Monday, January 24, 2011

PhD ကျမ်းပြုနည်း လမ်းညွှန်

(2010- မန္တလေးသာသနာ့တက္ကသိုလ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီးသောဆောင်းပါး)

လက်ထောက်မော်ကွန်းထိန်း ဆရာတော် ဦးကုမုဒ (ကုမုဒြာလမင်း) က စာမူတောင်းတာနဲ့ ဘာရေးရင်ကောင်းမလဲဆိုပြီး စဉ်းစားလိုက်တာ သာသနာ့တက္ကသိုလ်က ပညာရပ်ဝန်းတစ်ခု ဖြစ်နေတာကို သတိရလိုက်လို့ ပညာရပ်ဆိုင်ရာဆောင်းပါးပဲ ရေးတာ အကောင်းဆုံးဖြစ်မယ်လို့ စိတ်ကူးလိုက်မိပါတယ်။ ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ ဒေါက်တာဘွဲ့ယူ ခရီးစဉ်တစ်လျောက်မှာ ရရှိခဲ့တဲ့ ဗဟုသုတတွေထဲက အနည်းငယ်လောက်တော့ တင်ပြနိုင်လိမ့်မယ်လို့ ခံယူမိတာနဲ့ ထေရ၀ါဒတက္ကသိုလ် (ITBMU) က ဒေါက်တာဘွဲ့ယူကျမ်းရေးခဲ့ရတဲ့အတွေ့အကြုံ၊ အိန္ဒိယနိုင်ငံ Mumbai မြို့က University of Mumbai မှာ ဒေါက်တာဘွဲ့ယူကျမ်းပြုစုခဲ့ရတဲ့အတွေ့အကြုံတွေကို အခြေခံပြီး ကျမ်းပြုနည်းစနစ်များကို ခြုံငုံတင်ပြလိုက်ရင်တော့ စာပေအရေးအသား ၀ါသနာပါသူတို့အတွက်၊ အထူးသဖြင့် M.A. ဘွဲ့ယူကျမ်းအတွက်ဖြစ်စေ၊ PhD ကျမ်းအတွက်ဖြစ်စေ တစ်စိတ်တစ်ပိုင်းက အထောက်အကူပြုနိုင်လိမ့်မယ်လို့လဲ ယုံကြည်မိတာနဲ့ ကျမ်းပြုနည်းလမ်းညွှန်အကျဉ်းချုပ်ကလေးကိုပဲ ရေးပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

PhD ကျမ်းရေးတော့မယ်ဆိုရင် ကိုယ်ရွေးထားတဲ့ခေါင်းစဉ်အောက်မှာ အကျုံးးဝင်တဲ့အချက်အလက်တွေကို အရင်စုစည်းရပါမယ်။ အချက်အလက်စုစည်းတဲ့အခါမှာ စာရေးဆရာအသီးသီးရဲ့ အားနဲချက်များ၊ ဟာကွက်များ၊ မှားယွင်းတင်ပြချက်များကိုလဲ ရှာဖွေနိုင်သမျှ ရှာဖွေစုဆောင်းဖို့လိုပါတယ်။ တစ်ဘက်ကလဲ အမှန်တင်ပြချက်များကို ရှာဖွေစုဆောင်းရပါမယ်။ စုဆောင်းရာမှာလဲ စာရေးဆရာ၊ စာအုပ်နာမည်၊ ပုံနှိပ်မှတ်တမ်း၊ ခုနှစ်၊ စာမျက်မှာ တစ်ခါတည်း အတိအကျ မှတ်သားထားမှ နောက်တစ်ခါ အဲဒီစာအုပ်ကို ပြန်ရှာဖို့ မလိုမှာပါ။ ဒါပေမယ့် ကိုယ်ကိုးကားတဲ့ကျမ်းတွေက အခိုင်အမာ ကျမ်းမျိုးတွေတော့ ဖြစ်ဖို့လိုတယ်။ အပျော်တမ်းဖတ်စာပေ၊ ဂျာနယ်လိုဟာမျိုးတွေကို ကိုးကားရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ပညာရပ်ဆိုင်ရာ သုတေသနဆိုင်ရာ ဂျာနယ် မဂ္ဂဇင်းတွေကိုတော့ ကိုးကားလို့ရပါတယ်။ The Eleven, The Seven Days တို့လိုမျိုးတွေ ကိုးကားရင်တော့ ပညာရှင်တွေ ကဲ့ရဲ့စရာဖြစ်မှာပေါ့။ ပညာရှင်လို့ ယူဆရတဲ့ ပုဂ္ဂိုလ်မျိုးတွေ ရေးတဲ့ကျမ်းတွေကို များများ ကိုးကား ထောက်ထားမယ်ဆိုရင် ပိုပြီးတော့ ခိုင်မာတယ်။

