Thursday, January 20, 2011

ကံအယူအဆ (၁၀)

အပိုင်း (က)

ဗုဒ္ဓဘာသာမှာ ကံအယူအဆဟာ အလွန်အရေးပါတဲ့အပိုင်းဖြစ်နေတဲ့အပြင် အကုန်အစင် စုံလင်အောင် သိနားလည်ဖို့လဲ အလွန်ခက်ခဲနက်နဲတဲ့အပိုင်း ဖြစ်နေတဲ့အတွက်ကြောင့် မိမိဉာဏ်မီသမျှနဲ့ စုစည်းသိုင်းဝိုင်းပြီးတင်ပြခဲ့တာ အခုဆို ခြုံငုံနားလည်နိုင်လောက်တဲ့ အဆင့်အထိတော့ ရောက်လာပါပြီ။ အဆင့်မြင့်မြင့် နားလည်ထားရမယ့် ကံအယူအဆပိုင်းကို နဲနဲ ပြောပြချင်တယ်။

ကံယုံကြည်ရမယ်ဆိုပေမယ့် ကိုယ်ပြုတဲ့ကံတွေက ကိုယ့်နောက် လိုက်နေတယ်လို့ ယူဆရမှာမဟုတ်ပါဘူး။ ကံတွေပြုခဲ့တယ်၊ အဲဒီကံတွေထဲက ဆိုးတဲ့ကံက ကိုယ့်ကို တစ်ချိန်ချိန်မှာ နှိပ်စက်ဖို့ နောက်ကလိုက်နေသလို ကောာင်းတဲ့ကံတွေကလဲ ကိုယ့်နောက်မှာ ကူညီဖို့ ကယ်ဆယ်ဖို့ နောက်ကလိုက်နေတယ်လို့ ယူဆမယ်ဆိုရင်လဲ ဒီအယူအဆဟာ မှန်ကန်တဲ့အယူအဆ မဟုတ်ပါဘူး။ ဒီလိုယူဆနေရင် ကိုယ်ပြုတဲ့ကံတွေက မပျက်မစီးဘဲ အမြဲတည်တံ့နေတယ်လို့ ယူဆတဲ့သဘောဖြစ်သွားလို့ သဿတဒိဋ္ဌိဘက်ယိုင်သွားပါတယ်။

ဒီလိုပြောလိုက်တော့ ဘုရားက `စက္ကံဝ ၀ဟတော ပဒံ` (အကုသိုလ်ကံတွေက ပြုသူနောက်မှာ လှည်းဘီးကြီး နွားနောက် အစဉ်လိုက်နေသလို တကောက်ကောက် လိုက်နေတယ်)၊ `ဆာယာဝ အနုပါယိနီ´ (ကုသိုလ်ကံတွေက ပြုသူနောက်မှာ အရိပ်ပမာ စောင့်ရှောက်ရန် တကောက်ကောက် လိုက်နေတယ်)လို့ ဓမ္မပဒမှာဟောထားတာနဲ့ ဆန့်ကျင်နေတယ်လို့ ငြင်းပွားဖွယ်ရာဖြစ်လာတယ်။ ဘုရားဟောတော်မူတဲ့တရားတွေဟာ ရံခါ တိုက်ရိုက်ဟောလိုက်တာရှိသလို ရံခါ သွယ်ဝိုက်၍ဟောလိုက်တာတွေလဲ ရှိပါတယ်။ တိုက်ရိုက်နားလည်ရမယ့်တရားတွေကိုတော့ နီတတ္ထလို့ခေါ်ပြီး သွယ်ဝိုက်၍နားလည်ရမယ့်တရားတွေကိုတော့ နေယျတ္ထလို့ ပါဠိလိုခေါ်ပါတယ်။ ဒါကြောင့် ဓမ္မပဒမှာ ဘုရားဟောထားတာ မှန်တယ်။ ဒါပေမယ့် တိုက်ရိုက်ယူရမယ့်အဓိပ္ပါယ်မဟုတ်ဘူး၊ သွယ်ဝိုက်ယူရမယ့်အဓိပ္ပါယ်၊ လူတိုင်းနားလည်လွယ်အောင် ဥပမာနဲ့ ဆောင်ပြီး ဟောပြခဲ့တာဖြစ်တယ်လို့ မှတ်လိုက်ပါ။

