Wednesday, August 31, 2011

ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၅)

ဆန်ချီစေတီဟာ Madhya Pradesh ပြည်နယ်၊ ဘိုပါးမြို့နဲ့ (၄၆)ကီလိုမီတာအကွာ Raisen District မှာရှိတဲ့ တောင်ထိပ်တည့်တည့်မှာ တည်ထားတဲ့စေတီတစ်ဆူပါ။ စေတီတော်အမြင့် (၉၁)မီတာရှိပါတယ်။ စေတီတော်ကို ကျောက်အုတ်များနဲ့ တည်ထားတာဖြစ်ပါတယ်။ တောင်ကုန်းထိပ်မှာ တည်ထားတာဖြစ်တဲ့အတွက် အဝေးကနေ လှမ်း၍ဖူးမြော်နိုင်သောစေတီတစ်ဆူလဲဖြစ်ပါတယ်။ စိမ်းစိုညို့မှိုင်း အုပ်အုပ်ဆိုင်းနေတဲ့သစ်ပင်တွေကြားမှာ ထီးထီးထင်ထင် လှမ်းမြင်နေရသည်ကပင် အလွန်ကျက်သရေရှိ မြင်လိုက်ရသည်နှင့် ပီတိဖြစ်စေနိုင်စွမ်းလှတယ်လေ။ ဆန်ချီစေတီဝန်းကျင် ဗုဒ္ဓဘာသာဗိသုကာပညာရပ်ဝန်းနှင့်ပတ်သက်၍ လွန်ခဲ့တဲ့ 3rd Century BC ကနေ 12th Century AD အတွင်း ထွန်းကားခဲ့တဲ့ လက်ရာများဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ဆန်ချီစေတီအကြောင်းကို သီရိလင်္ကာရေး မဟာဝံသနှင့် ဒီပ၀ံသကျမ်းစာများမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အသောကမင်းကြီး (273-236 BC) ဘုရင်မဖြစ်ခင်က ဥဇ္ဇေနီ (ဥဇ္ဇယနိ) (modern Ujjain) ပြည်ကို စစ်အောင်ပြီး အပြန်လမ်းမှာ တပ်စခန်းချနားနေစဉ် ၀ိဒိသာမြို့ (modern Vidisha) ကုန်သည်သမီး ဒေ၀ီနဲ့ လက်ထပ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါ သူ့သားတော် မဟိန္ဒဟာ သူ့မယ်တော်ရှိရာ ၀ိဒိသာမြို့သို့ အလည်ကြွတော်မူခဲ့ရာ မိဖုရားကြီးက သူဆောက်ထားတဲ့ ကျောင်းတော်သို့ ပင့်ဆောင်သီတင်းသုံးစေခဲ့ပါတယ်။ မဟိန္ဒမထေရ်ဟာ သီရိလင်္ကာသို့ သာသနာပြုမကြွမီ တစ်လခန့် အဲဒီကျောင်းမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ ဒီကျောင်းဆောင်အနီးမှာပင် အသောကမင်းကြီးက ဆန်ချီစေတီကို တည်ထားခဲ့ပြီး အသောကကျောက်စာတိုင်များကိုလည်း စိုက်ထူးထားခဲ့ပါတယ်။ ဒီမှာစိုက်ခဲ့တဲ့ အသောကကျောက်စာတိုင်တစ်တိုင်ရဲ့ ထိပ်တွင် ခြင်္သေ့လေးကောင် ကျောချင်းပေးလျက် အရပ်လေးမျက်နှာလှည့်ထိုင်နေတဲ့ပုံကို အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်တံဆိပ်အဖြစ် သတ်မှတ်ထားပါတယ်။

