Wednesday, October 19, 2011

သုရာမေရယကံအကြောင်း

သုရမေရယဆိုတာက သောက်သူ၊ စားသူ၊ ရှူသူတို့ကို မေ့လျော့စေတတ် မူးယစ်စေတတ်သော သောက်စရာ၊ စားစရာ၊ ရှူစရာဟူသမျှသည် သေရည်သေရက် (သို့မဟုတ်) အရက်သေစာ= သုရာမေမေရယချည်းပင်ဖြစ်ပါတယ်။ အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း နံပါတ်ဖိုး စတဲ့ မူးယစ်ဆေးရည်လည်း သုရာမေရယထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ထို့ကြောင့် တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်လ်အက်စ်ဒီ (LSD)၊ ဘီယာအမျိုးမျိုးစသော မူးယစ်ဆေးဟူသမျှ အရက်သေစာ= သုရာမေရယလို့ခေါ်ပါတယ်။ ထိုအရက်သေစာ စသော မူးယစ်ဆေးသောက်သုံးမှီဝဲခြင်းသည် သောက်သုံးသူကိုဖြစ်စေ၊ သောက်သုံးသူနှင့်ဆက်စပ်နေသူကိုဖြစ်စေ၊ နှစ်ဦးစလုံးကိုဖြစ်စေ၊ အကျိုးပျက်ပြားစေသောကြောင့် အပြစ်ရှိသော အမှုဖြစ်၍ မကောင်းမှုအကုသိုလ်ဖြစ်ပါတယ်။ အရက်သေစာ သောက်သုံးသူသည် အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ခွဲခြားတတ်သော အသိဥာဏ် ကင်းနေသဖြင့် အဆိုးအရွားဆုံးဖြစ်သော မကောင်းမှုကိုပင် ကျူးလွန်းမိတတ်ပါတယ်။ ဆိုလိုတာက အရက်သေစာ သောက်စားမူးရစ်နေသူက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတဲ့ အနန္တောအနန္တငါးပါးဆိုတာကိုလည်းမသိပါ။ အစ်ကို၊ ညီ၊ အစ်မ၊ ညီမဆိုတာကိုလည်းမသိ၊ ကုသိုလ်ဆိုတာလည်းမသိ၊ အကုသိုလ်ဆိုတာကိုလည်းမသိခြင်းကြောင့် မဖြစ်သင့်၊ မဖြစ်ထိုက်၊ နားနှင့်ပင်မကြားရက်သော မကောင်းမှုတွေ၊ လူရှေ့ သူရှေ့ကိုချပြလို့ပင်မဝံ့ရဲလောက်တဲ့ အကုသိုလ်မကောင်းမှုများကိုလုပ်တတ်ကြပါတယ်။ အသိဥာဏ်ကင်းမဲ့ပြီး မူးယစ်ထုံမှိုင်းနေခြင်းကြောင့် မလုပ်ဝံ့သော အကုသိုလ်၊ မလုပ်သင့်သော အကုသိုလ်ဆိုတာကိုလည်းမသိပါ။ ထိုသူရဲ့အသိဥာဏ်ဆိုတာအပ်ဖျားလောက်မှပင် ထိုခဏမှာ မရှိဘူးလို့ဆိုရမှာပါ။ “အရက်သမား အမှားတစ်ရာ” ဆိုသကဲ့သို့ အရက်မူးနေသူဟာ ပြဿာမျိုးစုံ၊ အမှားမျိုးစုံ၊ ရာဇဝတ်မှုအပါအဝင် မကောင်းမှုဒုစရိုက်များကိုမှားတတ်ပါတယ်။

သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ၊ သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ်၊ မသိတတ်ပါဘူး။ ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။ သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။ ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။ သုရာမေရယကံကိုလွန်းကျူးသူရဲ့ဆိုးကျိုးတွေကတော့ (၁)။ သတိကင်းလွတ်ခြင်း။ (၂)။ အရှက်မရှိခြင်း၊ (၃)။ အကောင်းအဆိုး၊ အမှားအမှန် မခွဲခြားတတ်ခြင်း။ (၄)။ ခိုက်ရန်ဒေါသ ဖြစ်ပွားခြင်း။ (၅)။ မကောင်းသတင်းပျံ့နှံ့ခြင်း၊ ကျက်သရေမရှိခြင်း။ (၆)။ ရောဂါများခြင်း။ (၇)။ ကိုယ်လက်အင်္ဂါတုန်ခြင်း။ (၈)။ မိမိမွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ်မပြည့်ခြင်း။ (၉)။ လုပ်ဆောင်စရာ လုပ်ငန်းကိစ္စတို့ကို မေ့လျော့ခြင်း။ (၁၀)။ စီးပွားပျက်ခြင်းမှစ၍ သေလွန်သည့်အခါ အပါယ်ဒုဂ္ဂတိဘဝ လားရောက်ရသည်အထိ ဆိုးကျိုးများကိုဖြစ်ပေါ်စေတတ်ပါတယ်။

ထိုဆိုးကျိုးတွေထဲကမှ အရက်သေစာ မူးယစ်ခြင်းကြောင့် သတိတရားတွေကင်းလွတ်ပြီး မိမိရဲ့ သားကိုပင် ပြန်ပြီး သတ်စားတဲ့ဘုရင်ကြီး တစ်ပါးအကြောင်းကို ဥပမာပေးပြီး ဖော်ပြချင်ပါတယ်။ ဗာရာဏသီပြည်မှာ ဘုရင်ကြီးတစ်ပါး အရက်နဲ့အသားကို အလွန်ကြိုက်ပါတယ်။ အရက်မသောက်ရရင်မနေနိုင်သကဲ့သို့ အသားမစားရရင်လည်း မနေနိုင်အောင်ဖြစ်ပါတယ်။ အောက်ထစ်ဆုံး အသားမပါရင်တောင် ပွဲတော်တည်လေ့မရှိသည်ထိ အသားကိုအင်မတန်ကြိုက်တာပါ။ အဲဒီတိုင်းပြည်မှာလည်း ဥပုသ်နေ့အသားမသတ်ရခြင်းဆိုတဲ့ ဥပဒေတစ်ရပ်ကိုလည်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်ဥပုသ်နေ့မတိုင်မီ အသားကိုကြိုတင်ဝယ်ထားရပါတယ်။ တစ်နေ့တော့ အဲလိုကြိုတင်ဝယ်ထားတဲ့အသားကို ခွေးကစားသွားတော့ ပွဲအုပ်တည်ဖို့ အသားပဲဖြစ်နေပါတယ်။ အသားဟင်းမပါပဲ ပွဲတော်ဆက်သရမှာကိုကြောက်တဲ့ စားတော်ကဲကလည်း မိဖုရားကြီးထံအကြံဥာဏ်တောင်းပါတယ်။ မိဖုရားကြီးကလည်း မင်းကြီးက သားတော်လေးကို အင်မတန်မှချစ်တဲ့အတွက် ပွဲတော်တည်နေခိုက် အသားမပါသည်ကိုသတိပြုမိမည်မဟုတ်ဟု အထင်ဖြင့် သားတော်လေးကို ဘုရင်ကြီးရင်ခွင်ထဲကို ထည့်ပေးလိုက်ပါတယ်။ မင်းကြီးလည်း သားတော်လေးကိုကြည့်ပြီး ပီတိဖြစ်ပါတယ်။ အဲဒီအခါကျမှာ စားတော်ကဲက ပွဲတော်ကိုဆက်သလိုက်ပါတယ်။ မင်းကြီးလည်း အရက်အလွန်းမူးနေသော်လည်း အသားမပါသည်ကို ချက်ချင်းသိလိုက်ပါတယ်။ အသားဟင်းဘယ်မလဲဟုဆိုကာ ဒေါသအမျက်ခြောင်းခြောင်းထွက်တာကြောင့် အသားဟင်း ဒီလောက်ရှားလိုက်ကွာဟုဆိုကာ ရင်ခွင်ထဲမှ သားတော်လေးကို လည်ပင်းလိမ်ချိုးပြီး ဒါကိုချက်ခဲ့ဟုဆိုတာ၊ ဘုရင်ကြီးသည် တစ်နေ့လုံး အရက်သောက်လိုက်၊ သားတော်လေးရဲ့အသားကို မြည်းလိုက်နဲ့ စည်းစိမ်ယစ်ပြီး အိပ်ပျော်သွားပါတယ်။ မနက်မိုး လင်းတော့ အမူးပြေသဖြင့် ငါ့သားတော်လေးကိုခေါ်ခဲ့ဟု တောင်းခံပါတယ်။ ဒီအခါမှ မိဖုရားကြီးက ရှိုက်ကြီးတငင်ငိုကြွေးပြီး အဖြစ်ပျက်အားလုံးကို လျွှောက်တင်လိုက်ပါတယ်။ ဘုရင်ကြီးလည်း အင်မတန်ထိတ်လန့်ပြီး ပြင်းထန်ကြီးမားသော ဆင်းရဲကို ခံရပါတော့တယ်။ အဲဒီအခါကျမှ သားကိုသားမှန်းမသိအောင် အသိဥာဏ်ကင်းစေတဲ့ အရက်ကို နောက်နောင်မသောက်တော့ဟု အဓိဋ္ဌာန်ပြုလိုက်ပါတယ်။ အဲဒီအခါကျမှ ဘုရင်ကြီး အရက်ပြတ်သွားပါတယ်။ ဒါက အရက်သမားတစ်ယောက်ရဲ့ အရက်မူးခြင်းကြောင့် မိမိရဲ့သားကိုပင် သားဟုမမြင်ပဲ အင်မတန်ထိတ်လန့်စရာ ကောင်းတဲ့ အမှားတစ်ခုဖြစ်ပါတယ်။

ယခုခေတ်အခါမှာလည်း အားလုံးကိုတော့ မရည်ရွယ်ပါဘူး။ မိဝေးဖဝေး ရောက်နေတဲ့ ဒကာလေးတွေ ဒကာမလေးတွေ ထိုထိုအရက်သေစာများကို သောက်စားမူးယစ်ပြီး မမှားသင့်သည့်အရာများစွာကို မှားနေကြပါတယ်။ မိဘအုပ်ထိန်းသူတို့ရဲ့ အောက်ကနေလွတ်နေခြင်းကြောင့် အပျော်ဖက်ပြီး သောက်စားနေကြပါတယ်။ အဲလိုသောက်စားနေခြင်းကြောင့်လည်း သတိတရားတွေ ကင်းမဲ့ခြင်းကြောင့် ဘဝပျက်ပြီး ပျက်စီးနေကြတဲ့သူများရှိနေကြပါတယ်။ ပျော်လို့ပဲသောက်သောက်၊ စိတ်ညစ်လို့ပဲသောက်သောက်၊ ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိအောင်ပဲသောက်သောက်၊ အရက်ဆိုတာမျိုးက ကောင်းကျိုးဆိုတာ အပ်ဖျားလောက်မှပင် မပေးတတ်ပါ။ ဆိုးကျိုးများစွာကိုပဲဖြစ်စေတာပါ။ ကိုယ်ကမသောက်လည်း သူများသောက်ဖို့တိုက်တယ်ဆိုရင်လည်း အပါယ်လေးပါးရောက်စေတတ်တဲ့ အလှူဒါမှာ အရက်သေစာလှူဒါန်းခြင်းလည်းပါပါတယ်။ ထိုထိုသော အပြစ်များစွာ အမှားများစွာကိုဖြစ်စေတတ်တဲ့ အရက်စတဲ့ မူးယစ်ဆေးဝါးများကို မသုံးစွဲကြပါနဲ့လို့ အနူးအညွတ် မေတ္တာရပ်ခံချင်တာပါ။

အရက်သေစာကိုရှောင်ကြဉ်လိုက်မယ်ဆိုရင် သုရာမေရယကံကို ထိန်းရာရောက်သဖြင့် ဖော်ပြခဲ့ဆိုးကျိုးတွေရဲ့ပြောင်းပြန်ကောင်းကျိုးတွေကို ရရှိစေမှာပါဖြစ်ပါတယ်။ ဒီပိုစ့်လေးကို ဖတ်ပြီး အရက်သေစာသောက်စားမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေ။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာ တက္ကသိုလ်)

Friday, October 14, 2011

မုသာဝါဒကံအကြောင်း

ဒီသိက္ခာပုဒ်က အားလုံးသိတဲ့အတိုင်း ငါးပါးသီလရဲ့ စတုတ္ထမြောက် သိက္ခာပုဒ်ပါ။ မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိခိုက် ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုကို မုသာဝါဒလို့ခေါ်တာပါ။ နှုတ်နဲ့မပြောပဲ ကိုယ်အမူရာနဲ့ လိမ်ညာလို့ သူတစ်ပါး အကျိုးစီးပွားလည်းပျက်မည်ဆိုပါက မုသာဝါဒပင်ဖြစ်ပါတယ်။ သူတစ်ပါးအကျိုးစီးပွားကို မထိခိုက်စေပဲ တစ်စုံတစ်ရာ ကောင်းကျိုးရစေလိုပြီး၊ တစ်ဖက်အမှားကိုသိစေလို၍ ပရိယာယ်သုံးခြင်းသည်၊ ဆိုးကျိုးရစေလို၍ ပြောခြင်းမျိုးမဟုတ်သဖြင့် မုသာဝါဒ ကံမမြောက်ဘူးလို့ပြောရမှာပါ။(ဥပမာ) မြတ်စွာဘုရားရှင်က ညီနော်နန္ဒမင်းသားအား အရဟတ္တမဂ်တည်းဟူသော တရားထူးကို ရစေလိုသောကြောင့်၊ (သို့မဟုတ်) ညီနော်နန္ဒမင်းသားရဲ့ စရိုက်ကို သုံးသပ်တော်မူပြီး ထိုစရိုက်နဲ့ကိုက်ညီမယ့် ကမ္မဋ္ဌာန်းကိုပေးခြင်း၊ (သို့မဟုတ်) ဇနပဒကလျာနီတည်းဟူသော အချောအလှနှမတော်ကိုစွဲလန်းနေခြင်းကြောင့် သာသနာတော်ကနေ လူထွက်ဖို့ကြိုးစားနေတဲ့ နန္ဒမင်းသားကို တရားထူးရစေလိုသောကြောင့် ပရိယာယ်သုံးပြီး တရားကျင့်ခိုင်းဖူးပါတယ်။ ဒါကိုထောက်ဆကြည့်ရင် သူတစ်ပါးကောင်းကျိုးဖြစ်စေမယ့် ပရိယာယ်မျိုးကျတော့ မုသာဝါဒကံမမြောက်ဘူးဆိုတာကိုသိစေချင်တာပါ။ ရယ်မြူးလို၍ ပြောဆိုပြုမူခြင်းများမှာ မုသာဝါဒကံမြောက်တယ်။ ဒါပေမယ့် အပြစ်သေးတယ်။ မုသာဝါဒကံကိုလွန်ကျူးမိရင်တော့ (၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊ (၂) သွား မညီမညွတ် ရှိခြင်း၊ (၃) နား မချမ်းသာသော အသံ ရှိခြင်း၊ (၄) ၀လွန်းဆူလွန်းခြင်း၊ (၅) ပိန်လွန်း သေးလွန်းခြင်း၊ (၆) နိမ့် ပုလွန်းခြင်း၊ (၇) မြင့် ရှည်လွန်းခြင်း၊ (၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊ (၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊ (၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊ (၁၁) သူတပါးတို့မယုံကြည်ခြင်း၊ (၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊ (၁၃) လျှပ်ပေါ်တတ်ခြင်း၊ (၁၄) မိုက်မဲ တွေဝေခြင်း၊ (၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊ (၁၆) ကြောက်ရွံ့တတ်ခြင်း။ (ခုဒ္ဒပါဌ အဋ္ဌကထာ) ထို ဆိုးကျိုးများအပြင် သေလွန်သည့်အခါ အပါယ်လေးပါးသို့ရောက်ရခြင်းဆိုတဲ့ ဆိုးကျိုးများစွာကိုရစေပါတယ်။ မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ၊ မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ မပြောတတ်တဲ့သူဖြစ်ရပါတယ်။ သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။ ကိုယ်အသားအရေ စိုစိုပြေပြေမရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ ပုံဟန်သွင်ပြင် မလှပပဲ ဆိုး ၀ါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။ သူတစ်ပါးအပေါ် သြဇာမရောက် ၊ အာဏာမတည်ဖြစ်တတ်ပါတယ်။ နှုတ်ခမ်းထော်၊ လျှာကြမ်းပြီး အပြောအဆို သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ယခုခေတ် ထိုထိုသော အင်္ဂါရပ်တွေနဲ့ညီနေတဲ့ပုဂ္ဂိုလ်များကို မုသာဝါဒ၏ ဒဏ်ချက်သင့်နေသူများအဖြစ် ယူဆနိုင်ပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်တော်အခါက အားလုံးသိတဲ့အတိုင်းပါ။ မြတ်စွာဘုရားရှင်ကို မဟုတ်မမှန်လိမ်ညာပြီး စွပ်စွဲခဲ့တဲ့ စိဉ္စမာဏဝိကာ ဟာ ပုဆိုးကြမ်းကို ဝမ်းမှာရစ်ပတ်ပြီး ပျဉ်ချပ်ဖုံးအုပ်၍ ကိုယ်ဝန်ပြုလုပ်ကာ မြတ်စွာဘုရားရှင်ကို ပရိတ်သတ်အလည်မှာ မဟုတ်မမှန်လိမ်ညာပြီး စွပ်ခဲ့တာပါ။ ထိုထိုသို့သော လိမ်ညာလှည့်ပတ် မုသားဆိုခဲ့တဲ့ အကုသိုလ်ကံကြောင့် အဝီစိငရဲကိုကျရောက်ခဲ့တာဟာ မုသာဝါဒ ကံကြောင်ြ့ဖစ်ပါတယ်။ မုသာဝါဒ ကံကြောင့် အပါယ်လေးပါးရောက်ရခြင်းစတဲ့ဆိုးကျိုးတွေကိုပေးတဲ့ ဝတ္ထုတွေအများကြီးရှိပါတယ်။ မုသာဝါဒ မဟုတ်မမှန် မုသားစကား ပြောဆိုမှုကြောင့် မြေမြိုခံရတဲ့ စေတိယမင်းအကြောင်းကိုနဲနဲပြောပြချင်ပါတယ်။ ဒါက မြတ်စွာဘုရားဟောတော်မူတဲ့ စေတိယဇာတ်မှာလာပါတယ်။ ထိုစေတိယမင်းက တန်ခိုးနဲ့ပြည်စုံပါတယ်။ နတ်သားလေးယောက်က သန်လျက်စွဲကိုင်ပြီး အရပ်လေးမျက်နှာမှစောင့်ရှောက်ခြင်းဆိုတဲ့ အခြံအရံရှိပါတယ်။ ကောင်းကင်သို့လိုသလို စိတ်ကြိုက်သွားလာနိုင်တဲ့ တန်ခိုးလည်းရှိပါတယ်။ ခန္ဓာကိုယ်က စန္ဒကူးရနံ့သင်းပျံ့နေပါတယ်။ ခံတွင်းကလည်း ကြာညိုရနံ့သင်းပျံ့တဲ့အထိ တန်ခိုးကြီးတယ်လို့ဆိုရမှာပါ။ ထိုစေတိယမင်းမှာ ကပိလ အမည်ရှိတဲ့ ပရောဟိတ်ပုဏ္ဏားတစ်ယောက်ရှိပါတယ်။ ထိုပရောဟိတ်ပုဏ္ဏားမှာလည်း ကောရကလဗ္ဗအမည်ရှိတဲ့ ညီတစ်ယောက်ရှိပါတယ်။ ဖြစ်ချင်တော့ စေတိယမင်းက ငယ်စဉ်ပညာသင်ဖက်ဖြစ်တဲ့ ပရောဟိတ်ပုဏ္ဏားကြီး ကပိလရဲ့ညီဖြစ်သူ ကောရကလဗ္ဗ ကို ကတိတစ်ခုပေးခဲ့ပါတယ်။ အဲဒါဘာလဲလို့ဆိုတော့ စေတိယမင်းက ငါဘုရင်ဖြစ်တဲ့အခါ မင်းကို ပရောဟိတ်ရာထူးပေးမယ်ဆိုတဲ့ ကတိကို ကပိလ ပုရောဟိတ်ပုဏ္ဏားကြီးရဲ့ညီတော် ကောရကရဗ္ဗကိုပေးခဲ့တာပါ။ ဒါနဲ့ စေတိယမင်း ဘုရင်ဖြစ်တဲ့အခါရောက်တော့ ကပိလ ပုရောဟိတ်ပုဏ္ဏားကြီးကို အသက်အရွယ်ကြောင့်အရိုသေ ပေးနေရတုန်းပါ။ ပုဏ္ဏားကြီးက အဲဒါကိုမှတ်ပြီး စေတိယမင်းက အရွယ်တူတို့နှင့်တကွ ချမ်းသာခြင်းကိုဆောင်ခြင်းက ပိုပြီးတင့်တယ်ပါတယ်။ ငါက အိုမင်းနေပြီ။ ဒါကြောင့် ရသေ့ပြုတာကောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချမှတ်ပြီး စေတိယမင်းကို မင်းကြီး အကျွန်ုပ်သည်ကားအိုမင်းနေပြီ။ ကျွန်ုပ်၏သားဖြစ်သူကို ပုရောဟိတ်အရာပေးလိုက်ပါ။ ကျွန်ုပ်ကတော့ ရဟန်းပြုတော့မယ်ဆိုပြီး မင်းထံခွင့်တောင်းပြီး ရဟန်းပြုပြီး သားကို ပရောဟိတ်အရာမှာထားလိုက်ပါတယ်။ ညီဖြစ်သူ ကောရကလဗ္ဗက သူ့ကိုပရောဟိတ်အရာ မပေးလို့ဆိုပြီး အစ်ကိုဖြစ်သူကို ရန်ငြိုးဖွဲ့ပါတယ်။ တစ်နေ့တော့ စေတိယမင်းနဲ့ ကောရကလဗ္ဗတို့တွေဆုံတော့ ကောရကလဗ္ဗ၊ သင်သည်ကား ပုရောဟိတ်အရာကို မပြုလော- ဟုမေးတော့ အရှင်မင်းကြီး ကျွန်ုပ်ကား ပုရောဟိတ်ရာထူးကိုမရပါ။ အစ်ကိုဖြစ်သူက သူ့သားအားပေးပြီး ရဟန်းပြုနေတာပါလို့လျှောက်တော့ စေတိယမင်းက ကောရကလဗ္ဗကို ပုရောဟိတ်ရာထူးမှာ မင်းနေပါလို့ပြောပါတယ်။ ကောရကလဗ္ဗကလည်း မင်းကြီး အနွယ်ကနေ ဆင်းသက်လာတဲ့ရာထူးကို ကျွန်ုပ်အစ်ကိုကြီးကို ပယ်ပြီး ကျွန်ုပ် အဘယ်ကဲ့သို့ ပုရောဟိတ်ရာထူးမှာတည်မှာလဲလို့ ပြန်လည်လျှောက်ထားပါတယ်။ စေတိယမင်းကလည်း ရဟန်းပြုသွားတဲ့အစ်ကိုကြီးကို ညီဖြစ်အောင်၊ ညီကို အစ်ကိုဖြစ်အောင် မုသားသုံးပြီး ကောရကလဗ္ဗကိုပုရောဟိတ်ရာထူးရအောင်လုပ်ပေးမည်ဟုကတိပေးလိုက်ပြန်ပါတယ်။ ထိုအချိန်ကာလက လူတွေက မုသားစကားကို ပြောလေ့မရှိသလို မှန်သောစကားကိုသာသုံးစွဲလေ့ရှိတဲ့ခေတ်ပါ။ မုသာဝါဒဆိုတာကိုလည်း မသိသေးတဲ့ခေတ်ပါ။ အဲလို ကောရကလဗ္ဗနဲ့ စေတိမင်းတို့တိုင်ပင်တာကိုကြားတဲ့ ပုရောဟိတ်အသစ် ကပိလသားက ဖခင်ပုရောဟိတ်အဟောင်းရသေ့ကြီးထံကို သွားပြီး “ဖခင်”မင်းကြီးကတော့ မုသားသုံးပြီး အကြီးကို အငယ်၊ အငယ်ကိုအကြီးပြုပြီး ပုရောဟိတ်ရာထူးကိုလွှဲတော့မယ်ဆိုတဲ့အကြောင်းကို ဖခင်ရသေ့ကြီးထံသွားရောက်ပြောကြားပါတယ်။ မုသားပြောမယ့်နေ့ကိုရောက်တော့ လူတွေကလည်းဝိုင်းအုံးကြည့်နေခိုက်၊ ရသေ့ကြီးကရောက်လာပြီး မင်းကြီး အသင်မင်းကြီးက အငယ်ကိုအကြီးပြုပြီး ပုရောဟိတ်ရာထူးကိုပေးမည်ဆိုတာမှန်ပါသလားလို့မေးတော့ မင်းကြီးက ဆရာ..မှန်ပါတယ်။ မင်းကြီး မုသားစကားက အင်မတန်အပြစ်ကြီးလေး၏။ ဂုဏ်ကျေးဇူးကိုဖျတ်ဆီးတတ်၏။ အပါယ်လေးပါးတို့၌ဖြစ်တတ်၏။ မင်းသည်ကား မုသားကိုဆိုခြင်းသည် တရားကိုသတ်တာဖြစ်ပါတယ်လို့ဆုံးမတာကိုမနာခံပဲ၊ ရသေ့ သင်ကားညီဖြစ်ပါတယ်။ ကောရကလဗ္ဗကား အစ်ကိုဖြစ်ပါတယ်ဟုပထမအကြိမ် လူပရိတ်သတ်ရှေ့မှာ မုသားဆိုလိုက်တာ အစောင့်အရှောက်နတ်သားလေးပါးကွယ်ပျောက်ခြင်း၊ ခန္ဓာကိုယ်မှ မကောင်းသောအနံ့၊ ခံတွင်းမှ ကြက်ဥပုပ်နံ့ထွက်ခြင်း၊ ဈာန်တရားတို့ကွယ်ပျောက်၍ ကောင်းမှလျော့ကျပြီး မြေ၌တည်ခြင်းဆိုတဲ့ဆိုးကျိုး၊ ဒုတိယအကြိမ် မုသားသုံးမှုကြောင့် ဖမျက်တိုင်အောင် မြေသို့ဝင်ခြင်း၊ တတိယအကြိမ် မုသားကြောင့် ပုစစ်တိုင်အောင်မြေသို့ဝင်ခြင်း၊ စတုတ္ထအကြိမ် ရသေ့ကြီးသင်ကားညီ၊ ကောရကလဗ္ဗက အစ်ကိုဖြစ်တယ်ဟု မုသားဆိုခြင်းကြောင့် ခါးတိုင်အောင်မြေသို့ဝင်ခြင်း၊ ထိုသို့ခုနစ်ကြိမ်တိုင်အောင် မုသားဆိုခြင်းကြောင့် အဝီစိမှမီးလျှံများတက်လာပြီး စေတိယမင်းကို ဝါးမြိုသွားတာဖြစ်ပါတယ်။ ဒါကြောင့် မုသား မပါလင်္ကာမချောဆိုတဲ့ အသုံးအနှုန်းအမှားကြီးကိုပယ်ဖျောက်ပြီး မုသားစကားကို ပျက်ရယ်မျှပင်မပြုစေဖို့တိုက်တွန်းလိုတာပါ။ မြတ်စွာဘုရားရှင် ရာဟုလာကိုဆုံးမတာရှိပါတယ်။ မုသားစကားကို ရယ်မောဖွယ်ဖြစ်အောင်ပင်မပြောပါနဲ့တဲ့၊ ဘာလို့လဲဆိုတော့ မုသာဝါဒကိုကျူးလွန်းသူတစ်ယောက်က ကျန်သော အကုသိုလ်များကို မပြုလုပ်ဝံ့တဲ့ အကုသိုလ်ဆိုတာမရှိခြင်းကြောင့်ဖြစ်ပါတယ်။ မှန်ပါတယ်။ မုသားစကားကို ပြောရဲတဲ့သူက မလုပ်ရဲတဲ့အကုသိုလ်ဆိုတာ အမှန်ပင်မရှိတာပါ။ အကုသိုလ်မှန်သမျှကို မုသားပြောရဲသူက လုပ်ဆောင်ရဲတာပါ။ ဒါကြောင့် အားလုံးသော သူများကိုလည်း အင်မတန်ကြောက်စရာကောင်းတဲ့မုသာဝါဒကံကို အသက်ထက်ဆုံးရှောင်ကြဉ်စေလိုတာကြောင့် မုသာဝါဒကံအကြောင်းကို တင်ပြလိုက်တာပါ။ မုသာဝါဒကံကိုလုံခြုံရင် အထက်ကဆိုးကျိုးတို့ရဲ့ပြောင်းပြန် ကောင်းကျိုးတွေကိုရရှိခံစားရမှာဖြစ်ပါတယ်။ အားလုံးလိုက်နာနိုင်ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။ မုသာဝါဒကံအပါအဝင် ငါးပါးသီလကို အသက်ထက်ဆုံး တည်အောင် စောင့်ထိန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Monday, October 10, 2011

