ကံအယူအဆ (၆)

အပိုင်း (စ)

(၃) ဥပပီဠကကံ - အခြားကံ အကျိုးပေးခွင့်မရအောင်၊ အကျိုးပေးမထက်သန်အောင်၊ ကြာရှည်အကျိုးမပေးနိုင်အောင် (နှိပ်စက်) ဖိနှိပ်တတ်သောကံကို ဥပပီဠကကံလို့ ခေါ်တယ်။ အကုသိုလ်ကံတွေကို ကုသိုလ်ကံတွေနဲ့ ဖိနှိပ်ထားတာမျိုး၊ ကုသိုလ်ကံတွေကို အကုသိုလ်ကံတွေနဲ့ ဖိနှိပ်ထားတာမျိုးပါ။

ယခုဘ၀မှာ ဘုရား တရား သံဃာကြည်ညိုသူ၊ သဒ္ဓါတရားကောင်းမွန်သူ၊ စိတ်ကောင်းနှလုံးကောင်းရှိသူ၊ ကုသိုလ်တရားတွေကို များစွာဆည်းပူးအားထုတ်သူမှာ လက်ရှိကုသိုလ်ကံအားတွေက ကောင်းနေတဲ့အတွက်ကြောင့် အတိတ်က ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံတွေ ခေါင်းမထောင်နိုင်တော့ဘူး။ ယခုဘ၀ပြုတဲ့ကုသိုလ် ဥပပီဠကကံက အတိတ်အကုသိုလ်ကံတွေကို တားဆီးကာကွယ်ထားတာပါ။ သူတော်ကောင်းတွေကြားမှာ သူယုတ်မာဟာ မနေရဲသလိုပါပဲ။ အကောင်းကံတွေများနေချိန်မှာ မကောင်းတဲ့ကံတွေ အလိုလို ငုတ်လျှိုးနေတတ်တယ်။ သူတော်ကောင်းတရားနဲ့ နေထိုင်တဲ့သူမှာ အကုသိုလ်ကင်းနေတဲ့အတွက်ကြောင့် စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းနေပြီး ငြိမ်းချမ်းတဲ့ဘ၀ပိုင်ရှင်ဖြစ်လာတယ်။ အပြန်အားဖြင့် အကုသိုလ်တရားတွေနဲ့သာ ဘ၀မှာ အချိန်ကုန်နေမယ်ဆိုရင် စိတ်ကောင်းတွေ ကွယ်ပျောက်နေပြီး မကောင်းတဲ့စိတ်တွေသာ အဖြစ်များနေတာကြောင့် ကုသိုလ်စိတ်ဖြစ်ခွင့် တစ်ကြိမ်တစ်ခါမျှပင် ပေါ်ဖို့ခက်ပါတယ်။ မကောင်းတဲ့စိတ်တွေနဲ့သာ ရှင်သန်နေရတဲ့ဘ၀မှာ မကောင်းကံတွေသာ ကြီးစိုးနေပြီး အကောင်းကံတွေက ဘေးရှောင်နေလေ့ရှိတယ်။ အကုသိုလ် ဥပပီဠကကံက ကုသိုလ်ကံတွေကို ဖိနှိပ်ထားလိုက်တဲ့သဘောပဲ။ စိတ်ထား မစင်ကြယ်တဲ့သူမှာ ကံတွေလဲ မစင်ကြယ်ပါဘူး။ ဒီတော့ မစင်ကြယ်တဲ့ မဖြူစင်တဲ့စိတ်တွေနဲ့ နေရတဲ့ဘ၀မှာ ငြိမ်းအေးမှုတွေလဲ ပျောက်ဆုံးနေမှာပါ။

