချိန်းလို့မရသလို Refund လဲ ပြန်ထုတ်လို့မရတော့ဘူး။ ဒီလိုဖြစ်နေတော့ (၁၉)ရက်နေ့လက်မှတ် အဆုံးခံပြီး (၂၀)ရက်နေ့လက်မှတ် ထပ်ဖြတ်လိုက်ရတာကိုး။ မသွားခင်ကတည်းက အမှားတွေနဲ့ ဖြစ်နေတာလေ။ ဒီလိုနဲ့သွားကြရတော့ နှစ်ကြောင်းစီးရမယ့်ရထားကို သုံးကြောင်းဖြတ်စီးလိုက်ရတာပေါ့။ ဒါ့အပြင် Bhopal မှာ တစ်ညအိပ်ရတဲ့ဒုက္ခက သစ္စာတစ်ပါး ထပ်တိုးလာခဲ့တယ်။
(ဆက်လက်ဖော်ပြပါမည်)။
ဒေါက်တာအရှင်ပါရမီ
Friday, August 26, 2011
ဓရမ်ဆာလာ ခရီးသွားမှတ်တမ်း
Dharamshala
(၂၂-၈-၂၀၁၁) ရက်ကနေ (၂၅-၈-၂၀၁၁)အထိ တိဗက်တို့ရဲ့နေရာ Dharamshala မြို့သို့ အလည်အပတ်သွားဖြစ်ခဲ့တယ်။ Dharamshala ဆိုတာ ပါဠိလို ဓမ္မသာလာ လို့ရှိတယ်။ တရားစရပ်၊ ဓမ္မာရုံပေါ့။ ဒီမြို့လေးအကြောင်း စပ်သမျှ သိသမျှလေးတွေ မျှဝေချင်စိတ်ပေါ်လာတာနဲ့ စာတစ်ပုဒ်ရေးဖြစ်တယ်ဆိုပါတော့။
ဒလိုင်းလားမား တရားဟောသည့်နေရာ
တိဘက်ကိုယ်တော်များ တရားဆွေးနွေးပွဲကျဉ်းပနေစဉ်
မန္တာန်ဘီးများ၊ မန္တာန်မရွတ်ချင်လျှင် ဒီဘီးတွေလှည့်ပေးရသည်ဆို၏။
ဘက်ဂ်ဆူး ရေတံခွန်
ဒီမြို့လေးက ၁၈၄၉-ခုနှစ်လောက်က စတင်ထင်ရှားလာခဲ့တယ်လို့ သိရတယ်။ Dhauladhar တောင်စောင်းမှာ တည်ရှိတဲ့မြို့လေးပါပဲ။ ဒေလီကနေ (၅၈၂) ကီလိုမီတာ ဝေးတယ်။ ဆောင်းတွင်းမှာဆို နှင်းခဲနေတဲ့ တောင်တန်းတွေကို လှမ်းမြင်နေရမှာဖြစ်ပါတယ်။ အခုလို မိုးရာသီမှာတော့ အမြဲစိမ်းသစ်ပင်တွေ အထူးသဖြင့် တောင်တန်းတွေကို အလှဆင်ထားတာကတော့ ထင်းရှူးပင်တွေ ဖြစ်တယ်။ တိဗက်လူမျိုး အများစုနေထိုင်တဲ့နေရာဖြစ်တယ်။ ဓရမ်ဆာလာမြို့က နှစ်ပိုင်းရှိတယ်။ အထက်ဓရမ်ဆာလာရယ် အောက်ဓရမ်ဆာလာရယ်ပေါ့။ အဓိကသွားလည်ပတ်ရမယ့် ဓရမ်ဆာလာမြို့တော့ အထက်ဓရမ်ဆာလာမြို့ပါပဲ။ အောက်ဓရမ်ဆာလာမြို့က စီးပွားရေးမြို့တော်ဖြစ်တယ်၊ ပိုပြီးလဲ ကျယ်တယ်။ ဒါပေမယ့် Tourist Attraction သိပ်မရှိဘူး။ အထက်ဓရမ်ဆာလာသွားရင် အောက်ဓရမ်ဆာလာက ဖြတ်သွားရတာပါပဲ။
အထက်ဓရမ်ဆာလာမြို့လေးကတော့ နိုဘယ်လ်ဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား နေတဲ့ မြို့လေးဖြစ်ပါတယ်။ Mcleod Ganj ရပ်ကွက်နဲ့ Forsyth Ganj ရပ်ကွက်ဆိုပြီး နှစ်ရပ်ကွက်ရှိတယ်။ နှစ်မြို့နယ်လို့ ပြောရမယ်ထင်တယ်။ အခြေချနေထိုင်သူအများစုကတော့ တိဗက်လူမျိုးတွေပါပဲ။ တိဗက်လူမျိုးဆိုတာ (၁၉၅၉)ခုနှစ်က တိဗက်နိုင်ငံကို တရုပ်ကသိမ်းလိုက်တော့ တိဗက်ကနေ ထွက်ပြေးလာကြတဲ့သူတွေကို အိန္ဒိယအစိုးရက လက်ခံထားတာဖြစ်တယ်။ တိဗက်နိုင်ငံဟာ အရင်က ဗုဒ္ဓဘာသာဘုန်းကြီး ဒလိုင်းလားမားအုပ်ချုပ်တဲ့ ကမ္ဘာ့တစ်ခုတည်းသော နိုင်ငံဖြစ်တယ်။ ဘုန်းကြီးအုပ်ချုပ်မှုအောက်မှာ နေထိုင်ကြတဲ့နိုင်ငံငယ်လေးကို တရုပ်အစိုးရက သိမ်းပိုက်လိုက်တော့ တိဗက်လူမျိုးအများစုဟာ နိုင်ငံပျောက်ပြီး နီးစပ်ရာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြရင်းနဲ့ အိန္ဒိယရဲ့ နိုင်ငံသားတွေ ဖြစ်နေကြတာပါပဲ။ ပြည်နှင်ဒဏ်အပေးခံရတဲ့ တိဗက်လူမျိုးတွေရဲ့ Head Quarter ဖြစ်လာတယ်။ အိန္ဒိယအစိုးရက တိဗက်လူမျိုးတွေကို ငါးနေရာလောက် ခွဲပြီး ပေးထားတယ်။ ဒေလီမြို့မှာလဲ Tibetan Refugee Camp ဆိုပြီး တစ်ခုရှိတယ်။ မိုင်ဆိုးပြည်နယ်မှာတစ်ခု၊ နောက်တစ်ခုကတော့ ကာလကတ္တားမြို့နဲ့ မလှမ်းမကမ်းမှာလို့ပြောတယ်။ ပြီးတော့ အိန္ဒိယမြောက်ပိုင်း လာဆာမြို့ဟာလဲ တိဗက်တွေ နေတဲ့ မြို့တော်ပါပဲ။ ရောက်တော့ မရောက်ဖူးသေးဘူး။
တိဗက်လူမျိုးများဟာ ဒီနေ့အထိလဲ ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်လျက်ရှိနေတာကို တွေ့ရတယ်။ တွေ့တဲ့သူတိုင်းဟာ ဘုရားစာ တစ်ခုခုတော့ ရွတ်နေကြတယ်၊ ပုတီးစိပ်နေကြတယ်။ ရုပ်ရည်ကလဲ မွန်ဂိုလွိုက်အနွယ်တွေဖြစ်တော့ မြန်မာတွေနဲ့ တော်တော်ဆင်တယ်။ တိဗက်၊ မွန်ဂို၊ မဏိပူ၊ အာသံ၊ တြိပူ၊ နီပေါ စတဲ့နိုင်ငံတွေမှာ ရှိတဲ့ လူမျိုးတွေဟာ မွန်ဂိုလွိုက်အနွယ်ဖြစ်နေတော့ ဒီမျိုးနွယ်စုတွေကပဲ မြောက်ပိုင်းမြန်မာပြည်ကနေ တစ်ဖြည်းဖြည်း မြန်မာပြည်တစ်နံတစ်လျားသို့ ရွှေ့ပြောင်းနေထိုင်လာကြပြီး မြန်မာမျိုးနွယ်စုတွေ ဖြစ်နေကြတာဖြစ်တော့ ရုပ်ရည်နီးစပ်မှုရှိတာပေါ့။ ဒါပေမယ့် ဘာသာစကားတွေကတော့ နေရာဒေသမတူညီတဲ့အတွက် ကွဲပြားခြားနားသွားတယ်လေ။ နီပေါလူမျိုးစစ်စစ်တွေကလဲ မြန်မာနဲ့ တော်တော်တူညီတာ တွေ့ရတယ်။ ဒါကြောင့် ဘုရားက မြန်မာမျိုးနွယ်လို့ ဆွေမျိုးစပ်ယူလို့ ရသေးတယ်။ ဘုရားဟာ ကုလားမျိုးနွယ်မဟုတ်ပါဘူး။ နီပေါသားစစ်စစ်ပါ။ အိန္ဒိယပြည်မှာ ဘုရားပွင့်တာမှန်ပေမယ့် ဘုရားရဲ့ ဇာတိက နီပေါကဖြစ်တယ်။
တိဗက်လူမျိုးတွေ အကြောင်းပြောရင်းနဲ့ ဘုရားမျိုးနွယ်ဆီရောက်သွားတယ်။ တိဗက်တွေက ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ စာရိတ္တရေးရာလဲ တော်တော်ကောင်းတယ်။ စိတ်ချယုံကြည်လို့ရတဲ့ လူမျိုးတွေပါပဲ။ သူတို့ကိုးကွယ်ယုံကြည်တဲ့ ဒလိုင်းလားမားကိုလဲ တော်တော်တန်ဖိုးထားကြတယ်။ ဒလိုင်းလားမားရဲ့ အရှိန်အ၀ါကလဲ မနဲဘူးလေ။ နိုင်ငံတကာက အသိအမှတ်ပြုရတဲ့ ဘုန်းတော်ကြီးတစ်ပါးပဲ။ သူ့အရှိန်အ၀ါနဲ့ သူနေတဲ့နေရာကို နိုင်ငံတကာက ဧည့်သည်တွေ မရောက် ရောက်အောင် လာလည်နေကြတာတွေ့ရတယ်။ နိုင်ငံခြားဧည့်သည်အလာများတော့ တိဗက်လူမျိုးတွေအတွက် စီးပွားရေးအဆင်ပြေတာပေါ့။ ရပ်တည်မှုတစ်ခု ဖန်တီးခွင့်ရလာတယ်လေ။ ဟိုတယ်တွေ၊ နိုင်ငံတကာအဆင့်မီစားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ၊ ရိုးရာဝတ်စုံတွေရောင်းချတာတွေ စသည်ဖြင့် စီးပွားရေးအခွင့်အလမ်းပွင့်လာနေတာ တွေ့ရလို့ ၀မ်းသာမိတယ်။ သူတို့နေတဲ့ ဒီမြို့လေးဟာ ဘာမှ စိုက်ပျိုးရေးလုပ်လို့မရတဲ့အပြင် ဒီလိုသာ Tourist Attraction မဖြစ်ခဲ့ရင် ဘာမှလဲ ရောင်းဝယ်ဖောက်ကားလုပ်လို့ အဆင်မပြေနိုင်ပါဘူး။ ဒီအားနဲချက်ကို သိထားတော့ ဒလိုင်းလားမားက သူ့လူမျိုးတွေ ဦးမော့နိုင်ရေး၊ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဒီမြို့လေးကို Tourist Attraction Site တစ်ခုအဖြစ် ဖန်တီးလိုက်တာ တော်တော် ချီးကျူးဖို့ ကောင်းတဲ့ အမြော်အမြင်တစ်ရပ်ပါပဲ။
ဒီမြို့လေးကနေ (၁၁)ကီလိုမီတာအကွာမှာ Bhagsunag Fall ခေါ်တဲ့ ဘက်ဂ်ဆူး ရေတံခွန်တစ်ခုရှိတယ်။ ဒီရေတံခွန်ကလဲ အလွန်မြင့်မားတဲ့ တောင်တန်းကြီးနှစ်ခုအကြားက စီးဆင်းလာတဲ့ စိမ့်စမ်းရေတွေက အလွန်မတ်စောက်တဲ့ ကျောက်ကမ်းပါးပြတ်ကနေ အောက်ကို ဖြာကျပြီး သဘာဝရေတံခွန်အဖြစ် ဖြစ်တည်နေတယ်။ ဆောင်းရာသီမှာဆိုရင် ရေခဲတောင်တွေ လှမ်းမြင်နေရတယ်ပြောတယ်။ ဟိမ၀န္တာတောင်တန်းတွေဆီကို ဒီကနေ သွားရင် သိပ်မဝေးတော့ကြောင်း ဒေသခံတွေက ပြောပြတယ်။ ဒီလောက် အချိန်မရတော့ ရသမျှ အချိန်တိုအတွင်းမှာပဲ ဓရမ်ဆာလာမြို့ဝန်းကျင်မှာရှိတဲ့ သဘာဝရှုခင်းတွေကိုပဲ လှည့်ပတ် ကြည့်ရှုခဲ့တာပေါ့။ တိဗက်လူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှု၊ နေထိုင်မှု၊ ဓလေ့ထုံးစံ၊ ရိုးရာယဉ်ကျေးမှု၊ ဖော်ရွေမှု၊ ကိုးကွယ်ယုံကြည်မှုတွေကို လက်တွေ့ မြင်တွေ့ခဲ့ရတာဟာ အလွန်ကျေနပ်စရာကောင်းပါတယ်။ ဒါတွေဟာ တကယ်တွေ့ခဲ့ရတဲ့ ကိုယ်တွေ့မှတ်တမ်းတစ်ခုပါပဲ။
ဒေါက်တာအရှင်ပါရမီ
Wednesday, August 17, 2011
ဒိဋ္ဌိရှိလျှင် နိဗ္ဗာန်မရ
ဒိဋ္ဌိရှိနေရင်တော့ နိဗ္ဗာန်မရောက်နိုင်ဘူးလို့ မှတ်လိုက်ပါ။ ဒါကြောင့် ၀ိပဿနာအလုပ် မလုပ်ခင်မှာ အသိနဲ့ ဒိဋ္ဌိကို အရင်ခွါနိုင်အောင် ကြိုးစားကြရတယ်။ ဒိဋ္ဌိဘာကြောင့် ကပ်နေပါလိမ့်မလဲဆိုရင် ခန္ဓာ့ဖြစ်စဉ်ကို နားမလည်လို့ ကပ်နေတယ်လို့ မှတ်ရမယ်။ ခန္ဓာ့ဖြစ်စဉ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ပါပဲ။ ပဋိစ္စသမုပ္ပါဒ်နားမလည်ရင် ခန္ဓာ့ဖြစ်စဉ်ကို နားမလည်ဘူး။ ခန္ဓာ့ဖြစ်စဉ်နားမလည်ရင် ဒိဋ္ဌိက ကပ်မြဲကပ်နေမှာပဲ။ အနိစ္စ ဒုက္ခ အနတ္တတွေ အာပေါက်အောင် ရွတ်နေပေမယ့် ဒိဋ္ဌိကပ်နေမယ်ဆိုရင် နိဗ္ဗာန်မမြင်နိုင်ပါဘူး။ ဒါကြောင့် ဒိဋ္ဌိဖြုတ်မှုကိုရှေ့ထား၊ ၀ိပဿနာရှုမှုကို နောက်ထားဖို့ မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏမိန့်တော်မူတာ။ အသိနဲ့မှ ဒိဋ္ဌိမပြုတ်လို့ရှိရင် ပွားမှုတွေ ခရီးမရောက်ဖြစ်တတ်တယ်။ အရှင်ဆန္နမထေရ်ဟာ နှစ်ပေါင်းလေးဆယ်ကျော်လောက် အနိစ္စ ဒုက္ခ အနတ္တတွေ ပွားလိုက်တာ၊ ဒိဋ္ဌိမပြုတ်တဲ့အတွက် နိဗ္ဗာန်မရရှာဘူး။ အရှင်အာနန္ဒာက ဒိဋ္ဌိခွါတဲ့နည်းကို ပေးပြီး ဖြစ်ပျက် အားထုတ်ခိုင်းလိုက်တော့မှ နိဗ္ဗာန်ရသွားတယ်။ ၀ိပဿနာမှာ အနိစ္စ ဒုက္ခ အနတ္တရှုမှု၊ ဒိဋ္ဌိခွါမှုဆိုပြီး နှစ်မျိုးရှိတယ်။ ဒီနှစ်မျိုးအနက် ဒိဋ္ဌိခွါမှုကို ရှေ့ထားရမယ်လို့ မှတ်လိုက်ပါ။