ကာမေသုမိစ္ဆာစာရကံအကြောင်း

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်က ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ ဆောက်တည်နေကျဖြစ်တဲ့ ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ပါ။ ဒီသီလမှာလည်း ရှောင်ကြဉ်လျှင် ရနိုင်မယ့်ကောင်းကျိုးတရား၊ ကျူးလွန်လျှင် ခံစားရမယ့် ဆိုးကျိုးတရား အကောင်းနဲ့အဆိုး အဖြူနဲ့အမည်း ဒွန်တွဲနေသလို သိက္ခာပုဒ်တစ်ခုမှာ ရှောင်ကြဉ်ခြင်း၊ ကျူးလွန်းခြင်း၊ ထိုထိုသော အကြောင်းတရားများကြောင့် ကောင်းကျိုး ဆိုးကျိုးများရှိနေပါတယ်။ ယောက်ျားများသည် မိမိရဲ့ ဇနီးမှတစ်ပါး အခြားသော ပိုင်ဆိုင်သူ အုပ်ထိန်းသူ ရှိသည့် မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသု မိစ္ဆာစာရ)ဖြစ်ပါတယ်။ မိန်းမများသည်လည်း မိမိ၏ ခင်ပွန်းမှ တပါး အခြားသော ယောင်္ကျားတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ) ဖြစ်ပါတယ်။ ထိုကာမေသုမိစ္ဆာစာရကို လွန်ကျူးသူသည် (၁)။ အပါယ်လေးဘုံတို့သို့လားရောက်ရခြင်း။ (၂)။ မိန်းမဖြစ်ရခြင်း။ (၃)။ နပုံပဏ္ဍုက်ဖြစ်ရခြင်း။ (၄)။ အများ အမုန်းခံရခြင်း။ (၅)။ ရန်သူများခြင်း။ (၆)။ စိုးရိမ်ကြောင့်ကြ များရခြင်း။ (၇)။ ချမ်းချမ်းသာသာ မနေရခြင်း။ (၈)။ ချစ်သူနှင့် ကွဲရခြင်း။ (၉)။ မျက်နှာ မကြည်မလင် မရွှင်ပြခြင်း စသော ဆိုးကျိုးများကိုရရှိစေပါတယ်။ ယခုခေတ်မှာ မလိုမုန်းထားသူပေါများနေတဲ့သူ၊ ရန်သူလဲများတဲ့သူ၊ လာဘ်လာဘရှားပါး တိတ်ဆိတ်တဲ့သူ၊ ချမ်းသာမှု ကင်းဆိတ်တဲ့သူ၊ လျှပ်ပေါ်လော်လီနေသော မိန်းမဖြစ်ရတ့သဲူ၊ မိန်းမမဟုတ် ယောင်္ကျားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ၊ ယောက်ျားလျာ) ဖြစ်ရတဲ့သူ၊ ယောင်္ကျားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ မိန်းမတစ်ယောက်လို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ် မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့ အထင်ကြီးစရာလုံးဝမကောင်းတဲ့ ယုတ်ညံ့တဲ့ အမျိုးသား ဖြစ်နေတဲ့သူ၊ မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတဲ့သူ၊ ရုပ်ဆင်းအင်္ဂါ လက္ခဏာချို့ယွင်းသေးသိမ်တဲ့သူ၊ စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်တဲ့သူ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းနေတဲ့သူ စသည်ဖြင့် ထိုထိုသို့သော ပုဂ္ဂိုလ်များသည် ကာမေသုမိစ္ဆာစာရကံရဲ့ လွှမ်းမိုးမှုတစ်စိပ်တစ်ဒေသ ရှိနေတယ်လို့ ယူဆမည်ဆိုက ယူဆနိုင်ပါတယ်။

ရှေးတုန်းက ဧရကစ္ဆ ဆိုတဲ့မြို့လေးတစ်မြို့မှာ ရွှေပန်းထိမ်လုပ်ငန်းလုပ်ပြီး ချမ်းသာ ကြွယ်ဝနေသူ လုလင်တစ်ယောက်ရှိပါတယ်။ ပန်းထိမ်လုလင်လေးက ပစ္စည်းလည်းကြွယ်ဝတယ်၊ အရွယ်ကလည်းကောင်းနေတော့ အပျော်အပါးများလှပါတယ်။ ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊ ကာမပိုင်ယောင်္ကျားမရှိတဲ့မိန်းမ၊ ရုပ်ရည် ချောမောသော မည့်သည့်မိန်းမ မဆို ထိုလုလင်လေးနှင့်လွတ်ကင်းသောမိန်းမဆိုတာ မရှိသလောက်ပါပဲ။ ထိုထိုသော မိန်းကလေးများနှင့် ဖောက်လွဲဖောက်ပြန်မှားယွင်းတဲ့ အကျင့်ကိုကျင့်တာပါ။ အဲလိုအပျော်အပါးနဲ့ပျော်ပါးပြီး ကောင်းမှုကုသိုလ်ကလည်းမရှိ၊ တရားလက်လွတ်ပြီးသေတော့ အဲဒီအကုသိုလ်ကံကြောင့် ဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ငရဲကိုကျရောက်ခြင်းဆိုတဲ့ ဆိုးကျိုးတစ်ခုခံခဲ့ရပါတယ်။ ငရဲကနေလွတ်လာ ပြန်တော့လည်း တစ်ခါ တိရိစ္ဆာန်ဘဝ (မျောက်ဘဝ)ဖြစ်ရပြန်တယ်။ မျောက်ကလေးခုနစ်နှစ်သား အရွယ်ရောက်လာတော့ သင်းအုပ်မျောက်ကြီးရဲ့ သင်းကွတ်ခြင်းကိုခံရပြန်တယ်။ မျောက်ဘဝကနေ သေတော့ တစ်ခါ ဆိတ်ဘဝရောက်ရပြန်တယ်။ အဲဒီဘဝကိုလွန်ပြန်တော့ နွားဘဝရောက်ပြန်တော့လည်း တစ်နှစ်သားအရွယ်မှာ သင်းကွတ်ခြင်းကိုခံရပြန်ပါတယ်။ ပြီးတော့ မျက်စေ့လည်းကန်းရပြန်တယ်။ မျက်စေ့ကန်းပြီး မကျန်းမမာဖြစ်သော်လည်း ထွန်ဆွဲရ လှည်းရုန်းရတဲ့ အလုပ်ကြမ်းများကို မနားမနေလုပ်ရပါတယ်။ ဒါက ထိုကံကိုလွန်ကျူးမိတဲ့သူများ ခံစားရတဲ့ဆိုးကျိုးတွေထဲက အပါယ်လေးဘုံသို့ကျရောက်တဲ့ဆိုးကျိုးပါ။

ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးတွေဆက်တိုက်ဆိုသလို နလန်မထူနိုင်အောင်ခံနေရတာပါ။ အဲဒီဆိုးကျိုးတွေမကုန်သေးပါဘူး။ အဲဒီနွားဘဝကနေ စုတိပြန်တော့ ကျွန်မတစ်ဦးရဲ့သား ဖြစ်ရပါတယ်။ သားဆိုသော်လည်း ကာမေသုမိစ္ဆာစာရ ဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ ယောင်္ကျားမဟုတ် မိန်းမမဟုတ်၊ နပုံးပဏ္ဍုက်သာဖြစ်ရတာပါ။ ယောင်္ကျားစစ်စစ်၊ တည်ကြည်ခန့်ညားတဲ့ ယောင်္ကျားမျိုးမဟုတ်ပါဘူး။ ဒါနဲ့ နေလာလိုက်တာ အသက်အားဖြင့် သုံးဆယ်လောက်ရောက်တော့ သေဆုံးသွားပြီး အင်မတန်မှ ဆင်းရဲမွဲတေတဲ့ လှည်းကူလီကြီးရဲ့သမီးဖြစ်ရပြန်တယ်။ ထိုလှည်းကူလီကြီးရဲ့ လှည်းကုန်သည်ကြီးက ထိုလှည်းကူလီထံမှ သမီးကို အကြွေးနဲ့သိမ်းပိုက်လိုက်ပါတယ်။ ထိုမိန်းကလေး အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်တော့ လှည်းကုန်သည်ကြီးရဲ့သားက ချစ်လှပါသည်ဆိုကာ သိမ်းပိုက်လိုက်ပြန်ပါတယ်။ ခင်ပွန်းသည်နှင့် မယားကြီး စိတ်ကြည်သာကြပါစေဆိုပြီး ဝတ္တရားကျေပွန်အောင်နှိမ့်ချရိုကျိုးသော စိတ်ထားဖြင့် ဘယ်လိုပင် ပြုစုလုပ်ကျွေးငြားသော်လည်း ချစ်ခင်မှုကို နည်းနည်းလေးမှပင်မရပါ။ အမုန်းသာအဖက်တင်ခဲ့ရပါတယ်ဆိုတဲ့ ထိုကံရဲ့ဆိုးကျိုးတွေထဲက အများအမုန်းခံရခြင်းဆိုတဲ့ဆိုးကျိုးကိုရလိုက်တာပါ။

အဲဒီဘဝကနေစုတိပြန်တော့ မြတ်စွာဘုရားရှင်လက်ထက်တော်မှာ ဥဇ္ဇေနီ ပြည်မှာ ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး၏ တစ်ဦးတည်းသော သမီးဖြစ်ရပါတယ်။ အရွယ်ရောက်လာတော့ သာကေတ သူဌေးသားနှင့် လက်ထပ် ထိမ်းမြားရပါတယ်။ ခင်ပွန်းသည်၊ ခင်ပွန်းသည်နှင့်ပတ်သတ်သမျှသော မိဘ၊ မောင်နှမ၊ ဆွေမျိုးများပါမကျန်ရအောင် ပေးတန်သည်ကိုပေး၊ ကျွေးတန်သည်ကိုကျွေးပါသော်လည်း မျက်နှာကောင်းမရခြင်းဆိုတဲ့ဆိုးကျိုးအပြင်၊ လင်ပစ်ပါခံရပြန်တယ်။ ထိုနည်းဖြင့်ပင် အိမ်ထောင်သုံးဆက်တိုင်တိုင် လင်ပစ်မ ဘဝနှင့် ဒုက္ခလှလှကြီးရောက်ခဲ့ရခြင်းဆိုတဲ့ ဆိုးကျိုးတွေထဲကတစ်ခုဖြစ်တဲ့ ချစ်ရသူနဲ့ကွေကွင်းရခြင်းဆိုတဲ့ ဆိုးကျိုးကို ရရှိခံစားရတာပါ။ လူချမ်းသာ ပန်းထိမ်လုလင်ဘဝက ငွေကိုရေလိုသုံးကာ ပျိုသော အိုသော လင်ရှိသော လင်မရှိသော ချောမောလှပတဲ့မိန်းကလေးမှန်သမျှနဲ့ ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးကတော့ ယခုပြောပြထားတဲ့ဆိုးကျိုးတွေပါပဲ။

ဒီကံက အလွန်ပင်လွန်ကျူးဖို့လွယ်ပါတယ်။ အဓိက ပြောချင်တာက ပိုက်ဆံအင်မတန်ချမ်းသာတဲ့ ယောင်္ကျားများ၊ ပိုက်ဆံအင်မတန်ချမ်းသာတဲ့မိန်းမများ ထိုထိုသို့သော ပုဂ္ဂိုလ်များ ကျူးလွန်ဖို့လွယ်သလို၊ ငွေနောက်လိုက်နေသော ယောင်္ကျားများမိန်းမများ နဲ့ အချောင်စိတ်များတဲ့ ပုဂ္ဂိုလ်များ အထူးသတိပြုစေချင်ပါတယ်။ ထိုမှကြွင်းသော သူများလည်း လုံးဝ မလွန်ကျူးမိစေဖို့ အထူးတိုက်တွန်းလိုတာပါ။ ယခု ပန်းထိမ်သည် လုလင်လေး ဘဝဆက်တိုင်းယုတ်ညံ့ပြီး ဒုက္ခရောက်ခဲ့တာကြည့်ခြင်းအားဖြင့် ထိုကံက အလွန်ပင်ကြောက်စရာကောင်းလှတယ်ဆိုတာ သေချာပါတယ်။ နောက်ဆုံးဘဝမှာ ထိုလုလင်တစ်ဖြစ်လဲ သူဋ္ဌေးသမီးလေးက အဆွေခင်ပွန်းကောင်းဖြစ်တဲ့ ဇိနဒတ္တာထေရီမနှင့်တွေ့ဆုံပြီး ဘိက္ခုနီမအဖြစ်ခံယူကာ တရားကျင့်လိုက်တာ ရဟန္တာမဖြစ်သွားတော့မှ ကာမေသုမိစ္ဆာစာရကံရဲ့ဆိုးကျိုးများအဆုံးသတ်သွားပါတယ်။