ဘုရားက ဒီလို သွယ်ဝိုက်ပြီးဟောတာတွေ အများကြီးရှိပါတယ်။ ထင်ရှားတာတစ်ခု ထုတ်ပြရမယ်ဆိုရင် `မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနေ ဒွေ စ ခတ္တိယေ´ (အမိအဖကို သတ်၊ မင်းနှစ်ပါးကိုလဲ သတ်) တဲ့။ ဒါဘုရားဟောပါပဲ။ ဒါပေမယ့် ဒီဒေသနာကို သွယ်ဝိုက်တဲ့ဒေသနာမှန်းမသိရင် ဘုရားက မိဘတွေ သတ်ခိုင်းတာလို့ အမှတ်မှားသွားနိုင်တယ်။ တကယ်တော့ အမိနဲ့တူတဲ့ တဏှာကိုသတ်၊ အဖနဲ့တူတဲ့ မာနကိုသတ်၊ မင်းနှစ်ပါးနဲ့တူတဲ့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိတို့ကို သတ်ပါ လို့ ဒီလိုမိန့်တော်မူတာပါ။ အမေဆိုတာ သားသမီးတွေကို ချော့တတ်တယ်၊ ဒီအတိုင်းပဲ တဏှာကလဲ ကိုယ့်ဘ၀ကို ပျော်သလို နေတတ်အောင် ချော့တတ်တယ်၊ ဘ၀ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ခင်တွယ်နေအောင် ချော့တတ်တယ်။ တဏှာက ဆွဲဆောင်အားကောင်းတော့ ကိုယ့်ဘ၀ကိုယ် ခင်တွယ်နေတယ်။ ကိုယ့်ကိုယ်ကိုလဲ ခင်တွယ်တာပဲ၊ သူများကိုလဲ ခင်တွယ်တာပဲ၊ ပစ္စည်းဥစ္စာတွေကိုလဲ ခင်တွယ်တာပဲ။ ဒီခင်တွယ်မှုတွေနဲ့ ဘ၀ကို သာယာနေကြတယ်။ ပျော်ရွှင်နေကြတယ်။ လောကီအာရုံတွေကြားက ရုန်းမထွက်နိုင်ကြတော့ဘူး။ ဒီလို ဘ၀ကိုသာယာအောင် ပျော်ရွှင်အောင် ချော့မြှူတတ်တဲ့အတွက် တဏှာကို အမိနဲ့တူလို့ အမိနဲ့တူတဲ့တဏှာကို သတ်ပါလို့ ဘုရားက တင်စားပြောတာ။ ငါဘယ်သူ့သား၊ ဘယ်ဝါ့သား စသည်ဖြင့် အားကိုးရလောက်တဲ့ ရာထူး ဂုဏ်သိမ် စည်းစိမ်နဲ့ပြည့်စုံတဲ့အဖေမျိုးဆိုရင် အဖေကို မှီပြီး မာန်တက်တတ်လို့ အဖနဲ့တူတဲ့ မာနကို သတ်လို့ပြောတာ။ မင်းနှစ်ပါးကို သတ်ဆိုတာကလဲ မင်းတို့မည်သည် တိုင်းသူပြည်သားအားလုံးရဲ့ အရှင်သခင်ဖြစ်သလို ဒိဋ္ဌိမှန်သမျှဟာလဲ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိကိုပဲ ပေါင်းရသဖြင့် ဒိဋ္ဌိတကာတို့အပေါ်မှာ မင်းမူနေတဲ့ ဒီ ဒိဋ္ဌိကြီးနှစ်ပါးကို သတ်ခိုင်းတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးတရားတော်တွေကို သွယ်ဝိုက်ဟောထားတဲ့တရားတော်တွေ (နေယျတ္ထ) လို့ သိထားရပါမယ်။ ဒီလိုမှမသိရင် ဒါဘုရားဟောပဲဆိုပြီးလုပ်လိုက်ပါက တက်တက်စင်အောင် လွဲသွားပါလိမ့်မယ်။

