Friday, January 21, 2011

ကံအယူအဆ (၁၀)

အပိုင်း (ခ)

ကိုယ်ပြုတဲ့ကံက ကိုယ့်နောက်လိုက်နေတယ်ဆိုရင်လဲ သဿတဒိဋ္ဌိ၊ မလိုက်ဘူးဆိုရင်လဲ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီအစွန်းနှစ်ဘက်လွတ်အောင် ယူဆမှ ကံအယူအဆ မှန်ကန်ပါမယ်။ မှန်မှန်ကန်ကန်ယူဆတတ်ဖို့ ဆက်လက်ပြောပြဖို့လိုလိမ့်မယ်။

ကိုယ်ပြုတဲ့ကံက အကျိုးမပေးဘူးလားဆိုတော့လဲ အကျိုးပေးတယ်။ လိုက်သလားဆိုတော့ မလိုက်ဘူး။ ပြတ်သွားသလားဆိုတော့လဲ ပြတ်မသွားဘူး။ ဒီလိုဖြစ်နေတော့ ဘယ်လိုနည်းနဲ့ အကျိုးတွေ လာပေးနေတာလဲဆိုတာ ပြဿနာပါ။ ရွာသားသုံးဆယ့်သုံးယောက်ဇာတ်လမ်း (သုံးကျိတ်သုံးယောက်) ကိုကြားဖူးကြမှာပါ။ တာဝတိံသဖြစ်ပေါ်ခြင်းအကြောင်းဇာတ်လမ်းပေါ့။ လုလင်တစ်ယောက်က ခေါင်းဆောင်ပြီးတော့ လမ်းသစ်တွေဖောက်၊ လမ်းဟောင်းတွေပြင်နဲ့ ကုသိုလ်တွေပြုတော့ နောက်လိုက်တွေပေါ်လာတာ၊ စုစုပေါင်း သုံးဆယ့်သုံးယောက်ပြည့်သွားတယ်။ လမ်းဖောက်ရုံတင်မကဘူး၊ ဇရပ်တွေဆောက်၊ ဥယျာဉ်တွေစိုက်၊ ခရီးသွားတွေ နားခိုရန် ပင်လယ်ကသစ်ပင်ကြီးစိုက်၊ အောက်မှာကျောက်ဖြာကြီးခင်းလို့ ကောင်းတဲ့ကံတွေလုပ်ကြတာပဲ။ သူတို့အားလုံး သေကြတဲ့အခါမှာ တာဝတိံသာနတ်ပြည်မှာ နတ်သားတွေဖြစ်သွားကြတယ်။ ခေါင်းဆောင်က သိကြားမင်းဖြစ်သွားတယ်။ ဒါကို သုံးသပ်ကြည့်လိုက်တော့ ကုသိုလ်ပြုတာက အကြောင်း၊ သိကြားမင်းဖြစ်တာ နတ်သားဖြစ်တာက အကျိုး၊ အကြောင့်ကြောင့် ပေါ်တဲ့ အကျိုးတရားတွေအနေနဲ့ ဆက်စပ်နေတယ်။ ကမ္မံ ၀ိပါကဿ- ကမ္မံ ဆိုတာက အကြောင်းကံ၊ ၀ိပါကဿ ဆိုတာက အကျိုး။ ကံဆိုတာက ပြုပြီး ဖြစ်ပျက်သွားတာပဲ။ နောက်က မလိုက်ပါဘူး။ အဲဒီပြုထားခဲ့တဲ့ကံက အကြောင်းခံလိုက်တော့ အကျိုးတရားတွေ ပေါ်လာရတာ။ အကြောင်းကတခြား၊ အကျိုးကတခြားပဲ။ အကြောင်းက ကံ၊ အကျိုးက ၀ိပါက်။ ကံက လိုက်သလားဆိုတော့ မလိုက်ဘူး။ ပြတ်သလားဆိုတော့လဲ မပြတ်ဘူး။ ဘယ်လိုဆက်စပ်နေတာလဲဆိုရင် အကြောင်းအကျိုးဆက်စပ်နေတာလို့ နားလည်ရမယ်။