ထိုကာမေသုမိစ္ဆာစာရကံကို ရှောင်ကြည်မယ်ဆိုရင် ဆိုးကျိုးရဲ့ပြောင်းပြန် ကောင်းကျိုးတွေကိုရစေပါတယ်။ သုဂတိဘုံတို့၌သာဖြစ်ရခြင်း၊ ယောင်္ကျားစစ်စစ်ဖြစ်ရခြင်း၊ နပုံးပဏ္ဍုက်မဖြစ်ရခြင်း၊ အများချစ်ခင်မှုကိုခံရခြင်း၊ မိတ်ဆွေပေါများခြင်း(ရန်သူမရှိခြင်း)၊ စိုးရိမ်ကြောင့်ကျမှုကင်းခြင်း၊ စိတ်ချမ်းသာခြင်း၊ ချမ်းချမ်းသာသာနေရခြင်း၊ မိမိချစ်ခင်သူနဲ့ဘဝတစ်လျောက်လုံးပေါင်းသင်းရခြင်း၊ မျက်နှာကြည်လင်ဝင်းပပြီးပျော်ရွှင်စေခြင်းဆိုတဲ့ ကောင်းကျိုးများဟာ ထိုကံကို ရှောင်ကြဉ်ခြင်းရဲ့ကောင်းကျိုးများသာဖြစ်ပါတယ်။ အဲဒီတော့ ဘဝသံသရာတစ်လျှောက်လုံးမကောင်းတဲ့ ဆိုးကျိုးတွေကနေ လွတ်ကင်းအောင်၊ ကောင်းကျိုးအနန္တရစေအောင် ကာမေသုမိစ္ဆာစာရကံကို အသက်ထက်ဆုံး လုံခြုံအောင်စောင့်ထိန်းစေဖို့ အသိပေးလိုက်ရပါတယ်။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Saturday, October 8, 2011

ဘုရားဂုဏ်တော်ပွားနည်း

ဘုရားဂုဏ်တော်လေးတွေ ပွားတတ်ဖို့ ပြောပေးမယ်။

၁။ အရဟံ- အထူးအပူဇော်ခံထိုက်တဲ့ ဘုရားရှင်၊

အရ ဟံ- ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်၊

အ ရဟံ- ဆိတ်ကွယ်ရာမှာပင်ဖြစ်သော်လဲ မကောင်းမှုကို ပြုတော်မမူတဲ့ ဘုရားရှင်။

ဒီလို သိလိုက်ရင် ကိလေသာကင်းနေတာနဲ့ ပူဇော်ထိုက်လှပါပြီ၊ ဒို့ ပုထုဇဉ်တွေဆိုတာ မမြင်ကွယ်ရာမှာ မကောင်းမှု လစ်ရင် လစ်သလိုပြုတတ်ကြတယ်၊ ဘုရားရှင်မှာတော့ ဘယ်နေရာမျိုးမှာမှ မကောင်းမှု ပြုလေ့မရှိတော့ဘူးဆိုတာ မှန်းဆကြည်ညိုလိုက်ပါ။

၂။ သမ္မာသမဗုဒ္ဓေါ- သစ္စာတရားကို ကိုယ်တော်တိုင် သိတော်မူတဲ့ ဘုရားရှင်။

သူများပြောပြ ဟောပြလို့ သိတာမဟုတ်ဘူး။ ကိုယ်တော်တိုင် အားထုတ်လို့ သိတော်မူတာဟာ ဘုရားရှင်ရဲ့ ထူးမြတ်တဲ့ ဂုဏ်တော်ပါပဲ။

၃။ ၀ိဇ္ဇာစရဏသမ္ပန္နော- အသိတရား အကျင့်တရားနဲ့ ပြည့်စုံတော်မူတဲ့ဘုရားရှင်။

ဝိဇ္ဇာ(၃)ပါး စရဏတရား (၁၅)ပါးနဲ့ ပြည့်စုံတော်မူတယ်ဆိုတာ ကြည်ညိုလိုက်ပါ။

၎။ သုဂတော- စကားကောင်းကိုသာ ဆိုတော်မူတတ်တဲ့ဘုရားရှင်။

အပြစ်အနာအဆာ ကင်း၊ ထိခိုက်နစ်နာမှုကင်းတဲ့ တရားတော်တွေကိုသာ ဟောတော်မူတဲ့ဘုရားရှင်ကို ကြည်ညိုလိုက်ပါ။

၅။ လောက၀ိဒူ- လောကအကြောင်း ကောင်းကောင်းသိတော်မူတဲ့ဘုရားရှင်။

သတ္တလောကအကြောင်း သင်္ခါရလောကအကြောင်း သြကာသလောကအကြောင်းကို သိတော်မူတဲ့ဘုရားရှင်ကို ကြည်ညိုလိုက်ပါ။

၆။ အနုတ္တရောပုရိသဒမ္မသာရထိ- မလိမ္မာမယဉ်ကျေးတဲ့သူတွေကို လိမ္မာရေးခြားရှိလာအောင် ဆုံးမတော်မူနိုင်တဲ့ဘုရားရှင်။

၇။ သတ္ထာဒေ၀မနုဿာနံ- လူနတ်ဗြဟ္မာတို့ရဲ့ ဆရာတစ်ဆူဖြစ်တော်မူတဲ့ဘုရားရှင်။

၈။ ဗုဒ္ဓေါ- သစ္စာလေးပါးကို သိတော်မူတဲ့ဘုရားရှင်။

၉။ ဘဂ၀ါ- ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူတဲ့ဘုရားရှင်။

ဒီဂုဏ်တော်တွေဟာ ဘုရားရှင်မှာ ထူးခြားထင်ရှားတဲ့ဂုဏ်တော်တွေဖြစ်တဲ့အတွက် ဒီဂုဏ်တော်တွေနဲ့ ပူဇော်မယ်ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပူဇော်တာပါပဲ။ ဘုရားရှင်ဂုဏ်တော်တွေ ပူဇော်ရင်းနဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားတော်တွေကိုလဲ သိနားလည်လာပါလိမ့်မယ်။ ဒီတော့ ဘုရားရှင်ရဲ့ ဂုဏ်တွေ ကျေးဇူးတွေကို သိနားလည်လာလေ ပူဇော်ရတာ ကျေနပ်စရာ ကောင်းလေ၊ ပူဇော်လို့ မ၀နိုင်လေ ဖြစ်လာပါလိမ့်မယ်။

ဘုရားဆင်းတု စေတီ ပုထိုး ဓာတ်တော်စသည်ကို ပူဇော်တယ်ဆိုတာ ဒီဂုဏ်တော်တွေနဲ့ မှန်းဆပူဇော်ကြရတယ်။ ဘုရားရုပ်ပွားရှိခိုးကြတယ်ဆိုတာ ရုပ်ပွားက အမှတ်သင်္ကေတပါပဲ။ ဘုရားနဲ့ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ အဓိကမဟုတ်ပါဘူး။ ဒီရုပ်ပွားက တစ်ဆင့် ဂုဏ်တော်တွေ မှန်းဆလို့ ရှိခိုးကြရပါတယ်။ ဒါကြောင့် မဟာဂန္ဓာရုံဆရာတော်ကြီးက ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောပနာ ပဏာရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား လို့ ရေးစပ်တော်မူခဲ့တာပေါ့။

ဘုရားဂုဏ်တော်လေးတွေနဲ့ စိတ်ရဲ့ ငြိမ်းအေးမှု ကိုယ်ရဲ့ ငြိမ်းအေးမှုလေးတွေ ရအောင် ယူလိုက်ပါ။ စိတ်တွေ အရမ်းနောက်နေရင် ဘုရားရှေ့မှာ ထိုင်၊ ဘုရားမျက်နှာတော်ကို ဖူးပြီး ဂုဏ်တော်လေးတွေနဲ့ မှန်းဆပူဇော်လိုက်ပါ။ ဘုရားရှင်ရဲ့ အငြိမ်းဓာတ်လေးတွေ ကူးစက်ထိတွေ့ ခံစားမိလာပါလိမ့်မယ်။

စိတ်ညစ်ရင် ဘယ်လိုလုပ်ရမလဲလို့ မေးလာလို့ ဖြေပေးရင်း ဒီနေ့ စာလေးတွေရေးဖြစ်၊ ပြောသင့်တာလေးတွေလဲ ပြောဖြစ်သွားတယ်။ ဓမ္မဒါနကုသိုလ်ပေါ့။

ဒေါက်တာအရှင်ပါရမီ

Tuesday, October 4, 2011

အဒိန္နာဒါနကံ အကြောင်း

အဒိန္နာဒါန ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ နေ့စဉ်စောင့်ထိန်းနေကျ ငါးပါးသီလရဲ့ ဒုတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။ မြန်မာလိုရှင်းရှင်းလေးပြောရရင် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရတဲ့သိက္ခာပုဒ်ပါ။ ရှောင်ကြဉ်ရင်ကောင်းကျိုးရမယ်။ လွန်ကျူးရင် ဆိုးကျိုးရမယ်။

လွန်ကျူးလို့ရမယ့် အကျိုးတရား (၆)ပါးရှိပါတယ်။ ပိုင်ရှင်က ကြည်ဖြူစွာမပေးသော ပစ္စည်းကိုခိုးယူခြင်း၊ တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊ အကြပ်ကိုင်ပြီးယူခြင်း၊ ပရိယာယ် တစ်မျိုးမျိုးဖြင့် လှည့်ပတ်ပြီးယူခြင်း စတဲ့ အချက်တွေဟာ အဒိန္ဒာဒါန- သူတစ်ပါးဥစ္စာပစ္စည်းကို မတရားယူခြင်းမည်ပါတယ်။ အဲလို အဒိန္နာဒါနကိုလွန်ကျူးရင်

(၁)။ အပါယ် ဒုဂ္ဂတိဘဝ သို့ရောက်ရှိရခြင်း။

(၂)။ ဆင်းရဲ မွဲတေခြင်း၊

(၃)။ ပစ္စည်းရအောင်မရှာနိုင်ခြင်း။

(၄)။ ရှိသမျှပစ္စည်း မတည်တံ့ခြင်း။

(၅)။ လိုအပ်သော ပစ္စည်း မရနိုင်ခြင်း။

(၆)။ ဆင်းဆင်းရဲရဲ နေရခြင်း စသော ဆိုးကျိုးများကို ရစေနိုင်ပါတယ်။

အဒိန္နာဒါန၏အင်္ဂါများ

(၁) ပရသန္တက - သူတစ်ပါးဥစ္စာဖြစ်ခြင်း၊ (၂) တထာသညာ - သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊ (၃) ထေယျစိတ္တ - ခိုးလိုသောစိတ်ရှိခြင်း၊ (၄) ဥပက္ကမ - ခိုးရန်လုံ့လပြုခြင်း၊ (၅) ထေနဟာရ - ထိုလုံ့လဖြင့် ခိုးခြင်း။ ထိုအင်္ဂါ(၅)ချက်ပြည့်စုံရင် အဒိန္နာဒါနကံမြောက်ပါတယ်။

ထိုအဒိန္နာဒါနကံကို လုံခြုံရင်အောင်စောင့်ထိန်းနိုင်မယ်ဆိုရင် ရနိုင်မယ့်အကျိုးတရားကလည်း ဆိုးကျိုးရဲ့အပြန်အားဖြင့် (၆)ပါးရှိပါတယ်။

(၁)။ သုဂတိဘုံသို့သာလားရောက်ရခြင်း။

(၂)။ ချမ်းသာကြွယ်ဝခြင်း။

(၃)။ ပစ္စည်းဥစ္စာကိုရရှိအောင် လွယ်ကူစွာရှာဖွေနိုင်ခြင်း။

(၄)။ မိမိပိုင်သော ပစ္စည်း ရန်သူမျိုးငါးပါးကြောင့်ပျက်စီးခြင်းမရှိပဲ တည်တံ့ခြင်း။

(၆)။ ချမ်းချမ်းသာသာနေရခြင်း။ ဒါက အဒိန္နာဒါန ကံ လုံခြုံရင်ရစေနိုင်မည့်အကျိုးတရားတွေပါ။

ယခုလူဘဝ လူလောကမှာ တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်များ ဆင်းဆင်းရဲရဲမွဲတေပြာကျခြင်း၊ စီးပွားဥစ္စာကိုရအောင်မရှာနိုင်ခြင်း၊ ပိုင်ဆိုင်ထားသမျှ အနည်းငယ်သော ပစ္စည်းသည်ပင်လျှင် သူများအလိမ်ခံရခြင်း၊ ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရခြင်း၊ မိမိလိုအပ်သော ပစ္စည်းကို မရနိုင်ခြင်း၊ ဆင်းဆင်းရဲရဲ လူဆင်းရဲဘဝဖြစ်ရခြင်း စတဲ့ပုဂ္ဂိုလ်များဟာ အဒိန္နာဒါန ကံရဲ့ ဒဏ်ချက်တွေ လွှမ်းမိုးခံနေတဲ့ အရိပ်အယောင်တွေလို့ ပြောရမှာပါ။

ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေ၊ ပစ္စည်းဥစ္စာတွေကို လွယ်လင့်တကူ ကျွမ်းကျွမ်းကျင်ကျင်ရှာဖွေနိုင်တဲ့ပုဂ္ဂိုလ်တွေ၊ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို သူတစ်ပါးခိုးလို့မရတဲ့ပုဂ္ဂိုလ်တွေ၊ ရန်သူမျိုးငါးပါးကြောင့် ပစ္စည်းဥစ္စာတွေ မပျက်စီးပဲ တည်တံ့နေတဲ့ပုဂ္ဂိုလ်တွေ၊ ချမ်းချမ်းသာသာ နေရတဲ့ပုဂ္ဂိုလ်တွေ အဒိန္နာဒါနကို မကျူးလွန် မဖောက်ပြားပဲ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ကံတွေ လွှမ်းမိုးနေတယ်လို့ ဆိုရမှာပါ။

အဖြစ်ပျက်လေးတစ်ခုသွားသတိရမိတယ်။ အဲဒါဘာလဲလို့ဆိုတော့ ဧရာဝတီတိုင်းရဲ့ ရွာလေးတစ်ရွာမှာပေါ့။ အဲဒီရွာလေးက ပင်လယ်နဲ့နီးတဲ့ရွာလေးတစ်ရွာပါပဲ။ တစ်နေ့ ဆီစက်ကနေစပြီး မီးလောင်မှုတစ်ခုဖြစ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီဆီစက် နဲ့မလှမ်းမကမ်း အနီးမှာရှိတဲ့ အိမ်လေးလုံးဟာ ထူးဆန်းစွာမီးကင်းခဲ့ပါတယ်။ ဆီစက်နဲ့ ဝေးတဲ့အိမ်တစ်ချို့မီးထဲပါသွားတယ်။ ဒါဖြင့်ရင် ဘာသာရေးအမြင်နဲ့ကြည့်မယ်ဆိုရင် မီးကွင်းခဲ့တဲ့အိမ်က ပုဂ္ဂိုလ်များက အတိတ်ဘဝမှာ သူတစ်ပါးပစ္စည်းကိုခိုးယူခြင်းဆိုတဲ့(အဒိန္နာဒါန)သိက္ခာပုဒ်ကို လုံခြုံတဲ့ပုဂ္ဂိုလ်များဖြစ်တယ်လို့ဆိုရမှာပါ။ မီးလောင်တယ်ဆိုပေမယ့် ရန်သူမျိုးငါးပါးကြောင့် ထိုသူတို့ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာများမပျက်စီးပဲ တည်တံ့နေခြင်းဆိုတဲ့အချက်ကို ထောက်ဆကြည့်ရင်သိနိုင်ပါတယ်။ ဒါက ဖြစ်ရပ်မှန်ကိုယ်တွေ့တစ်ခုပါ။ မြန်မာပြည်ကလည်း အားလုံးသိကြတဲ့အတိုင်းပဲလေ၊ မီးလောင်ရင် မီးသတ်ကားက တော်တော်နဲ့ရောက်မလာသလို ရောက်လာတဲ့မီးသတ်ကားကလည်း ရေမပါဘူး။ ခြုံပြောရရင်တော့ မီးသေမှပဲ မီးငြိမ်းတော့မှပဲရောက်လာတတ်ကြပါတယ်။

ဆိုကျိုးလေးတစ်ခုပြောပြချင်သေးတယ်။ ရှေးအခါက ပြည့်တန်ဆာမတစ်ယောက် ရုပ်ရည်ကလည်းချောမောလှပသလို မြတ်နိုးစရာ ဆံပင်ကလည်းမည်းမှောင် ပြောင်လက်ပြီး အလွန်ရှည်လျားလှပပါတယ်။ အဲတော့ တစ်ချို့ အမျိုးသမီးတွေက မနာလိုဖြစ်ကြတဲ့အခါကျတော့ ခေါင်းလျှော်ရည်ထဲကို ဆံပင်ကျွတ်စေတဲ့ဆေးကိုထည့်ထားလိုက်ပါတယ်။ ထို ပြည့်တန်ဆာမ ခေါင်းလျှော်တဲ့အခါ ဆံပင်အားလုံးကျွတ်ပြီး ခေါင်းတုံးပြောင်ဘဝကိုရောက်သွားပါတယ်။ ဒါနဲ့ ပြည့်တန်ဆာမလည်း အင်မတန်မှ ရှက်လှသဖြင့် မြို့ထဲမှာမနေတော့ပဲ မြို့ပြင်ကိုထွက်ပြီး အရက်ဆိုင်ဖွင့်လျှက် အသက်မွေးဝမ်းကျောင်းပြုပါတယ်။

တစ်နေ့ကျတော့ အရက်မူးသမား သုံး လေးယောက် အရက်မူးလွန်းပြီး အိပ်ပျော်သွားတဲ့အခါ ထိုပြည့်တန်ဆာမက ထိုအမူးသမားများရဲ့ အဝတ်များကို ချွတ်ယူထားလိုက်ပါတယ်။ တစ်နည်းပြောရင် ခိုးယူထားလိုက်တယ်ပေါ့။ အဲလိုခိုးထားခြင်းကြောင့် မြို့ပြင်မှာ မနေဝံ့ပဲ တောရွာလေးတစ်ခုကိုပြောင်းရွှေ့နေထိုင်လိုက်ပါတယ်။

ကာလအတန်ကြာတော့ ဆွမ်းခံကြွ ရဟန္တာမထေရ်မြတ်တစ်ပါးကို ဖူးမြင်ရပြီး ကြည်ညိုလွန်းလှသည့်အတွက် အိမ်ကိုပင့်ပြီး နှမ်းညက်မုန့်တွေကို ကပ်လှူလိုက်ပါတယ်။ ပြီးတော့ မိမိခေါင်းမှာ နူးညံ့ပျော့ပျောင်း ကောင်းမွန်ရှည်လျား အဖျားကော့တတ်သော ဆံပင်များပေါက်ရပါစေလို့ဆုတောင်းလိုက်ပါတယ်။

အဲဒီအမျိုးသမီး ကွယ်လွန်တဲ့အခါ သမုဒ္ဒရာ အလယ်မှာ ရွှေဗိမာန်မှာစံစားရတဲ့အခါစံစားရသလို၊ ငရဲမှာခံရသည့်အခါလည်းဝေမာနိကပြိတ္တာအဖြစ်နဲ့ခံရပါတယ်။ ရွှေဗိမာန်မှာ လေးလ စံစားရသလို ငရဲမှာလေးလ ခံစားရပါတယ်။ ရွှေဗိမာန်မှာ စံစားရသော်လည်း အဝတ်ခိုးခဲ့သည့် အကုသိုလ်ကံကြောင့် အဝတ်မရှိပဲ ကိုယ်လုံးတီးစံရတာပါ။ ရဟန္တာအရှင်မြတ်ကို နှမ်းညက်မုန့်လှူဒါန်းခဲ့ပြီး ဆုတောင်းခဲ့တဲ့ကောင်းမှုကြောင့် ရှည်လျား များပြား အဖျားကော့တက်သော ဆံပင်များရှိလို့ အရှက်လုံအောင် ဖုံးကွယ်ထားရပါတယ်။

အဲဒီ အဖြစ်ပျက်ကိုသုံးသပ်ကြည့်ရင် ပြိတ္တာမ အဝတ်မရှိခြင်းနှင့် ငရဲခံရခြင်းသည် အဝတ်ခိုးခြင်းလို့ဆိုတဲ့ (အဒိန္နာဒါန)ကိုကျူးလွန်ခြင်းကြောင့်ဖြစ်ပြီး၊ ကောင်းမွန်လှပသောဆံပင်နှင့်ရွှေဗိမာန်မှာ စံစားရခြင်းဟာ ရဟန္တာအရှင်မြတ်ကို နှမ်းညက်မုန့်ကို ရိုရိုသေသေ လှူဒါန်းခဲ့တဲ့ ကုသိုလ်ကံကြောင့်ဖြစ်ရတာပါ။ အဒိန္နာဒါန အကုသိုလ်ကံကား ကြောက်လန့်ဖွယ်ရာပါပဲ။ ဒါက အဒိန္နာဒါနကံကိုလွန်ကျူးရင် ခံစားရမယ့် ဆိုးကျိုးတွေထဲက ဥပမာတစ်ခုပါ။ အဒိန္နာဒါနကံအကြောင်းကို ကိုယ်တိုင်တွေ့ဖူးခဲ့တဲ့ကောင်းကျိုးနဲ့ ဖတ်ဖူးခဲ့တဲ့ဆိုးကျိုး နှစ်ပါးကို အခြေခံပြီး လေ့လာသုံးသပ်ခြင်းပါ။ ဒါကြောင့် အားလုံးသော ဒကာ ဒကာမများလည်းထိုဝတ္ထုထဲက ပြိတ္တာမရဲ့အဖြစ်ကို မှတ်ယူပြီး သူတစ်ပါးမပေးသော ဥစ္စာကို ခိုးယူခြင်း၊ တိုက်ယူခြင်း၊ အတင်အကြပ်ယူခြင်း၊ တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊ ပရိယာယ်တစ်ခုခုနဲ့လှည့်ပတ်ပြီးယူခြင်း စတဲ့ အဒိန္နာဒါနကံကို လုံလုံခြုံခြုံဆောက်တည်စေချင်တဲ့ဆန္ဒနဲ့ အသိပေး ရေးသားလိုက်ပါသည်။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ လိုရာဆန္ဒတွေပြည့်ဝကြပါစေ။ သာသနာအကျိုး ဘာသာအကျိုး မိမိအကျိုး သူတစ်ပါးအကျိုးကို ဆောင်ရွတ်နိုင်တဲ့ သာသနာပြု အမျိုးကောင်းသား သာသနာပြုအမျိုးကောင်းသမီးများဖြစ်ကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Sunday, October 2, 2011