အခုကံအယူအဆမှာလဲ လှည်းဘီးလိုလိုက်နေတယ်၊ အရိပ်ပမာလိုက်နေတယ်ဆိုတာ သွယ်ဝိုက်ဟောလိုက်တာ (နေယျတ္ထ)လို့ သိထားရပါမယ်။ ကိုယ်ပြုတဲ့ကံက ဘယ်တော့မှ မပျက်မစီးဘဲ အမြဲတည်နေတယ်ဆိုရင် တည်မြဲတယ်ဆိုတဲ့ သဿတဒိဋ္ဌိအယူဖြစ်သွားတယ်။ အားလုံးဟာ အနိစ္စပဲ၊ ဒါပေမယ့် ကံကတော့ နိစ္စ၊ မြဲတယ်ဆိုတဲ့သဘော။ အားလုံးဟာ အနတ္တပဲ၊ ဒါပေမယ့် ကံကတော့ အတ္တ ဆိုတဲ့သဘော သက်ရောက်သွားပါတယ်။ ဒါကို မိုးကုတ်ဆရာတော်ဘုရားကြီးက ကမ္မ၀ါဒီသဿတဒိဋ္ဌိလို့ အမည်ပေးထားပါတယ်။ လောကမှာ အားလုံးအနတ္ထဆိုတော့ ဘာမှအားကိုးစရာမရှိတော့ဘူး၊ ကံကိုပဲ အားကိုးရတော့မှာပဲ၊ မြဲတာဆိုလို့ ကံပဲ ရှိတော့တယ်ဆိုတဲ့ သဘောသက်ရောက်သွားတယ်။ ကံကို မြဲနေတယ် မပျက်မစီးဘူးလို့ယူဆလိုက်တဲ့ သဿတဒိဋ္ဌိဖြစ်သွားတယ်။