ပဋိစ္စသမုပ္ပါဒ်နားမလည်တော့ ကြောင်းကျိုး ဆက်တာလဲမသိခြင်းကြောင့် ဒိဋ္ဌိကပ်ရတယ်။ ပဋိစ္စသမုပ္ပါဒ်မှာ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ- ခန္ဓာ့ဖြစ်စဉ် တစ်ခုလုံး ဒုက္ခသစ္စာပဲလို့ ဟောတော်မူထားတယ်။ ဒီလို ခန္ဓာ့ဖြစ်စဉ် တစ်ခုလုံး ဒုက္ခသစ္စာပဲလို့ မသိတော့ ပုဂ္ဂိုလ် သတ္တ၀ါ အထင်ရောက်နေတယ်။ ပဋိစ္စသမုပ္ပါဒ်မှာ အတိတ်က အ၀ိဇ္ဇာ သင်္ခါရလုပ်ခဲ့ပြီး သေတော့ နိဗ္ဗာန်မရသဖြင့် ဒီဘက်မှာ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေ ပေါ်လာရတယ်။ ဒါကို ပစ္စုပ္ပန်အကျိုးတစ်လွှာလို့ အမည်ပေးထားတယ်။ ပစ္စုပ္ပန်ခန္ဓာကြီး ပေါ်လာတာပါပဲ။ ဘာကြောင့် ပစ္စုပ္ပန်ခန္ဓာကြီး ပေါ်လာရတာလဲဆိုတော့ အတိတ်အကြောင်းကြောင့် ပေါ်လာရတယ်။ အတိတ်အကြောင်းတွေ ချုပ်ခဲ့သော်လဲ မပြတ်ဘူး၊ ပြတ်မသွားဘူး၊ ဒီဘက်မှာ ပစ္စုပ္ပန်ခန္ဓာပေါ်လာတော့ အကြောင်းကြောင့် ပေါ်တဲ့ အကျိုးတရားဆိုတာ ပဋိစ္စသမုပ္ပါဒ်မှာ အထင်အရှား ဖော်ပြထားတယ်။ အ၀ိဇ္ဇာ သင်္ခါရနှစ်ခုက အတိတ်အကြောင်း၊ ဒီဘက်က ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ငါးခုက ပစ္စုပ္ပန်အကျိုး၊ ပြတ်မသွားဘူး၊ အကြောင်းအကျိုး ဆက်နေတယ်။ ဒါကို ပြတ်တယ်လို့ ယူဆလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ အပြတ်အယူပေါ့။ ဒီဘ၀ ပြီးရင် နောက်ဘ၀မရှိတော့ဘူး၊ ဒီဘ၀ ဒီမျှသာပဲလို့ ခံယူထားတာဟာ ဥစ္ဆေဒဒိဋ္ဌိပါပဲ။
ဝိပဿနာအားမထုတ်လို့ရှိရင် ပစ္စုပ္ပန်ခန္ဓာကနေပြီး တဏှာ ဥပါဒါန် ကံတွေ ထပ်ပေါ်ပြန်တယ်။ ပစ္စုပ္ပန်ခန္ဓာကတစ်ဆင့် ထပ်ပေါ်တဲ့ တရားတွေဖြစ်လို့ ပစ္စုပ္ပန်အကျိုးတရားတွေလို့ ခေါ်တယ်။ ဒီတရားတွေက အနာဂတ်ဘ၀နဲ့ ဆက်မလို့ ပေါ်လာတာ။ ဒီတရားတွေက အနာဂတ်ဘ၀ဖြစ်တဲ့ ဇာတိ ဇရာမရဏတွေနဲ့ ဆက်သွားတယ်။ ဒီတရားတွေရှိနေသရွေ့ အနာဂတ်ဘ၀ အနာဂတ်ခန္ဓာ မလာပါနဲ့ဆိုလို့ မရတော့ဘူး။ ဒီလိုနားလည်ထားရင် ပြတ်မသွားဘူးဆိုတာ၊ အနာဂတ်ဘ၀နဲ့ အကြောင်းအကျိုး ဆက်နေတယ်ဆိုတာ နားလည်လာမယ်။ နားလည်ထားတော့ အပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိစင်သွားတာပေါ့။ မပြတ်ဘူး၊ အကြောင်းအကျိုးတော့ ဆက်နေတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် အကြောင်းအကျိုးတွေ ဆက်နေတယ်။ ဒီလို နားလည်ထားလိုက်တာနဲ့ နားလည်ထားတဲ့အတိုင်း ဒီလို ခံယူထားလိုက်တာနဲ့ ဥစ္ဆေဒဒိဋ္ဌိ စင်နေတာဟာ အကြောင်း အကျိုး ပဋိစ္စသမုပ္ပါဒ် ခန္ဓာ့ဖြစ်စဉ်ကို နားလည်ထားလို့ပါပဲ။
အတိတ်ဘ၀ ခန္ဓာနဲ့ အ၀ိဇ္ဇာသင်္ခါရတွေ ပြုလုပ်ခဲ့တယ်။ သေပြီးနောက် ဒီဘက်ဘ၀မှာ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေ လာပေါ်တယ်။ အ၀ိဇ္ဇာ သင်္ခါရက ဒီဘက်ကို လိုက်မလာတော့ဘူး။ ဟိုဘက်မှာပဲ ဖြစ်ပျက်ပြီး နေနေခဲ့တယ်။ ဒီဘက်ဘ၀ကို လိုက်မလာပါဘူး။ ဒီဘက်ဘ၀ကို လိုက်လာတယ်လို့ ထင်နေရင် သဿတဒိဋ္ဌိဖြစ်တယ်။ မပျက်မစီး မြဲနေတယ်လို့ ထင်နေတဲ့ အယူအဆပေါ့။ ဒီတရားတွေဟာ ဒီဘက်ဘ၀ကို လိုက်မလာပါဘူး။ အကြောင်းအကျိုး ဆက်ပေးရုံလောက်သာ ဖြစ်ပါတယ်။ ဒီလို အထည်အနေနဲ့တော့ လိုက်မလာဘူး၊ အကြောင်းအကျိုးဆက်ရုံလေး ဆက်နေတယ်လို့ နားလည်လိုက်ရင် သဿတဒိဋ္ဌိစင်သွားတာပေါ့။ အတိတ်တရားက အတိတ်မှာ ချုပ်ခဲ့ပြီ၊ ပစ္စုပ္ပန်ဘက်ကို လိုက်မလာနိုင်ဘူး။ သို့သော် အကြောင်းခံလျက် ချုပ်နေခဲ့တာဖြစ်တော့ အကြောင်းကြောင့် ပစ္စုပ္ပန်မှာ အကျိုးဆက်တွေ လာပေါ်ရတယ်လို့ နားလည်ထားလိုက်ပါ။ ကာလသုံးပါး အစပ်တွေကို ကြည့်လို့ နားလည်သဘောပေါက်ထားရင် မပြတ်လို့ စပ်နေတာဖြစ်တဲ့အတွက် ဥစ္ဆေဒဒိဋ္ဌိစင်နေတယ်။ အတိတ်အကြောင်းတရားက ပစ္စုပ္ပန်ဘ၀သို့ မလိုက်၊ ပစ္စုပ္ပန်အကြောင်းတရားက အနာဂတ်ဘ၀သို့မလိုက်၊ သူပေါ်တဲ့နေရာမှာ ချုပ်သွားတယ်လို့ သိထားပြန်တော့ မြဲတယ်ထင်နေတဲ့ သဿတဒိဋ္ဌိ စင်နေတယ်။ ဒီလိုသိမထားဘဲနဲ့သာ ၀ိပဿနာတရားအားထုတ်နေကြမယ်ဆိုရင် ဒိဋ္ဌိတန်းလန်းနဲ့ဖြစ်နေတော့ ပင်ပန်းရုံသာရှိမယ်။ မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ဘူး။ ကုသိုလ်တော့ ရတယ်၊ နိဗ္ဗာန်တော့မရဘူးတဲ့။ မိုးကုတ်ဆရာတော်ဘုရားကြီး အမိန့်ရှိတဲ့အတိုင်း ပြောလိုက်တာပါ။
ပုဂ္ဂိုလ် သတ္တ၀ါဆိုတာ တကယ့်အရှိတရားမဟုတ်ဘူး။ အခေါ်အဝေါ်ပညတ်မျှသာဖြစ်တယ်။ ဒါကို အရှိတရားလို့ ထင်ထားလိုက်မယ်ဆိုရင် သဿတဒိဋ္ဌိဖြစ်စေ ဥစ္ဆေဒဒိဋ္ဌိဖြစ်စေ တစ်ခုခုတော့ လာမှာပဲ။ သဿတဒိဋ္ဌိဟာ ပုဂ္ဂိုလ်သတ္တ၀ါက လာတယ်လို့ မှတ်လိုက်ပါ။ ဥပမာ- ဦးလှတော့ သေသွားပြီဆိုရင် ဦးလှဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် သေသွားတယ်၊ အသက်ထွက်သွားတယ်ပေါ့။ ပုဂ္ဂိုလ်အနေနဲ့ ထင်မှတ်ထားပြီး သေသွားတယ်၊ အသက်ထွက်သွားတယ်ဆိုတော့ ဒီအသက်ကလေးက မပျက်မစီးဘဲ ဦးလှခန္ဓာထဲက ထွက်သွားတယ်လို့ ယူဆလိုက်တာပါပဲ။ ဒီလို အယူကို သဿတဒိဋ္ဌိလို့ ခေါ်တယ်။ ဘာအသက်မှ ထွက်သွားစရာမရှိပါဘူး။ ဖြစ်ပြီး ပျက်သွားတာပါပဲ။ အသက်ဆိုတာ ရုပ်ဇီဝိတ နာမ်ဇီဝိတကို ခေါ်ပါတယ်။ ဒီရုပ် နာမ်ကလဲ ဒီနေရာမှာဖြစ် ဒီနေရာမှာ ပျက်ရတယ်။ အပြင်ထွက်သွားစရာ မရှိပါဘူး။ ဖြစ်ပျက် အနိစ္စတရားသာ ဖြစ်တယ်။ ဘယ်မှထွက်သွားလို့ ရတဲ့တရားမဟုတ်ပါဘူး။ ဒါပေမယ့် အသက်ထွက်သွားတယ်ဆိုတော့ သဿတဒိဋ္ဌိ- မပျက်မစီး မြဲနေတဲ့အသက်ကလေး ထွက်သွားတယ်လို့ ယူဆလိုက်တာပါပဲ။ အသက်ထွက်သွားတာ ဘယ်သူလဲ၊ သေသွားတာ ဘယ်သူလဲဆိုတော့ ဦးလှ သေသွားတယ်လို့ ပုဂ္ဂိုလ်သံပေါ်လာတယ်။ ပုဂ္ဂိုလ်ပေါ်လာရင်တော့ အသက်ထွက်တယ်ဆိုတာကလဲ ပေါ်လာဦးမှာပဲ။ အသက်ထွက်တယ်ဆိုတော့ မြဲတဲ့အသက်ကလေး အပြင်ထွက်သွားတာဖြစ်တယ်လို့ ယူဆထားတဲ့အတွက် သဿတဒိဋ္ဌိက ပေါ်လာတယ်။ ဒါကြောင့် ပုဂ္ဂိုလ် သတ္တ၀ါမဆိတ်သုဉ်းသမျှ သဿတဒိဋ္ဌိ ပေါ်နေဦးမှာပါပဲ။ အတိတ်က အ၀ိဇ္ဇာ သင်္ခါရ တရားနှစ်ပါးကြောင့် ဒီဘ၀ ပစ္စုပ္ပန်ခန္ဓာ ပေါ်လာရတာပါ၊ ဒီကြားထဲမှာ အသက်ဆိုတာ မပါပါဘူး။ စက်ဝိုင်းကိုကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာပါ။ ဒီဘက်ဘ၀ကို အတိတ် ၀ိညာဏ်ကပြောင်းလိုက်လာတာ၊ အတိတ်က အသက်ကလေး ပြောင်းဝင်လာတာ မပါပါဘူး။ ဒီလို အသက်ကောင်လေးက ပြောင်းဝင်လာတယ်လို့ ယူဆနေရင် သဿတဒိဋ္ဌိ၊ အတိတ်တရားက အတိတ်မှာပဲ ဖြစ်ပျက်ပြီး အကြောင်းအကျိုးမျှသာ ဆက်နေတယ်လို့ ရှင်းရှင်း သဘောပေါက်ထားရင် သဿတဒိဋ္ဌိစင်ပါတယ်။ ပုဂ္ဂိုလ် သတ္တ၀ါဆိုတာ အရင်ကလဲ မပါသလို ယခုဘ၀လဲ မပါဘူး။ နောက်ဘ၀လဲမပါပါဘူး။ ဓမ္မသဘောတရားအစုမျှသာ ဖြစ်ပြီး ပျက်နေကြတယ်။ အကြောင်းအကျိုးဆက်လို့ ပေါ်နေကြတယ်။ ဖြစ်ပြီး ပျက်နေကြတဲ့အတွက် မမြဲဘူး၊ မမြဲတာသိတော့ သဿတဒိဋ္ဌိစင်နေတယ်။ မမြဲပေမယ့် ပြတ်တော့မသွားဘူး၊ အကြောင်းအကျိုးတော့ ဆက်နေသေးတယ်လို့ သိတော့ ဥစ္ဆေဒဒိဋ္ဌိစင်နေတယ်။ အကွက် (၁)တရားတွေကြောင့် (၂) တရားတွေဖြစ်၊ (၂) ကြောင့် (၃)ဖြစ်၊ (၃) ကြောင့် (၄)ဖြစ်တယ်လို့ အကြောင်း အကျိုးဆက်တာကို သဘာဝကျကျ နားလည်ထားမယ်ဆိုရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ (၁)က တရားက (၂)ထံ လိုက်မလာဘူး၊ (၂)ကတရားက (၃)ထံ လိုက်မလာဘူး၊ (၃)က တရားက (၄)ထံ လိုက်မလာဘူး၊ သူတို့ပေါ်တဲ့နေရာမှာသာ ပျက်စီးကြရတယ်။ ဒီလို လိုက်မလာတဲ့သဘောတရားလေးတွေကို ဆင်ခြင်နိုင်မယ်ဆိုရင် တည်မြဲအထင်ကင်းလို့ သဿတဒိဋ္ဌိစင်ရတယ်။ ပုဂ္ဂိုလ် သတ္တ၀ါမရှိ၊ ဓမ္မအစုသာရှိတယ်၊ ရုပ်နာမ်သာရှိတယ်၊ အကြောင်းအကျိုးသာရှိတယ်လို့ နားလည်ထားတော့ သက္ကာယဒိဋ္ဌိ၊ သို့မဟုတ် အတ္တဒိဋ္ဌိစင်နေတယ်။ ဒီလို ပဋိစ္စသမုပ္ပါဒ်ကို ကွင်းဆက်မိမိ သိနားလည်ထားမယ်ဆိုရင် ဒီ ဒိဋ္ဌိတွေ အသိနဲ့စင်နေမယ်။ ဒီလို အသိနဲ့ ဉာဏ်ရှင်းနေပြီဆိုရင်တော့ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ ဖြစ်ပျက်မြင်အောင်လုပ်တဲ့ ၀ိပဿနာအလုပ်ကို အားထုတ်ပါတော့။ အသိဉာဏ်ကနေ အပွားဉာဏ်ဝင်လာပါလိမ့်မယ်။ အသိဉာဏ်နဲ့ ဒိဋ္ဌိပယ်တဲ့အဆင့်ကနေ အပွားဉာဏ်နဲ့ ဒိဋ္ဌိပယ်တဲ့အဆင့် ရောက်လာပါလိမ့်မယ်။ အပွားဉာဏ်ကနေ အပယ် (ပယ်ခွါမှု) ဉာဏ်နဲ့ ပယ်ခွါနိုင်မယ်ဆိုရင်တော့ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါလိမ့်မယ်။