အသောကအင်ပါယာ ပြိုကွဲပြီးနောက်ပိုင်းမှာ ဆန်ချီစေတီတော်ဟာ အဖျက်ဆီးခံခဲ့ရပါတယ်။ Sungas မင်းလက်ထက် 2nd Century BC အလယ်လောက်မှာ ဆန်ချီစေတီကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပြန်ပါတယ်။ မုခ်ဦးတွေလဲ တပ်ဆင်တည်ဆောက်လာခဲ့ကြပါတယ်။ ပထမ စေတီတော်တစ်ဆူကနေ နောက်စေတီတော်တစ်ဆူကိုပါ ထပ်မံတည်ထားခဲ့ကြပြန်ပါတယ်။ ဆန်ချီစေတီမုခ်လေးခုမှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူစီတည်ထားတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ ဒီဆင်းတုတော်များကတော့ Gutptas မင်းများလက်ထက်မှာ ထုဆစ်ထားတဲ့ မထုရာလက်ရာများဖြစ်လို့ 4th AD လောက်မှာမှ အစားထိုးတည်ထားတာဖြစ်ကြောင်း သမိုင်းပညာရှင်များက မှတ်တမ်းတင်ကြပါတယ်။ ဒီလိုနဲ့ ခေတ်အဆက်ဆက် ဗိသုကာ အနုပညာလက်ရာများ တစ်မျိုးပြီးတစ်မျိုး အစားထိုးထည့်လာရင်း ဆန်ချီစေတီဟာ ဗုဒ္ဓဘာသာရဲ့ အနုပညာပေါင်းစုံတွေ့မြင်နိုင်သည့်စေတီတစ်ဆူ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းခေတ်များတွင် ဗုဒ္ဓဘာသာမှေးမှိန်ပျောက်ကွယ်သွားပြီးနောက် ဆန်ချီစေတီဟာ လူမသိသူမသိအဆင့် ရောက်သွားခဲ့ရပါတယ်။

၁၈၁၈-ခုနှစ်တွင် ဆန်ချီစေတီကို ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။ ဗိသုကာ အနုပညာလက်ရာများလဲ အကောင်းအတိုင်း မရှိတော့ပါဘူး။ သို့သော် ဒီစေတီဟာ ဗုဒ္ဓဘာသာရဲ့ အမွန်မြတ်ဆုံးသော အနုပညာရပ်များဖြစ်နေတာကြောင့် သမိုင်းပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြန်လည်အစားထိုးပြုပြင်ရေးလုပ်ငန်းများကို ၁၈၈၁-ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၁၂- ၁၉၁၃၉ ခုနှစ်အတွင်းတွင် နောက်ဆုံး ပြုပြင်မွမ်းမံမှုများ အပြီးသတ်နိုင်ခဲ့ပါတယ်။ ဆန်ချီစေတီကို အလှဆင်ထားတာကတော့ မုခ်ပေါက်လေးခုပါပဲ။ အ၀င်တံခါးလေးပေါက်လို့ ပြောရမှာပါ။ ဒီဂိတ်များမှာ ဗုဒ္ဓ၀င်ဆိုင်ရာရုပ်ပုံများ၊ အသောကမင်းကြီးနှင့်ဆိုင်ရာ ရုပ်ပုံများစသည် စုံလင်စွာ လက်ရာမြောက်မြောက် ထုဆစ်ထားတာ တွေ့ရပါတယ်။ ဒီအနုပညာလက်ရာများဟာ ကမ္ဘာမှာ ရှေးဟောင်းအနုပညာလက်ရာများအနက် အကောင်းဆုံးလက်ရာများအဖြစ် သတ်မှတ်ခံထားရပါတယ် (The four Gateways constructed in 35 BC are the best form of Buddhist expression one can find anywhere in the world)။