ကုသိုလ်ကံတွေ အကျိုးပေးခွင့်မရအောင်၊ အကျိုးပေး မဖွံ့ဖြိုးအောင်၊ ရေရှည်မတည်မြဲအောင် ဖိနှိပ်ထားတတ်တဲ့ ကံကိုတော့ အကုသိုလ် ဥပပီဠကကံလို့ ခေါ်ပါတယ်။ ကုသိုလ်ဇနကကံက အကျိုးပေးလိုက်လို့ လုပ်သမျှ အဆင်ပြေ၊ ပြည့်စုံကြွယ်ဝချမ်းသာနေသော်လဲ အကုသိုလ်ကံဆိုး ၀င်ရောက်နှောက်ယှက်လာပြီဆိုရင် ရုတ်ချည်း လေဖြတ်သွားရတာမျိုး၊ ကင်ဆာဖြစ်ရတာမျိုး၊ ဆီးချိုသွေးချိုဖြစ်ရတာမျိုး စတဲ့ နာတာရှည်ရောဂါဆိုးတွေ ဖြစ်လာပြီး ချမ်းသာပေမယ့် စည်းစိမ်ခံစားခွင့်နဲသွားပါတယ်။ စည်းစိမ်ချမ်းသာပါလျက် သားသမီးမလိမ်မာလို့ စိတ်ဆင်းရဲနေရတာတွေ၊ နိုင်ထက်စီးနင်းပြု ကိုယ့်ပစ္စည်း မတရားသောနည်းဖြင့် ရအောင် ယူဖို့ ကြံစည်သူတွေနဲ့တွေ့လို့ စိတ်ဆင်းရဲရတာတွေ စသည်ဖြင့် ချမ်းသာပါလျက် အနေခက်ရတဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတာတွေဟာ အကုသိုလ်ဥပပီဠကကံက ကုသိုလ်အကျိုးပေးကို ကောင်းမွန်စွာ ခံစားခွင့်မရအောင် ကပျက်ယပျက် လုပ်လိုက်တဲ့သဘောပါ။

ဥပမာပြရရင် ဓမ္မပဒမှာလာတဲ့ စက္ခုပါလမထေရ်ကြီးဆိုတာ ကြားဖူးမှာပါ။ သူဟာ ကံကောင်းလို့ လူဖြစ်လာတာ၊ တကယ့်ကို ရဖို့မလွယ်ကူတဲ့ ရဟန်းဘ၀ကိုလဲ ရှိထားတာပါပဲ။ ဒါပေမယ့် အတိတ်ဘ၀တစ်ခုမှာ ဆေးဆရာဖြစ်စဉ်က မျက်စိရောဂါသည် အမျိုးသမီးတစ်ယောက်ကို ဆေးဖိုးမပေးလို့ သူကုလို့ ကောင်းနေတဲ့ မျက်စိနှစ်လုံးကို တမင်သက်သက် စေတနာနဲ့ ပြန်ကွယ်သွားအောင် လုပ်ခဲ့ဖူးတဲ့ အတိတ်အကုသိုလ်ကံက သူရရှိထားတဲ့ ကုသိုလ်ကံအကျိုးပေးတွေကို လာရောက်ဖျက်ဆီးလိုက်လို့ မျက်စိနှစ်ကွင်း အလင်းမရဘဲ တစ်သက်တာနေထိုင်သွားရရှာတယ်။ ပူတိဂတ္တတိဿမထေရ်ဆိုတာလဲ အတိတ်ကုသိုလ်ကံ တစ်ခုခုကြောင့် လူ့ဘ၀၊ ရဟန်းဘ၀ကိုရရှိခဲ့ပေမယ့် အတိတ်ဘ၀တစ်ခုမှာ ငှက်မုဆိုးဖြစ်ခဲ့စဉ် ငှက်အရှင်တွေကို ဒီအတိုင်းထားရင် ပျံသွားမှာစိုးလို့၊ မလိုအပ်ဘဲ သတ်ထားရင်လဲ ပုပ်သွားမှာစိုးတာကြောင့် ခြေထောက်တွေချိုး၊ အတောင်တွေချိုးပြီး ထားခဲ့ဘူးတယ်။ သတ်လဲသတ်ခဲ့တာပေါ့။ အဲဒီအကုသိုလ်ကံတွေက ဒီဘ၀ ရရှိထားတဲ့ ကုသိုလ်ကံရဲ့အကျိုးတွေကို လာရောက်ဖျက်ဆီးလိုက်လို့ တစ်ကိုယ်လုံး ပုပ်ရိပြီး ဘယ်သူမှမကပ်ချင်လောက်အောင်အထိ ရောဂါဝေဒနာတွေကို ခံစားရရှာတယ်။ အခုခေတ်ဥပမာနဲ့ ပြောရရင် ထီပေါက်ပြီး ထီလက်မှတ်ပျောက်သူလိုပေါ့။ ကံကောင်းလို့ ထီပေါက်တယ်၊ လက်မှတ်ပျောက်တော့ ထုတ်မရဘူး။ ဒါဟာ ကုသိုလ်ကံ အကျိုးပေးတွေကို အကုသိုလ်ဥပပီဠကကံက နှောက်ယှက်ဖျက်ဆီးလိုက်တဲ့ သဘောပါ။