ကံသည် စေတနာနဲ့ယှဉ်တဲ့ စိတ်ဆိုတဲ့ နာမ်တရားကို အခြေခံပြီး ဖြစ်ရတာပါ။ နာမ်တရားကို အခြေခံပြီးတော့ လှုပ်ရှားမှုရုပ်တရားတွေ၊ ကြံစည်မှုနာမ်တရားတွေ ဖြစ်လာရတာပါ။ နာမ်တရား၊ ရုပ်တရားတို့မည်သည် ဒီနေရာမှာပေါ် ဒီနေရာမှာပဲပျက်သွားတယ်။ ဒီနေရာမှာ ကာယကံ လှုပ်ရှားမှု ရုပ်တွေဖြစ်မယ်။ ဒီနေရာမှာပဲ ပျက်သွားတယ်။ ဒီနေရာမှာ စိတ္တဇ ၀ါယောဓာတ်တွေကြောင့် စကားတွေ ပြောမယ်၊ ဒီနေရာမှာပဲ ပျက်သွားတယ်။ ဒီနေရာမှာပဲ စိတ်အကြံ ကံတွေဖြစ်မယ်၊ ဒီနေရာမှာပဲ ပျက်သွားတယ်။ သေသေချာချာကြည့်လိုက်တော့ မပျက်ဘဲ တည်မြဲနေတာရယ်လို့ ဘာတစ်ခုမှမရှိဘူး။ လုပ်တာ ကိုင်တာ လှုပ်တာ ငြိမ်တာ သွားတာ လာတာ ထိုင်တာ ရပ်တာ ပြောတာ ဆိုတာ စဉ်းစားတာ တွေးခေါ်တာ မှန်သမျှ အကုန် စောင့်ကြည့်ပါ။ ပေါ်လာပြီးပျက်သွားရတာတွေချည်းပါပဲ။ မပျက်ဘဲနဲ့ တည်မြဲနေတဲ့သဘောတရားဆိုတာ ဘာတစ်ခုမှမရှိဘူး။ ကုသိုလ်ကံလုပ်တယ်၊ ဒီနေရာပေါ် ဒီနေရာပျက်၊ အကုသိုလ်ကံလုပ်တယ်၊ ဒီနေရာပေါ် ဒီနေရာပျက်။ မြဲသလိုလိုထင်ရပေမယ့် သေသေချာချာ ကြည့်လိုက်တော့ မမြဲဘူးဆိုတာ ကိုယ်တိုင် ကြည့်ရင် ကိုယ်တိုင်သိပါလိမ့်မယ်။ ကိုယ်လုပ်သမျှ ကိုင်သမျှ ပြောသမျှ ဆိုသမျှ တွေးသမျှ ခေါ်သမျှ အားလုံးဟာ မဖြစ်ဘဲနဲ့ ကျောက်ရုပ်လို ခိုင်မြဲနေတာ တည်မြဲနေတာ တည်တံ့နေတာ ဘာတစ်ခုမှ မရှိဘူး။ အခု စကားပြောလိုက်တယ်။ ကြည့်လိုက်တော့ အတိတ်ကျန်နေခဲ့ပြီ။ အခု လှုပ်ရှားမှုတစ်ခုလုပ်လိုက်တယ်။ ကြည့်လိုက်တော့ အတိတ်ကျန်နေခဲ့ပြီ။ အခု အတွေးတစ်ခုပေါ်လာတယ်။ ကြည့်လိုက်တော့ အတိတ်ကျန်နေခဲ့ပြီ။ ပျက်သွားလို့ မတည်မြဲနိုင်လို့ အတိတ်ကျန်ကျန်နေခဲ့ကြတာချည်းပဲလို့နားလည်ပါ။ ပစ္စုပ္ပန်မှာ ဖြစ်သမျှတွေဟာ ပျက်သွားတော့ အတိတ်ကျန်နေခဲ့ကြတာပေါ့။ မကျန်ပါနဲ့လို့ တားလို့မရဘူး။ ဖြစ်ပြီး မပျက်ပါနဲ့လို့ တားလို့မရဘူး။ ဘုရားလဲ မတားနိုင်ဘူး။ သိကြားလဲ မတားနိုင်ဘူး။ ဒါကြောင့် သဗ္ဗေ သင်္ခါရာ အနိစ္စာ- ဖြစ်သမျှ ပျက်ရမှာချည်းသာလို့ ဘုရားဟောခဲ့တာပဲ။ အားလုံးဟာ မမြဲဘူးလို့ဟောထားပါလျက်နဲ့ ကံကိုမှ မြဲနေစေချင်တယ်ဆိုရင် အဲဒါ သဿတဒိဋ္ဌိအယူလို့သာမှတ်လိုက်။ သူကိုယ်တိုင်ကမှ အခုဖြစ် အခုပဲ ပျက်ရတဲ့ကံတရား၊ အခုပေါ် အခုပျောက်သွားရရှာတဲ့ ကံတရား၊ အဲဒီကံတရားက ကိုယ့်နောက်တကောက်ကောက် လိုက်ကော လိုက်နိုင်ပါ့မလား။ လိုက်တယ်ဆိုရင် ကံတွေက မြဲနေလို့ပဲ။ ကံတွေက မလိုက်ဘူး၊ ဘာအကျိုးမှမပေးဘူးဆိုရင်လဲ ပြတ်သွားလို့ပဲ။ ကိုယ်ပြုသမျှ အလဟဿဖြစ်သွားပြီပေါ့။ ဒါကြောင့် မြဲနေတယ်ဆိုရင်လဲ သဿတဒိဋ္ဌိ၊ ပြတ်သွားတယ်ဆိုပြန်ရင်လဲ ဥစ္ဆေဒဒိဋ္ဌိ။ ကဲ ဘယ်ဘက်နေမလဲ။

(ဆက်ရန်…..)

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.