အဲဒီလို မှတ်စုထုတ်ရင်းနဲ့ (problem finding) ပြဿနာရှာရပါတယ်။ PhD ကျမ်းရေးတယ်ဆိုတာ ပြဿနာ (problem) မရှိဘဲ ရေးလို့မရပါဘူး။ ပြဿနာရှိနေလို့ ဒီကျမ်းကို သုတေသနပြုပြီးရေးရပါတယ် ဆိုတဲ့သဘောပါ။ ဒီကျမ်းကိုမှ မရေးရင် မဖြစ်တော့သလောက်အထိ ပြဿနာကို အရှိန်မြှင့်တင်ပေးရပါတယ်။ ဒါကြောင့် ကိုယ်ရေးမယ့်ကျမ်းနဲ့ ပတ်သက်တဲ့အချက်အလက်တွေ ရှာဖွေစုဆောင်းတဲ့အခါမှာ အယူအဆမတူတဲ့ (crossing/ contradiction) ဖြစ်နေတဲ့ အချက်အလက် အထောက်အထားတွေကို များများရှာရပါတယ်။ အဲဒီမှားယွင်းတင်ပြချက်၊ သုံးသပ်ချက်တွေကို အခြေခံပြီး ပြဿနာရှာရတာပါ။ ပြဿနာဟာ ကျမ်းတစ်ခုလုံးရဲ့ သော့ချက်ပဲ။ ဘာကြောင့် ဒီကျမ်းကို ရေးရတာလဲ ဆိုရင် ဒီပြဿနာတွေကို ထောက်ပြရသလို ကျမ်းရေးရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုရင်လဲ ဒီပြဿနာတွေကိုပဲ ထောက်ပြရတာပါ။ ဒီလိုမှမဟုတ်ရင် ကိုယ်ရေးတဲ့ကျမ်းဟာ (main theme of the thesis) ဦးတည်ချက်ပျောက်နေပါလိမ့်မယ်။

ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ အမှားတွေကို ထောက်ပြပြီးမှ အမှန်က ဘယ်လိုဖြစ်တယ်ဆိုတာ အထောက်အထား အခိုင်အမာပြပြီး ချေပရပါတယ်။ (Debating system) ကို နားလည်ရင် ကျမ်းရေးရတာ မခက်ပါဘူး။ Debate ဆိုတာ အခြေအတင် ဆွေးနွေး ငြင်းခုံရတဲ့သဘောပါ။ ကိုယ်အမှန်လို့ယူဆတဲ့ဘက်က ပိုင်ပိုင်နိုင်နိုင် တင်ပြဆွေးနွေးပြီး ကိုယ်မလိုအပ်တဲ့ ယူဆချက်တွေကို ငြင်းခုံပယ်ချပစ်ရပါတယ်။ အဲဒါကို argument လို့ အင်္ဂလိပ်မှာ သုံးပါတယ်။ ဒီလို ပြဿနာတွေကို အချက်ကျကျ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြဆွေးနွေးရင်းနဲ့ ကျမ်းက အသက်ဝင်လာတာပါ။ ဥပမာ - ဒုက္ခ - ကို အင်္ဂလိပ်မှာ suffering လို့ ဘာသာပြန်လေ့ရှိကြတယ်။ အဲဒီဘာသာပြန်ဆိုချက်ဟာ ပြည့်စုံလုံလောက်မှုမရှိပါဘူးဆိုရင် ကိုယ်က မလုံလောက်ကြောင်း အချက်အလက်တွေ ရှာဖွေတင်ပြဖို့ လိုပါတယ်။ တင်ပြထားပုံကိုတော့ What the Buddha Taught မှာ ရှာကြည့်ပါ။ ဒါဟာ ပြဿနာဖြေရှင်းတဲ့ နည်းပါပဲ။

ကိုယ်က ပြဿနာတစ်ခုကို တင်ပြလိုက်တယ်။ အဲဒီပြဿနာကိုပဲ ကိုယ်တိုင်ဖြေရှင်းဖို့ အဖြေရှာဖို့ ကြိုးစားအားထုတ်နေတာကို Research လုပ်တယ်လို့ ခေါ်ပါတယ်။ ရှေးရှေးပညာရှင်တွေ သုတေသနပြု ရေးသားတင်ပြချက်များကို မှားရင် မှားကြောင်း၊ မပြည့်စုံရင် မပြည့်စုံကြောင်း၊ ကိုယ့်ရဲ့ အသစ်ရှာဖွေဖော်ထုတ်တွေ့ရှိချက်များနဲ့ အချက်အလက် တစ်ခုချင်းတစ်ခုချင်း အစီအစဉ်တကျ ရှင်းလင်းတင်ပြရပါတယ်။ အဲဒါကို (New findings) အသစ်ရှာဖွေတွေ့ရှိချက်များလို့ ခေါ်ပါတယ်။ New findings ဟာလဲ ပြဿနာဖြေရှင်းရာမှာ အသစ်အသစ် ထပ်မံတွေ့ရှိလာတဲ့ newly created idea တွေသာ ဖြစ်ပါတယ်။ Researcher ဟာ ယခင် ပညာရှင်များ သုတေသနပြုထားတဲ့ (သို့မဟုတ်) တင်ပြထားတဲ့ အချက်အလက်တွေအပေါ်မှာ ထပ်မံပြီး idea အသစ်တွေနဲ့ ပေါင်းစပ်ထည့်သွင်း တင်ပြရပါတယ်။ ဆိုလိုတာက old statements တွေအပေါ်မှာ new findings တွေလဲ ထပ်လောင်းထည့်သွင်း တင်ပြနိုင်မှ PhD ကျမ်း ပီပီသသ ဖြစ်လာမှာပါ။

(ဆက်ရန်…)

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.