Wednesday, January 12, 2011

ကံအယူအဆ (၆)

အပိုင်း (င)

အကုသိုလ်ကံ အကျိုးပေးနေလို့ ဒီဘ၀မှာ ဆင်းရဲနေမယ်၊ ဒုက္ခမျိုးစုံ ကြုံတွေ့ ရင်ဆိုင်နေရမယ်ဆိုရင်လဲ ဒီဆိုးကျိုးသံသရာမှ ရုန်းမထွက်နိုင်အောင်၊ ဆိုးကျိုးသက်တမ်း ဆက်လက်ရှည်ကြာနေအောင် အကုသိုလ် ဥပထမ္ဘကကံက ပံ့ပိုးကူညီပါတယ်။ အကုသိုလ်ဆိုတာ အပေါင်းအဖော်နဲ့လာလေ့ရှိတယ်လို့ ပြောတတ်ကြတယ်။ အဆင်မပြေပြီဆိုမှတော့ မုဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာလိုပါပဲ။ ဒီဟာ အဆင်မပြေလို့ ဟိုဟာပြောင်းလုပ်လိုက်၊ အဲဒါက ပိုဆိုး၊ ဒီလိုဖြစ်နေတတ်တာ။ အဆင်မပြေလေ စိတ်ဓာတ်တွေက အားနဲလာလေ၊ အရင်က ကောင်းတဲ့စိတ်ဓာတ်လေးတောင်မှ အဆင်မပြေတဲ့အခါမှာ ကောင်းအောင် ဆက်လက်ထိန်းမထားနိုင်တော့ဘူးဆိုရင်၊ အတိတ်ကံဆိုးတွေ ၀င်ရောက်မွှေနှောက်ခံနေရလို့ ပျာပျာသလဲဖြစ်နေရတဲ့ကြားက အခုလဲ စိတ်ဓာတ်တွေ ကြံ့ခိုင်မှုနဲပြီး အဆိုးဘက်ယိုင်သွားမယ်ဆိုရင် အဆိုးပေါ်မှာ အဆိုးတွေဆင့်နေတာပါ။ အကုသိုလ်ဇနကကံရဲ့ အကျိုးပေးသက်တမ်းကို ရှည်ကြာအောင်၊ ဆိုးကျိုးတွေ ပိုပြီး ပေးခွင့်သာအောင် လုပ်နေတဲ့သဘောပါ။