အမှတ်မထင် ပြုမိတတ်သည့်ကံက ပေးတဲ့ဆိုးကျိုး

လူသည် ပျော်ချင်၏။ ပျော်တတ်၏။ နောက်ချင် ပြောင်ချင်စိတ်ရှိ၏။ တစ်ခါတစ်ရံ သူတစ်ပါး ဒုက္ခရောက်နေသည်ကိုပင် ပျော်စရာဟုထင်မှတ်ကာ တဝါးဝါး တဟားဟားရယ်မောချင်တတ်၏။ တစ်ခါတစ်ရံတွင် ရယ်မောရုံမျှမကပဲ ဒုက္ခရောက်နေသူကိုပင် သရော် ပြောင်လှောင်မိတတ်ကြ၏။ ထိုအပြုအမူများသည် အမှတ်မထင် ပြုမိတတ်သည့် အကုသိုလ်ကံများပင် ဖြစ်သည်။

ထိုကံများကြောင့် ရရှိသည့် ဆိုးကျိုးတရား များမှာလည်း မသေးလှပေ။ ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ အဖြစ်ပျက်လေးတစ်ခုကိုသတိရမိပါတယ်။ အဲဒါဘာလဲလို့ဆိုတော့ ဦးဇင်းတို့ နိုင်ငံခြားပညာသင်မထွက်ခင် စာသင်တိုက်တစ်ခုမှာ နေစဉ်အခါက စကားထစ်တဲ့ ဦးဇင်းတစ်ပါးနှင့်တွေ့ဆုံဖူးပါတယ်။ အဲဒီဦးဇင်းရဲ့ဆွမ်းခံအိမ်က ဒကာကြီးတစ်ယောက်က စကားထစ်တဲ့ဦးဇင်းကို နောက်ချင်စိတ်နဲ့ အဲဒီဦးဇင်းလိုပဲ စကားထစ်အောင် ပြောင်ပြီးပြောပါတယ်။ တစ်နှစ်နီးပါးလောက်ကြာလာတော့ စကားထစ်တဲ့ ဦးဇင်းက စကားမထစ်တော့ပဲ ပြောင်လှောင်မိတဲ့ ဒကာကြီးမှာ စကားထစ်တဲ့ အကျိုးကိုလက်တွေ့ခံစားရလိုက်ပါတယ်။ ဒါက အမှတ်မထင်ပြုမိလိုက်တဲ့ အကုသိုလ်ကံရဲ့ဆိုးကျိုးလေးတစ်ခုပါ။

နောက်တစ်ခုကျတော့ လမ်းလျှောက်လျှင် မွေးရာပါ ခြေထောက်ထော့နဲ့နဲ့ ရောဂါဝေဒနာကိုခံစားနေရတဲ့ ဦးဇင်းတစ်ပါးကိုလည်း ကြုံဖူးပါတယ်။ အဲလိုပဲ ဒကာတစ်ယောက်က ဦးဇင်းလေးလမ်းလျှောက်တာကို ပျက်ရယ်ပြုပါတယ်။ များမကြာမီမှာပဲ အဲဒီပြက်ရယ်ပြုတဲ့ ဒကာကြီးရဲ့ ဇနီးက သမီးလေးတစ်ဦးမွေးဖွားပါတယ်။ အဲဒီကလေးမှာ မွေးရာ ဦးဇင်းလေးရဲ့ညာဘက် ခြေထောက်လိုပဲ မစွမ်းမသန်လေးဖြစ်နေပါတယ်။ တိုက်ဆိုင်တာမျိုးမဟုတ်ပဲ ဒကာရဲ့ ပြက်ရယ်ပြုလိုက်တဲ့ အကုသိုလ်ကံ ဒီဘဝမှာ သူမခံစားရပေမယ့် သူရဲ့ သွေးသားတော်စပ်တဲ့ ကလေးမှာသွားပြီးခံစားရတာကိုတွေ့ဆုံဖူးခဲ့တာပါ။ အမှတ်မထင်ပြုလုပ်မိတဲ့ အကုသိုလ်ကံရဲ့ ဆိုးကျိုးဟာ ပြန်ပြီးပေးဆပ်လိုက်ရတာက ပိုပြီးကြီးမားတယ်လို့ဆိုရမှာပါ။ ဒါကြောင့် အားလုံးသော ဒကာ၊ ဒကာမများလည်း သူတစ်ပါး ဒုက္ခရောက်နေသည်ကို မြင်တွေ့ပါက ပြောင်လှောင်ခြင်းမျိုးတွေ မဖြစ်အောင်ထိန်းသိမ်းစေချင်ပြီး ထိုဒုက္ခရောက်နေသူကို သနားကရုဏာ စိတ်မျိုးမွေးသင့်ပါတယ်။ သူတစ်ပါးရဲ့အားနည်းချက်ကို ကြည့်ပြီးပြောင်လှောင်တာမျိုး မဖြစ်အောင်လည်း ထိန်းသိမ်းစေချင်ပါတယ်။ တကယ်လို့ မထိန်းမိပဲ အမှတ်မထင်ပြုမိလိုက်ပါက ဒီဘဝ အကျိုးမပေးသော်လည်း နောင်ဘဝမှာ အကျိုးပေးမှာပါ။ ဒါကို ဝဋ်လည်တယ်လို့ဆိုရမှာပါ။

ဝဋ်ဆိုတဲ့အရာဟာ ဦးဇင်းတို့ ဒကာ၊ ဒကာမတို့လို ပုထုဇဉ်မှမက ရဟန္တာ၊ မြတ်စွာဘုရားအပါအဝင် မည်သို့သော ပုဂ္ဂိုလ်မှလွတ်ကင်းတာမရှိပါဘူး။ ပြန်ပြီးခံရစမြဲဖြစ်ပါတယ်။ အရှင်မဟာမောဂ္ဂလာန် ရဟန္တာအရှင်မြတ်ကြီးဟာ မြတ်စွာဘုရားရဲ့ လက်ဝဲတော်ရံကြီးဖြစ်လင့်ကစား ဘဝတစ်ခုမှာ မိဘနှစ်ပါးကို မသေမရှင်ရိုက်ခဲ့တဲ့ အကုသိုလ်ကံကြွေးကြောင့် နောက်ဆုံးပရိနိဗ္ဗာန်စံရမည့်ဘဝမှာတောင်မှ ရှောင်လို့မရဘဲ ခိုးသားငါးရာရဲ့ရိုက်နှက်ခြင်းကိုခံခဲ့ရတယ်ဆိုတာ အားလုံးသော ဗုဒ္ဓဘာသာများ သိဖူး ဖတ်ဖူးကြမှာပါ။ နောက်ဆုံးဦးဇင်းတို့ရဲ့ ကိုးကွယ်ဆည်းကပ်နေတဲ့ မြတ်စွာဘုရားရှင်သည်ပင်လျှင် နုစဉ်အခါတုန်းက အမှတ်မထင်ပြုမိခဲ့တဲ့ အကုသိုလ်ကံကြောင့် ဝိပါတ်တော်(၁၂)ပါးနဲ့ နောက်ဆုံးပရိနိဗ္ဗာန်စံတဲ့အထိ ပေးဆပ်ခဲ့ရတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ ပြောလိုတာက သူတစ်ပါးဆင်းရဲဒုက္ခကိုဖြစ်စေ၊ သူတစ်ပါးအားနည်းချက်ကိုဖြစ်စေ၊ ကိုယ့်ရဲ့ဒုက္ခမဖြစ်အောင်၊ ကိုယ့်ရဲ့အားနည်းချက်မဖြစ်အောင် အမှတ်မထင်ပြုမိတတ်တဲ့ကံကို မပြုလုပ်မိအောင် ထိန်းသိမ်းစောင့်ရှောက်စေချင်တာပါ။ အမှတ်မထင်ပြုလိုက်မိသည့်ကံဆိုပေမယ့် တနင့်တပိုး ကိုယ်ကျိုးနဲအောင် ပြန်လည်ပေးဆပ်ရတာမျိုးပါ။ ဒီလိုကြောက်စရာကောင်းတဲ့ ကံကို အသက်ထက်ဆုံးမပြုလုပ်မိအောင် သတိတရားနဲ့ထိန်းသိမ်းစေချင်တဲ့ဆန္ဒနဲ့ အသိပေး ရေးသားလိုက်ရပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Friday, September 16, 2011

ပါဏာတိပါတကံ၏ ဆိုးကျိုးများ

ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ (သတ္တဝါ၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)တဲ့။ ဒါက ဦးဇင်းတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ စောင့်ထိန်းနေကြဖြစ်တဲ့ ငါးပါးသီလရဲ့ ပထမဆုံး သီလဖြစ်ပါတယ်။ သတ္တဝါ၏ အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုရင် ပါဏာတိပါတ ကံလုံခြုံတယ်ပေါ့။ သတ္တဝါရဲ့ အသတ်ကို သတ်လိုက်ရင် ပါဏာတိပါတကံကို ကျူးလွန်တာပါ။ ပါဏာတိပါတကံကို ကျူးလွန်လိုက်ရင် အောက်ပါဆိုးကျိုးတွေကို ရရှိစေပါတယ်။ (၁)။ အသက်တိုခြင်း။ (၂)။ အနာရောဂါထူပေါခြင်း။ (၃)။ အင်အားဆုတ်ယုတ်ခြင်း။ (၄)။ ကြောက်ရွံ့တတ်ခြင်း။ (၅)။ စိုးရိမ် ပူဆွေးစိတ် များခြင်း။ (၆)။ သူတစ်ပါး အနှိပ်စက်ခံရခြင်း၊ (၇)။ သူတစ်ပါးသတ်လို့သေရခြင်း။ (၈)။ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း။ (၉)။ ကိုယ်လုံးကိုယ်ထည်အချိုးမကျခြင်း။ (၁၀)။ ချစ်သူတို့နှင့်ကွဲကွာရခြင်း- စသော ဆိုးကျိုးများကို ရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသူ၊ ကျန်းမာရေး မကြာခဏမကောင်းပဲ အနာရောဂါထူပြောသူ၊ အားအင်ယိုယွင်းပြီး ချည့်နဲ့နေသူ၊ ဘေးရန်တစ်ခုခုပေါ်ပေါက်လာလျှင် အလွန်အမင်းကြောက်ရွံ့တတ်သူ၊ စိုးရိမ် ပူပန်မှုများတတ်တဲ့သူ၊ သူတပါးရဲ့နှိပ်စက်ခြင်းကို ခံနေရသူ၊ သူတစ်ပါးသတ်လို့သေခြင်း၊ မိမိကိုယ်မိမိ အဆိပ်သောက် ကြိုးးဆွဲချပြီး သေတတ်သူ၊ ကိုယ်လက်အင်္ဂါ မပြည့်မစုံပဲ ချို့ယွင်းနေသူ၊ ကိုယ်လုံးကိုယ်ထည် အချိုးမကျပဲဖြစ်နေသူ၊ အခြွေရံတွေပျက်စီးပြီး ချစ်တဲ့သူနဲ့ဝေးကွာခြင်းစတဲ့ချက်တွေနဲ့ပြည့်စုံနေသူများကိုတွေ့ရင် အဲဒီသူသည် အတိတ်က ပါဏာတိပါတကံကို ကျူးလွန်းခဲ့သူလို့ သိထားစေချင်ပါတယ်။ ဒါက ပါဏာတိပါတကံကို ကျူးလွန်လို့ ခံစားရတဲ့ဆိုကျိုးတွေပါ။ ပါဏာတိပါတလုံခြုံသူများကျတော့ ဆိုးကျိုးနဲ့ပြောင်းပြန် ကောင်းကျိုးတွေကိုဖြစ်စေပါတယ်။ အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ အားအင်ပြည်ဖြိုးခြင်း၊ ကြောက်ရွံ့မှုကင်းခြင်း၊စိုးရိမ်ပူပန်မှုကင်းခြင်း၊ သူတစ်ပါးတို့၏နှိပ်စက်ခြင်းမှကင်းဝေးခြင်း၊ သူတစ်ပါး သတ်လို့သေရခြင်းမှကင်းဝေခြင်း၊ မိမိကိုယ်မိမိ အဆိပ်စသည်သောက်သေခြင်းမှကင်းဝေးခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့မှုမရှိခြင်း၊ ကိုယ်လုံးကိုယ်ထည်လှပခြင်း၊ ချစ်ရသူနဲ့ပေါင်းသင်းရခြင်း၊ အခြွေအရံများပြားခြင်း- စတဲ့အကျိုးတရားတွေကိုခံစားကြရမှာဖြစ်ပါတယ်။

အရှင်လတ်လတ် ပုပ်နေသော ရဟန်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းဝင်း၏ အစွန်ကျသော ကျောင်းတစ်ကျောင်း၌ ရဟန်းတော်တစ်ပါး ညောင်စောင်းပေါ်မှာ လူးလှိမ့်ရင်း ဝေဒနာအပြင်းအထန်ခံစားနေပါတယ်။ ရဟန်းရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ ဆီးသီးခန့်၊ ဆီးဖြူသီးခန့် ပမာဏရှိတဲ့ အနာလုံးကြီးများ သွေးတစိုစို ပြည်တရွှဲရွှဲ တစ်ကိုယ်လုံး အပ်ချစရာ နေရာမကျန်အောင် အနှံ့အပြားပေါက်နေပါတယ်။ ရဟန်းတော်ရဲ့ တစ်ကိုယ်လုံးကား ပုပ်စော်နံနေပါတယ်။ ပြုစုမည့်သူလည်း တစ်ဦးတစ်ယောက်မျှမရှိပါဘူး။ ဒါပေမယ့် မြတ်စွာဘုရားရှင်ရဲ့ မဟာဂရုဏာတော် မေတ္တာကတော့ အင်မတန်မှကြည်ညိုဖွယ်ကောင်းလှပါတယ်။ ဘာလို့လဲဆိုတော့ ပုပ်စော်နံပြီး မည်သူမှ မကပ်ချင်တဲ့ ဂိလာနရဟန်းတော်ကို ပြုစုဖို့ဆိုပြီးကြွရောက်တော်မူပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတော်နားကိုရောက်လာတော့မှ အခြားရဟန်းတွေက ဝိုင်းအုံလာပြီး ဂိလာန ရဟန်းရဲ့ ကိုယ်ပေါ်မှာရှိတဲ့ သင်္ကန်းတွေကို လျှော်ဖွပ် လဲလှယ်ပေးခြင်း၊ အနာလုံးကြီးများကို ဖန်ရည်ဖြင့်ဆေးကြောပေးခြင်း၊ ဆေးထည့်ပေးခြင်း စတဲ့ သူနာပြုလုပ်ငန်းများကိုလုပ်ဆောင်ပေးတာပါ။ အဲလိုပြုစုပေးလိုက်တော့မှ ထိုဂိလာနရဟန်း သက်သာရာရကာ ငြိမ်သက်တဲ့ စိတ်နဲ့ မှိန်းနေပါတယ်။ ပြောချင်တာက ထိုဂိလာနရဟန်း ဘာလို့အခုလို ဆိုးရွားတဲ့ရောဂါဝေဒနာကို ခံစားရတာလဲဆိုတာကိုပြောပြချင်တာပါ။ လောကမှာ တရားသဘောအရ (အကြောင်းရှိမှ အကျိုးဖြစ်တယ်)။ အကြောင်းကင်းပြီး အကျိုးဖြစ်လို့မရဘူး။ ဒီရဟန်းဘာကြောင့် အခုလို ရောဂါဆိုး ဝေဒနာဆိုကျိုးတွေကိုခံစားရတာလည်းဆိုတော့ ကဿပ မြတ်စွာဘုရားလက်ထက်တော်အခါက ထိုရဟန်းဟာ ငှက်မုဆိုးဖြစ်ခဲ့ပါတာပါ။ ငှက်မျိုးစုံကို သတ်ပြီး ဘုရင့်စားတော်ပွဲအတွက် ဟင်းလျာတစ်ခုအနေနဲ့ဆက်သရပါတယ်။ ကျန်တဲ့ ငှက်တွေကိုရောင်းပါတယ်။ ရောင်းလို့ မကုန်တဲ့ငှက်တွေကိုတော့ မပျံနိုင်အောင် အတောင် တွေကိုချိုးထားပါတယ်။ မသွားနိုင်အောင်ခြေထောက်တွေကို ချိုးထားပါတယ်။ တစ်ချို့ငှက်တွေကိုတော့ နောက်တစ်နေ့မှာသတ်ပြီးရောင်းချပါတယ်။ အတောင်ချိုး၊ ခြေချိုးထားတဲ့ငှက်တွေကိုတော့ နှစ်ရက် သုံးရက်နေပြီးမှသတ်ဖြတ်ပြီးရောင်းချပါတယ်။ အဲဒီတော့ ငှက်များဟာ ဆင်းရဲဒုက္ခကို အချိန်ကြာကြာခံစားရပြီးမှ အသတ်ခံကြရတာပါ။ အဲဒီမကောင်းတဲ့ အကုသိုလ်ကံအကြောင်းကြောင့် ယခုဘဝမှာ အရှင်လတ်လတ်ပုပ်နေတဲ့ ဆိုးကျိုးကိုခံစားရတာပါ။ ဒါပေမယ့် တစ်နေ့တော့ ငှက်မုဆိုးက ထိန့်လန့်သံဝေဂဖြစ်တာနဲ့ ရဟန္တာအရှင်မြတ်တစ်ပါးကို အရသာရှိတဲ့ ဆွမ်းနှင့် ဆွမ်းဟင်းလျာကိုလောင်းလှူပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရပါစေလို့ဆုတောင်းပါတယ်။ ယခုဘဝရောက်တော့ ထိုဂိလာနရဟန်းက ဝေဒနာကနေသက်သာလာတဲ့အခါ မြတ်စွာဘုရားက ဘာမျှ အသုံးမကျတဲ့၊ ဘာမျှတင့်တယ်ခြင်းမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးရဲ့ အပြစ်ပြတရားတွေကိုဖော်ထုတ်ပြီး သစ္စာလေးပါးတရားတို့ကိုဟောပေးလိုက်တော့ ရဟန္တာ အရှင်မြတ်ကို လှူဒါန်းခဲ့တဲ့ ကုသိုလ်အထောက်ပံ့ကြောင့် အရဟတ္တဖိုလ်ဥာဏ်ထိရပြီး ပရိနိဗ္ဗာန်စံဝင်ခဲ့ပါတယ်။ ဒီနေရာမှာတစ်ခုမေးဖွယ်ရှိလာပြန်တယ်။ အဲဒါဘာလဲလို့ဆိုတော့ သတ္တဝါတွေကိုညှဉ်းပန်းနှိပ်စက်တဲ့ အကုသိုလ်ကံကြီးရှိနေပါလျှက် အရဟတ္တဖိုလ်ဉာဏ်ထိရနိုင်သလားပေါ့လေ။ အဲဒီတော့ ပဉ္စာနန္တရိယကံ- မြတ်စွာဘုရားကိုသွေးစိမ်းတည်အောင်ပြုခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ သံဃာသင်းကွဲစေခြင်း၊ အမိကိုသတ်ခြင်း၊ အဖကိုသတ်ခြင်းဆိုတဲ့ ကံကလွဲရင် ကျန်တဲ့အကုသိုလ်ကံကို အရိယာမဂ်က ပယ်သတ်နိုင်ပါတယ်။ အဇာတသတ်မင်းသားဆိုလျှင် သာမညဖလသုတ်ကို နားကြားပြီးတော့ သောတာပန်တည်ရမည့်အစား အဖသတ်ထားတဲ့ကံကြောင့် အရိယာမဂ်နဲ့လွဲခဲ့တာပါ။ အဲဒီတော့ အတိတ်ဘဝက မမြင်ရတဲ့ အကုသိုလ်ကံကြွေး၊ ဒီဘဝမှာပြုလုပ်ထားတဲ့အကုသိုလ်ကံကြွေးတွေကို နှလုံးမသာမယာမဖြစ်ကြပဲ ပြုသင့်ပြုထိုက်တဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာအလုပ်များကိုကြိုးစားလုပ်သင့်တယ်လို့အသိပေးချင်တာပါ။ အကုသိုလ်ကံကြွေးတွေကို အရိယာမဂ်ကပယ်သတ်နိုင်တယ်ဆိုပြီး ကုသိုလ်အလုပ်ကိုမလုပ်ပဲ အကုသိုလ်အလုပ်တွေကိုတော့မလုပ်စေချင်ပါ။ ဘာလို့လဲဆိုတော့ ဒီဘဝမှာတကယ်အရိယာမဂ်ကိုရမယ်ဆိုတာ ဘယ်သူမှကျိန်းသေ တွက်ဆလို့မရပါဘူး။ ဂိလာနရဟန်းအရိယာမဂ်ကိုရတယ်ဆိုတာကလည်း သားသတ်မုဆိုးဘဝက ရဟန္တာအရှင်မြတ်ကိုလှူဒါန်းခဲ့တဲ့ကုသိုလ်ရယ်၊ အခြားဘဝတွေမှာပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေရယ် ပါရမီဉာဏ်တွေရင့်သန်လို့သာရခဲ့တာပါ။ ဦးဇင်းတို့တွေက ပါရမီဉာဏ်ရင့်သန်နေတဲ့သူတွေဟုတ် မဟုတ်ဆိုတာ သေချာပြောလို့မရတာဖြစ်သည့်အတွက် အကုသိုလ်ကိုတော့ရှောင်ကြဉ်စေချင်ပါတယ်။ ဒါက ပါဏာတိပါတကံကိုကျူးလွန်လို့ ခံစားရတဲ့ အကျိုးဒုက္ခပြ ပုံပြင်လေးတစ်ခုပါ။