လူငယ်တွေကို ခေါင်းဆောင်ပြီးတော့ ကုသိုလ်ကံတွေလုပ်တယ်။ လူ့ပြည်မှာ ဇရပ်ကြီးဆောက်ခဲ့တဲ့ကုသိုလ်ကြောင့် နတ်ပြည်မှာ ဝေဇယန္တာပြသာဒ်ကြီးပေါက်တယ်။ လူ့ပြည်က ဇရပ်ကြီးက ကောင်းကင်ပျံတက်ပြီးတော့ လိုက်သွားတာလားဆိုရင် မလိုက်ပါဘူး။ လူ့ပြည်ကဇရပ်က လူ့ပြည်မှာပဲ။ ဥယျာဉ်ကြီးစိုက်ခဲ့လို့ တာဝတိံသာနတ်ပြည်မှာ နန္ဒ၀န်ဥယျာဉ်ကြီးပေါ်လာတယ်။ ဒါလဲ လူ့ပြည်ကဥယျာဉ်ကြီးလိုက်လာတာ မဟုတ်ပါဘူး။ လူ့ပြည်မှာ ခရီးသွားတွေ နားခိုဖို့ ပင်လယ်ကသစ်ပင်ကြီးစိုက်ခဲ့လို့ နတ်ပြည်မှာ ပင်လယ်ကသစ်ပင်ကြီး ပေါက်လာတယ်။ ကျောက်ဖျာကြီးခင်းခဲ့လို့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါက်လာတယ်။ ဒါတွေဟာ လူ့ပြည်ကနေ လိုက်လာတာ တစ်ခုမှမပါဘူး။ ဒါဖြင့် ဘာလို့ ဒီလိုပေါ်လာတာလဲဆိုရင် အကြောင်းကြောင့် အကျိုးပေါ်တာ။ ဒါကို မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလွန်မှတ်သားစရာကောင်းတဲ့ စကားနဲ့ပြောရမယ်ဆိုရင် `အလားတူပေါ်တယ်´လို့ ခေါ်တယ်။ ဒါကြောင့် ကံတွေဟာ ကိုယ့်နောက်ကို လိုက်နေသလား၊ ဒါမှမဟုတ် မလိုက်ဘဲနဲ့ ပြတ်သွားသလားဆိုရင် လိုက်လဲမလိုက်ဘူး၊ ပြတ်လဲမသွားဘူး။ အကြောင်းကြောင့် အကျိုးပေါ်တယ်၊ အလားတူပေါ်တယ်လို့သာ နားလည်ထားလိုက်ရင် ကံအယူအဆ မှန်ကန်သွားပါပြီ။

နန္ဒိယဥပါသကာကြီးဟာ ဘုရားတည် ကျောင်းဆောက် ကုသိုလ်တွေ အများကြီးပြုထားတဲ့ ဥပါသကာကြီးတစ်ယောက်ပဲ။ အရှင်မဟာမောဂ္ဂလာန်မထေရ် နတ်ပြည်ကြွသွားတော့ နတ်ပြည်မှာ နတ်သားမရှိဘဲ နတ်သမီးတွေသာ ရှိတဲ့ ဗိမာန်ကြီးတွေ့လို့ နတ်သားက ဘယ်သွားနေတာလဲ ဆိုပြီး ၀င်ရောက်မေးမြန်းတဲ့အခါ နတ်သားမရောက်သေးဘူး၊ နတ်သားက လူ့ပြည်မှာပဲ ရှိသေးတယ်တဲ့။ ဘယ်သူတုန်းဆိုတော့ နန္ဒိယဥပါသကာကြီးတဲ့။ နန္ဒိယဥပါသကာကြီးက မသေသေးဘူး။ ဟိုမှာ နတ်ဘုံပေါက်နေနှင့်ပြီ။ ကံတွေကလိုက်တယ်ဆိုရင် နန္ဒိယက နတ်ပြည်မှမရောက်သေးဘဲ။ ဘယ်လိုလုပ် နတ်ဘုံပေါက်နှင့်ရမလဲ။ ဒါကြောင့် ကံတွေက မလိုက်ပါဘူး။ ပြုလုပ်ထားတဲ့ အကြောင်းကို အခြေခံပြီးတော့ အကျိုးတွေ ပေါ်နေတာပါ။ အကျိုးက ဘယ်လိုပေါ်သလဲဆိုတော့ အလားတူ ပေါ်တယ်။ ကျောင်းဆောက်တော့ ကျောင်းနဲ့တူတဲ့ အဆောက်အဦပေါ်တယ်။ သစ်ပင်စိုက်လှူတော့ သစ်ပင်နဲ့အလားတူပေါ်တယ်၊ ဥယျာဉ်လှူတော့ ဥယျာဉ်နဲ့အလားတူ ပေါ်တယ်။ ကျောက်ဖျာလှူတော့ ကျောက်ဖျာနဲ့ အလားတူပေါ်တယ်။ ဒီလို အလားတူပေါ်တယ်လို့ သဘောကျရင် ကံအယူအဆ မှန်ကန်ပါပြီ။