ဒီလို သမိုင်းဝင် ထင်ရှားလှသည့် ဆန်ချီစေတီတော်ကို ဖူးချင်နေသည်မှာ ကာလအတန်ကြာနေပြီဖြစ်ပါတယ်။ သို့သော် ဘယ်သို့ဘယ်ပုံ သွားရောက်ဖူးမြော်နိုင်သည်ကို မသိသဖြင့်လည်းကောင်း၊ အကြောင်း အကျိုး မတိုက်ဆိုင်သေးသဖြင့်လည်းကောင်း မဖူးမြော်နိုင်ခဲ့ပါဘူး။ အခုတော့ ဘုံဘေမြို့၊ ဘုံဘေတက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် ကျောင်းတက်နေတဲ့ သူငယ်ချင်းဖြစ်သူ ဦးဉာဏိန္ဒနှင့် ပန်းကမ္ဘာဝက်ဆိုက်တည်ထောင်သူ ဦးသုနန္ဒာလင်္ကာရတို့ ဒေလီမြို့ကို အလည်အပတ်ရောက်လာကြပြီး ဆန်ချီကိုလဲ သွားရောက်ဖူးမြင်လိုကြောင်း စကားစပ်မိသဖြင့် ယခုလို ဘုရားဖူးခရီးထွက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ဆန်ချီဘုရားမဖူးမီ ဘိုပါးမြို့မှာ တစ်ရက် အချိန်ယူလည်ပတ်ခဲ့ကြပါတယ်။ နောက်နေ့ (၂၀-၀၈-၂၀၁၁) နေ့နံနက် (၇)နာရီအချိန်တွင် ဆန်ချီသို့ စတင်ထွက်ခဲ့ကြပါတယ်။ (၄၆)ကီလိုမီတာခရီးဆိုတော့ သိပ်တော့ မဝေးလှပါဘူး။ ကားငှားခ အသွားအပြန် ရူပီး (၂၀၀၀) ပေးရပါတယ်။ မြန်မာငွေ (၄၀၀၀၀)ကျပ်လောက် ကျတာပေါ့။

လမ်းတစ်ဝက်လောက်မှာ နံနက်စာ အာရုံစားရန်အတွက် အဆင်ပြေမယ့်ဆိုင်တွေ့ရင် ရပ်ပေးဖို့ ပြောထားတော့ ကားသမားကလဲ သူအဆင်ပြေမယ်ထင်တဲ့ဆိုင်မှာ ခေတ္တရပ်ပေးပါတယ်။ အဲဒီဆိုင်မှာလဲ ကျန်တာ ဘာမှမရပါဘူး၊ Prathar သာ ရတယ်။ အာလူးပလာတာခေါ်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ ခေါ်တဲ့ ပလာတာနဲ့ မတူပါဘူး။ အတွင်းမှာ အာလူးနှစ်ညှပ်ပြီးကြော်ထားတာပါ။ အဲဒီ အာလူးပရာထား တစ်ပါး နှစ်ချပ်စီမှာ၊ နွားနို့တစ်ခွက်စီမှာလိုက်ပါတယ်။ အိန္ဒိယမှာ ဆွမ်းစားချင်တယ် ဘာညာ ဂျီးများနေလို့ မရပါဘူး။ ဆွမ်းက နေရာတိုင်းရတာမဟုတ်ဘူး၊ အချို့ဆိုင်တွေမှ ရှားရှားပါးပါး ရတာမျိုး။ သူတို့ဓလေ့က ထမင်းအဓိကစားတာမဟုတ်ဘူး။ ပရာထား၊ ပူရီ၊ ချပါတီ၊ ရိုတီလိုမျိုး အစားအစာတွေကိုပဲ ထမင်းလိုစားတာ။ ဒီတော့ ထမင်းစားလိုက်ရမှ ကျေနပ်တယ်ဆိုတဲ့ မြန်မာဓလေ့နဲ့ဆိုရင်တော့ အိန္ဒိယလိုနိုင်ငံမျိုးမှာ တော်တော်အခက်အခဲ တွေ့မှာဖြစ်ပါတယ်။ ကြုံသလိုစားနိုင်မယ်ဆိုရင် အဆင်အပြေဆုံးပဲ။ ဒါပေမယ့် မြန်မာအစားအစာနဲ့ အိန္ဒိယအစားအစာက ဘယ်လိုမှ ဆက်စပ်လို့မရတတ်ဘူး။ သူတို့က မဆလာ အရမ်းသုံးတယ်။ ငြုပ်သီးထည့်လေ့ရှိတယ်။ အစားအစာက သိပ်ခံတွင်းမတွေ့ရင် ငြုပ်သီးစားတော့ စပ်၊ စပ်လေ ထပ်စားချင်လေ၊ ဒီလိုဖြစ်အောင်နဲ့တူပါတယ်။