ပါဏာတိပါတကံလုံခြုံရင်တော့ အထက်ကဖော်ပြခဲ့တဲ့ ကောင်းကျိုးတွေထဲက သူတစ်ပါးသတ်လို့မသေပဲအသက်ချမ်းသာခွင့်ရ၊ လက်တွေ့ခံစားရတဲ့ အကျိုးတရားလေးတစ်ခုပြောပါဦးမယ်။ ရှေးတုန်းက သီဟိုဠ်ကျွန်းမှာလယ်သမားကြီးတစ်ဦးပေါ့လေ၊ နွားပျောက်လို့ နေရာအနှံ့အပြားလိုက်ရှာနေရာကနေ တောင်စောင်းတစ်ခုပေါ်မှာရပ်ပြီး နွားများကိုလှမ်းမျှော်ကြည့်ရှုပြီးရှာဖွေနေတုန်း စပါးကြီးမြွေတစ်ကောင်က လယ်သမာကြီးရဲ့ ခြေထောက်ကို ရစ်ပတ်ထားပါတယ်။ လယ်သမားကြီးက လက်ထဲမှာကိုင်ထားတဲ့ ထက်လှတဲ့ ပဲခွပ်(ဓား)ဖြင့် မြွေကြီးကို ခုတ်ပိုင်းရန်ကြံစည်ပြီးကာမှ၊ ပိင်္ဂလဗုဒ္ဓရက္ခိတမထေရ်ထံမှာ ဆောက်တည်ခဲ့တဲ့သီလကို ပြန်ပြီးသတိရလို့ မြွေကြီးကို မသတ်ပဲ ပဲခွပ်ကိုတောထဲသို့လွင့်ပစ်လိုက်ပါတယ်။ အဲဒီတော့မှ မြွေကြီးက အခွေကိုဖြေကာ တောထဲသို့လျှောကနဲ ဝင်သွားပါတယ်။ ပြောချင်တာက သူတစ်ပါးအသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်လျှင် မိမိလည်း အသက်ချမ်းသာရတယ်၊ အသက်ရှည်တယ်လို့ပြောလိုခြင်းသာဖြစ်ပါတယ်။ ပါဏာတိပါတကံကျူးလွန် လျှင် ပစ္စုပ္ပန်လည်းမကောင်း၊ နောင်သံသရာလည်းမကောင်း။ နောင်သံသရာဆိုရင်တော့ ဆိုးကျိုးဆယ်မျိုးလုံးနဲ့ဆိုးကျိုးတွေခံစားရပြီး၊ ရှောင်ကြဉ်မယ်ဆိုရင်တော့ အခုလည်းကောင်း နောင်သံသရာလည်းကောင်းပါတယ်။ အားလုံး သူတစ်ပါးအသတ်ကိုသတ်ခြင်းမှ ရှောင်ကြဉ်စေလိုကြောင်း ဒီပိုစ့်လေးနဲ့ အသိပေးလိုက်ပါရစေ။ ဒီလောက်ဆိုရင် ပါဏာတိပါတကံရဲ့ ဆိုးကျိုး၊ ကောင်းကျိုးတို့ကို သိနားလည်လောက်ပါပြီ။ အဒိန္နာဒါန အကြောင်းကိုဆက်ရေးပါဦးမယ်။ အားလုံးကိုယ်စိတ်နှစ်ပါး၊ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Tuesday, September 13, 2011

သည်ဘ၀ကံကြောင့် သည်ဘ၀ခံ

ကောင်းမှုကံ၊ မကောင်းမှုကံ တို့၏ သဘောမှာ ရှေးဘဝက ပြုခဲ့သော ကံကြောင့် ယခုဘဝမှာ အကျိုးခံစားရတာလည်းရှိပါတယ်။ ယခုဘဝ ပြုလိုက်သော ကံကြောင့် ယခုဘဝမှာပင် ချက်ချင်း အကျိုးခံစားရတာလည်းရှိပါတယ်။ ဆိုလိုတာက အတိတ်ဘဝမှာ ပြုလုပ်ခဲ့တဲ့ကောင်းကံ မကောင်းကံကြောင့် ယခုဘဝမှာ ကောင်းကျိုး၊ မကောင်းကျိုးခံရတာရှိသလို၊ ယခုဘဝပြုလုပ်လိုက်တဲ့ကံကြောင့် ယခုဘဝမှာပင်လျှင်ချက်ချင်းအကျိုးပေးတာမျိုးရှိပါတယ်။ မြတ်စွာဘုရားလက်ထက်တော်အခါကရှိပါတယ်။ မဟာဒုတ် ဇနီးမောင်နှံတို့ဆို မြတ်စွာဘုရားကို ဆွမ်းကပ်လိုက်တဲ့ ကုသိုလ်ကံကြောင့်ချက်ချင်း ဆိုသလိုပင် ဆင်းရဲသားဘဝကနေ ချမ်းသာတဲ့ဘဝကိုရောက်ခဲ့ရသလို၊ စိဉ္စမာန မိန်းမယုတ်ဆိုရင်လည်း မြတ်စွာဘုရားကို စွပ်စွဲကဲ့ရဲ့လိုက်တဲ့ အကုသိုလ်ကြောင့် နောက်ဘဝမခြားပဲ အဲဒီဘဝမှာတင် မြေမြိုပြီး ငရဲကျရောက်သွားတာမျိုးပေါ့လေ။ ဒါက ဥပမာပေးတစ်ခုပါ။ ပြောချင်တာက ကောင်းမှုကံ၊ မကောင်းမှုကံတို့၏ သဘောမှာ ရှေးဘဝက ပြုခဲ့တဲ့ကံကြောင့် ယခုဘဝမှာလည်း အကျိုးတရားကိုခံစားရသလို၊ ယခုဘဝပြုလုပ်လိုက်တဲ့ ကံကြောင့် နောက်ဘဝမခြားပဲ ယခုဘဝမှာပင် ချက်ချင်း အကျိုးပေးတာမျိုးရှိတယ်ဆိုတာကို ပြောပြချင်တာပါ။

မြတ်စွာဘုရားလက်ထက်တော်အခါက "ကောက"လို့ခေါ်တဲ့ မုဆိုးတစ်ယောက်ရှိပါတယ်။ မုဆိုးဆိုတော့ မုဆိုးအလုပ်ဖြစ်တဲ့ သားကောင်တွေကို ဖမ်းစီး သတ်ဖြတ် တောလိုက်တဲ့ အလုပ်ကိုလုပ်တာပေါ့။ တစ်နေ့ အဲဒီမုဆိုးက တောလိုက်ခွေးတွေကိုခေါ်ပြီး တောလိုက်ဖို့ ရွာကနေထွက်လာပါတယ်။ ရွာနဲ့မလှမ်းမကမ်းရောက်တော့ ရဟန်းတစ်ပါးကိုတွေ့ပါတယ်။ ဒါပေမယ့် မုဆိုးက (သမဏာနဉ္စဒဿနံ- ရဟန်းတော်တို့ကိုဖူးမြော်ရခြင်းသည် မင်္ဂလာဖြစ်တယ်ဆိုတဲ့) မင်္ဂလာတရား သူ့ သဏ္ဍာန်မှာ မကိန်းတော့ (တနည်း) ရဟန်းတော်ကိုမြင်ရမယ်ဆိုရင် ဗုဒ္ဓဘာသာများမှာ ဝမ်းမြောက်မှု ကြည်ညိုမှုဆိုတဲ့ ကုသိုလ်ဇော စောပေမယ့် ဘာသာခြားမှာတော့ ဒေါသလို့ခေါ်တဲ့ အကုသိုလ်ဇော စောသလိုမျိုး ယခု မုဆိုးလည်း ရဟန်းတော်ကိုတွေ့မြင်လိုက်ရတယ်ဆိုရင်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းဆိုတဲ့ ကုသိုလ်စိတ်မဖြစ်ပဲ၊ အယူလွဲခြင်းဆိုတဲ့(မိစ္ဆာဒိဋ္ဌိ)၊ ထိုရဟန်းကိုမြင်လျှင် ဒေါသဖြစ်ခြင်းဆိုတဲ့ အကုသိုလ်စိတ်၊ အဲဒီအကုသိုလ်တွေကြောင့် သူ့စိတ်ထဲမှာ ဒီနေ့တော့ "အမင်္ဂလာနေ့ပဲ" ဘာသားကောင်မှ ရမှာမဟုတ်ဟု အထင်မှာပြီး ဒေါသဖြစ်နေပါတယ်။ တောထဲရောက်တော့ သားကောင်ကိုရှာပါသော်လည်း တစ်ကောင်မှမရတော့ ပိုပြီး ဒေါသထွက်ကာ ရွာကိုပြန်လာပါတယ်။

ရဟန်းတော်လည်း ရွာထဲမှာ ဆွမ်းခံပြီးကျောင်းကို ပြန်လာတဲ့အခါ ထိုမုဆိုးနဲ့ထပ်တွေ့ပြန်တယ်။ ရဟန်းကိုမြင်ရခြင်းကြောင့် သားကောင်မရဟု ထင်မှတ်ပြီး စိတ်ဆိုးဒေါသထွက်နေသော မုဆိုးဟာ ရဟန်းတော်ကို ဒုတိယအကြိမ် ထပ်တွေ့ခြင်းကြောင့် ပိုပြီးဒေါသမီး တဟုန်းဟုန်းတောက်လောင်ကာ တောလိုက်ခွေးများကို ရှူးတိုက်ပေးပြီး ရဟန်းကို ကိုက်စေပါတယ်။ ရဟန်းလည်းနီးစပ်ရာ သစ်ပင်တစ်ပင်ကိုတက်ပြေးပြီးတော့ လူတစ်ရပ်သာသာ မြင့်သော သစ်ကိုင်းပေါ်မှာထိုင်နေတာပေါ့။ တောလိုက်ခွေးများက ကိုက်ခဲမည့်ဟန်နဲ့ မာန်ဖီနေသည်ကတစ်မျိုး၊ မုဆိုးက မြှားဖြင့် ရဟန်းခြေဖဝါးတို့ကို ထိုးခြင်းကြောင့် တစ်ဖုံ ရဟန်းလည်း တစ်ကိုယ်လုံး မီးအုံးသကဲ့သို့ ပူလောင်နာကြင်လှသဖြင့် ခြေထောက်တို့ကို ရှောင်ရင်း တိမ်းရင်းနဲ့ အပေါ်ရုံ ဧကသီသင်္ကန်း ကွာကျသွားသည်ကိုပင်မသိလိုက်တော့ပေ။ ရဟန်းတော်ရဲ့ အပေါ်ရုံ ဧကသီသင်္ကန်းဟာ သစ်ပင်အောက်မှာရှိသော မုဆိုးပေါ်ကို ခြုံပြီး ဖုံးအုပ်မိလျက်သားဖြစ်ပြီး ကျသွားပါတယ်။ အဲဒီအခါမှာ တောလိုက်ခွေးများက ရဟန်းကျလာသည်ထင်ကာ မုဆိုးကို ဝိုင်းဝန်းကိုက်ဖဲ့ စားသောက်လိုက်တာ မုဆိုးရဲ့ ခန္ဓာကိုယ်ဟာ အရိုးမျှသာကျန်တော့မှ လွှတ်လိုက်ပါတယ်။

အဲဒီအခါမှ ရဟန်းတော်သည် သစ်ကိုင်းခြောက်တစ်ခုကို ချိုးပြီး ခွေးများပေါ်သို့ ချလိုက်ရာ ခွေးများက သစ်ပင်ပေါ်သို့မောကြည့်လိုက်ပါတယ်။ ရဟန်းတော်ကိုမြင်လိုက်မှ မိမိတို့သခင်ကို မိမိတို့ ကိုက်သတ်မိကြောင်း သိရပြီး တောထဲသို့ဝင်ပြေးသွားပါတယ်။

"ကာလဝိပါက် နောက်ပိုးတတ်"ဆိုသော မြန်မာစကားနှင့်အညီ ယခုပြုလိုက်မကောင်းမှု အကုသိုလ်ကံက ဘဝမခြားပဲ နောက်ဘဝထိမနေပဲ ယခုဘဝမှာတင်ဆိုကျိုးပေးလိုက်တာကိုသိစေချင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက၊ အကုသိုလ်ဟူသမျှ ဘာတစ်ခုမှမလုပ်နဲ့၊ ကုသိုလ်ဟုသမျှ မရ ရအောင်ပြုပါ။ မိမိတို့စိတ်ထားကို အမြဲတန်းဖြူစင်အောင်ထားပါဆိုပြီးဆုံးမခဲ့တာပါ။ ယခု တင်ပြလိုက်တဲ့ ဇာတ်တော်မှာဆိုရင်လည်း ရဟန်းတော်က မုဆိုးကို ထိခိုက်နာကျင်အောင် ဘာတစ်ခုမှ လုပ်တာမတွေ့ရပါဘူး။ တောလိုက်မုဆိုးသဘာဝ သားသတ်ပြီးအသတ်မွေးတဲ့ အကုသိုလ်ကံ နေ့စဉ်နဲ့အမျှ သူတစ်ပါးအသတ်ကို သတ်နေတဲ့အကုသိုလ်ကံ။ အဲဒီအကုသိုလ်ကံတွေက တစ်ဖြည်းဖြည်းများလာသည်ကတစ်ကြောင်း၊ ရဟန်းတော်ကို သတ်ဖို့ ကြိုးစားတဲ့ အကုသိုလ်ကံက တစ်ကြောင်း ထိုအကုသိုလ်ကံများက ထိုမုဆိုးကို နောက်ဘဝထိမနေပဲ ယခုဘဝမှာတင် ဆိုကျိုးအဖြစ်ပေးလိုက်တာပါ။ သူတစ်ပါးအသတ်ကိုသတ်ဖြတ်ခြင်းဆိုတဲ့ အကုသိုလ်ကံကြောင့် မုဆိုးလည်း သူတစ်ပါးရဲ့ကိုက်ဖြတ်စားသောက် သတ်ဖြတ်ခြင်းကိုခံစားသွားရပါတယ်။

ကုသိုလ်ကံပဲဖြစ်စေ၊ အကုသိုလ်ကံပဲဖြစ်စေ ဘဝမခြားပဲ ချက်ချင်းဆိုသလို ကုသိုလ်ကံဆိုလျှင်ကောင်းကျိုးပေးနိုင်သလို၊ အကုသိုလ်ကံလည်း ဆိုးကျိုးတွေကိုပေးနိုင်တယ်ဆိုတာ အားလုံးသိစေဖို့ ဒီပိုစ့်လေးကိုမျှဝေလိုက်ပါတယ်။

ဒီဇာတ်တော်လေးကို အတုယူ၊ သံဝေဂ ယူပြီး ဘုရားအဆူဆူ ဟောတော်မူခဲ့တဲ့ ဆုံမစကားလေးအတိုင်း အကုသိုလ် မှန်သမျှကို နည်းသည်ထက်နည်းအောင်၊ ရှောင်ကြဉ်နိုင်သည်ထက်ရှောင်နိုင်အောင်၊ မလုပ်မိအောင် ထိန်းသိမ်းနိုင်ပြီး၊ ကုသိုလ်မှန်သမျှကို မရရအောင်ပြုနိုင်သော၊ စိတ်ထားကိုဖြူစင်သည်ထက်ဖြူစင်အောင်၊ မြတ်စွာဘုရားအဆုံးမနဲ့အညီ နေနိုင်တဲ့အမျိုး၊ ဘာသာ၊ သာသနာအကျိုး၊ မိမိအကျိုး၊ သူတစ်ပါးအကျိုးကို အောင်မြင်အောင်ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ဟု ဆုတောင်းမှုပြုလိုက်ပါတယ်။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Thursday, September 8, 2011

ကိုယ်ကျင့်သီလသည် အသက်ထက်တန်ဘိုးကြီးသည်

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သီလ ငါးပါးရှိပါတယ်။ ဥပုသ်နေ့များမှာ ဆိုရင်တော့ သုံးပါး ထပ်ထည့်ပြီး ရှစ်ပါးသီလ၊ ထိုမှ နောက်ထပ်တစ်ပါးတိုးပြီး ကိုးပါးသီလ စောင့်ထိန်းနေကြပါတယ်။ မည်သို့ပင်ဖြစ်စေ မိမိစောင့်ထိန်းနေသော သီလအကြောင်းကို ကောင်းကောင်းသိထားဖို့ အကျယ်တဝင့်သိထားဖို့တော့လိုပါတယ်။ အကျဉ်းမျှကိုတော့ အားလုံး သိထားပြီးပြီလို့ထင်ပါတယ်။ ဒီမှာ သီလစောင့်ထိန်းခြင်းကြောင့် ရနိုင်မယ့် အကျိုးတရား၊ သီလ ချွတ်ယွင်းခြင်းကြောင့် ခံစားရမယ့် အပြစ်တရားများကို ပြောပြချင်ပါတယ်။ သိပြီးသူများအတွက်ထား၊ မသိသေးသောသူများအတွက်ဖြစ်ပါတယ်။ ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့်နှုတ်(ကာယကံနှင့်ဝစီကံ)ကို စောင့်စည်း ထိန်းသိမ်းခြင်းကိုသီလလို့ခေါ်တာပါ။ သီလသည် ကုသိုလ်တရားအားလုံးရဲ့ တည်ရာ မှီရာဖြစ်ပါတယ်။ သီလတရားသည် လောဘနှင့်ဒေါသတရားကိုပယ်ပါတယ်။ ဒါနပြုတဲ့အခါမှာ သီလစင်ကြယ်ရပါတယ်။ ဒါမှသာ အကျိုးပေးကောင်းတာပါ။ သမထ၊ ဝိပဿနာ အားထုတ်ရင်လည်း သီလကိုပယ်လို့မရပါဘူး၊ သီလစင်ကြယ်ရပါတယ်။ သီလ၊ သမာဓိ၊ ပညာဆိုပြီး အစဉ်တိုင်းသွားပါတယ်။ သီလစင်ကြယ်မှ သမာဓိဖြစ်ပါတယ်။ သီလမစင်ကြယ်ရင် သမာဓိမဖြစ်နိုင်ပါဘူး၊ သမာဓိမဖြစ်ရင် ဝိပဿာနာကြိုက်သလောက်အားထုတ် မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်တွေမရနိုင်ပါဘူး။ မဂ်ဥာဏ် ဖိုဥာဏ်မှမရရင် ဗုဒ္ဓဘာသာတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုမျက်မှောက် မပြုနိုင်ပါဘူး။ နိဗ္ဗာန်မျက်မှောက်မပြုနိုင်သရွေ့ ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ငိုကြွေးခြင်း၊ စိုးရိမ်ပူပန်ရခြင်းစတဲ့ ဒုက္ခတွေနဲ့ လုံးလည်လိုက်နေဦးမှာပါ။ ဒါကြောင့် သီလသည် လောကီရေးရာစိတ်ချမ်းသာ၊ ကိုယ်ကျန်းရေး၊ စီးပွားဥစ္စာတိုးတက်ရေး၊ ရောဂါကင်းရေးတင်သာမက နိဗ္ဗာန်သွားရာလမ်းကြောင်းမှာပါ အရေးကြီးနေပါတယ်။ ဒါကြောင့်သီလစင်ကြယ်ရမှာပါ။ သီလစင်ကြယ်မှ သမာဓိတည်မှသာလျှင် ဝိပဿနာ ဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်တွေဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာပါ။ နိဗ္ဗာန်ကိုမျက်မှောက်ပြုမှသာလျှင် ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ငိုကြွေးခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ပူပန်ရခြင်းစတဲ့ဒုက္ခတွေငြိမ်းမှာဖြစ်ပါတယ်။