ကောင်းတဲ့ကံတွေက အလားတူပေါ်သလို မကောင်းတဲ့ကံတွေကလဲ အလားတူပေါတယ်။ မတ္တာပေတိဝတ္ထုကို နမူနာထုတ်ပြပါမယ်။ အခါတစ်ပါး ဥပါသကတစ်ယောက်မှာ မတ္တာအမည်ရှိတဲ့ ဇနီးရှိတယ်။ သူက ကလေးမရလို့ တိဿာဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုပြန်တယ်။ နှစ်ယောက်လုံးပေါင်းတယ်။ တိဿာက ရတနာသုံးပါးကြည်ညိုတယ်၊ မတ္တာက မကြည်ညိုဘူး။ တိဿာကိုဝန်ရတော့ ယောက်ျားက တိဿာကို ပိုဦးစားပေးတယ်။ တိဿာကို သွားလေရာ ခေါ်တယ်။ ဒါကို မတ္တာက မနာလို ဣဿာပွားပြီး တိဿာရဲ့ အ၀တ်အစားတွေ ၀ှက်ထား၊ တိဿာအလှပြင်ဖို့ ထားတဲ့ မိတ်ကပ်တွေ လွှင့်ပစ်၊ တိဿာကိုယ်ပေါ်မှာ အမှိုက်တွေ ပစ်ချ၊ တိဿာရဲ့ အ၀တ်အစားတွေကို ခွေးလျားသီးမှုံ့တွေ သုတ်လိမ်းနဲ့ မကောင်းတဲ့ အလုပ်တွေချည်း လုပ်ခဲ့တယ်။ ဒီလိုနဲ့ မတ္တာဟာ ကုသိုလ်မလုပ်ဘဲ အကုသိုလ်တွေသာ လုပ်ပြီး သေတဲ့အခါမှာ ပြိတ္တာဖြစ်သွားတယ်။ အ၀တ်အစားတွေဝှက်ထားတဲ့ အကုသိုလ်ကြောင့် အ၀တ်မ၀တ်ရဘူး၊ အလှပြင်ပစ္စည်းတွေ လွှင့်ပစ်ခဲ့တဲ့အကုသိုလ်ကြောင့် အရုပ်ဆိုး အကျည်းတန်၊ အမှိုက်တွေ သွန်ချတဲ့အကုသိုလ်ကြောင့် တစ်ကိုယ်လုံး အမှုံတွေ အညစ်အကြေးတွေ ပေကျံနေ၊ ခွေးလျားသီးနဲ့ ပက်ခဲ့တဲ့ အကုသိုလ်ကြောင့် တစ်ကိုယ်လုံး မနေသာအောင် ယားယံနေတယ်။ ဒါဟာ အကုသိုလ်ကံတွေရဲ့ အကြောင်းကြောင့် ပေါ်တဲ့အကျိုး၊ အလားတူပေါ်တဲ့သဘောတရားတွေပဲ။ မတ္တာပြိတ္တာမဟာ တိဿာကို ကိုယ်ထင်ပြပြီး ကုသိုလ်ပြု အမျှပေးဝေရန် တောင်းပန်လို့ တိဿာက သံဃာတွေပင့်၊ ဆွမ်းကပ်၊ သင်္ကန်းလှူပြီး အမျှပေးဝေလိုက်မှ မတ္တာပြိတ္တာမဟာ ဆင်းရဲတွင်းကလွတ်ပြီး နတ်ပြည်ရောက်သွားခဲ့ရပါတယ်။