ဒေါက်တာအရှင်ပါရမီ
Tuesday, August 9, 2011
ကိုယ့်အမျိုး ကိုယ်ချစ်ပါ
မြန်မာပြည်သည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာ၊ ကိုယ်ပိုင်သာသနာ၊ ကိုယ်ပိုင်လူမျိုး စသည်တွေနဲ့ ရပ်တည်လာတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာကတော့ ဦးဇင်းတို့မြန်မာသက္ကရာဇ် အနေနဲ့ (၁၂)လရှိပါတယ်။ လတိုင်းလတိုင်းမှာ မြန်မာယဉ်ကျေးမှုလေးတွေ ရှိနေတာကိုဆိုလိုချင်တာပါ။ ဆိုပါဆို့။ တန်ခူးလမှာဆိုရင် အတာရေသဘင်ပွဲဆင်နွှဲကြပြီး သက်ကြီးရွယ်အိုများကို ပူဇော်ကြတယ်။ ဘုရားကျောင်းကန်သွားပြီးတော့ မြတ်စွာဘုရားကိုရေသပ္ပါယ်ကြတယ်။ တိရိစ္ဆာန်လေးတွေကို ဘေးမဲ့လွှတ်ကြတယ်။ ဒါက တန်ခူးလမှာ မြန်မာလူမျိုးများပြုလုပ်လေ့ရှိတဲ့ ယဉ်ကျေးမှုပါ။ ကဆုန်လမှာဆိုရင် ကဆုန်လပြည့်ဗုဒ္ဓနေ့သတ်မှတ်ပြီး ညောင်ရေသွန်းပွဲကျင်းပခြင်းဆိုတဲ့ ယဉ်ကျေးမှု ရှိနေပါတယ်။ နယုန်လမှာကျတော့ စာတော်ပြန်ပွဲတွေ ဆင်နွှဲကျင်းပကြပါတယ်။ မန္တလေး သကျသီဟ(အဘိဝံသ) စာပြန်ပွဲဆိုရင် နယုန်လပြည့်နေ့စာပြန်တော်ပွဲ အထိမ်းအမှတ်နဲ့ ကျင်းပတာ နှစ်ပေါင်း တစ်ရာကျော်ပါပြီ။ အဲဒါကိုအမှီပြုပြီး ရှေးတုန်းက ပထမပြန်စာမေးပွဲတွေဟာ နယုန်လမှာ ကျင်းပကြတာပါ။ နောက်ပိုင်းကျတော့ စာသင်သံဃာတော်တွေဟာ မိမိတို့အရပ်ဒေသပြန်ရတာ နောက်ကျပါတယ်ဆိုပြီးတော့ တပိုတွဲ၊ တပေါင်း အဲဒီမှာ ကျင်းပကြဖို့ပြောင်းလဲလိုက်တာပါ။ အဲဒီတော့ နယုန်လမှာ စာတော်ပြန်ပွဲ ကျင်းပဆိုတာသိထားဖို့ပါ။ ဝါဆိုလရောက်ပြန်တော့လည်း သံဃာတော်တွေဝါဆိုတဲ့ပွဲ၊ ဝါဆိုသံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လှူတဲ့ပွဲ၊ ပြီးတော့ ဦးပဇင်းအသစ်လေးတွေ ပဉ္စင်းခံပွဲ စသည်ဖြင့်ပေါ့လေ လတိုင်းလတိုင်းမှာ မြန်မာ့ယဉ်ကျေးမှုလေးတွေကိုယ်စီရှိနေကြတာပါ။
အဲဒီတော့ မြန်မာပြည်ယဉ်ကျေးမှုတည်တံ့သည်နှင့်အတူ အမျိုး၊ ဘာသာ၊ သာသနာ ဒီသုံးခုလည်း တည်တံ့စေဖို့ အတွက်ဦးဇင်းတို့ ဗုဒ္ဓဘာသာတွေအားလုံးမှာ တာဝန်ရှိနေကြပါပြီ။ (ကုလံ စိရံ တိဋ္ဌတု မရမ္မရဋ္ဌေ) မြန်မာ့တိုင်း မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေ ကမ္ဘာတည်သရွေ့ တည်တံ့စေအောင် မိမိလူမျိုးကို မိမိထိန်းသိမ်းရမယ်၊ စောင့်ရှောက်ရမယ်၊ ကာကွယ်ရမယ်၊ ကူညီရမယ်။ ဒါအားလုံးသော မြန်မာလူမျိုးတွေရဲ့တာဝန်ပါ။ မိမိလူမျိုးတည်တံ့စေဖို့ အရေးကြီးတဲ့ အချက်(၃)ချက်ရှိမယ်။ မိမိလူမျိုးအချင်းချင်း အိမ်ထောင်ပြုရမယ်။ မိမိလူမျိုးရောင်းချတဲ့ ဈေးဆိုင်မှာ ဈေးဝယ်ရမယ်။ မိမိလူမျိုးအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဆက်ဆံရမယ်။ ဒီသုံးချက်ကို အားလုံးလိုက်နာရင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာလူမျိုး ကမ္ဘာတည်သရွေ့ရှိနေမှာပါ။ ဦးဇင်းတို့ဆုတောင်းပါတယ်။ အမျိုးမပျောက်စေနဲ့ပေါ့လေ။ နောက်တစ်ခုက ဘာသာပါ။ ဘာသာဆိုတာ ဒီနေရာမှာ(စကား)မှတ်လိုက်ပါ။ မြန်မာစကားလုံးတွေ၊ မြန်မာစကားဝါကျတွေကို ဘာသာလို့ပြောတာပါ။ မြန်မာမြေပေါ်မှာ ဘိုး ဘွား အစဉ်အဆက်က သုံးဆွဲလာတဲ့ မြန်မာစကားလည်းပဲ တည်တံ့ပါစေလို့ ဦးဇင်းတို့ဆုတောင်းပါတယ်။ နောက်တစ်ခုက (သာသနာ)ပါ။ သာသနာဆိုတာကတော့ မြတ်စွာဘုရားရဲ့ သာသနာတော်ကိုရည်ညွှန်းပြောလိုတာပါ။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သာသနာတော်သည်လည်းပဲ မြန်မာ့မြေပေါ်မှာ ကမ္ဘာတည်သရွေ့တည်တံ့ပါစေလို့ ဦးဇင်းတို့ဆုတောင်းပါတယ်။ ဗုဒ္ဓသာသနာတည်တံ့ပါမှ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ အစဉ်ထာဝရတည်တံ့ပါလိမ့်မယ်။ မြန်မာလူမျိုး မြန်မာ့ဘာသာလည်း တည်တံ့ပါလိမ့်မယ်။ ဒါကြောင့် သာသနာဆိုတာ ဘာလဲလို့ဆိုရင် မြတ်စွာဘုရားအဆုံးအမ စကားလုံးတွေဟာ မြတ်စွာဘုရားရဲ့သာသနာတော်ပါပဲ။ ဒီသာသနာတော်ကြီး မြန်မာပြည်မှာသာမက ကမ္ဘာအရပ်ရပ်မှာမှာ ကမ္ဘာတည်သရွေ့တည်ရှိနေပါစေလို့ ဦးဇင်းတို့ လေးနက်စွာ ဆုတောင်းပါတယ်။ အဲဒီတော့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုး၊ မြန်မာဘာသာနဲ့ မြတ်စွာဘုရားသာသနာ ကမ္ဘာတည်သရွေ့ မြန်မာ့မြေပေါ်မှာတည်တံ့ပါစေလို့ အားလုံးတာဝန်ကိုယ်စီနဲ့ထိန်းသိမ်းရမယ်၊ စောင့်ရှောက်ရမယ်၊ ကာကွယ်ရမယ်။ ရှေးတုန်းက ဘိုး ဘွား မိဘ ဆရာသမားတွေလည်း (ဘိုးစဉ်ဘောင်ဆက်)ပေါ့လေ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုး၊ မြန်မာဘာသာ၊ မြတ်စွာဘုရားသာသနာတော်ကို ကြာရှည်စွာတည်တံ့အောင် ထိန်းသိမ်းခဲ့ကြတာပါ။ သီပေါမင်းပါတော်မူပြီးတော့ တိုင်းတစ်ပါးလက်အောက်ကို ကျရောက်စဉ်တုန်းကလည်း ဒီမူတွေ၊ ဒီအဓိဋ္ဌာန်တွေနဲ့ပဲကြိုးစားခဲ့ကြတာ၊ တွန်းလှန်ပယ်ရှားပြီးတော့ အမိမြန်မာပြည်နှင့် အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှုတွေအားလုံး ပြန်လည်ရယူပြီး တည်တံ့အောင် ထွန်းကားအောင် ဆောင်ရွက်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့တာ အားလုံးသိပြီးသားပါ။ ဒါကြောင့် ယနေ့ မျိုးဆက်သစ် မြန်မာနိုင်ငံသားတို့အပေါ်မှာ အဖိုး အဖွား မိဘများရဲ့ ကျေးဇူးတရားတွေရှိနေပါတယ်။ အဲဒီတော့ အဖိုး အဖွား မိဘများရဲ့ ကျေးဇူးတရားတွေကို မျိုးဆက်သစ်များက ဆက်လက်ပြီး ထိန်းသိမ်း ဆောင်ရွတ်ကြရမယ်။ ရှေးတုန်းက အဖိုး အဖွား မိဘ မြန်မာလူမျိုးတို့ဟာ နောင်လာနောင်သား မျိုးးဆက်သစ်တွေရဲ့ အပေါ်မှာ မျှော်လင့်ချက်၊ တောင်းတချက်တွေ၊ တောင်းတချက်တွေလည်းပဲ ထားခဲ့ပါသေးတယ်။ အဲဒါဘာတွေလဲလို့ဆိုတော့
(၁)။ ဘတော ဝါ နော ဘရိဿတိ-တဲ့.. ငါတို့မွေးမြူခဲ့တဲ့ သားတွေ သမီးတွေ မြေးတွေ မြစ်တွေကို ငါတို့မွေးမြူထားခဲ့တာဖြစ်သည့်အတွက် ငါတို့ကို ပြန်လည်ပြီး ကျွေးမွေးပြုစုစောင့်ရှောက်လိမ့်မည်ဆိုတဲ့တောင်းတချက်ပါ။ အဲဒီတော့ (ကိုယ်အမျိုး ကိုယ်ချစ်ပါ)ဆိုတဲ့စကားနဲ့ပြောမယ်ဆိုရင် ငါတို့ ပြုစုစောင့်ရှောက်ခဲ့တဲ့ မြန်မာနိုင်ငံမြေပေါ်မှာ အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှုတွေကို ငါတို့မွေးမြူထားခဲ့တဲ့ သားသမီး မြေး မြစ်များက လက်ဆင့်ကမ်းပြီး ထိန်းသိမ်းစောင့်ရှောက်လိမ့်မယ်ဆိုတဲ့ တောင်းတချက်၊ မျှော်လင့်ချက်များကို ထားခဲ့ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အဖိုး အဖွား မိဘများရဲ့ ကျေးဇူးတရားများကို ဆပ်သောအားဖြင့် မြန်မာမြေပေါ်မှာရှိနေတဲ့ အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှုများကို မပျောက်ပျက်ရလေအောင် ထိန်းသိမ်း စောင့်ရှောက် မွေးမြူသင့်တယ်လို့အကြံပြုချင်ပါတယ်။ ဒါမှသာလျှင် ကိုယ့်အမျိုး ကိုယ်ချစ်ပါဆိုတဲ့ စကားလုံးနဲ့ထပ်တူကျမှာဖြစ်ပါတယ်။
(၂)။ ကိစ္စံ ဝါ နော ကရိဿတိ-တဲ့။ ရှေးတုန်းက အဖိုး အဖွားတွေက ငါတို့ရဲ့မျိုးဆက်သစ် သား သမီး မြေးမြစ်များက ငါတို့ဆောင်ရွက်ခဲ့ကြတဲ့ အမျိုးကောင်းစားရေးကိစ္စ၊ ဘာသာစကားထွန်းကားရေးကိစ္စ၊ မြတ်စွာဘုရားသာသနာတော်ထွန်းကားရေး ကိစ္စ၊ ယဉ်ကျေးမှုရှင်သန်ရေးကိစ္စတွေကို ဆက်လက်ပြီး အဓွန့်ရှည်တည်တံ့အောင် ထိန်းကားပြန့်ပွားအောင် ကြိုးစားအားထုတ်ကြလိမ့်ဆိုတဲ့ တောင်းတချက်လည်းထားခဲ့ပါသေးတယ်။ အမျိုးကောင်းစားရေးအလုပ်၊ ဘာသာစကားတည်တံ့ရေးအလုပ်၊ မြတ်စွာဘုရားသာသနာတော်ကြီးတည်တံ့ပြန်ပွားအောင် ကြိုးစား ထိန်းသိမ်းစောင့်ရှောက်ရေးအလုပ်၊ ယဉ်ကျေးမှု မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအလုပ်တွေက မျိုးဆက်သစ်မြန်မာလူငယ်တိုင်းမှာ တာဝန်ရှိပါတယ်။ လုပ်ဆောင် ကြိုးပမ်းဖို့လိုပါတယ်။ ငါမလုပ်လည်း သူများလုပ်မှာပဲဆိုတဲ့ အတွေးမျိုးမထားသင့်ပါ။ ငါကဲ့သို့လူများ…များပြားလာပါက (ဒါမှမဟုတ်)ငါကဲ့သို့သော လူများ အားလုံးနီးပါးဖြစ်လာပါက ထိုထိုသော အမှုကိစ္စများကို ပြုလုပ်ဖြစ်မည်မဟုတ်ပါ။ ဒါကြောင့် ဘယ်သူမလုပ်လုပ် ကိုယ် လုပ်မယ်ဆိုတဲ့ စိတ်ထားကိုထားလိုက်ရင် အားလုံး လုပ်ဖြစ်သွားကြမှာပါ။ ဒါမှလည်း ရှေးတုန်းက အဖိုး အဖွား မိဘများကို ကျေးဇူးဆပ်ရာရောက်သလို ကိုယ်အမျိုး ကိုယ်ချစ်ပါဆိုတဲ့စကားနဲ့လည်းထပ်တူကျပါတယ်။