ဒါဖြင့်ရင် သီလသည် လောကီရေးရာတင်မကပဲ၊ လောကုတ္တရာရေးရာအထိ အရေးပါ တန်ဘိုးကြီးတယ်လို့ဆိုရမှာပါ။ မြတ်စွာဘုရားရှင်သည်လည်း သီလသည် အရေးကြီးသော အရာဖြစ်သည့်အတွက် သီလပါရမီကိုပင်ဖြည့်ကျင့်ခဲ့သလို၊ ဘုရားဖြစ်ပြီးသည့်အခါမှာလည်း သီလနှင့်ပတ်သတ်သော တရားများစွာကိုဟောတော်မူခဲ့တာပါ။ ရဟန်းယောင်္ကျားများအတွက်၊ ဘိက္ခူနီလို့ခေါ်တဲ့ ရဟန်းမိန်းမများအတွက်၊ လူဝတ်ကြောင်များအတွက် သီလများကိုလည်း သတ်မှတ်တော်မူခဲ့တာပါ။ လူကြောင်များအတွက်တော့ ငါးပါးသီလ၊ ရှစ်ပါးသီလ ပေါ့လေ စသည်ဖြင့် ထားတော်မူခဲ့ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာများအနေနဲ့ သီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲအောင် စောင့်ထိန်းသင့်ပါတယ်။ တရားစခန်းများမှာဆိုလည်း ယောဂီများအနေနဲ့ သီလကိုပယ်လို့မရတာဖြစ်တဲ့အတွက် သီလပေးချိန်ကို အချိန်တစ်ရပ်အနေနဲ့ သတ်မှတ်ပြီး အားထုတ်စေပါတယ်။ ဘာလို့လဲဆိုတော့ အပေါ်မှာပြောခဲ့သလို ဒါနပြုတဲ့အခါပဲဖြစ်ဖြစ်၊ တရားအားထုတ်တဲ့အခါပဲဖြစ်ဖြစ် သီလကိုပယ်လို့ဘယ်လိုနည်းနဲ့မှ မရလို့ပါ။

ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်ကင်းလျှင် သီလစင်ကြယ်ပါတယ်။ ကိုယ်ကျင့်တရားကောင်းပါတယ်။ ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်မကင်းလျှင် သီလမစင်ကြယ်ပါ။ သီလပျက်စီးတယ်လို့ပြောရမှာပါ။ ကိုယ်ကျင့်တရားပျက်တယ်ဆိုလည်းမှန်ပါတယ်။ အပြစ်ဆိုတာ ထိခိုက်နစ်နာမှုကို အပြစ်လို့ခေါ်ပါတယ်။ မိမိကိုယ်ဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ၊ တစ်ဦးဦးကို ထိခိုက်နစ်နာစေသော အပြုအမူ အပြောအဆိုသည် အပြစ်ရှိသော၊ အပြစ်မကင်းသော အပြုအမူ အပြောအဆို ဖြစ်ပါတယ်။ မိမိ၊ သူတစ်ပါး နှစ်ဦးအနက် မည်သူ့ကိုမှ မထိခိုက် မနစ်နာသော အပြုအမူ အပြောအဆိုသည် အပြစ်မရှိသော အပြစ်ကင်းသော အပြုအမူ အပြောအဆိုဖြစ်သည်။ အပြစ်ကင်းသော အမှုသည် ကုသိုလ်ဖြစ်ပါတယ်။ အပြစ်မကင်းသော အမှုသည် အကုသိုလ်ဖြစ်ပါတယ်။

ကိုယ်ကျင့်သီလ ပျက်စီးပြီး သီလမစင်ကြယ်လျှင် အရုပ်ဆိုး၊ အကျည်းတန်ခြင်း၊ ရဟန်း ရှင် လူတို့ ကြည်ညို ချစ်ခင်မှုကို မခံယူရခြင်း၊ လာဘ်လာဘရှားပါးခြင်း၊ ကြည်ညိုသူလှူဒါန်း ပူဇော်သူများမှာ အကျိုးနည်းခြင်း စတဲ့မကောင်းကျိုးများကို ရရှိစေပါတယ်။ ထို့အပြင် စည်းစိမ် ဥစ္စာပျက်စီး ဆုံးရှုံးခြင်း၊ သတင်းဆိုးထွက်ခြင်း၊ မကောင်းသတင်းကျော်စောခြင်း၊ လူသူပရိတ်သတ် အလယ်သို့ မျက်နှာ ညှိုးငယ်စွာဝင်ရခြင်း၊ သတိလက်လွတ်လျက် အော်ဟစ်ညည်းညူကာသေရခြင်း၊ အပါယ်စသော ဘဝဆိုးတို့၌ လာရောက်ရခြင်း စတဲ့ဆိုကျိုးတွေကိုခံစားရပါတယ်။ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး သီလစင်ကြယ်လျှင်တော့ အထက်က စကားရပ်တွေနဲ့ဆန့်ကျင်ဘက်ပါပဲ။ ရုပ်ဆင်းအင်္ဂါချောမောလှပခြင်း၊ ရဟန်း ရှင် လူတို့၏ ကြည်ညိုချစ်ခင်မှုကို ခံယူရခြင်း၊ လာဘ်လာဘ ပေါများခြင်း၊ ကြည်ညိုလှူဒါန်းပူဇော်သူများ အကျိုးကျေးဇူး ကြီးမားခြင်း စသော အကျိုးတရားများကို ရရှိစေပါတယ်။ ထို့အပြင် စည်းစိမ်ဥစ္စာပေါများခြင်း၊ ကောင်းသတင်းကျော်ကြားခြင်း၊ ပရိတ်သတ်အလယ်သို့ မရှက်မရွံ့ ရဲရဲဝံ့ဝံ့ ဝင်နိုင်ခြင်း၊ သတိရှိလျက် မတွေမဝေ သေရခြင်း၊ သေပြီးတဲ့အခါ ကောင်းရာ သုဂတိသို့ရောက်စေခြင်း စသော အကျိုးတရား များကို ရရှိစေပါတယ်။ ထို့ထက်ပိုသော အကျိုးတရားများစွာရှိနေပါသေးတယ်။

မိမိအနေနဲ့ သီလ စင်ကြယ်တယ်ဆိုရင် မိမိသီလ စင်ကြယ်ခြင်းကို စဉ်းစားမိတိုင်း ဆင်ခြင်မိတိုင်း ကုသိုလ်တရားများတိုးပွားခြင်း၊ စိတ်ကြည်လင် ရွှင်လန်း နှလုံးသာယာခြင်းလို့ခေါ်တဲ့(အဝိပ္ပဋိသာရ)၊ စိတ်ကြည်လင် ရွှင်လန်းလျှင်ဝမ်းမြောက်ခြင်းလို့ခေါ်တဲ့ (ပါမောဇ္ဇ)၊ ဝမ်းမြောက်ခြင်းကြောင့် နှစ်သက်အားရကျေနပ်ခြင်းလို့ခေါ်တဲ့(ပီတိ)၊ နှစ်သက်အားရခြင်းကြောင့် ကိုယ်ရောစိတ်ပါ ငြိမ်းအေးခြင်းလို့ခေါ်တဲ့(ပဿဒ္ဓိ)၊ ကိုယ်ရောစိတ်ပါ ငြိမ်းအေးလျှင် ကိုယ်ရောစိတ်ပါ ချမ်းသာခြင်းလို့ခေါ်တဲ့(သုခ)၊ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းကြောင့် တရားရှုမှတ်ပွားများလျှင် စိတ်တည်ငြိမ်မှုဆိုတဲ့(သမာဓိ) ကိုရလွယ်ပါတယ်။ သမာဓိတည်ကြည်လျှင် ရုပ်တရား၊ နာမ်တရားတို့အပေါ်မှာ အမှန်တိုင်းမြင်ခြင်းဆိုတဲ့(ယထာဘူတဥာဏ်)၊ ထိုမှ ဝိပဿနာ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်အထိပင်လျှင်မြန်စွာရရှိစေပါတယ်။ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရပါမှ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာပါ။ နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီဆိုလျှင် ဒုက္ခအားလုံးချုပ်ငြိမ်း ရုတ်သိမ်းသွားသည်ထိ အကျိုးများစေပါတယ်။

ဒါကြောင့် ထိုမျှ အကျိုးကျေးဇူးများတဲ့ သီလတရားကိုလူတိုင်းကြိုးးစားဆောက်တည်သင့်ပါတယ်။ မိမိဘာသာလည်းဆောက်တည်လို့ရသလို၊ ဘုရားရှေ့မှာဖြစ်စေ၊ ရဟန်းတော်တစ်ပါးပါးထံမှာဖြစ်စေ ဆောက်တည်လို့ရပါတယ်။ ရဟန်းတော်တစ်ပါးပါးထံမှာဆောက်တည်မည်ဆိုပါက ရိုသေမှု၊ လေးနက်မှု ပိုမိုအားကောင်းပါတယ်။ စောင့်စည်းစိတ် ထက်သန် အားကြီးပါတယ်။ ဆုံးမစကားလေးတစ်ခုရှိပါတယ်။ ကိုယ်ကျင့်သီလတွေပျက်စီး ယိုယွင်းပြီး အသက်တစ်ရာနေရတာထက်၊ ကိုယ်ကျင့်သီလပြည့်စုံပြီး တစ်ရက်နေရတာက ပိုမြတ်ပါတယ်။ ကိုယ်ကျင့်သီလပျက်စီးပြီး အသက်တစ်ရာနေရတာထက်၊ ကိုယ်ကျင့်သီလ၊ သမာဓိ၊ ဝိပဿနာတရားများနှင့်ပြည့်စုံနေတဲ့ တစ်မနက်နေရတာကပိုပြီးမြတ်ပါတယ်။ ဒါကြောင့် မိမိရဲ့ကိုယ်ကျင့်တရားဟာ မိမိအားထုတ်မှုပေါ်မှာတည်နေသောကြောင့် ကိုယ်ကျင့်သီလကို အသက်ထက်တန်ဘိုးထားပြီးဆောက်တည်နိုင်ပါစေ။ ဆောက်တည်ခြင်းကြောင့်လည်း လောကီ၊ လောကုတ္တရာ အကျိုးနှစ်မျိုးလုံးကိုရရှိနိုင်တဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ ဆုတောင်းမှုပြုရင်း ကိုယ်ကျင့်သီလအကြောင်းကို အားလုံးအတွက် မျှဝေလိုက်ပါတယ်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Tuesday, September 6, 2011

ကူးစက်ခြင်း

ကျည်တောက်ထဲ၌ အဆိပ်လူးထားသော မြှားတံနှင့် အဆိပ်မလူးထားသော မြှားတံကို ရောပြီးထားလေသော် အဆိပ်လူးသော မြှားတံချည်းဖြစ်ကုန်လေရာ၏။ ငါးအပုပ်ထုပ်ထားသော ဖတ်ရွတ်သည် ငါးပုပ်နံ့စွဲကာ ဖက်ရွတ်ပုပ် ဖြစ်ရလေ၏။ စံပယ်ပန်း၊ ကြက်ရုန်းပန်း ထုပ်ထားသော ဖက်ရွက်မှာမူ မွှေးရနံ့စွဲကာ ဖက်ရွက်မွှေး ဖြစ်ရလေ၏။ ဤသည်မှာ လူမိုက်၊ လူဆိုး လူယုတ်မာတို့နှင့် ပေါင်းသင်းနှီးနှောမှု မပြုလေနှင့်။ ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းနှီးနှောပါလေ ဟူသော မင်္ဂလာတရားတော်ကို ပိုမိုသိသာ မြင်သာစေသည့် မြတ်စွာဘုရားရှင်၏ အဆုံးအမ လမ်းညွှန်များ ဖြစ်လေသည်။

လူ့လောက ရပ်ထဲရွာထဲ လူသူထဲ၌ လူအမျိုးမျိုး စရိုက်အမျိုး ရှိနေကြပါတယ်။ တစ်ချို့သော သူများက တရားဥပဒေနှင့်အညီ၊ စည်းကမ်းရှိရှိ နေထိုင်ကြပါတယ်။ ရပ်ရေး၊ ရွာရေး၊ လူမှုရေး အများအကျိုးပြုလုပ်ငန်း(ပရဟိတ) စသည်တို့တွင် ရေသာမခို တစ်ကိုယ်ကောင်း မဆန် ကိုယ်ကျိုးမဖက်ဘဲ ပါဝင်လုပ်ကိုင်ဆောင်ရွတ်နေကြပါတယ်။ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို စင်ကြယ်သော သဒ္ဓါ၊ မှန်ကန်သော ပညာ တို့ဖြင့် ယုံကြည် ကိုးကွယ်ဆည်းကပ် သိမှတ်ခြင်းရှိပြီး ဒါနကောင်းမှုကုသိုလ်၊ သီလကောင်းမှုကုသိုလ်၊ ဘာဝနာကောင်းမှုကုသိုလ်၊ ထို ဒါန သီလ ဘာဝနာကောင်းမှုကုသိုလ်များထက် သာလွန်သော ဝိပဿနာကုသိုလ်ထိ ပြုလုပ်ကျင့်ကြံအားထုတ်ကြပါတယ်။ ထို့အပြင် အမျိုး၊ ဘာသာ၊ သာသနာ၏ ဂုဏ်သိက္ခာကိုစောင့်ရှောက် ကြပါတယ်။ မိမိတို့ရဲ့ မျိုးဆက်သစ် သား သမီး မြေး မြစ်များနှင့်တကွ ရင်းနှီးဆက်ဆံ၊ ပေါင်းသင်းနေထိုင်၊ ကျွမ်းဝင်သူများကိုလည်း မိမိတို့ အားထုတ်နေတဲ့ စရိုက်ကောင်း၊ အကျင့်ကောင်း၊ အစဉ်အလာကောင်းများ ရရှိစေအောင် သွန်သင်ဆုံးမ လမ်းညွှန်ပြလျက် ထို စရိုက်ကောင်း၊ အကျင့်ကောင်း၊ ဓလေ့ကောင်း၊ အစဉ်လာကောင်းများကို ရရှိစေအောင် ကြိုးပမ်းဆောင်ရွက်ပေးပါတယ်။

တစ်ချို့သော သူများများကတော့ တရားဥပဒေကို မလေးစား၊ လူမှုရေးစည်းကမ်းမလိုက်နာ၊ ကိုယ်ကျိုး ရှေ့တန်းထားပြီး ရေသာခိုအချောင်လိုက် နေထိုင်လေ့ရှိကြပါတယ်။ ရတနာမြတ်သုံးပါးထက် ပုဂ္ဂိုလ်ထူးနောက်သို့ လိုက်ကာ ကိုယ်ကျိုးစီးပွား ရလာနိုး၊ ဖြစ်လာနိုး မျှော်ကိုးလျက်သာ အချိန်ဖြုန်းနေကြပါတယ်။ အများအကျိုးဆိုတာ ဝေး၊ ကိုယ်ကျိုးကိုငဲ့လျက် တရားသော၊ မတရားသော နားမလည်၊ မိမိကောင်းစားရေးကိုကြည့်ပြီး နေထိုင်ကြပါတယ်။ ဒါန၊ သီလ၊ ဘာဝနာကိုဘေးချိတ်၊ ဝိပဿနာကို နောက်ထား အကုသိုလ်များနှင့် အချိန်ဖြုန်းနေထိုင်ကြပြန်တယ်။ ယင်းသို့လျှင် အမျိုး၊ ဘာသာ၊ သာသနာ၏ ဂုဏ်ကို ဖျတ်ဆီးသမှုပြုမိလျက်သားဖြစ်နေကြပါတယ်။ ၄င်းတို့ရဲ့ မျိုးဆက်သစ် သား၊ သမီး၊ မြေး၊ မြစ်စသူတို့နှင့်တကွ ပေါင်းသင်းဆက်ဆံကြသော သူများအားလည်း ထိုထိုသော မှားယွင်းသော၊ မကောင်းသော၊ အပြစ်မကင်းသော ဓလေ့ဆိုး၊ အကျင့်ဆိုး၊ စရိုက်ဆိုး၊ အစဉ်အလာဆိုးများ ကူးစက်အောင် ဖန်တီးပြုမိလျက်သား ဖြစ်နေကြပါတယ်။

ဒီပိုစ့်လေးကို ဖတ်ပြီး မကောင်းသော ဓလေ့ဆိုး၊ အကျင့်ဆိုး၊ စရိုက်ဆိုး၊ အစဉ်လားဆိုးများကို မိမိမှ သူတစ်ပါး၊ သူတစ်ပါးမှ မိမိထံသို့ မကူးစက်အောင် ထိန်းသိမ်းနေထိုင်၊ ကျင့်ကြံပြီး၊ ကောင်းသော၊ အပြစ်ကင်းသော ဓလေ့ကောင်း၊ အကျင့်ကောင်း၊ စရိုက်ကောင်း၊ အစဉ်လာကောင်းများကို မိမိထံမှ သူတစ်ပါးသို့၊ သူတစ်ပါးထံမှ မိမိထံသို့ ကူးစက်စေပြီး ကျင့်ကြံ၊ နေထိုင်ကြပါစေကြောင်းဆုမွန်တောင်းးလိုက်ရပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာပြီး လူမျိုး ဘာသာ သာသနာ့တာဝန်များကို ကျေကျေပြွန်ပြွန် ရွတ်ဆောင်နိုင်ကြတဲ့ သာသနာပြု အမျိုးကောင်းသား၊ သာသနာပြုအမျိုးကောင်းသမီးများ ဖြစ်ကြပါစေ။

(ကိုးကား)-ဣတိဝုတ္တကပါဠိတော်၊ တိကနိပါတ်၊ သုခပတ္ထနာသုတ်။

အရှင်ဝိလမဝံသ(နာလန္ဒာတက္ကသိုလ်)

Saturday, September 3, 2011

မေတ္တာအကျိုး (၁၁)မျိုး

Elephantar Cave, a few dozen kilometers away from Mumbai

ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ညစဉ်ရွတ်ဆိုနေတဲ့ တစ်နည်းပြောရရင် ဗုဒ္ဓဘာသာဝင်တိုင်း အရွတ်များတဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲက မေတ္တာသုတ်ပဲဖြစ်ပါတယ်။ အဲဒီမေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ရန်သူပင်ဖြစ်လင့်ကစား အငြိုးတရားတွေ၊ မကောင်းတဲ့ အာဃာတတရားတွေ ပြေပျောက်စေပါတယ်။ မိမိအပေါ်အလွန်မုန်းနေတဲ့ရန်သူပင် ဖြစ်စေကာမူ သူ့ကို အာရုံပြုပြီး မေတ္တာသုတ်ကို ရွတ်မည်ဆိုပါက ထိုရန်သူပင် အမုန်းတရားတွေပြေပျောက်ကာ မေတ္တာဓာတ်တွေ ပေါက်လာပြီး အချင်းချင်း မိတ်ဆွေဖြစ်သည်အထိ အေးချမ်းမှုကို ပေစွမ်းနိုင်ပါတယ်။ ထို့ထက်ပိုသောအကျိုးတရားများစွာလည်း ရှိပါသေးတယ်။ ဒါဖြစ်ရင် မေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် နောက်ထပ် ဘယ်လို အကျိုးတရားတွေရနိုင်မလဲ? မေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် အကျိုး (၁၁)မျိုးကိုရစေနိုင်ပါတယ်။ ဒါကို မေတ္တာအကျိုး (၁၁)မျိုးလို့ လူသိများပါတယ်။ မေတ္တာအကျိုး (၁၁)မျိုးကတော့-

၁။ ချမ်းသာစွာ အိပ်ရတယ်။ ၂။ ချမ်းသာစွာနိုးရတယ်။ ၃။ အိပ်မက်ဆိုးတွေ မက်ခြင်းမှ ကင်းဝေးတယ်။ ၄။ နတ်များရဲ့စောင့်ရှောက်ခြင်းကိုခံရပါတယ်။ ၅။ လူတွေရဲ့ ချစ်ခင်မှုကို ခံရပါတယ်။ ၆။ နတ်တွေရဲ့ချစ်ခင်မှုကို ခံရပါတယ်။ ၇။ လက်နက်ဘေး မီးဘေး အဆိပ်ဘေး မသင့်နိုင်၊ လွတ်ကင်းမှုကိုရပါတယ်။ ၈။ မျက်နှာကြည်လင်ရွှင်ပြတယ်။ ၉။ စိတ်ထားတည်ကြည်လွယ်တယ်။ ၁၀။ သေတဲ့အခါတွေဝေမှုကင်းတယ်။ (ဒီအချက်ကအရေးကြီးတယ်။ သေခါနီးအချိန်ရောက်ရင် ပုထုဇဉ်သဘာဝ အာရုံတွေ ပျံ့လွင့်တတ်ပါတယ်)။ ကောင်းတဲ့အာရုံ မကောင်းတဲ့အာရုံ စသည်ဖြင့်ပေါ့လေ။ အာရုံတွေပျံ့လွင့်တတ်ပါတယ်။ မကောင်းတဲ့အာရုံကို အာရုံကျနေခိုက် သေသွားမယ်ဆိုရင် အပါယ်လေးဘုံရောက်သွားမှာပါ။ သို့သော် မေတ္တာသုတ်ကိုနေ့စဉ် ညစဉ် ရွတ်ဆိုနေသူအဖို့တော့ အဲလိုမကောင်းသော အာရုံများဆီသို့ ပျံ့လွင့်ခြင်းမရှိပါဘူး။ ဒါကြောင့်..*သေတဲ့အခါ တွေဝေမှုကင်းတယ် လို့ဆိုလိုခြင်းဖြစ်ပါတယ်။

*၁၁။ ရဟန္တာအထိ ဖြစ်နိုင်ပါတယ်။ ရဟန္တာ မဖြစ်သေးတောင်မှ သေသည့်အခါ ဗြဟ္ဗာ့ပြည်သို့လားရောက်ခြင်းဆိုတဲ့ အကျိုးတရားကို ရစေနိုင်ပါတယ်။ ထိုသို့သော အကျိုးတရားများရစေနိုင်သောကြောင့် မေတ္တာသုတ်ကို နေ့စဉ် ညစဉ် ရွတ်ဆိုပြီး ကုသိုလ်ယူနိုင်ပါစေ။ အကျိုးတရား (၁၁) မျိုးလုံးရနိုင်ပါစေလို့ဆန္ဒပြုရေးသားလိုက်ရပါတယ်။