ဒါကြောင့် ကံတရားတွေဟာ နောက်က လိုက်နေတာလဲမဟုတ်ဘူး၊ အကျိုးမပေးဘဲ ပြတ်သွားတာလဲမဟုတ်ဘူး။ အကြောင်းကြောင့် အကျိုးတရားတွေပေါ်နေတာသာ ဖြစ်တယ်။ ကောင်းတဲ့ကံတွေလုပ်ရင် ကောင်းတဲ့အကြောင်းတွေ ဖြစ်သွားလို့ ကောင်းတဲ့အကျိုးတွေပဲ ပြန်ပေါ်ပြီး မကောင်းတဲ့ကံတွေလုပ်ရင် မကောင်းတဲ့အကြောင်းတွေ ဖြစ်သွားလို့ မကောင်းတဲ့ အကျိုးတွေပဲ ပြန်လည်ပေါ်မယ်။ ပေါ်တဲ့အခါမှာလဲ ကိုယ်ပြုတဲ့ကံနဲ့ အလားတူပေါ်တယ်လို့ မှတ်ရမယ်။ ကောင်းတဲ့ကံပြုထားရင် ကောင်းတဲ့ကံနဲ့ အလားတူတဲ့ ကောင်းကျိုးတွေပြန်လည် ပေါ်ပြီး မကောင်းတဲ့ကံပြုထားရင် မကောင်းတဲ့ကံနဲ့ အလားတူတဲ့ မကောင်းကျိုးတွေ ပြန်လည် ပေါ်လာမယ်။ သဗ္ဗေ သတ္တာ ကမ္မဿကာ- ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်၊ အားကိုးရာရှိတယ်လို့ ဘုရားဟောတာက အကြောင်း ကောင်းမှ အကျိုးကောင်းမယ်၊ အလားတူ အကျိုးတရားတွေ ပေါ်မယ်။ ဒါကြောင့် ကောင်းတဲ့အကြောင်းကံတွေကိုသာ ကိုယ့်အတွက် အားကိုးအားထားရမှာ ဖြစ်တယ်။ အကြောင်းကံ မကောင်းရင် အကျိုးမကောင်းဘူး။ ဒါဆိုရင် အားမကိုးရဘူးပေါ့။ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်ဆိုတာ ကိုယ်ပြုထားတဲ့ အကြောင်းကံတွေက ကိုယ့်အတွက်ပဲ အကျိုးတွေ ပြန်ပေါ်မယ်။ ကောင်းတဲ့ကံတွေ ပြုထားရင် ကိုယ့်အတွက် ကောင်းကျိုးတွေ ပြန်ပေါ်မှာဖြစ်ပြီး မကောင်းတဲ့ကံတွေ ပြုထားရင် ကိုယ့်အတွက် မကောင်းကျိုးတွေ ပြန်ပေါ်မှာဖြစ်တယ်။ ဒါကို ကိုယ်ပိုင်ဥစ္စာလို့ ဘုရားက တင်စားပြီးဟောလိုက်တာ။ တကယ်တော့ ကိုယ်ပြုတဲ့ကံတွေက လိုက်နေတာမဟုတ်ဘူး။ အကျိုးမပေးဘဲလဲ မနေဘူး။ အကျိုးပေးတဲ့အခါမှာ အလားတူပေါ်တယ်လို့သာ နားလည်လိုက်ရင် ကံနဲ့ပတ်သက်လို့ သဿတဒိဋ္ဌိကလဲ လွတ်၊ ဥစ္ဆေဒဒိဋ္ဌိကလဲလွတ်တဲ့ မှန်မှန်ကန်ကန် ယူဆတတ်တဲ့သူတစ်ယောက် ဖြစ်ပါပြီ။

Dr. V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.