(၃)။ ဒါယဇ္ဇံ ပဋိပဇ္ဇိဿတိ။ ရှေးတုန်းက အဖိုး အဖွား မိဘတွေက ယခုခေတ် မျိုးဆက်သစ် သားသမီး မြေး မြစ် များကိုလှမ်းပြီးကြည့်တယ်တဲ့။ ငါတို့ရဲ့ မျိုးဆက်သစ် သား သမီး မြေး မြစ် တွေက ငါတို့ရဲ့ အမွေကိုဆက်လက်ထိန်းသိမ်းလိမ့်မယ်ဆိုပြီး လှမ်းမျှော်ပြီးကြည့်ပါတယ်။ အမွေအနှစ်ဆိုတာ ဘိုးဘွားတွေထိန်းသိမ်းခဲ့တဲ့ ယဉ်ကျေးမှုအမွေ၊ လူမျိုးထိန်းသိမ်း တဲ့အနေနဲ့ သော်လည်းကောင်း၊ ဘာသာစကားထိန်းသိမ်းခဲ့တဲ့ အနေနဲ့သော်လည်းကောင်း၊ လူမျိုးတူအချင်းချင်း ထိမ်းမြားလက်ထပ်ခြင်း၊ လူမျိုးတူအချင်းချင်း ပေါင်းသင်ဆက်ဆံခြင်း၊ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးတိုးတက်အောင် ချီးမြှင့်ခြင်းဆိုတဲ့ အမွေအနှစ်ကို နောက်လာမယ့် မျိုးဆက်သစ် သားသမီး မြေး မြစ်တွေက ဆက်ခံလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ မြန်မာမြေကို တစ်လက်မသော်မှ သူများနိုင်ငံသို့မရောက်အောင် ထိန်းသိမ်းခဲ့တဲ့ အမွေအနှစ်ကိုလည်း ဆက်လက်ကျင့်သုံးမယ်ဆိုတဲ့ တောင်းတချက်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ မြန်မာဟေ့ဆိုပြီး ဂုဏ်ယူနိုင်အောင်၊ မိမိရင်ဘက်ကိုပုတ်ပြီး ရဲရဲဝံ့ဝံ့ ပြောနိုင်အောင် အဘိုး အဘွားတွေရဲ့ ထိန်းသိမ်းခဲ့တဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းရပါမယ်။ တိုးတက်အောင် ဆောင်ရွတ်ရပါမယ်။ ဒါမှသာလျှင် ကိုယ်အမျိုးကို ကိုယ်ချစ်ရာရောက်သလို ဘိုးဘွားမိဘများကိုလည်း ကျေးဇူးဆပ်ရာရောက်မှာပါ။
(၄)။ ကုလဝံသော စိရံ ဌဿတိ။ ဒါက မြန်မာလူမျိုးများ ကြာမြင့်စွာတည်တံ့ပါစေလို့ဆိုတဲ့ပါဠိတော်လေးပါ။ မြန်မာလူမျိုးတွေ ကြာမြင့်စွာတည်တံ့ဖို့ သိပ်အရေးကြီးပါတယ်။ အမျိုးတူ ဇာတ်တူနဲ့ ထိမ်းမြားလက်ထပ်ရမှာပါ။ ဘာသာတူအချင်းချင်းပေါင်းသင်းဆက်ဆံ ထိမ်းမြားလက်ထပ်ရမှာပါ။ အဲလိုမှမဟုတ်ပဲ ဘာသာမတူ လူမျိုးမတူတာတွေနဲ့ပေါင်းသင်းဆက်ဆံ ထိမ်းမြားမယ်ဆိုရင် မြန်မာလူမျိုးများ ကြာရှည်စွာတည်တံ့ဖို့ မလွယ်ပါဘူး။ မြန်မာလူမျိုးများ မတည်တံ့ဘူးဆိုရင် မြန်မာရဲ့ စကားလည်းပျောက်ကွယ်မှာပဲ။ မြန်မာ့ယဉ်ကျေးမှုလည်းပျောက်ကွယ်မှာပဲ။ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးလည်း ကွယ်ပျောက်သွားမှာပဲ။ အဲဒီတော့ မြန်မာလူမျိုး အရှည်တည်တံ့ချင်ရင် ကိုယ့်အမျိုး ကိုယ်ချစ်ရမယ်။ မိမိလူမျိုး၊ မိမိဘာသာမှလွဲပြီး ကျန်သောလူမျိုး ကျန်သောဘာသာဝင်နဲ့ ထိမ်းမြားခြင်းကို ရှောင်ကြဉ်ကြပါလို့ အထူးတိုက်တွန်းလိုတာပါ။ တကယ်သာလိုက်နာကျင့်သုံးမယ်ဆိုရင် မြန်မာလူမျိုးဟာ ကမ္ဘာတည်သရွေ့ ရှိနေမှာပါ။ အားလုံးလိုက်နာမှ ဖြစ်မှာပါ။ အားလုံးမှာတာဝန်ရှိပါတယ်။ အတိတ်က ဖြစ်ပျက်ခဲ့တာ ဘာသာခြားနဲ့ အိမ်ထောင်ပြုလို့ ဒုက္ခရောက်ခဲ့တဲ့ မြန်မာမိန်းကလေးများကို သံဝေဂယူ၊ အတုယူပြီး ယခုအချိန်ကစလို့ မြန်မာလူမျိုးကမ္ဘာတည်သရွေ့ တည်တံ့ဖို့အတွက် ဘာသာတူ ဇာတ်တူ လူမျိုးတူများနဲ့သာ ပေါင်းသင်းဆက်ဆံ ထိမ်းမြားသင့်ကြောင်းပြောပြလိုတာပါ။ အထင်ကြီးလို့တော့မဟုတ်ပဲ အတုယူသင့်တဲ့ ဟိန္ဒူလူမျိုးတွေရဲ့ ဇာတ်၊ လူမျိုးထိန်းသိမ်းပုံကို နည်းနည်းလေးပြောပြချင်ပါတယ်။ ဟိန္ဒူလူမျိုးတွေမှာ ဇာတ်နိမ့်၊ ဇာတ်မြင့်ဆိုပြီး ဇာတ်ဝါဒခွဲခြားတာလေးတွေရှိတယ်။ ဇာတ်မြင့်ကပေါက်ဖွားလာတဲ့ မျိုးဆက်သစ်များက သူတို့ဇာတ်မြင့်ကို ကြာရှည်စွာတည်တံ့စေအောင် ဇာတ်မြင့်တဲ့သူအချင်းချင်းပဲ ပေါင်းသင်းဆက်ဆံတယ်။ ထိမ်းမြားလက်ထပ်တယ်။ ဇာတ်နိမ့်သမားကလည်း သူတို့ဇာတ်နိမ့်ဘဝကနေ လွတ်မြောက်စေအောင် ဇာတ်မြင့်ဖြစ်အောင်ကြိုးစားတယ်။ ဒါပေမယ့်မရပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်မြင့်သမားက ရာခိုင်နှုန်း (၉၀)ကျော်လောက်က ဇာတ်မြင့်ချင်းပဲပေါင်းသင်းဆက်ဆံလို့ပါ။ ဒါက(သာဓက)လေးပါ။ အတုယူသင့်ပါတယ်။ ဒါဖြင့်ရင် ဦးဇင်းတို့ မြန်မာလူမျိုးတွေကို အပြစ်တင်လိုတဲ့အနေနဲ့ပြောချင်းမဟုတ်ပါ။ သိသင့်သိထိုက် ရှောင်ကြဉ်သင့်ရှောင်ကြဉ်ထိုက်တာကို သိစေလိုတဲ့စိတ်၊ စေတနာနဲ့ပြောပြလိုတာပါ။ မိမိရဲ့ လူမျိုး ဘာသာမှလွဲပြီး ကျန်တဲ့ ဘာသာမတူ လူမျိုးမတူသူ ဘယ်လိုပုဂ္ဂိုလ်မျိုးကမဆို ဘာနဲ့ပဲ ဖျားယောင်းသွေးဆောင်ပါစေ၊ မိမိဘာသာ မိမိလူမျိုးကို အသက်နဲ့လဲပြီးကာကွယ်စောင့်ရှောက်ပေးစေချင်ပါတယ်။ မိန်းကလေးများသာမက အားလုံးမှာတာဝန်ရှိတာပါ။ အားလုံးလိုက်နာရပါ့မယ်။ ဒါမှသာ မြန်မာလူမျိုးဟာ မြန်မာ့မြေပေါ်၊ ကမ္ဘာမြေပေါ်မှာ အရှည်တည်တံ့စွာရပ်တည်နိုင်မှာဖြစ်ပါတယ်။ အမျိုးမတူ ဘာသာမတူတဲ့သူကို ပေါင်းသင်းဆက်ဆံမိရင်တော့ မြန်မာလူမျိုးများ ရေရှည်တည်တံ့ဖို့မလွယ်ကူပါ။ ဒီနေရာမှာ မြတ်စွာဘုရားလက်ထက်က အမျိုးမတူ၊ ဇာတ်မတူတဲ့သူကိုပေါင်းသင်းမိလို့ ဒုက္ခရောက်သွားတဲ့ ဖွတ်တွေအကြောင်းကိုပြောပြချင်ပါတယ်။ (ကကဏ္ဍကဇာတ်)မှာ လာတာပါ။ အဲဒီဇာတ်တော်မှာ မြတ်စွာဘုရားလောင်းတော်ဟာ ဖွတ်ငါးရာကိုဦးစီးနေတဲ့ ဖွတ်မင်းဖြစ်ပါတယ်။ ဟိမဝန္တာတောင်မှာ အဲလိုဖွတ်ပေါင်းငါးရာကိုဦးစီးပြီးနေလာခဲ့တာ အချိန်ကြာလာတော့ ဖွတ်သားလေးတစ်ကောင်က အမျိုးမတူတဲ့ (ကကဏ္ဍက) ပုတ်သင်ခြောက်လေးနဲ့ မိတ်ဆွေ ဖြစ်နေပါတယ်။ ဘုရားလောင်းက အမျိုးမတူ ဇာတ်မတူနဲ့ မပေါင်းသင်းသင့်ကြောင်း၊ အမျိုးမတူ ဇာတ်မတူ ဘာသာမတူသူနဲ့ပေါင်းသင်းမိပါက ဒုက္ခရောက်တတ်တယ်ဆိုတဲ့အကြောင်းကို ဖွတ်သားလေးကိုဆုံးမပါတယ်။ ဒါပေမယ့် မရဘူး။ အဲဒီဖွတ်သားလေးက ပုတ်သင်ခြောက်လေးဆီ သွားသွားပြီးတော့ ဆော့တယ်။ ကြာလာတဲ့အခါကျတော့ ဖွတ်သားလေးလည်းကြီးတာတယ်။ ပုတ်သင်ခြောက်လေးလဲကြီးလာတာပေါ့။ ကြီးလာချင်းတူပေမယ့် ဖွတ်ကတော့ အကောင်ကြီးတာပေါ့။ ပုတ်သင်ခြောက်ကတော့ ကြီးလာတယ်ဆိုပေမယ့် တစ်လက်မပတ်လည်လောက်ပဲရှိတာပေါ့လေ။ ဒီလိုနဲ့ ဖွတ်ကကြီးကြီးလာတော့ ပုတ်သင်ခြောက်ကို အပေါ်ကနေလည်ပင်းပတ်၊ ဖိထားပြီးကစားတော့ ပုတ်သင်ခြောက်က အတော်ခံရခက်နေပါတယ်။ ဒါကြောင့် ပုတ်သင်ခြောက်က ရန်ငြိုးထားတာပေါ့။ ဘယ်လိုရန်ငြိုးထားလဲဆိုတော့ “တွေ့ကြသေးတာပေါ့၊ နင်တို့ဖွတ်တွေ အမျိုးပြုတ်အောင် ငါလုပ်ပြမယ်ဆိုတဲ့” ရန်ငြိုးထားလိုက်ပါတယ်။ နောက်ပြီး ပုတ်သင်ခြောက်က မိမိနေရာကို ပြန်ချင်ယောင်ဆောင်ပြီး ဖွတ်တွေနေတဲ့ လိုဏ်ဂူတွေကို အစအဆုံးလိုက်ပြီးကြည့်တယ်။ မှတ်သားတယ်။ တစ်နေ့တော့ တောလိုက်မုဆိုးတွေက ခွေးအုပ်ကြီးနဲ့လာလိုက်တာ ကိုတွေ့တော့ ပုတ်သင်ခြောက်က ဟန်ကျပြီ။ ဖွတ်တွေနေတဲ့ နေရာကိုပြပြီး ဖွတ်တွေမျိုးပြုတ်အောင်လုပ်မယ်ဆိုပြီး ပုတ်သင်ခြောက်က ရှေ့ကနေပြေးပြ၊ ခွေးတွေကနောက်ကလိုက်တာပေါ့။ ဖွတ်တွေနေတဲ့ လိုဏ်ဂူရောက်တော့ အတွင်းထဲဝင်ပြေပြီး အခြားအပေါက်ကနေ လှည့်ထွက်ခဲ့ပါတယ်။ ခွေးတွေ မုဆိုးတွေကလည်း ပုတ်သင်ခြောက်ကို အသည်းသန်ရှာဖွေ။ ကျင်းတွေတူးပြီးရှာ၊ နောက်ဆုံးတော့ ဖွတ်တွေကိုလည်း တွေ့ရော၊ ဖွတ်တွေမထွက်ခင် လိုဏ်ဂူပေါက်အားလုံးကိုပိတ်ဆို့ပစ်လိုက်ပါတယ်။ ပြီးတော့ မီးနဲ့ရှို့ပစ်လိုက်တာ၊ ဖွတ်မျိုးတွေ ကုန်သလောက်နီးပါးဖြစ်သွားပါတယ်။ ဒါကြောင့် အမိမြန်မာပြည်ရဲ့ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာ၊ လူမျိုး အရှည်တည်တံ့စေချင်တယ်ဆိုရင်တော့ ဖွတ်နဲ့ပုတ်သင်ခြောက်ရဲ့ အမျိုးဇာတ်မတူသူနဲ့ ပေါင်းသင်းလို့ အမျိုးပြုတ်ခဲ့ရတဲ့ ဖြစ်ရပ်ကို နမူနာယူပြီး အမျိုး ဇာတ် ဘာသာ အယူအဆ မတူသူများနဲ့ မပေါင်းသင်းကြဘဲ မိမိနဲ့အမျိုးတူ၊ ဇာတ်တူ၊ ဘာသာတူများနဲ့သာ ပေါင်းသင်းဆက်ဆံသင့်တယ်ဆိုတာ လေးလေးနက်နက် ပြောပြပါရစေ။ အမျိုးမတူ၊ ဘာသာမတူ၊ ဇာတ်မတူသူနဲ့ပေါင်းသင်းခြင်းသည် အမျိုးပျောက်စေတတ်တယ်ဆိုတာ မြတ်စွာဘုရားလက်ထက်တော်တည်းက ရှိနေခဲ့တဲ့ ထင်ရှားတဲ့ ဥပမာသာဓကပါ။ မြန်မာလူမျိုးများဟာ အိပ်တဲ့အခါ ခေါင်းရင်း (သို့မဟုတ်) အရှေ့ဘက်ကိုခေါင်းထားပြီးအိပ်လေ့ရှိပါတယ်။ အနောက်ဘက်၊ ခြေရင်းကို ခေါင်းထားပြီး ဘယ်တော့မှမအိပ်ချင်ပါနဲ့။ အဲလောက်ပြောရင်သဘောပေါက်လောက်ပါပြီ။ အဘိုးအဘွား မိဘများရဲ့ကျေးဇူးတရားကို တကယ်ဆပ်ချင်ရင်၊ ကိုယ့်လူမျိုးကို ကိုယ်တကယ်ချစ်တယ်ဆိုရင် ဘာသာတူ၊ လူမျိုးတူအချင်းချင်း ပေါင်းသင်းဆက်ဆံပါလို့ တိုက်တွန်းချင်ပါတယ်။ မသိသေးတဲ့ မိမိရဲ့အပေါင်းသင်း မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများကိုလည်း တစ်ဆင့်ပြောပြပေးဖို့လိုအပ်နေပါတယ်။