(ဆောင်ပုဒ်)။ ။ ချမ်းသာ အိပ်စက်၊ ချမ်းသာလျက်နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်းနတ်များ၊ လူသားလည်းချစ်၊ နတ်လည်းချစ်လျက်၊ လက်နက်ဆိပ်မီး၊ ပြီးသည့်တစ်ဖြာ၊ မျက်နှာရွှင်ကြည်၊ တည်ကြည်နှလုံး၊ သေဆုံးမတွေ၊ ထူးထွေတရားသိ၊ မသိဗြဟ္ဗာ၊ ဖြစ်ကြပါသည်၊ မေတ္တာအကျိုး (၁၁)မျိုးတည်း။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Friday, September 2, 2011

ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၇)

ဆန်ချီစေတီတော်ငယ်ပုံ

ဆန်ချီစေတီတော်ကို သုံးပတ်တိတိ လက်ယာရစ်လှည့်ပတ်ပူဇော်ခဲ့ပါတယ်။ အပြင်ကတစ်ပတ်၊ အတွင်းက တစ်ပတ်၊ အထက်ပစ္စယာပေါ်ကတစ်ပတ်ပေါ့။ ပြီးတာနဲ့ ဘုရားရှိခိုးတယ်။ ပြီးနောက် ဘေးပတ်ဝန်းကျင်တွေ လှည့်ပတ်ကြည့်ကြတယ်။ ဘေးမှာ ကျိုးပဲ့ပျက်စီးနေတဲ့ အသောကကျောက်တိုင် အပိုင်းအစများ၊ ကျောင်းဟောင်း အဆော်ကအဦပျက်များ၊ စေတီငယ်အပျက်အစီးများ၊ ဓမ္မာရုံဟောင်းနေရာက တိုင်များစသည်ဖြင့် များစွာတွေ့ရပါတယ်။ ဆန်ချီစေတီကြီးနဲ့ မျက်စောင်းထိုးလောက်မှာ ဆန်ချီစေတီငယ်တစ်ဆူကိုလဲ ဖူးတွေ့ရမှာဖြစ်ပါတယ်။ အကြီးက ထီးသုံးဆင့်၊ အငယ်က ထီးတစ်ဆင့်နဲ့ တွေ့ရမှာဖြစ်ပါတယ်။

ဓမ္မာရုံဟောင်းပုံ

စေတီငယ်အပျက်အစီးများ

စေတီတော်ကြီးနောက်ခံထား၍

အသောကကျောက်စာတိုင်အကျိုးအပဲ့များ

အသောကကျောက်စာတိုင်အကျိုးအပဲ့များ

ဘာပုံလဲတော့မသိ

ဆန်ချီစေတီတော်ရဲ့ ဒီဇိုင်းကို ယူပြီးတည်ထားခဲ့တဲ့ စေတီတော်၊ သို့မဟုတ် ဆန်ချီစေတီဒီဇိုင်းနဲ့ ခပ်ဆင်ဆင်စေတီတော်အဖြစ် မဟာပရနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံမှာ တွေ့ရတဲ့စေတီတော်ကိုလဲ သတိထားမိလိုက်တယ်။ သူနဲ့တစ်ခေတ်တည်းလား၊ သို့မဟုတ် သူ့ထက်နောက်ကျလေသည်လား၊ ရှေးကျလေသည်လားဆိုတာကိုတော့ သမိုင်းပညာရှင်များမှ သိပါလိမ့်မယ်။ ဂျပန်များကလဲ ဆန်ချီစေတီတော်ဒီဇိုင်းကို အထူးနှစ်သက်ဟန်ရှိပါတယ်။ ဆန်ချီစေတီတော်ဒီဇိုင်းအတိုင်း တည်ထားကိုးကွယ်ခဲ့ကြတဲ့ ဂျပန်စေတီတော်တွေကို မကြာမကြာ ဖူးတွေ့ရပါတယ်။ ဆရာတော်ဦးဉာဏိဿရကလည်း ဆန်ချီစေတီတော်ကို အထူးနှစ်သက်တော်မူလို့ သူတည်ထောင်ထားတဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်အတွင်း တည်ဆောက်ထားတဲ့ ခန်းမကြီးကို ဆန်ချီစေတီကိုယ်ထည်ပုံနဲ့ တည်ဆောက်ပြီး အခြားဗိသုကာလက်ရာ မျိုးစုံနဲ့ မွမ်းမံတန်ဆာဆင်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ကုသိနာရုံက မဟာပရိနိဗ္ဗာနစေတီပုံ

ရာဇဂြိုဟ်တောင်ပေါ်က ဂျပန်တည်ထားတဲ့ စေတီတော်

သီတဂူဗုဒ္ဓတက္ကသိုလ်ရှိ သိမ်တော်ကြီး

စကားပြန်ဆက်ရရင် ဆန်ချီစေတီတော်ကြီးရဲ့ လက်ဝဲဘက် အထက်ကုန်းမြင့်ပေါ်တက်ကြည့်လိုက်ရင် ကျောင်းတော်ရာအဟောင်းကြီးကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒီကျောင်းတော်ရာ အဟောင်းကတော့ ရှေးယခင်က ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ နေထိုင်ရာ ကျောင်းတော်ဟောင်းဖြစ်ပါလိမ့်မယ်။ သီဟိုဠ်သာသာပြုကြွတော်မူခဲ့တဲ့ အသောက မင်းကြီးရဲ့ သားတော် အရှင်မဟိန္ဒတစ်လသီတင်းသုံးခဲ့တယ်လို့ဆိုတဲ့ ကျောင်းတော်ဟောင်းပင် ဖြစ်လိမ့်မယ်လို့ ထင်မြင်ခဲ့တာပါပဲ။ တော်တော်ပြောင်မြောက်တဲ့ အနုပညာလက်ရာအပျောက်အမွှမ်းများနဲ့ အလှဆင်ပြီး ကျောက်အုတ်များနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ကျောင်းတော်ရာဟောင်း ဖြစ်ပါတယ်။

ကျောင်းတော်ဟောင်းပုံ

အရှင်မဟိန္ဒသီတင်းသုံးခဲ့တယ်လို့ ယူဆရတဲ့ ကျောင်းဟောင်း

ဆန်ချီစေတီတော်ရဲ့ လက်ယာဘက် တောင်ဇောင်းအောက်ပိုင်းမှာလဲ ကျောင်းတော်ရာများကို တွေ့ရမှာဖြစ်သလို သောက်သုံးရေကန်ကြီးတစ်ကန်ကိုလဲ တွေ့ရပါတယ်။ ထိုရှုခင်းများကိုကျော်လွန်၍ အောက်ဘက်ကို လှမ်းမြော်ကြည့်လိုက်မည်ဆိုပါက အလွန်တရာ စိမ်းလန်းစိုပြေတဲ့ ရှုခင်းလှလှတွေကို တ၀ကြီးကြည့်ရှုခံစားနိုင်ပါတယ်။ ဆန်ချီစေတီတော် တစ်ဝိုက်တွင် တွေ့သမျှ မြင်သမျှ အကုန်စေ့စေ့ငင လိုက်လံကြည့်ရှုပြီးနောက်တွင် ပြန်ထွက်ခဲ့ကြပါတော့တယ်။ တောင်အောက်ဘက်တွင် ဆန်ချီပြတိုက်တစ်ခုရှိပါတယ်။ အဲဒီပြတိုက်ထဲကိုလဲ ၀င်ရောက် ကြည့်ရှုခဲ့ကြပါတယ်။ ဒီပြတိုက်ထဲက ဆန်ချီပြုပြင်မှုသမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ရှေးဟောင်းဆင်းတုတော်များ၊ ရှေးဟောင်းအသုံးအဆောင်ပစ္စည်းပစ္စယများ စသည် စုံလင်စွာ ခင်းကျင်းပြသထားပါတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်ခွင့်မရလို့ ကြည့်ရုံသာ ကြည့်ခဲ့ရတယ်။

ရေကန်ကြီးနှင့်ကျောင်းတော်ရာဟောင်း

အဝေးမျှော်ရှုခင်း

ပြတိုက်ကြည့်ပြီးတာနဲ့ ကြည့်စရာ ဖူးစရာ အားလုံးစုံပြီဖြစ်လို့ စားသောက်ဆိုင်တစ်ဆိုင် ၀င်ပြီးနေ့ဆွမ်းဘုန်းပေးလိုက်ကြတယ်။ ကံကောင်းတယ်ပြောရမယ်၊ ဒီဆိုင်မှာက ထမင်းကြော်ရလို့ ထမင်းကြော် (Chicken Fried Rice) မှာစားလိုက်ကြတယ်။ ဒီနောက် ဘိုပါးမြို့သို့ ပြန်လည်ထွက်ခွါလာခဲ့ကြရာ ညနေသုံးနာရီလောက် ပြန်ရောက်ပါတယ်။ အချိန်ရနေသေးသဖြင့် ဘိုပါးမြို့ သဘာဝရေကန်ကြီးဘေးတွင် ခေတ္တသွားရောက် နားနေ အပန်းဖြေခဲ့ကြပါတယ်။ ရေကန်ကြီးထဲကိုလဲ စပိဘုတ်စီးပြီး လှည့်လည်ခဲ့ကြသေးတယ်။ သဘာဝရေပြင်ပေါ်က သဘာဝရေငွေ့နဲ့ သဘာဝရေဓာတ်လေးတွေ ထိတွေ့ခံစားကြည့်တဲ့သဘောပေါ့။ တကယ်တော့ လူငယ်တွေ အပျော်စီးလေ့ရှိကြတာပါ။ ဒို့ဘုန်းကြီးတွေလဲ ရောက်တုန်းရောက်ခိုက် ကြုံတုန်းကြိုက်ဆိုသလို မကြီးမငယ်နဲ့ လှေစီးကြတဲ့သဘောပေါ့။ ဘေးမှာ မြန်မာပရိသတ်တွေ ရှိနေမယ်ဆိုရင်တော့ စီးဖြစ်မယ်မထင်ဘူးလေ။ လှေနှစ်စီးငှားလိုက်တာ ရူပီး (၃၇၀)ပေးရပါတယ်။ ကိုယ်တော်တစ်ပါးက အတင်းစီးချင်နေတော့လဲ ကဲ အကုန်လုံး စီးကြမယ်ဆိုပြီး တစ်ညီတစ်ညွတ်တည်း စီးလိုက်ကြလေရဲ့။ ဘာမှမကြာလိုက်ဘူး၊ နီးနီးလေး တစ်ပတ် ပတ်မောင်းပေးလိုက်တာ၊ (၁၀)မိနစ်လောက်ပဲ ကြာမယ်ထင်တယ်။

ဘိုပါးသဘာဝရေကန်ကြီး၏ ရေပြင်ကျယ်မြင်ကွင်း

ကုလားဒကာများနှင့် အမှတ်တရ နှုတ်ဆက်ဓာတ်ပုံ

ရေကန်ကြီးဘေး ခေတ္တနားနေပြီး နောက်မကြာမီ ဘိုပါးမြို့က ဗုဒ္ဓဘာသာဒကာများက ခေတ္တနားနေတည်းခိုရန် ဗုဒ္ဓဘာသာအဖွဲ့ ဒုတိယဥက္ကဋ္ဌရဲ့ နေအိမ်မှာ အိပ်ခန်းတွေ ကျကျနန ပြင်ပေးထားပြီဖြစ်ကြောင်း ဖုန်းလှမ်းဆက်လို့ အဲဒီကို သွားကြတယ်။ ရထားက ည (၉)နာရီမှ စီးရမှာဖြစ်တော့ နေရထိုင်ရ အဆင်ပြေအောင် သူတို့က စီစဉ်ပေးလိုက်တာဖြစ်တယ်။ မဆိုးလှဘူး။ အိပ်ခန်းကျယ်နှစ်ခန်းကို ဘုန်းကြီးတွေ နားခိုလို့ရအောင် သေသေချာချာ သန့်သန့်ပြန့်ပြန့် ခင်းကျင်း ပြင်ဆင်ပေးထားတာ။ ဗုဒ္ဓဘာသာသူဋ္ဌေးတစ်ယောက်ဖြစ်တယ်ဆိုတာ သူတို့အိမ်ရောက်မှ အကဲခတ်လိုက်မိတယ်။ ဧည့်ခန်းကလဲ အကျယ်ကြီး၊ ရေချိုးခန်းတွေ မီးဖိုခန်းတွေကလဲ အကျယ်ကြီးတွေ၊ အိပ်ခန်းတွေကလဲ ဘယ်နှစ်ခန်းတောင်ရှိတယ်မသိဘူး။ လွတ်တဲ့အခန်းတွေကို သူတို့ ပြင်ဆင်ပေးထားတာလေ။ ဒီလိုစီစဉ်ပေးထားတော့ ရောက်ရောက်ချင်း သူတို့နဲ့ စကားပြောဖို့ကလဲ ကိုယ်က ကုလားစကားမတတ်တော့ ပြောမနေတော့ဘူး။ ခေတ္တထိုင် နှုတ်ဆက်၊ ခြေလက်သန့်စင်ပြီး သူတို့ပြင်ပေးထားတဲ့ အိပ်ခန်းထဲဝင် အိပ်လိုက်တာ ရထားထွက်ခါနီးပြီလို့ လက်တို့နှိုးကာမှပဲ နိုးလာတော့တယ်။ ဗုဒ္ဓဘာသာပရိသတ်တွေ တော်တော်များများ လာရောက်နှုတ်ဆက်ကြတာတွေ့ရတော့ ဘိုပါးမြို့က ပြန်ရမှာတောင် လွမ်းသယောင်ယောင်။ နေနိုင်လားဆိုတော့လဲ နေနိုင်ပါဘူးလေ။ နှုတ်ဆက်၊ မှတ်တမ်းဓာတ်ပုံတွေရိုက်၊ ပြီးတာနဲ့ ဘူတာကို အတင်းမောင်းနှင်ခဲ့ကြပါတယ်။ ဘူတာရောက်တော့ ရထားက ဆိုက်နေနှင့်ပြီ၊ ရထားပေါ်ရောက်လို့ သုံးမိနစ်လောက်အကြာမှာ ရထား စတင်ထွက်ခွါလေတော့တယ်။ တော်သေးရဲ့။ အပြန်မှာ မပြေးခဲ့ရပေမယ့် ရထားမီလိုက်သေးလို့။ ရထားသာ မမီလိုက်ရင်တော့ ဘိုပါးမှာ နောက်တစ်ညကြာမည်သာမှတ်ပေတော့။ ဘာပဲဖြစ်ဖြစ် မီလိုက်တာ ကံကောင်းပါတယ်။ နောက်နေ့ (၂၁)ရက်နေ့နံနက် (၇)နာရီလောက် ဒေလီမြို့သို့ ပြန်ရောက်လေတော့သတည်း။

(ဤတွင်ပြီးပါပြီ)။

ဒေါက်တာအရှင်ပါရမီ

Thursday, September 1, 2011

ဆန်ချီဘုရားဖူးခရီစဉ် မှတ်တမ်း (၆)

လမ်းပေါ်က ဖြစ်စဉ်ကို ခေတ္တငေးကြည့်နေဖြစ်ကြတယ်။ စပ်မိစပ်ရာတွေလဲ ပြောဖြစ်ကြတယ်။ ပရာထားကလဲ ပူ၊ နွားနို့ကလဲ ပူတော့ မြန်မြန်လဲ စားလို့ မရ၊ မြန်မြန်လဲ သောက်လို့မရ။ ဒါကြောင့် အချိန်ယူစားနေကြရတာပေါ့။ ဇိမ်ခံစားတာတော့မဟုတ်ပါဘူး။ အာရုံပြီးတာနဲ့ ခရီးဆက်ထွက်ခဲ့ကြတယ်။ လမ်းတွေကလဲ ဘိုပါးမြို့ထဲလောက်သာ ဆိုးတယ်၊ ဒီလမ်းမကြီးတွေကတော့ တော်တော်ကောင်းပါတယ်။ အိစက်ညက်ညော ချောမွေ့လှပါတယ်။

ကားစီးရင်း လမ်းဘေးဝဲယာ ရှုခင်းများကို စိတ်ဝင်တစား ကြည့်ဖြစ်တယ်။ စိမ်းစိုတဲ့ သဘာဝ စိုက်ခင်းများ၊ သဘာဝသစ်ပင်များ၊ သဘာဝတောင်တန်းများ တစ်ရိပ်ရိပ်ရွေ့လျား ဖြစ်ပျက်အလား ပေါ်လိုက်ပျောက်လိုက် ချာလည်လိုက်နေတဲ့ သဘာဝအလှတရားတွေကို ငေးကြည့်နေရသည်မှာလဲ အဓိပ္ပါယ်မဲ့သယောင်ထင်ရပေမယ့် အလွန်ထူးခြားတဲ့ခံစားမှုအသစ်အသစ်တို့ ဖြစ်တည်လို့လာတယ်လေ။ ညို့ညို့မှိုင်းမှိုင်း သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ တောင်ပြာတန်းတွေကို လှမ်းမြင်နေရတဲ့အခါမျိုးမှာ ဒီလိုနေရာလေးတွေမှာ နေလိုက်ရမယ်ဆိုရင် ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ၊ လန်ဆန်းလတ်ဆပ်တဲ့ သဘာဝလေသန့်၊ သဘာဝမြင်ကွင်းတွေကြားမှာ နေလိုက်ရရင်- လို့ အတွေးတစ်ချက်တစ်ချက် ဖြတ်ဖြတ်ဝင်လာခဲ့သေး။ တကယ်နေပါလားဆိုရင်တော့လဲ လွယ်ဘူးထင်တယ်။ ဆန်ချီစေတီကို မရောက်သေးပေမယ့် လမ်းဘေးမှာ မကြာမကြာ ဆန်ချီစေတီမုခ်ဦးပုံသင်္ကေတလေးတွေ ချိတ်ဆွဲထားတာကို တွေ့တွေ့နေရပြီလေ။ ဆန်ချီသင်္ကေတလေးတွေတဲ့။ ရောက်ဖူးတဲ့သူက ပြောတယ်။ ဟုတ်တယ်။ မကြာ မကြာဆိုသလို တွေ့တွေ့နေရတယ်။ သူတို့လဲ ဆန်ချီစေတီကို တော်တော် တန်ဖိုးထားကြတယ်ဆိုတာ သိခွင့်ရလိုက်တာပါပဲ။

ကိုယ်သွားချင်တဲ့ခရီး သွားနေရတဲ့အချိန် ကိုယ်ရောက်လိုရာ မရောက်သေးခင်မှာ ခံစားရတဲ့ပီတိမျိုး၊ စိတ်ချမ်းသာမှုမျိုးတွေ ဖြစ်ခွင့်ရနေတာဟာ ချမ်းမြေ့ကြည်နူးစရာ ဘ၀အရသာခံစားမှုလေးတွေဖြစ်နေတာကြောင့် ဖြစ်ပျက်ရှုပစ်ရမှာတောင် တော်တော်ဝန်လေးနေတယ်လေ။ ရှေ့မှာ အုပ်ဆိုင်းဆိုင်း တောင်ကုန်းတစ်ခု လှမ်းမြင်စပြုနေရပါပြီ။ ဒီတောင်ကုန်းဆီကို အာရုံစိုက်လှမ်းမျှော်ကြည့်နေခိုက် ရိပ်ကနဲ့ဆို လိပ်ခုံးပုံစေတီတော်ကို မြင်လိုက်ရခိုက် ကားသမားက ဟိုမှာ ဆန်ချီစေတီ လှမ်းမြင်နေရပြီတဲ့။ ဆန်ချီအကြောင်း စတင်ကြားဖူးကတည်းက ဖူးချင်နေတဲ့ဆန်ချီ၊ အခု အစပထမ တပ်အပ်မျက်မြင် မရောက်ခင် ကြိုတင်လှမ်းမြော်ဖူးတွေ့လိုက်ရခြင်းပါလား။ ပီတိရဲ့အေးချမ်းမှုနဲ့ သဘာဝတောရိပ်တောင်စွယ်တို့ရဲ့ ငြိမ်းချမ်းမှုပေါင်းစပ်မိခိုက်မှာ စေတီတော်ကို တစ်ချက်တစ်ချက် လှမ်းလှမ်းမြင်လိုက်ရတဲ့ အရသာလေးက စိတ်ကို ကြည်နူးစေနိုင်စွမ်းလှပါတယ်။ တောင်ခြေရောက်တော့ ဆန်ချီအ၀င်လက်မှတ်ဖြတ်ရတယ်။ လက်မှတ်ခ နိုင်ငံခြားသားများဆို တစ်ယောက် (၂၅၀) ရူပီးပေးရတယ်။ အိန္ဒိယနိုင်ငံသားများအတွက်တော့ (၅)ရူပီးတဲ့။ ဂိုက်လုပ်သူက သူ့နည်းသူ့ဟန်နဲ့ လိုကယ်ဈေးနဲ့ လက်မှတ်ဖြတ်လာခဲ့တယ်တဲ့။ တစ်ယောက် (၅)ရူပီးနှုံးပေါ့။ ဒါက ကိုယ်လုပ်ခိုင်းတာမဟုတ်ပါဘူး၊ သူ့သဘောအတိုင်း သူလုပ်လာခဲ့တာဖြစ်တယ်လေ။