အချို့က သေမထူး နေမထူးဆိုပြီး မိုက်ရူးရဲ ဆန်တတ်တယ်။ တကယ်တော့ အနေမှာ ထူးအောင်လုပ်ယူလို့ရပါတယ်။ အနေထူးရင် အသေလဲ ထူးသွားတာပါပဲ။ အကောင်းဆုံးစိတ်ဓာတ်နဲ့ စံပြအဖြစ် ရဲရဲရင့်ရင့် ရပ်တည်နိုင်ရင် ကျောက်ကောင်းတစ်ပွင့်မက ဘ၀ဟာ တန်ဖိုးရှိပါတယ်။ ကိုယ့်အတိတ်ကံ ဘယ်လိုရှိခဲ့တယ်ဆိုတာ ကိုယ်မသိနိုင်ဘူး။ အတိတ်က မကောင်းတဲ့ကံက လာထောက်လို့ အဆင်မပြေတာတွေ တွေ့နေရတယ်ဆိုရင် ဒုက္ခများချင်သလောက်များပါစေ၊ ဆင်းရဲချင်သလောက် ဆင်းရဲပါစေ၊ ကိုယ့်စိတ်ဓာတ်ကလေး အဆိုးဘက် ယိုင်မသွားဖို့သာ အဓိကထား ထိန်းနိုင်အောင် ကြိုးစားပါ။ ရံခါမှာ ကိုယ်လဲမတတ်နိုင်၊ ဘယ်သူမှမတတ်နိုင်တဲ့ အဖြစ်ဆိုးတွေနဲ့ ပက်ပင်းတိုးတဲ့အခါမျိုးတွေ ရှိတတ်တယ်။ မတတ်နိုင်တဲ့အဆုံးမှာတော့ `သြော်- ကံကြောင့်ဖြစ်ရတာပါလား´လို့သာ ဖြေဆည်ရာရှာလိုက်။ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ ကြားထဲက စိတ်ဓာတ်လေးသာ ကောင်းနေလိုက်ပါ။ ကိုယ်ဆင်းရဲမှုတွေကြားထဲက စိတ်ကလေး ကောင်းမွန်မြင့်မြတ်နေအောင်သာ ထိန်းထားလိုက်ပါ။ စိတ်ကောင်းလေး တစ်ချက် လက်မလွတ်သရွေ့ အတိတ်ကံဆိုးတွေလဲ မိုးမှောင်ကျချင်သလောက်ကျ၊ အားရရင် ပြန်ထွက်သွားပါလိမ့်မယ်။ ကံကလဲ ဆိုး၊ စိတ်ဓာတ်ကလဲ နိမ့်ဆိုရင် စောစောကပြောခဲ့တဲ့ အဆင်းဘီးတပ်ပြီးလှိမ့်လိုက်သလိုသာ ဖြစ်ရလိမ့်မယ်။ ဒါဟာ အတိတ်အကုသိုလ်ဇနကကံကို ယခုဘ၀ပြုတဲ့ အကုသိုလ်ဥပထမ္ဘကကံက အကျိုးပေးသန်လာအောင်၊ သက်တမ်းရှည်အောင် ကူညီအားဖြည့်ပေးတဲ့သဘောပါပဲ။ ဒါကြောင့် ကံဆိုးလို့ အခက်အခဲတွေကြုံ၊ ပြဿနာတွေတက်၊ စီးပွားရေးအဆင်မပြေ စတဲ့အခြေအနေမျိုးမှာလဲ စိတ်ကောင်း (စေတနာကောင်း)လေးတစ်ချက် လက်မလွတ်ပါစေနဲ့။ အဲဒါဟာ ကံကောင်းခြင်းရဲ့ သော့ချက်လေးပဲ။ အခုကံညံ့နေတာ အတိတ်ကံ အကျိုးပေးညံ့လို့ဆိုတာ လက်ခံလိုက်ပါ။ ဒါပေမယ့် အခုလက်ရှိကံကိုတော့ ကောင်းအောင် ရနိုင်တဲ့ဘက်က ကုသိုလ်ယူလိုက်ပါ။ ဆရာတော်ဦးဗုဒ်ရဲ့ မယ်တော်ကြီးဟာ အိမ်မီးလောင်လို့ အူယားဖားယားနဲ့ သားရဟန်းဆီပြေးလာတော့ ဆရာတော်က သူ့မယ်တော်ကြီးမှာ ပါလာတဲ့တံဘက်ကို အလှူခံတယ်။ အိမ်တစ်အိမ်လုံး ပြာကျသွားတာ မကူညီတဲ့အပြင် အလှူတောင်ခံရမလားလို့ ဆရာတော်ကို အပြစ်တင်တော့ ဆရာတော်က `အလှူခံတာ ကူညီနေတာပဲ၊ အတိတ်ကံမကောင်းလို့ အိမ်မီးလောင်တာ၊ အခုကံကောင်းအောင် ပါလာတဲ့ တံဘက်သာ လှူလိုက်ပါ´တဲ့။

ဒီဥပထမ္ဘကကံကို ထောက်ဆပြီး ကံဆိုတာ ရေများရေနိုင် မီးများမီးနိုင်လို့ ပြောလေ့ရှိကြတယ်။ ဒီတော့ အတိတ်ကံအားလျော်စွာ ဆိုးကျိုးလဲ ခံစားချင် ခံစားနေရမယ်၊ ကောင်းကျိုးလဲ ခံစားချင်ခံစားနေရမယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ယခုလက်ရှိအနေအထားမှာ ကိုယ်လုပ်သမျှကံတွေက အကောင်းတွေဖြစ်နေဖို့ အရေးကြီးပါတယ်။ လက်ရှိလုပ်နေတဲ့ အကောင်းကံတွေ အားကောင်းနေချိန်မှာ အတိတ်က အဆိုးကံတွေဟာ လောလောဆယ် အကျိုးပင် ပေးနေဦးတော့ တဖြည်းဖြည်းချင်း အားနဲသွားပါလိမ့်မယ်။ ကုသိုလ်အင်အားသာ ကောင်းနေမယ်ဆိုရင် ကောင်းကျိုးတွေ မလာပါနဲ့ဆိုပြီး တားမြစ်လို့တောင် မရနိုင်ပါဘူး။ ဒါကြောင့် တားဆီးလို့မရတဲ့ကုသိုလ်ကံတွေ များများလုပ်ထားဖို့လိုအပ်ကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့် ခြွင်းချက်လေးနဲ့တော့ နားလည်ထားရမယ်။ ကုသိုလ်လုပ်လျက် ဆိုးကျိုးတွေ ရင်ဆိုင်နေရတာမျိုးလဲ ကြုံတောင့်ကြုံခဲ တွေ့ရတတ်တယ်။ ယေဘုယျပြောရရင် အင်အားကောင်းတဲ့ ကုသိုလ်ကံတွေရဲ့နောက်ကွယ်မှာ အင်အားကောင်းတဲ့ ကောင်းကျိုးတွေ အစဉ်အမြဲ ရှိနေတယ်ဆိုတာသာ ယုံကြည်ထားလိုက်ပါ။ (ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.