(၅)။ ပေတာနံ ကာလင်္ကတာနံ ဒက္ခိဏံ အနုပဒဿတိ။ ဒါကတော့ တမလွန်ဘဝနဲ့ဆိုင်ပါတယ်။ ဆိုလိုတာက အဘိုးအဘွား မိဘများက သူတို့ကွယ်လွန်သွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ သားသမီး မြေးမြစ်များကို ကောင်းမှုကုသိုလ်ပြုလုပ်တိုင်း သူတို့အား အမျှအတန်းပေးဝေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ ဒါကိုလည်း အားလုံး ဗုဒ္ဓဘာသာပီပီ ဒါန သီလ ဘာဝနာ ဘယ်လိုကောင်းမှုကိုပဲပြုပြု အဘိုးအဘွားများကို နာမည်ခေါ်ပြီး အမျှပေးပါလို့တိုက်တွန်းပါတယ်။ ယခုဖော်ပြခဲ့တဲ့ အချက်ငါးချက်ကို အားလုံးလိုက်နာကျင့်သုံးမယ်ဆိုရင် ဘိုးဘွား မိဘများရဲ့ ကျေးဇူးတရားကိုလည်း ဆပ်ရာရောက်သလို၊ ကိုယ့်အမျိုးကို ကိုယ်ချစ်ရာလည်းရောက်ပါတယ်။ ကိုယ့်အမျိုး ကိုယ်တကယ်ချစ်မယ်ဆိုပါက မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုး၊ မြန်မာစကားနဲ့ မြတ်စွာဘုရားသာသနာတော်ကြီးဟာ ကမ္ဘာတည်သရွေ့ တည်တံ့နေမှာပါ။ အားလုံးမှာတာဝန်ရှိပါတယ်။ ဘယ်တော့မှ မမေ့ပါနဲ့လို့ အလေးနက်ထားပြီး တိုက်တွန်းလိုက်ပါတယ်။
အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ၊ ကိုယ့်အမျိုးကိုယ် ချစ်တတ်ကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Sunday, August 7, 2011
သစ္စာသိတဲ့ဉာဏ်
ခန္ဓာငါးပါးထဲက တစ်ပါးပါး ပေါ်ပြီး ပျက်သွားတာဟာ သစ္စာလို့ မှတ်လိုက်ပါ။ ကိုယ့်ခန္ဓာထဲက ပေါ်လာတဲ့ ဖြစ်မှုလေးတွေ ပျက်မှုလေးတွေဟာ သစ္စာပါပဲ။ ဝေဒနာပေါ်လာရင်လဲ ဝေဒနာလေးက ဖြစ်တာလဲ ရှိတယ် ပျက်တာလဲ ရှိတယ်။ စိတ်ပေါ်လာရင်လဲ စိတ်ကလေးက ဖြစ်တာလဲ ရှိတယ် ပျက်တာလဲ ရှိတယ်။ စိတ်ကလေးပေါ်လာတာက ဖြစ်တာ၊ စိတ်ကလေး သူ့သက်တမ်းစေ့လို့ ပျောက်သွားတာလးက ပျက်တာ။ ဒါဟာ ဖြစ်ပျက်- ဒုက္ခသစ္စာပါပဲ။ သစ္စာသိလိုက်တာဟာ ဉာဏ်ပဲ။ သစ္စာသိတဲ့ဉာဏ်ပေါ့။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဒီ မဂ္ဂသစ္စာလေးနဲ့ သိသိပေးနေရမယ်။ ၀ိပဿနာခေါ်တဲ့ ပုဗ္ဗဘာဂမဂ်ကလေးနဲ့ သိသိပေးနေရမယ်။ ဒီလိုချည်း ခန္ဓာမှာ ပေါ်တိုင်းပေါ်တိုင်း သိသိပေးနေရင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်ကို ကိုယ်တိုင်မြင်လိုက်တာလေးက မဂ္ဂသစ္စာပါပဲ။
သံသရာတစ်ခွင် ကျင်လည်ခဲ့ကြရတာဟာ ဟောဒီ သစ္စာသိတဲ့ဉာဏ်ကလေး မပေါ်ခဲ့လို့ပါ။ ဒီဉာဏ်ကလေး ပေါ်ခွင့်မရတော့ သံသရာမှာ အိုဘေး နာဘေး သေဘေးတွေနဲ့၊ မွဲဘေး ကွဲဘေး အပါယ်ဘေးတွေနဲ့၊ နိမ့်လိုက် မြင့်လိုက်ဘ၀တွေနဲ့ ကျင်လည်ခဲ့ကြရတာပါပဲ။ သစ္စာသိတဲ့ ဉာဏ်လေးရလိုက်ရင် နောင်လာမယ့် ဒုက္ခ၀ဲလည်နေရတဲ့ စက်ရဟတ်ကြီး ရပ်စဲသွားလိမ့်မယ်။ ဒီဉာဏ်လေး ရလိုက်တာနဲ့ ဒုက္ခစက်ကြီး ရပ်သွားရတယ်ဆိုရင် ဉာဏ်လေး မရလိုက်ပါက ဒုက္ခစက်ကြီးဟာ ကမ္ဘာပေါင်း ထောင်သောင်းမက လည်နေရဦးမယ်။ ဒီလို လည်ရမယ့်သံသရာကို သစ္စာသိတဲ့ ဉာဏ်ပေါ်မှပဲ ကြောက်ရကောင်းမှန်း သိလာတာ။ ဒီဉာဏ်မှ မပေါ်ရင် သံသရာလည်ရမယ့် ဒုက္ခကိုတောင် ကြောက်စရာလို့ မထင်မှတ်တော့ဘူး။ ကြောက်စရာမထင်တော့ လွတ်အောင် လုပ်ဖို့လဲ စိတ်ကူးထဲ မထည့်ဖြစ်တော့ပါဘူး။ ဒီလိုနဲ့ တစ်ဘ၀ပြီး တစ်ဘ၀ ဆက်နေမှာသာဖြစ်ပြီး ဘ၀မှာ ရှိနေမြဲဖြစ်တဲ့ ဒုက္ခတွေတစ်ပုံကြီးနဲ့ ပက်ပင်းတိုးနေကြရမှာသာဖြစ်တယ်။ ဒါကြောင့် ခန္ဓာမှာ ရှိနေတဲ့ အရှိဒုက္ခလေးကို မြင်တဲ့ ဉာဏ်လေးပေါ်ခွင့်ရဖို့ဟာ သိပ်အရေးကြီးပါတယ်။
ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာလို့ မှတ်လိုက်ပါ။ ရှုတဲ့ဉာဏ်လေး ကိုယ့်ဝမ်းထဲ မရောက်လိုက်တာနဲ့ ဒုက္ခစက်ကြီး လည်ရမယ့်အရေး တွေးကြောက်ပြီး ရှုတဲ့ဉာဏ်လေး ၀မ်းထဲရောက်ဖို့အရေး မိမိတို့ရဲ့ ခန္ဓာပေါ်ကို ဉာဏ်နဲ့ လျှောက်ပြေးကြည့်လိုက်ပါ။ ဉာဏ်နဲ့ လျှောက်ပြေးကြည့်လိုက်တဲ့အခါ ခန္ဓာထဲမှာ ဖြစ်လိုက် ပျက်လိုက် တရားနှစ်ခုသာ ရှိတော့တယ်ဆိုတာ ကိုယ်တိုင် တွေ့သိလာပါလိမ့်မယ်။ ဖြစ်လာတာလေးက သင်္ခါရ၊ ပျက်သွားတာလေးက အနိစ္စ၊ သင်္ခါရနဲ့ အနိစ္စသာ ရှိတယ်ဆိုတာ တွေ့လာပါလိမ့်မယ်။ ခန္ဓာကိုယ်ထဲမှာ ဝေဒနာလေးကြည့်လိုက်လဲ ဖြစ်လိုက် ပျက်လိုက်၊ သညာလေးကြည့်လိုက်လဲ ဖြစ်လိုက် ပျက်လိုက်၊ စိတ်ကလေးကြည့်လိုက်လဲ ဖြစ်လိုက် ပျက်လိုက်။ ဝေဒနာကြိုက်ရင် ဝေဒနာရှု၊ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ဉာဏ်နဲ့ လိုက်လိုက်ပေးပါ။ စိတ်ကြိုက်ရင် စိတ်ရှု၊ စိတ်ပေါ်တိုင်းပေါ်တိုင်း ဉာဏ်နဲ့ လိုက်လိုက်ပေးပါ။ သစ္စာကြိုက်ရင် သစ္စာနာမည်တပ်ပြီးရှု၊ ဝေဒနာပေါ်ပေါ် ရုပ်ပေါ်ပေါ်၊ စိတ်ပေါ်ပေါ်၊ ပေါ်သမျှ ဖြစ်ပြီး ပျက်ရမြဲဖြစ်လို့ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာပဲလို့သာ ရှုပေးလိုက်ပါ။ ရုပ်ကြိုက်ရင် ရုပ်ရှု၊ ဖောက်ပြန်ပြောင်းလဲမှုလေးတွေ ခန္ဓာမှာ ပေါ်တိုင်းပေါ်တိုင်း ဖောက်ပြန်လာသမျှ ပျက်စီးရမြဲဖြစ်တာကို မြင်အောင်ကြည့်ပေးပါ။ ဒါဟာ ရုပ်ကို ဖြစ်ပျက်ရှုလိုက်တာပါပဲ။ ဒီလိုရှုနေရင် ရှုနေတဲ့ ဉာဏ်လေး၊ သိနေတဲ့ဉာဏ်လေးဟာ မဂ္ဂသစ္စာပါပဲ။ ဒီလိုရှုဖန်များတော့ ၀ိပဿနာမဂ်ကလေးက ၀မ်းထဲ ရောက်လာတယ်။ ၀ိပဿနာမဂ် ၀မ်းထဲရောက်လာတဲ့အခါ ကိလေသာတွေ တဏှာ ဥပါဒါန် ကံတွေ ပါးပါးသွားရတယ်။ ရှုနေတဲ့ဉာဏ်က ၀ိပဿနာမဂ်၊ ဓားလက်နက်ဖြစ်နေတော့ မဂ်ဓားကနေ ကိလေသာထုကြီးကို ခွါခွါချပေးလိုက်တော့ ရှုဖန်များရင် ကိလေသာထုထည်ကြီး နဲနဲ နဲနဲချင်း ပါးပါးသွားရတာပါပဲ။ ကိလေသာထုက ပါးပါးလာတာနဲ့ နောင်ခန္ဓာ ဒုက္ခသစ္စာ ရကြောင်းတွေလဲ ပါးပါးသွားရတယ်။ နောင်ခန္ဓာရကြောင်းပါးသွားတာနဲ့ နောင်ခန္ဓာရကျိုးတွေလဲ ပါးပါးသွားတယ်လို့ မှတ်ရမယ်။ အကြောင်းကိလေသာ ပါးတော့ အကျိုးဒုက္ခလဲ ပါးပါးသွားတော့တာပါပဲ။
ဒါဖြင့် တဏှာစရိုက်အားကြီးတဲ့ပုဂ္ဂိုလ်က ဝေဒနာကို ဖြစ်ပျက်ရှုလိုက်ပါ။ ဟိုဟာမြင် လိုချင်လိုက်၊ ဒီဟာမြင် လိုချင်လိုက်နဲ့ လိုချင်အားကြီးနေတယ်ဆိုရင်၊ သားခင် သမီးခင် ခင်အားသန်နေတယ်ဆိုရင် တဏှာစရိုက်များတာပါပဲ။ ဒိဋ္ဌိစွဲအားကြီးတဲ့ပုဂ္ဂိုလ်က စိတ်ကို ရှုလိုက်ပါ။ ငါ့စိတ်၊ ငါ့ကိုယ်၊ ငါ့သား ငါ့သမီး ငါ့ဇနီး ငါ့စီးပွားဥစ္စာ စသည်ဖြင့် တစ်ငါတည်းငါနေတယ်ဆိုရင်တော့ ဒိဋ္ဌိစွဲအားကြီးနေတယ်လို့ မှတ်လိုက်ပါ။ ပညာအားကြီးတဲ့ ပုဂ္ဂိုလ်က သစ္စာရှုပါ။ ပင်ကိုယ်ဉာဏ်ကောင်းလို့ သိလွယ် တတ်လွယ်တယ်ဆိုရင် ပညာဓာတ်ခံကောင်းတာပါပဲ။ ဉာဏ်လေးလို့ ဉာဏ်ထိုင်းလို့ ဘယ်ဟာမှ လွယ်လွယ်နဲ့ သင်လို့ မတတ်ဘူးဆိုရင်တော့ ရုပ်ကို ရှုပါ။ တဏှာများရင် ဝေဒနာရှု၊ ဒိဋ္ဌိများရင် စိတ်ရှု၊ ပင်ကိုယ်ဉာဏ်ကောင်းရင် သစ္စာရှု၊ ပင်ကိုယ်ဉာဏ်ထိုင်းရင် ရုပ်ရှု။
ရူပက္ခန္ဓာဆိုတာ ရုပ်ပဲ၊ ဝေဒနာက္ခန္ဓာက ဝေဒနာ၊ ၀ိညာဏက္ခန္ဓာက စိတ်၊ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာနှစ်ပါးက သစ္စာ- ဓမ္မာနုပဿနာပါပဲ။ ဒီခန္ဓာငါးပါးလုံးဟာ ကိုယ့်ခန္ဓာမှာ ရှိနေတာတွေပါ။ ဒါကြောင့် ၀ိပဿနာဆိုတာ ခန္ဓာမှာ ရှုရမယ်လို့ မှတ်ရမယ်။ ခန္ဓာ ဘယ်လိုရှုရမှာလဲဆိုရင် ခန္ဓာဉာဏ်လှည့်။ ခန္ဓာဉာဏ်လှည့်လိုက်လို့ ခန္ဓာက ဝေဒနာ ထူးထူးခြားခြားပေါ်လာတဲ့သူဆိုရင် ဝေဒနာကို လှည့်လိုက်တာပေါ့။ စိတ်ထူးထူးခြားခြား ပေါ်လာတဲ့သူဆိုရင် စိတ်ကို လှည့်လိုက်ပါ။ ဒီလိုလှည့်နေတဲ့ဉာဏ်က ဖြစ်တာကိုလဲ သိသိနေမယ်၊ ပျက်တာကိုလဲ သိသိနေမယ်ဆိုရင် သစ္စာသိတဲ့ဉာဏ်ဖြစ်လာတာပါပဲ။ ဒီဉာဏ်ရလာတာနဲ့ သံသရာလည်စေတတ်တဲ့ ကိလေသာတွေ ပါးပါးသွားပါတယ်။ သမုဒယသစ္စာတွေ ပါးပါးသွားရတယ်။ ဖြစ်တာ ပျက်တာတွေ မြင်လို့ မြင်ဖန်များတာနဲ့ မုန်းဉာဏ်ဝင်လာပြီး ဖြစ်လိုက်ပျက်လိုက် အမြဲနှိပ်စက်ခံနေရတဲ့ ဒီလိုဒုက္ခသစ္စာကြီးကိုတော့ မလိုချင်မရချင်တော့ပါဘူးလို့ ကိုယ်ရှုနေတဲ့ ဉာဏ်က ဆုံးဖြတ်ချက်ချနိုင်လိုက်ပြီဆိုရင် ဖြစ်ပျက်တွေရဲ့ အဆုံး တစ်ချက်မြင်လိုက်တဲ့ ဉာဏ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂသစ္စာအစစ် ပေါ်လာတော့တာပါပဲ။ ဒီလို တစ်မဂ် ပေါ်တော့ သောတာပန်၊ နောက်တစ်မဂ် ပေါ်ပြန်တော့ သကဒါဂါမ်၊ နောက်တစ်မဂ် ထပ်ပေါ်ပြန်တော့ အနာဂါမ်၊ နောက်ဆုံးတစ်မဂ် ထပ်ပေါ်လာတဲ့အခါမှာတော့ ရဟန္တာဖြစ်သွားတော့တယ်။ ရဟန္တာဖြစ်တာနဲ့ နောင်ခန္ဓာရကြောင်း ကိလေသာ သမုဒယသစ္စာ အကုန်ချုပ်ငြိမ်းသွားလို့ နောင်ခန္ဓာဖြစ်တဲ့ ဇာတိ ဇရာမရဏ ဒုက္ခသစ္စာတွေ အစပြတ်ချုပ်ငြိမ်းသွားရတယ်။ ရဟန္တာပုဂ္ဂိုလ်မှာ နောင်ဘ၀ဆိုတာ မရှိတော့ပါဘူး။ ရဟန္တာပုဂ္ဂိုလ် စုတိစိတ်ကျသွားတဲ့အခါ ဘယ်များရောက်သွားလဲဆိုရင် ဘယ်မှမကြွဘူး၊ ကြွစရာလဲ မရှိဘူး၊ ဒုက္ခတွေ သိမ်းသွားပြီလို့သာ မှတ်လိုက်ပါ။ ပဋိစ္စသမုပ္ပါဒ်မှာ ဇာတိက စပြီး ချုပ်သွားလို့ ဇရာမရဏဆိုတာ မလာနိုင်တော့ပါဘူး။ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿတွေလဲ မလာတော့ဘူး။ ဒီလိုမျိုး ဒုက္ခတွေ အကုန်သိမ်းသွားတော့တယ်။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတာဟာ ဒုက္ခသိမ်းသွားတာပဲလို့ မှတ်လိုက်ပါ။ ပုထုဇဉ်တွေ သေရင်တော့ ဒုက္ခဆက်သွားတာသာ ဖြစ်တယ်။ နောက်ဘ၀ ဇာတိက ပြန်စရလို့ ဘယ်ဘ၀ရောက်ရောက် ဒုက္ခရောက်သွားတာ၊ ဒုက္ခရှိရာဘက်သာ ဆက်သွားတယ်လို့ မှတ်လိုက်ပါ။ ပုထုဇဉ်သေတော့ ဒုက္ခဆက်တယ်၊ ရဟန္တာသေတော့ ဒုက္ခပြတ်တယ်။ ဒုက္ခဆက်ရာမှ ဒုက္ခပြတ်ရာကို ရောက်အောင် နောင်လာမယ့်ဒုက္ခစက်ကြီး ရပ်သွားအောင် ၀ိပဿနာတရား အားထုတ်ရတာပါလားဆိုတာ သိပြီး နောင်ခန္ဓာ အကျိုးဒုက္ခသစ္စာ ပြတ်ရေးအတွက် နောင်ခန္ဓာရကြောင်း သမုဒယသစ္စာ ကိလေသာတွေ ပါးပါးသွားအောင် ၀ိပဿနာတရားကို တတ်နိုင်သလောက် ကြိုးစားပွားများအားထုတ်နိုင်ကြပါစေ။
ဒေါက်တာအရှင်ပါရမီ
Friday, August 5, 2011
တရား ဘယ်မှာရှာ
တရားဘယ်မှာ ရှိလဲဆိုတာ သိမှ တရားဘယ်မှာ ရှာရမလဲဆိုတာ သိမယ်။ တရားဆိုတာ ခန္ဓာထဲမှာ ရှိတယ်။ ဒီတော့ ခန္ဓာထဲ ရှာရလိမ့်မယ်ပေါ့။ ခန္ဓာထဲမှာ ရှိတာသိလို့ ခန္ဓာထဲမှာ ကြည့်လိုက်ရင် ခန္ဓာထဲမှာ တရားတွေ့ပါလိမ့်မယ်။ ဒါကြောင့် တရားရှာချင်တယ်ဆိုရင် ဟိုဟိုဒီဒီ ပြေးလွှားနေမယ့်အစား ခန္ဓာထဲမှာ ကြည့်၊ ခန္ဓာထဲမှာ ရှာပါလို့ အဖြေပေးလိုက်ပါတယ်။
ခန္ဓာထဲမှာ ရှာဆိုတာ ခန္ဓာကိုယ်ကြီးကို စောင့်ကြည့်ရတာပါပဲ။ စောင့်ပြီးတော့ အသက်ကလေး မှန်မှန်ရှူပြီးကြည့်ပါ။ အာရုံတွေ တိုက်ချင်ရာက တိုက်ပြီးတော့ ပေါ်ချင်ရာစိတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒီလိုပေါ်လာတဲ့စိတ်ကလေးတွေကို စောင့်ပြီးကြည့်ပေးရမယ်။ မျက်လုံးဖွင့်လိုက်တော့ မြင်စိတ်ကလေးပေါ်လာတယ်။ ဒီမြင်စိတ်ကလေးဟာ အရင်ကတည်းက ပေါ်နေတာလား အခုမှ ပေါ်လာတာလားလို့ စောင့်ကြည့် သတိထားကြည့် ၀ီရိယစိုက်ကြည့်လိုက်တော့ ဒီမြင်စိတ်ကလေးဟာ အခုမှ အာရုံတိုက်လို့ပေါ်လာတာ။ အခုမှပေါ်လာတဲ့စိတ်ဟာ ပေါ်ဆဲစိတ်လေးပါပဲ၊ ပစ္စုပ္ပန်စိတ်ကလေးပါပဲ။ ဒီစိတ်ကလေးပေါ်တာနဲ့ သတိ သမာဓိ ပညာနဲ့ ချက်ချင်းလိုက်ပါ။ မြင်စိတ်ကလေးပေါ်ပြီး မြင်စိတ်ကလေး မရှိတော့ဘူးဆိုတာ ချက်ချင်း သိလိုက်ပါ။ မြင်စိတ်ပေါ်ရင် အဲဒီမြင်စိတ်ကလေးကို သတိ ပညာနဲ့ ချက်ချင်းလိုက်ပေးလိုက်။ လိုက်လိုက်တဲ့အခါမှာ မြင်စိတ်ကလေးက မရှိတော့ဘူး။ ပေါ်လာတာကိုလဲ တွေ့၊ မရှိတော့တာကိုလဲ တွေ့လိုက်တယ်ဆိုရင် မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်ရတဲ့တရားလေးပဲလို့ စောင့်နေတဲ့တရားက မြင်တယ်။ ငါမြင်တာလားဆိုရင် ငါမြင်တာမဟုတ်ဘူး၊ မြင်စိတ်ကလေးကမြင်ပြီး မြင်စိတ်ကလေး ပျက်သွားတာပါပဲ။ ဒီတော့ မြင်စိတ်ကဖြစ်ပျက်၊ ရှုတာက မဂ်လို့ မှတ်လိုက်တာပေါ့။ ရှုတာက ၀ိပဿနာမဂ်ဖြစ်သွားတယ်။ ဒါဟာ တရားပါပဲ။ ပေါ်လာတဲ့တရား မြင်စိတ်ကလေးကို စောင့်မကြည့်ဘူးဆိုရင်ဖြင့် မြင်တာနဲ့ လိုချင်တယ်၊ စွဲလန်းတယ်၊ အားထုတ်တယ်ဆိုတဲ့ တဏှာ ဥပါဒါန် ကံတွေ လိုက်လာမယ်။ ဒီတရားသုံးခုဟာ ပစ္စုပ္ပန်အကျိုးတရားတွေပါပဲ။ ပစ္စုပ္ပန်ခန္ဓာကို ပေါ်ဆဲမရှုမိလိုက်လို့ ဆက်လာတဲ့ အကျိုးဆက်တွေပေါ့။ တစ်နည်းအားဖြင့် အနာဂတ်ခန္ဓာဖြစ်ခြင်းရဲ့ အကြောင်းတွေလဲ ဖြစ်လို့ အနာဂတ်အကြောင်းတရားသုံးပါးလို့လဲ ခေါ်ပါတယ်။ အနာဂတ်အကြောင်းပေါ်ရင် အနာဂတ်အကျိုးဖြစ်တဲ့ ဇာတိ ဇရာ မရဏဆိုတဲ့ တရားသုံးခုကလဲ မလာပါနဲ့လို့ တားလို့မရပါဘူး။ မြင်စိတ်ပေါ်ရင် ပေါ်ဆဲအခိုက်လေး စောင့်ကြည့်လိုက်တော့ တဏှာ ဥပါဒါန် ကံတွေ မလာတော့ဘဲ ချုပ်သွားတယ်။ အနာဂတ်အကြောင်းသုံးခု ချုပ်သွားတယ်။ အနာဂတ်အကြောင်းသုံးခု ချုပ်သွားတဲ့အတွက် သေသည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏဆိုတဲ့ အနာဂတ်အကျိုးသုံးခု မလာတော့ဘဲချုပ်သွားတယ်။ ဒါဟာ စောင့်ပြီး ရှုလိုက်ရခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ ဇာတိ ဇရာမရဏဆိုတာ ဒုက္ခသစ္စာသာဖြစ်တယ်။ ဒီဒုက္ခသစ္စာလာမှာစိုးလို့ မြင်စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှုပေးရပါတယ်။ အကြောင်းတိုက်ဆိုင်လို့ပေါ်လာတဲ့ မြင်စိတ်ကလေးဟာ အခုပေါ် အခုပျက်။ ငါမြင်တာလဲ မဟုတ် သူမြင်တာလဲ မဟုတ်၊ မြင်စိတ်ကလေးက မြင်ပြီး မြင်စိတ်ကလေး ပျက်သွားတာ တွေ့လိုက်ပါလိမ့်မယ်။ ဒီတော့ ပေါ်လာတဲ့မြင်စိတ်ကလေးကို ငါလဲ မထင်နဲ့၊ သူလဲ မထင်နဲ့၊ အနိစ္စသာထင်အောင်လုပ်လိုက်ပါ။ အနိစ္စမို့ အနိစ္စလို့ သိအောင်လုပ်ပေးလိုက်တာပါပဲ။ ဒါဖြင့် မြင်စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှု၊ မရှုရင် တဏှာဥပါဒါန် ကံတွေလာမယ်။ သေသည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏတွေ ရမယ်။
အသံတစ်ခုခု ကြားလိုက်တော့ ကြားစိတ်ကလေးပေါ်မယ်။ ပေါ်တဲ့ ကြားစိတ်ကလေးကိုလဲ စောင့်ကြည့်လိုက်ပါ၊ အခုပေါ် အခုပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ မရှုလို့ရှိရင် ငါကြားတယ်၊ ငါမြင်တယ်ဆိုပြီး စိတ်မှာ ဒိဋ္ဌိကပ်လာတယ်။ ရှုလိုက်တာနဲ့ ငါကြားတာမဟုတ်၊ ကြားစိတ်က ကြားပြီး ကြားစိတ်ကလေး ပျက်သွားတာပဲဆိုတာ သိလိုက်တော့ ကြားစိတ်အပေါ်မှာ ငါစွဲဒိဋ္ဌိပြုတ်သွားတယ်။ ဒါကြောင့် ပေါ်သမျှစိတ်ကို လိုက်ပြီး စောင့်ကြည့်နေတာသည် ဒိဋ္ဌိသတ်နေတာပဲလို့လဲ နားလည်ထားလိုက်ပါ။ ဒါကြောင့် နှာခေါင်းထဲ နံစိတ်ကလေးပေါ်လာရင်လဲ ပေါ်ဆဲနံစိတ်ကလေးကို စောင့်ကြည့်လိုက်ပါ။ ငါနံတာမဟုတ်၊ နံစိတ်က နံတာ၊ နံစိတ်ကလေးပဲ ပျက်သွားတာလို့ ရှုနေတော့ သိလာတယ်။ စားစိတ်လေးပေါ်လာတော့လဲ အရင်ကပေါ်တာမဟုတ် အခုမှပေါ်လာတာပဲလို့ သိလိုက်ပါ။ သိတဲ့အတိုင်း ဉာဏ်လိုက်လိုက်တဲ့အခါ စားစိတ်ကလေးကလဲ ဖြစ်ပြီး ပျက်ပြသွားပါလိမ့်မယ်။ အနိစ္စသဘောကို သူပြောသွားပါလိမ့်မယ်။ စားစိတ်ကလေးက စားပြီး စားစိတ်ကလေးပဲ ပျက်သွားတာကို ရှင်းရှင်းမြင်အောင် ကြည့်လိုက်ပါ။ ငါစားတယ်လို့ ထင်နေရင်တော့ ဒိဋ္ဌိကပ်နေမှာပါပဲ။ ရှုနေတဲ့အခါ ငါစားတာမဟုတ်ပါလားဆိုတာ သိနေတော့ ဒိဋ္ဌိအလိုလို သေနေတယ်။ ယားတဲ့ နာတဲ့စိတ်လေးတွေ ပေါ်လာရင်လဲ အရင်ကပေါ်နေတဲ့စိတ်မဟုတ်၊ အခုမှ ပေါ်လာတဲ့စိတ်ကလေးဖြစ်တယ်၊ ငါယားနေတာမဟုတ် ယားစိတ်ကလေးက ယားနေတာ၊ ယားစိတ်ကလေးပဲ ပျက်သွားတာဆိုတာ စောင့်ကြည့်နေရင် သိတယ်၊ သိနေရင် ဒိဋ္ဌိပြုတ်နေတယ်။ အခု ပေါ်သမျှစိတ်တွေလိုက်ကြည့်လိုက်တော့ မြဲတဲ့စိတ် တစ်လုံးမှ မတွေ့ရပါဘူး။ ဖြစ်ပြီးပျက်၊ ပေါ်ပြီး ပျောက်သွားကြတဲ့စိတ်တွေချည်းပဲ တွေ့ရတယ်။ ဒီတော့ ပေါ်သမျှစိတ်တွေဟာ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာသာဖြစ်ပါတယ်။ ကိုယ်ပေါ်မှာ ချမ်းသာတဲ့စိတ်ကလေးပေါ်လဲ စောင့်သာကြည့်လိုက်၊ ဒီစိတ်ကလေးဟာ အခုမှပေါ်လာပြီး အခုပဲ ပျက်သွားတာတွေ့ရမယ်။ ဥပမာ- လေလေးတိုက်လာလို့ အေးချမ်းတဲ့စိတ်ကလေး ပေါ်လာတယ်။ ဒီစိတ်ကလေးဟာ အရင်က ရှိနှင့်နေတဲ့စိတ်မဟုတ်ပါဘူး။ အခုမှ လေနဲ့ ကိုယ်နဲ့တွေ့ထိလို့ ပေါ်လာတဲ့စိတ်ကလေး။ ဒီစိတ်ကလေးကလဲ ကြည့်လိုက်တော့ မရှိတော့ဘဲ ပျက်သွားတာပဲ။ မြဲတည်နေတာမဟုတ်ပါဘူး။ ငါအေးနေတာလဲ မဟုတ်၊ သူအေးနေတာလဲ မဟုတ်၊ အေးစိတ်ကလေး ချမ်းသာစိတ်ကလေး ကောင်းစိတ်ကလေးက အေးနေတာပဲဆိုတာ သိလာမယ်။ ဒီစိတ်ကလေးပဲ ပျက်သွားတယ်ဆိုတာ မြင်လာမယ်။ ဒီလိုမြင်နေတဲ့အခိုက် ဒိဋ္ဌိမကပ်နိုင်တော့ဘူး။ ဒီစိတ်အပေါ်မှာ သာယာတဲ့ တဏှာ ဥပါဒါန် ကံတွေလဲ မလိုက်တော့ဘူး။ အနာဂတ်အကြောင်း သုံးပါး ပြတ်တယ်။ အကြောင်းပြတ်ရင် အကျိုးတရားတွေဖြစ်တဲ့ ဇာတိ ဇရာမရဏဆိုတဲ့ နောင်ခန္ဓာလဲ ပြတ်တယ်။