တောင်ကုန်းလေးပေါ် ကားနဲ့ တက်လို့ရတယ်။ လက်မှတ်ဖြတ်ပြီးတာနဲ့ တောင်တက်လမ်းကို စတင်တက်ခဲ့ကြပါတယ်။ ကွေ့လိုက် တက်လိုက် ဝေ့ဝေ့၀ိုက်ဝိုက်နဲ့ပဲ တစ်ဖြည်းဖြည်းတောင်ကုန်းပေါ် ဆန်ချီစေတီရှေ့ ဂိတ်ရောက်သွားကြတော့ နံနက် (၉)နာရီခန့်ရှိနေပါပြီ။ ဆန်ချီစေတီလဲ ဖွင့်စအချိန်ပေါ့။ စေတီဝင်းအ၀င်ဂိတ်မှာ လက်မှတ်တွေ စစ်ဆေး၊ အိပ်တွေကို ဖွင့်ပြရတယ်။ အိပ်ထဲမှာလဲ လမ်းတုန်းက စားမကုန်တဲ့ ပလာတာတွေ ပါဆယ်ထုပ်လာတာကို ကြည့်ပြီး ဒါက ဘာလဲတဲ့။ အဲဒါ ပရထားဆိုတော့ ဂိတ်စောင့်က ပြုံးပြုံးကြီးလုပ်နေလေရဲ့။ စေတီတော်ကို အ၀င်အ၀ကနေ လှမ်းမြင်လိုက်ရခိုက်မှာ အားရပါးရ ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ပစ်လိုက်တယ်။ ဓာတ်ပုံဝါသနာပါတာတော့မဟုတ်ဘူး။ မှတ်တမ်းကို မြတ်နိုးတာ။ ကိုယ့်ပုံကို ဓာတ်ပုံရိုက်ရတာ ၀ါသနာမပါဘူး၊ ဒီလို မှတ်တမ်းရိုက်ရတာတော့ ၀ါသနာပါတယ်။ စေတီတော်ရဲ့ ရှေ့တည့်တည့် အ၀င်မုတ်မရောက်မီ ယာဘက်ဘေးမှာ ကျောက်သပိတ်ကြီးတစ်လုံးရှိတယ်။ ကျောက်သားကို ထွင်းထုထားတဲ့ သပိတ်ကြီးပေါ့။ သူတို့ခေတ်က အဲဒီသပိတ်ကြီးထဲ ဆွမ်းတွေ ပေါင်းထည့်ကြဟန်တူပါတယ်။ ဒီသပိတ်ကြီးကိုလဲ မှတ်တမ်းယူခဲ့ပါတယ်။ ထို့နောက် စေတီတော်ကို ပထမဦးဆုံး လက်ယာရစ် တစ်ပတ်ပတ်၍ ဖူးမြော်ကြပါတယ်။ အပြင်ကတစ်ပတ်ပတ်ပြီးတဲ့နောက် အတွင်းဘက်က တစ်ပတ်ပတ်ကြတယ်။ အတွင်းဘက်တစ်ပတ်ပတ်ပြီးတဲ့နောက် အပေါ်ပစ္စယာတက်ပြီး တစ်ပတ်ပတ်ကြပါတယ်။

စေတီတော်မှာ မုတ်တံဦးလေးခုရှိတယ်။ အ၀င်ပေါက်လေးပေါက်ပေါ့။ အဲဒီအ၀င်ပေါက်တွေက အသောက မင်းကြီးလက်ထက်ကရှိခဲ့တာမဟုတ်ဘူးတဲ့။ နောက်မှ ဂုတ္တမင်းများလက်ထက်မှ ထပ်မံတိုးချဲ့ထားတာလို့ပြောတယ်။ ဘုရားဖြစ်တော်စဉ်ဗုဒ္ဓ၀င်များ၊ ဇာတ်တော်များကို သရုပ်ဖော်ထားတဲ့ ပန်းပုပုံများကို ကျောက်သားပေါ်မှာထွင်းထုပြီး မုတ်တွေကို အလှဆင်ထားတာ။ မုတ်လေးခု တစ်ခုနှင့်တစ်ခု အနုပညာလက်ယာများက မတူဘူး။ ဇာတ်တော်များ ဖြစ်စဉ်များမတူဘူး။ သေသေချာချာကြည့်လေ ကြည့်မ၀အောင် ဖြစ်ရလေပါပဲ။ မုတ်ဦးတွေကို ရှေ့ဘက်ကရော နောက်ဘက်ကပါ ပန်းပုအနုပညာလက်ရာများနဲ့ ထွင်းထုထားတဲ့ ရုပ်ကြွများကို ကြည့်ရသည်ကလဲ အရသာတစ်မျိုး။ မုတ်ဦးတည့်တည့်ကနေ အတွင်းဘက်မှာ စေတီနံရံကပ်လျက်ထုထားတဲ့ ကျောက်သားဆင်းတုတော်တစ်ဆူစီ မုတ်ဦးတိုင်းမှာ ရှိတယ်။ အချို့ဆင်းတုတော်များက ပကတိအတိုင်း ရှိနေသေးတယ်။ အချို့ဆင်းတုတော်များကတော့ ဗုဒ္ဓဘာသာမဟုတ်သူများက ချိုးဖဲ့ဖျက်ဆီးထားလို့ ကျိုးပဲ့နေတာတွေ တွေ့ရတယ်။ ပကတိအတိုင်း ရှိနေသေးတဲ့ ဘုရားဆင်းတုတော်တစ်ဆူရှေ့မှာပဲ ကိုယ်တတ်သမျှလေးတွေဆိုပြီး ရှိခိုးလိုက်တယ်။

(ဆက်လက်ဖော်ပြပါမည်)။

ဒေါက်တာအရှင်ပါရမီ

Wednesday, August 31, 2011

ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၅)

ဆန်ချီစေတီဟာ Madhya Pradesh ပြည်နယ်၊ ဘိုပါးမြို့နဲ့ (၄၆)ကီလိုမီတာအကွာ Raisen District မှာရှိတဲ့ တောင်ထိပ်တည့်တည့်မှာ တည်ထားတဲ့စေတီတစ်ဆူပါ။ စေတီတော်အမြင့် (၉၁)မီတာရှိပါတယ်။ စေတီတော်ကို ကျောက်အုတ်များနဲ့ တည်ထားတာဖြစ်ပါတယ်။ တောင်ကုန်းထိပ်မှာ တည်ထားတာဖြစ်တဲ့အတွက် အဝေးကနေ လှမ်း၍ဖူးမြော်နိုင်သောစေတီတစ်ဆူလဲဖြစ်ပါတယ်။ စိမ်းစိုညို့မှိုင်း အုပ်အုပ်ဆိုင်းနေတဲ့သစ်ပင်တွေကြားမှာ ထီးထီးထင်ထင် လှမ်းမြင်နေရသည်ကပင် အလွန်ကျက်သရေရှိ မြင်လိုက်ရသည်နှင့် ပီတိဖြစ်စေနိုင်စွမ်းလှတယ်လေ။ ဆန်ချီစေတီဝန်းကျင် ဗုဒ္ဓဘာသာဗိသုကာပညာရပ်ဝန်းနှင့်ပတ်သက်၍ လွန်ခဲ့တဲ့ 3rd Century BC ကနေ 12th Century AD အတွင်း ထွန်းကားခဲ့တဲ့ လက်ရာများဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ဆန်ချီစေတီအကြောင်းကို သီရိလင်္ကာရေး မဟာဝံသနှင့် ဒီပ၀ံသကျမ်းစာများမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အသောကမင်းကြီး (273-236 BC) ဘုရင်မဖြစ်ခင်က ဥဇ္ဇေနီ (ဥဇ္ဇယနိ) (modern Ujjain) ပြည်ကို စစ်အောင်ပြီး အပြန်လမ်းမှာ တပ်စခန်းချနားနေစဉ် ၀ိဒိသာမြို့ (modern Vidisha) ကုန်သည်သမီး ဒေ၀ီနဲ့ လက်ထပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါ သူ့သားတော် မဟိန္ဒဟာ သူ့မယ်တော်ရှိရာ ၀ိဒိသာမြို့သို့ အလည်ကြွတော်မူခဲ့ရာ မိဖုရားကြီးက သူဆောက်ထားတဲ့ ကျောင်းတော်သို့ ပင့်ဆောင်သီတင်းသုံးစေခဲ့ပါတယ်။ မဟိန္ဒမထေရ်ဟာ သီရိလင်္ကာသို့ သာသနာပြုမကြွမီ တစ်လခန့် အဲဒီကျောင်းမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ ဒီကျောင်းဆောင်အနီးမှာပင် အသောကမင်းကြီးက ဆန်ချီစေတီကို တည်ထားခဲ့ပြီး အသောကကျောက်စာတိုင်များကိုလည်း စိုက်ထူးထားခဲ့ပါတယ်။ ဒီမှာစိုက်ခဲ့တဲ့ အသောကကျောက်စာတိုင်တစ်တိုင်ရဲ့ ထိပ်တွင် ခြင်္သေ့လေးကောင် ကျောချင်းပေးလျက် အရပ်လေးမျက်နှာလှည့်ထိုင်နေတဲ့ပုံကို အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်တံဆိပ်အဖြစ် သတ်မှတ်ထားပါတယ်။

အသောကအင်ပါယာ ပြိုကွဲပြီးနောက်ပိုင်းမှာ ဆန်ချီစေတီတော်ဟာ အဖျက်ဆီးခံခဲ့ရပါတယ်။ Sungas မင်းလက်ထက် 2nd Century BC အလယ်လောက်မှာ ဆန်ချီစေတီကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပြန်ပါတယ်။ မုခ်ဦးတွေလဲ တပ်ဆင်တည်ဆောက်လာခဲ့ကြပါတယ်။ ပထမ စေတီတော်တစ်ဆူကနေ နောက်စေတီတော်တစ်ဆူကိုပါ ထပ်မံတည်ထားခဲ့ကြပြန်ပါတယ်။ ဆန်ချီစေတီမုခ်လေးခုမှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူစီတည်ထားတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒီဆင်းတုတော်များကတော့ Gutptas မင်းများလက်ထက်မှာ ထုဆစ်ထားတဲ့ မထုရာလက်ရာများဖြစ်လို့ 4th AD လောက်မှာမှ အစားထိုးတည်ထားတာဖြစ်ကြောင်း သမိုင်းပညာရှင်များက မှတ်တမ်းတင်ကြပါတယ်။ ဒီလိုနဲ့ ခေတ်အဆက်ဆက် ဗိသုကာ အနုပညာလက်ရာများ တစ်မျိုးပြီးတစ်မျိုး အစားထိုးထည့်လာရင်း ဆန်ချီစေတီဟာ ဗုဒ္ဓဘာသာရဲ့ အနုပညာပေါင်းစုံတွေ့မြင်နိုင်သည့်စေတီတစ်ဆူ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းခေတ်များတွင် ဗုဒ္ဓဘာသာမှေးမှိန်ပျောက်ကွယ်သွားပြီးနောက် ဆန်ချီစေတီဟာ လူမသိသူမသိအဆင့် ရောက်သွားခဲ့ရပါတယ်။

၁၈၁၈-ခုနှစ်တွင် ဆန်ချီစေတီကို ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။ ဗိသုကာ အနုပညာလက်ရာများလဲ အကောင်းအတိုင်း မရှိတော့ပါဘူး။ သို့သော် ဒီစေတီဟာ ဗုဒ္ဓဘာသာရဲ့ အမွန်မြတ်ဆုံးသော အနုပညာရပ်များဖြစ်နေတာကြောင့် သမိုင်းပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြန်လည်အစားထိုးပြုပြင်ရေးလုပ်ငန်းများကို ၁၈၈၁-ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၁၂- ၁၉၁၃၉ ခုနှစ်အတွင်းတွင် နောက်ဆုံး ပြုပြင်မွမ်းမံမှုများ အပြီးသတ်နိုင်ခဲ့ပါတယ်။ ဆန်ချီစေတီကို အလှဆင်ထားတာကတော့ မုခ်ပေါက်လေးခုပါပဲ။ အ၀င်တံခါးလေးပေါက်လို့ ပြောရမှာပါ။ ဒီဂိတ်များမှာ ဗုဒ္ဓ၀င်ဆိုင်ရာရုပ်ပုံများ၊ အသောကမင်းကြီးနှင့်ဆိုင်ရာ ရုပ်ပုံများစသည် စုံလင်စွာ လက်ရာမြောက်မြောက် ထုဆစ်ထားတာ တွေ့ရပါတယ်။ ဒီအနုပညာလက်ရာများဟာ ကမ္ဘာမှာ ရှေးဟောင်းအနုပညာလက်ရာများအနက် အကောင်းဆုံးလက်ရာများအဖြစ် သတ်မှတ်ခံထားရပါတယ် (The four Gateways constructed in 35 BC are the best form of Buddhist expression one can find anywhere in the world)။

ဒီလို သမိုင်းဝင် ထင်ရှားလှသည့် ဆန်ချီစေတီတော်ကို ဖူးချင်နေသည်မှာ ကာလအတန်ကြာနေပြီဖြစ်ပါတယ်။ သို့သော် ဘယ်သို့ဘယ်ပုံ သွားရောက်ဖူးမြော်နိုင်သည်ကို မသိသဖြင့်လည်းကောင်း၊ အကြောင်း အကျိုး မတိုက်ဆိုင်သေးသဖြင့်လည်းကောင်း မဖူးမြော်နိုင်ခဲ့ပါဘူး။ အခုတော့ ဘုံဘေမြို့၊ ဘုံဘေတက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် ကျောင်းတက်နေတဲ့ သူငယ်ချင်းဖြစ်သူ ဦးဉာဏိန္ဒနှင့် ပန်းကမ္ဘာဝက်ဆိုက်တည်ထောင်သူ ဦးသုနန္ဒာလင်္ကာရတို့ ဒေလီမြို့ကို အလည်အပတ်ရောက်လာကြပြီး ဆန်ချီကိုလဲ သွားရောက်ဖူးမြင်လိုကြောင်း စကားစပ်မိသဖြင့် ယခုလို ဘုရားဖူးခရီးထွက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဆန်ချီဘုရားမဖူးမီ ဘိုပါးမြို့မှာ တစ်ရက် အချိန်ယူလည်ပတ်ခဲ့ကြပါတယ်။ နောက်နေ့ (၂၀-၀၈-၂၀၁၁) နေ့နံနက် (၇)နာရီအချိန်တွင် ဆန်ချီသို့ စတင်ထွက်ခဲ့ကြပါတယ်။ (၄၆)ကီလိုမီတာခရီးဆိုတော့ သိပ်တော့ မဝေးလှပါဘူး။ ကားငှားခ အသွားအပြန် ရူပီး (၂၀၀၀) ပေးရပါတယ်။ မြန်မာငွေ (၄၀၀၀၀)ကျပ်လောက် ကျတာပေါ့။

လမ်းတစ်ဝက်လောက်မှာ နံနက်စာ အာရုံစားရန်အတွက် အဆင်ပြေမယ့်ဆိုင်တွေ့ရင် ရပ်ပေးဖို့ ပြောထားတော့ ကားသမားကလဲ သူအဆင်ပြေမယ်ထင်တဲ့ဆိုင်မှာ ခေတ္တရပ်ပေးပါတယ်။ အဲဒီဆိုင်မှာလဲ ကျန်တာ ဘာမှမရပါဘူး၊ Prathar သာ ရတယ်။ အာလူးပလာတာခေါ်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ ခေါ်တဲ့ ပလာတာနဲ့ မတူပါဘူး။ အတွင်းမှာ အာလူးနှစ်ညှပ်ပြီးကြော်ထားတာပါ။ အဲဒီ အာလူးပရာထား တစ်ပါး နှစ်ချပ်စီမှာ၊ နွားနို့တစ်ခွက်စီမှာလိုက်ပါတယ်။ အိန္ဒိယမှာ ဆွမ်းစားချင်တယ် ဘာညာ ဂျီးများနေလို့ မရပါဘူး။ ဆွမ်းက နေရာတိုင်းရတာမဟုတ်ဘူး၊ အချို့ဆိုင်တွေမှ ရှားရှားပါးပါး ရတာမျိုး။ သူတို့ဓလေ့က ထမင်းအဓိကစားတာမဟုတ်ဘူး။ ပရာထား၊ ပူရီ၊ ချပါတီ၊ ရိုတီလိုမျိုး အစားအစာတွေကိုပဲ ထမင်းလိုစားတာ။ ဒီတော့ ထမင်းစားလိုက်ရမှ ကျေနပ်တယ်ဆိုတဲ့ မြန်မာဓလေ့နဲ့ဆိုရင်တော့ အိန္ဒိယလိုနိုင်ငံမျိုးမှာ တော်တော်အခက်အခဲ တွေ့မှာဖြစ်ပါတယ်။ ကြုံသလိုစားနိုင်မယ်ဆိုရင် အဆင်အပြေဆုံးပဲ။ ဒါပေမယ့် မြန်မာအစားအစာနဲ့ အိန္ဒိယအစားအစာက ဘယ်လိုမှ ဆက်စပ်လို့မရတတ်ဘူး။ သူတို့က မဆလာ အရမ်းသုံးတယ်။ ငြုပ်သီးထည့်လေ့ရှိတယ်။ အစားအစာက သိပ်ခံတွင်းမတွေ့ရင် ငြုပ်သီးစားတော့ စပ်၊ စပ်လေ ထပ်စားချင်လေ၊ ဒီလိုဖြစ်အောင်နဲ့တူပါတယ်။

အိန္ဒိယမှာ အဓိကထားတာကတော့ နွားနို့ပါပဲ၊ နို့ထွက်ပစ္စည်းတွေလဲ မျိုးစုံနေောအင် လုပ်စားကြတယ်။ မလိုင်၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ထောပတ်စသည်ပေါ့။ မုံ့မှန်သမျှဟာလဲ အချိုဓာတ်လွန်ကဲတာများတယ်။ အချိုတော်တော်ကြိုက်ကြတယ်။ သားငါးကိုတော့ မစားကြဘူး။ သတ်သတ်လွတ်စားတာ များတယ်။ ဒါကြောင့် အသားငါး စားချင်ရင် အိန္ဒိယမှာ တော်တော်အခက်အခဲတွေ့ရတယ်။ စားတဲ့သူတွေတော့ ရှိပါတယ်။ ဒါပေမယ့် နဲတယ်။ ဒါကြောင့် ဆိုင်တိုင်းနီးပါး အသားငါး မရတာများတယ်။ သူတို့ အသားမစားသလို သူများတွေ အသားစားတာတွေ့ရင်လဲ သူတို့က မကြည်ကြဘူး။ အထူးသဖြင့် ဘုန်းကြီးတွေ အသားစားတာတွေ့ရင် ပိုဆိုးတယ်။ ဘုန်းကြီးဝတ်ပြီး အသားစားရမလားဆိုပြီး ဘာမဆိုင် ညာမဆိုင် လာပြောတာမျိုးတွေတောင် တွေ့ရတတ်တယ်။ သူတို့မှာ သူ့စည်း ကိုယ့်စည်းသိပ်မရှိဘူး။ ကိုယ်နဲ့ ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ၀င်ရောက် ပြောတတ်ဆိုတတ်တာက သူတို့ဓလေ့လိုဖြစ်နေတယ်။ အခု အာရုံစားဖို့ ၀င်လိုက်တဲ့ဆိုင်မှာလဲ ဘာအသားငါးမှမရပါဘူး။ အာလူးပရာထားပဲ ရတယ်။

မှာလို့ရတာနဲ့ ဘုန်းပေးနေကြဆဲမှာပဲ လမ်းပေါ်မှာ ဆိုင်ကယ်သုံးစီး၊ လူခြောက်ယောက်လောက်က ကားတစ်စီးကို တားပြီး ကားတံခါးတွေအတင်းဆွဲဖွင့်၊ အပြင်ဆွဲထုတ်၊ ကားပေါ်က ပါလာတဲ့ ကောင်လေးနှစ်ယောက်ကို ဆိုင်ကယ်သမားများက လက်သီးနဲ့ထိုး၊ ပါးတွေရိုက်၊ ခြေနဲ့ကန် လုပ်နေကြတာတွေ့လိုက်ရတယ်။ ကုလားတို့ထုံး တစ်ရုံးရုံးပေါ့။ ဘေးကလူတွေကလဲ ၀ိုင်းအုံကြည့်ကြတယ်လေ။ အဲဒါ ဘာဖြစ်တာလဲလို့မေးတော့ အဲဒီကားက ကလေးတစ်ယောက်ကို တိုက်ပြီး မောင်းထွက်ပြေးလာတာ။ ဟိုရွာသားတွေက မကျေနပ်လို့ ဆိုင်ကယ်နဲ့ အတင်းလိုက်ဖမ်းတာတဲ့။ ဟုတ်လောက်မယ်။ ကားကို ပြန်အကွေ့ခိုင်းပြီး ဆိုင်ကယ်တွေရော ကားပါ လာလမ်းအတိုင်းပြန်မောင်းသွားကြတယ်။

(ဆက်လက်ဖော်ပြပါမည်)။

ဒေါက်တာအရှင်ပါရမီ