အိန္ဒိယမှာ အဓိကထားတာကတော့ နွားနို့ပါပဲ၊ နို့ထွက်ပစ္စည်းတွေလဲ မျိုးစုံနေောအင် လုပ်စားကြတယ်။ မလိုင်၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ထောပတ်စသည်ပေါ့။ မုံ့မှန်သမျှဟာလဲ အချိုဓာတ်လွန်ကဲတာများတယ်။ အချိုတော်တော်ကြိုက်ကြတယ်။ သားငါးကိုတော့ မစားကြဘူး။ သတ်သတ်လွတ်စားတာ များတယ်။ ဒါကြောင့် အသားငါး စားချင်ရင် အိန္ဒိယမှာ တော်တော်အခက်အခဲတွေ့ရတယ်။ စားတဲ့သူတွေတော့ ရှိပါတယ်။ ဒါပေမယ့် နဲတယ်။ ဒါကြောင့် ဆိုင်တိုင်းနီးပါး အသားငါး မရတာများတယ်။ သူတို့ အသားမစားသလို သူများတွေ အသားစားတာတွေ့ရင်လဲ သူတို့က မကြည်ကြဘူး။ အထူးသဖြင့် ဘုန်းကြီးတွေ အသားစားတာတွေ့ရင် ပိုဆိုးတယ်။ ဘုန်းကြီးဝတ်ပြီး အသားစားရမလားဆိုပြီး ဘာမဆိုင် ညာမဆိုင် လာပြောတာမျိုးတွေတောင် တွေ့ရတတ်တယ်။ သူတို့မှာ သူ့စည်း ကိုယ့်စည်းသိပ်မရှိဘူး။ ကိုယ်နဲ့ ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ၀င်ရောက် ပြောတတ်ဆိုတတ်တာက သူတို့ဓလေ့လိုဖြစ်နေတယ်။ အခု အာရုံစားဖို့ ၀င်လိုက်တဲ့ဆိုင်မှာလဲ ဘာအသားငါးမှမရပါဘူး။ အာလူးပရာထားပဲ ရတယ်။

မှာလို့ရတာနဲ့ ဘုန်းပေးနေကြဆဲမှာပဲ လမ်းပေါ်မှာ ဆိုင်ကယ်သုံးစီး၊ လူခြောက်ယောက်လောက်က ကားတစ်စီးကို တားပြီး ကားတံခါးတွေအတင်းဆွဲဖွင့်၊ အပြင်ဆွဲထုတ်၊ ကားပေါ်က ပါလာတဲ့ ကောင်လေးနှစ်ယောက်ကို ဆိုင်ကယ်သမားများက လက်သီးနဲ့ထိုး၊ ပါးတွေရိုက်၊ ခြေနဲ့ကန် လုပ်နေကြတာတွေ့လိုက်ရတယ်။ ကုလားတို့ထုံး တစ်ရုံးရုံးပေါ့။ ဘေးကလူတွေကလဲ ၀ိုင်းအုံကြည့်ကြတယ်လေ။ အဲဒါ ဘာဖြစ်တာလဲလို့မေးတော့ အဲဒီကားက ကလေးတစ်ယောက်ကို တိုက်ပြီး မောင်းထွက်ပြေးလာတာ။ ဟိုရွာသားတွေက မကျေနပ်လို့ ဆိုင်ကယ်နဲ့ အတင်းလိုက်ဖမ်းတာတဲ့။ ဟုတ်လောက်မယ်။ ကားကို ပြန်အကွေ့ခိုင်းပြီး ဆိုင်ကယ်တွေရော ကားပါ လာလမ်းအတိုင်းပြန်မောင်းသွားကြတယ်။

(ဆက်လက်ဖော်ပြပါမည်)။

ဒေါက်တာအရှင်ပါရမီ

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.