လောဘစိတ်ကလေးပေါ်လာရင်လဲ သတိထားပြီး စိုက်ကြည့်လိုက်တော့ လောဘဟာ လောဘအတိုင်း ဖြစ်ပြီး ပျက်သွားတယ်။ ဥပါဒါန် ကံဘက် မကူးနိုင်တော့ဘူး။ ဒါကြောင့် လောဘစိတ်လာလဲ ဖြစ်ပျက်ရှုပေးလိုက်ပါ။ ဒေါသစိတ်လေး ပေါ်လာလဲ ဖြစ်ပျက် ရှုပေးလိုက်တော့ ဒေါသက ဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားတယ်။ စိတ်ထဲမှာ သံသယစိတ် ၀ိစိကိစ္ဆာလာရင်လဲ ဖြစ်ပျက်ရှု။ ပျံ့လွင့်တဲ့စိတ်လာရင်လဲ အနိစ္စပဲလို့ မြင်အောင် စောင့်ကြည့်။ မလိုချင်တဲ့ အလောဘစိတ်ကလေး လာရင်လဲ ဖြစ်ပျက်ရှုပေးပါ။ မေတ္တာပို့လိုတဲ့ အဒေါသစိတ်ကလေးပေါ်လာရင်လဲ ဖြစ်ပျက်သာ ရှုပေးပါ။ ခြုံပြောလိုက်မယ်။ ပေါ်ရာစိတ်ကိုပဲ ဖြစ်ပျက်ရှုပေးလိုက်ပါ။ ဘယ်စိတ်မှ ရှုစရာမထင်ရှားဘူးဆိုရင် သက်စောင့်စိတ်ကလေးကိုပဲ ဖြစ်ပျက်ရှုပေးပါ။ သက်စောင့်စိတ်ဆိုတာ အိမ်သည်စိတ်လို့လဲ ခေါ်တယ်။ လေကို အပြင်ထုတ်တဲ့စိတ် လေကို အတွင်း ရှူသွင်းတဲ့စိတ်ပါပဲ။ ထွက်စိတ် ၀င်စိတ်လို့ အလွယ်မှတ်လိုက်ပေါ့။ လေကိုထွက်အောင်လုပ်တဲ့စိတ်ကလေးနဲ့ လေကို အတွင်းဝင်အောင်လုပ်တဲ့စိတ်ကလေးကို မှန်းပြီး ဖြစ်ပျက်ရှုပေးနေလိုက်ပါ။ ပေါ်ရာစိတ်ကို အကုန်သာ လိုက်ရှုနေလိုက်ရင် စိတ်ကို ရှုနည်း ပိုင်သွားတာပါပဲ။ ဒီလို ပေါ်သမျှ စိတ်ကို ရှုနေတာကို စိတ္တာနုပဿနာလို့ခေါ်ပါတယ်။ ဒီလို စိတ်ကို ရှုတော့ ပေါ်သမျှစိတ်က မတည်မြဲဘဲ ပျက်ပျက်ပြသွားတာ တွေ့နေရလို့ စိတ်ဟာ အနိစ္စပဲဆိုတာ ဆုံးဖြတ်ချက် ချလာနိုင်မယ်။ ငါ့စိတ်လို့ အထင်လဲ ပျောက်တော့ အတ္တဒိဋ္ဌိတွေ၊ နိစ္စဒိဋ္ဌိတွေ ကွာသွားလို့ ဒိဋ္ဌိအမြန်ကွာချင်တယ်ဆိုရင် ပေါ်သမျှစိတ်ကိုသာ လိုက်ပြီး ကြည့်ပေးနေပါ။ ကိုယ့်ခန္ဓာမှာ ပေါ်တဲ့စိတ်တိုင်းဟာ ပေါ်ပြီး ပျက်ပျက်ပြသွားပါလိမ့်မယ်။ ပေါ်ပြီးပျက်ရတယ်ဆိုတာ မမြဲလို့ ပျက်ရတာပဲဆိုတဲ့အသိဉာဏ် လိုက်လာပါလိမ့်မယ်။ မမြဲတဲ့စိတ်ပေါ်ပြီး မမြဲတဲ့စိတ်ကလေးပဲ ပျက်သွားတာကို သိလိုက်ပါလိမ့်မယ်။ မမြဲတဲ့အနိစ္စသဘောမှန်ကို သိနေခိုက်မှာ မြဲတယ်ထင်နေတဲ့ နိစ္စဒိဋ္ဌိ၊ ငါ့စိတ်လို့ထင်နေတဲ့ အတ္တဒိဋ္ဌိတွေ ကွာကွာသွားပါလိမ့်မယ်။ ဒါဟာ ခန္ဓာကိုယ်ကို စောင့်ကြည့်လို့ ပေါ်လာတဲ့တရားပါပဲ။ ခန္ဓာထဲမှာ ရှိနေတဲ့တရားကို ဉာဏ်နဲ့ကြည့်လို့ တွေ့လိုက်ရတဲ့ တရားပါပဲ။ မရှုရင် ပေါ်တဲ့စိတ်နောက်က တဏှာ ဥပါဒါန်ကံတွေလိုက်မယ်။ အနာဂတ်အကြောင်း နောင်ခန္ဓာရကြောင်းတရားတွေ လာမယ်။ ဒါဆို နောင်ခန္ဓာဒုက္ခသစ္စာအကျိုးတရားကိုလဲ မလိုချင်လို့ မရတော့ပါဘူး။ ပေါ်သမျှစိတ်ကို ပေါ်ဆဲအခိုက်မှာ မလွတ်တမ်းရှုပေးနိုင်မယ်ဆိုရင်တော့ အနာဂတ်အကြောင်းတွေလဲ ပြတ်၊ အနာဂတ်ခန္ဓာတွေလဲ မလာနိုင်တော့အောင် နောင်ခန္ဓာတွေကို ရှုတဲ့ဉာဏ်က ဖြတ်ပေးလိုက်ပါတယ်။ ဒါကြောင့် ၀ိပဿနာရှုနေတာသည် နောင်ခန္ဓာအစဉ်ကို ဖြတ်နေတာပါပဲ။ နောင်ခန္ဓာသည် ဒုက္ခသစ္စာမို့ အကျိုးဒုက္ခသစ္စာကို ဖြတ်ပေးနေတာဟာ ၀ိပဿနာပါပဲ။
ဒေါက်တာအရှင်ပါရမီ
Wednesday, August 3, 2011
အပါယ်လေးပါးအကြောင်းနှင့် အပါယ်မှ လွတ်ကြောင်းကုသိုလ် (၇)မျိုး
(က) အပါယ်လေးပါး
အပါယ်လေးပါးဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကို ပြုလုပ်နိုင်စွမ်းမရှိသည့်အတွက် ကောင်းသောဘုံဌာနကိုပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။ အကုသိုလ်ကံ အဟုန်တွေကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။ ငရဲဘုံဆိုရင်လည်း ငရဲသူ၊ ငရဲသားတို့ရဲ့ ဆင်းရဲဒုက္ခက အလွန်ကြီးပါတယ်။ သံရည်ပူများနှင့်လောင်းခံရခြင်း၊ ခွေးနက်ကြီးများရဲ့ ကိုက်ခဲခြင်းကိုခံရခြင်း၊ ဓါး၊ လှံတို့ဖြင့်ထိုးခံရခြင်း စသည်ဖြင့် ဒုက္ခများစွာဖြစ်နေတဲ့နေရာ၊ ချမ်းသာဆိုလို့မြူမှုန်တစ်မှုန်မျှမရှိလို့ ငရဲလို့ခေါ်တာပါ။ ဒုက္ခများစွာဖြစ်တည် ခံစားနေရတဲ့နေရာ၊ ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။
အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး ကုသိုလ်ကံကိုမသိ၊ ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာကိုမသိ၊ အကုသိုလ်ကံကိုမသိ၊ အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတာမသိ၊ နှမသားချင်းမှန်းမသိပဲ မဂ်တရား ဖိုလ်တရားတို့မှဖီလာကန့်လန့်သွားတတ်ခြင်း ကိုတိရိစ္ဆာန်လို့ခေါ်တာပါ။ တိရိစ္ဆာန်ဘဝကိုစဉ်းစားကြည့်ပါ။ မိဘ နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်းမသိသည့်အတွက် မှားယွင်းစွာဖောက်ပြန်မှုတွေရှိပါတယ်။ ကုသိုလ်ကို ကုသိုလ်ပါလို့နားမလည်ပါဘူး။ အကုသိုလ်ဆိုတာကိုလည်း အကုသိုလ်လို့မသိရတဲ့ဘဝပါ။ ဒါဖြင့် ယခုခေတ်အနေထားနဲ့ အကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်လို့မသိတဲ့သူများ အထူးသတိထားသင့်ပါတယ်။ သတ္တဝါတစ်ကောင်ကို လည်ပင်းဖြတ်လို့အကုသိုလ်မဖြစ်ဘူး ကုသိုလ်ဖြစ်တယ်။ သတ်တဲ့သူမခံရဘူး၊ ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင် အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လိုအနေထားကိုရောက်သွားပြီဆိုတာသိသာပါတယ်။ ဒါကတိရိစ္ဆာန်ပါ။
ပြိတ္တာဆိုတာက ပေတ ဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ ချမ်းသာခြင်းတရားအပေါင်းတို့မှဝေးကွာသောသတ္တဝါ၊ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ တောခြုံပိတ်ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တားမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင် သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။
ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။
သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက ၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ (အပေးခံပြိတ္တာ) ၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ (အဆာခံပြိတ္တာ) ၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ (အလောင်ခံပြိတ္တာ) ၄။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ (ဆင်းရဲခံပြိတ္တာ) တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။ ဒါကပြိတ္တာပါ။
အသုရကာယ်ဆိုတာကတော့ နတ်တွေလို ရဲရင့်ခြင်း၊ တောက်ပခြင်း၊ တင့်တယ်ခြင်းကင်းနေတဲ့သတ္တဝါ၊ မှင်စာ နတ်သေးနတ်ငယ်၊ နတ်စုတ်၊ နတ်ပြတ် နတ်မွှားလေးတွေကိုခေါ်တာပါ။ (မရယ်လိုက်နဲ့နော်)။ ဒါကအပါယ်လေးဘုံပါ။ အဲဒီအပါယ်လေးဘုံကိုရောက်သွားမယ်ဆိုရင် အတော်ကြောက်စရာကောင်းပါတယ်။ ကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့် မရသလို ချမ်းသာခြင်းလည်းကင်းပါတယ်။ လူဘုံ လူလောကမှာကြုံဆုံနေရတဲ့ ဒုက္ခများပင် အင်မတန်မှကြောက်စရာကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများကြုံဆုံနေရတဲ့ ဘေးဒုက္ခများဟာ လူ့လောက…က ဒုက္ခများထက် အဆပေါင်းမြောက်များစွာ သာလွန်နေပါတယ်။
(ခ) အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး
အပါယ်လေးဘုံရောက်သွားရင်လည်း ကောင်းသောဘုံဌာနသို့ ပြန်ရောက်ဖို့ဟာ မလွယ်သောကြောင့် ထိုအပါယ်လေးဘုံမှ အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကိုကြိုးစားအားထုတ်သင့်တယ်ဆိုတာ ပြောပြချင်တာပါ။ ဝိပဿနာအားထုတ်လို့ သောတာပန်ပုဂ္ဂိုလ်အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။ ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။ ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။ သောတာပန်မတည်ရင်ရော အပါယ်လေးပါးကမလွတ်တော့ဘူးလား။ ဒီဘဝကနေပြီးတော့ အပါယ်လေးပါးလွတ်မြောက်ချင်ရင် ဘယ်လိုကောင်းမှုတွေပြုလုပ်ရမလဲ။ ဘယ်လိုကောင်းမှုတွေပြုလုပ်ရင် အပါယ်လေးပါးလွတ်ကင်းမလဲ-စသည်ဖြင့်ပေါ့လေ၊ မေးဖွယ်ရာရှိပါတယ်။ အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း (တနည်း) အပါယ်လေးပါးက လွတ်မြောက်စေနိုင်တဲ့ ကုသိုလ်တွေရှိနေပါတယ်။ အဲဒီကုသိုလ်တွေက ခုနစ်မျိုးရှိပါတယ်။ အဲဒါတွေကဘာတွေလဲလို့ဆိုတော့
(၁)။ ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ ပညာဦးစီးတဲ့ စိတ်ထားနဲ့ ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။ အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။ ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွတ်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၃)။ စာရေးတံ မဲချခြင်းကုသိုလ်။ ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများ သီတင်းကျွတ်ကာလမှာဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့ လှူဘွယ်ပစ္စည်းများကို ပေးလှူတဲ့ကုသိုလ်မျိုးပါ။ ကထိန်ရာသီမှာဆိုရင် ပဒေသာပင်များလှူဒါန်းတဲ့ ကုသိုလ်ပါ။ မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများကို မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါတယ်။ မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ (ဆိုလိုတာက ငါနဲ့ သိတဲ့ဦးဇင်းအတွက် ငါတို့ကိုးကွယ်နေတဲ့ကျောင်းအတွက်) ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်းသာသာသုံးဆောင်မှီဝဲစေလိုတဲ့အတွက် သံဃာ့ဂုဏ်ကိုရည်မှန်းပြီး လှူဒါန်းတဲ့အလှူမျိုးကို ခေါ်မယ်ဆိုရင်ခေါ်လို့ရပါတယ်။ ဒါကိုစာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။ အလွယ်မှတ်ချင်ရင် စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာ အင်မတန်မှပြုရလွယ်ပြီး အကုန်အကျနည်းပေမယ့် ရလိုက်တဲ့အကျိုးတရားကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၄) ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။ ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လဆွမ်းတစ်ချိုင့်ဖြစ်စေ၊တစ်လဆွမ်းနှစ်ချိုင့်ဖြစ်စေ လှူတဲ့အလှူကိုခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်းပေါ့၊ လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။ အဲဒီလို တစ်လကို နှစ်ကြိမ်ဖြစ်စေ၊ တစ်ကြိမ်ဖြစ်စေ လှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ) ကုသိုလ်လို့ခေါ်ပါတယ်။ ဒီကုသိုလ်လေးက ငွေကုန်ကျေးကျလည်းနည်းပါတယ်။ ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်က အပါယ်လေးပါးလွတ်မြောက်တဲ့အထိ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံးပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၅)။ ဝေဿဝါသိက ကုသိုလ်ပါ။ ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်း ဝါဆို ဝါကပ်တော်မူကြတဲ့ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်းဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင် (မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရင်တစ်စုံ။ နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်း ပြုလုပ်လိုက်တဲ့ကုသိုလ်လေးက သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင် လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။ သောတာပန်ပုဂ္ဂိုလ်နဲ့ အလားသဏ္ဍန်တူတယ်လို့ဆိုပါတယ်။ သောတာပန်ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးကလွတ်မြောက်သလို ဒီကုသိုလ်ကို နှစ်စဉ်နှစ်တိုင်း လုပ်သွားမယ်ဆိုရင် စိတ်သာချပါ။ အပါယ်လေးပါးကလွတ်မြောက်ပါတယ်။
(၆)။ ဧကောအာဝါသော ဆိုတဲ့ကုသိုလ်ပါ။ ဆိုလိုတာက ကျောင်းတစ်ဆောင်ဖြစ်စေ၊ ဇရပ်တစ်ဆောင်ဖြစ်စေ လှူဒါန်းတဲ့ အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့မတတ်နိုင်ပါဘူးဘုရားဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက်လှူပါလို့ပြောချင်ပါတယ်။ အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ ဒါနပါဖို့သာ အရေးကြီးပါတယ်။ အဲဒီကုသိုလ်ဟာလည်း ကျန်တဲ့ကောင်းကျိုးချမ်းသာကိုမပြောလိုတော့ပါဘူး။ အပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲပြောချင်ပါတယ်။ အဲလို ကျောင်းတစ်ဆောင်၊ ဒါမှမဟုတ် တတ်နိုင်သလောက်လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်း တတ်နိုင်သလောက်လှူဒါန်းပါလို့ ပြောပြအသိပေးပါတယ်။
နောက်ဆုံး(၇) က ဧကာပေါက္ခရဏီတဲ့။ ဆိုလိုတာက ရေတွင်းရေကန်များကိုတူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန်အဟောင်းများကိုပြုပြင်လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။ အဲလောက်ထိ မလုပ်နိုင်သေးဘူးဘုရားဆိုရင် မိမိအိမ်ရှေ့မှာဖြစ်စေ၊ လမ်းထောင့်တစ်နေရာရာမှာဖြစ်စေ ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင်လည်းရပါတယ်။ အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင် အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ ရှင်၊ လူများသောက်သုံးဖို့ တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးက အပါယ်လေးပါးလွတ်မြောက်တဲ့အထိ တန်ဘိုးလည်းကြီး အကျိုးလည်း များပါတယ်။ သောတာပန်ပုဂ္ဂိုလ်များနဲ့ အလားတူဖြစ်တာပါ။
ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ကုသိုလ်(၇)မျိုးထဲက တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ အမြဲဝတ်ထားပြီး ပြုလုပ်မယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နှင့်အလားတူပါတယ်၊ သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို အဲဒီကုသိုလ်များကို အမြဲပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်း အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ သေသေချာချာဟောထားခဲ့တာပါ။ တစ်ကြိမ်လောက်လုပ်ပြီး အပါယ်လေးပါးက လွတ်မြောက်ချင်လို့တော့ မရဘူးနော်၊ (နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲဝတ်ထားပြီး ပြုလုပ်ရမယ်လို့ပြောတာပါ။ ဝါဆိုသင်္ကန်းဆိုလည်း နှစ်စဉ်၊ စာရေးတံမဲဆိုရင်လည်း နှစ်စဉ်၊ ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊ ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ ရတနာသုံးပါးကိုလည်း အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ရမယ်။ ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံးစောင့်ထိန်းမယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့ တိုက်တွန်း အသိပေးချင်တာပါ။ အားလုံးသော ဒကာ၊ ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းများကိုလည်း ဒီကုသိုလ်(၇)ချက်ကို တစ်ဆင့်ပြောပြပေးပါလို့တိုက်တွန်းချင်ပါတယ်။ ပြီးတော့ မိမိကိုယ်တိုင်လည်း တတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကိုဖြစ်စေ ဝတ်ထားပြီး အားထုတ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊ သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တဲ့သာသနာပြု အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်ကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)