အကုသိုလ်ကံအကျိုးပေးတွေကိုလဲ အတိတ်ဘ၀တစ်ခုခုက ပြုခဲ့တဲ့ကုသိုလ်ကံက ဖျက်ဆီးလိုက်တော့ ခါးသီးစက်ဆုပ်စရာကောင်းတဲ့ ဆိုးကျိုးတွေက လွတ်မြောက်ပြီး ကောင်းမွန်တဲ့ အကျိုးပေးတွေနဲ့ ပြန်လည်ဆုံဆည်းခွင့်ရလာပါတယ်။ ဥပမာ ဆင်းရဲလို့ ကုန်းကောက်စရာမရှိလောက်အောင် ဖြစ်နေတဲ့အခြေအနေမျိုးမှာ ထီပေါက်တာမျိုး၊ ကူညီစောင့်ရှောက် ဖေးမပေးမယ့်သူ ပေါ်လာတာမျိုး၊ ချမ်းသာဖို့ လမ်းကြောင်း ပွင့်လာတာမျိုး စသည်ဖြင့် တွေးဆကြည့်နိုင်ပါတယ်။ ဒါဟာ အကုသိုလ်ကံ အကျိုးပေး သက်တမ်းမရှည်အောင် အတိတ်ကုသိုလ်ဥပပီဠကကံက ၀င်ရောက် ကယ်ဆယ်ပေးတဲ့သဘောတရားတွေပါ။

ဒါပေမယ့် ဒီလို အတိတ်ကုသိုလ်ကံ အကျိုးပေးတွေ အလာကို စောင့်မျှော်နေလို့ မရပါဘူး။ ကိုယ့်မှာ ဒီလို ကုသိုလ်ကံမျိုးတွေ ရှိမရှိ ကိုယ်မှ မသိနိုင်တဲ့ကိစ္စပဲ။ မမျှော်လင့်ဘဲ ရွှေထုပ်ကြီးကောက်ရတာမျိုး၊ မြေတူးရင်း ရွှေအိုးကြီးတွေ့တာမျိုးက ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတွေပါ။ ဒါမျိုးတွေ ထိုင်ပြီး မျှော်လင့်နေလို့ရှိရင်တော့ ဖိုးလမင်းထံ ထမင်းဆီဆမ်း၊ ရွှေလင်ပန်းနဲ့ ပေးပါလို့ တောင်းဆိုနေတဲ့ ကလေးသူငယ်လိုသာ ဖြစ်ပါလိမ့်မယ်။ ကံဆိုးတဲ့သူတိုင်း ကံကောင်းချင်ကြသလို ကံကောင်းနေတဲ့သူတိုင်းလဲ ကံတွေ ကောင်းသထက် ပိုကောင်းချင်ကြတာကတော့ လူ့သဘာဝပါပဲ။ ဒီတော့ သဘာဝကို သဘာဝကျကျ တွေးတတ်ခေါ်တတ်မှ အဆင်ပြေပါတယ်။ ကိုယ့်ကံကိုယ် ညံ့တယ်ထင်ရင် ကောင်းတဲ့ကံတွေ များများလုပ်၊ ကောင်းနေတယ်ထင်ရင်လဲ လက်ရှိကံကို ကောင်းသထက် ကောင်းမွန်အောင် ဆက်လက်ကြိုစား။ ဒါဆိုရင် ကုသိုလ်ဥပပီဠကကံကို မျှော်လင့်နေစရာမလိုဘဲ ကိုယ်လက်ရှိဘ၀မှာ ပြုလုပ်ထားတဲ့ ကုသိုလ်ဥပထမ္ဘကကံတွေက ထောက်ပံ့ကူညီသွားပါလိမ့်မယ်။ မဟာဂန္ဓရုံဆရာတော် အရှင်ဇနကာဘိဝံသ မိန့်တော်မူတဲ့အတိုင်းပဲ `မလွဲတဲ့လမ်းကိုလိုက်´လို့သာ ပြောရပါလိမ့်မယ်။ အတိတ်ကံ ကောင်းတာ ဆိုးတာ ကိုယ်မမြင်နိုင်ဘူး။ သေချာတာက အခု ကောင်းတဲ့ကံတွေ ငါဘယ်လောက်လုပ်နေလဲ ဆိုတာကိုတော့ ကိုယ့်ကိုယ်ကို စစ်တမ်းထုတ်ကြည့်လို့ရတယ်။ ဗေဒင်ဆရာသွားမေးနေစရာမလိုပါဘူး။ ဒါဟာ အသေချာဆုံးနည်းလမ်းပါပဲ။

(ဆက်လက်ဖော်ပြပါမည်။)

Comments

  1. ကံအကြောင်း နားလည်အောင် ရေးပြပေးထာလို့ ကျေးဇူးပါ ဆရာတော်။ နောင်လဲ ဆက်လက် ရေးပါဦးလို့။

    ReplyDelete

Post a Comment

Without insight meditation, it is incomplete to be a Buddhist.

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး