Friday, January 7, 2011

ကံအယူအဆ (၅)

တားဆီးလို့မရတဲ့ကံတွေကို ရှင်းလင်းစွာနားလည်ဖို့အတွက် အကျိုးပေးသည့်အစဉ်ကို ညွှန်းဆိုတဲ့ ကံ(၄)မျိုး (ပါကဒါနပရိယာယကံ)ကို ရှေးဦးစွာ ရှင်းပြပေးမယ်။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်ကံက အရင် အကျိုးပေးတယ် ဆိုတာ ပိုင်းခြားပြတဲ့ကံကို ပါကဒါနပရိယာယကံလို့ခေါ်တာပါပဲ။

၁။ ဂရုကံ - အခြားကံတို့ မတားဆီးနိုင်လောက်အောင် ကြီးလေးတဲ့ကံတွေကို ဂရုကံလို့ဆိုပါတယ်။ ကုသိုလ်ကံ မှာဖြစ်စေ၊ အကုသိုလ်ကံမှာဖြစ်စေ တားဆီးလို့မရတဲ့ကံ ဆိုတာ ရှိနေပါတယ်။ ဂရုကံပြုထားမယ်ဆိုရင် ဒီကံကို ဘယ်ကံကမှ တားဆီးလို့မရတော့ဘူး။ ကျမ်းဂန်လာအတိုင်းပြောရရင် ရူပကုသိုလ်၊ အရူပကုသိုလ်ကံများဟာ ကုသိုလ်အရာမှာတော့ ဂရုကံတွေပါပဲ။ ရူပဈာန်၊ အရူပဈာန်ရပြီး သေသွားတဲ့သူဟာ အခြားဘုံကို မဖြစ်တော့ဘူး။ ဆိုင်ရာ ရူပ၊ အရူပဘုံတွေမှာသာ ပဋိသန္ဓေနေခွင့်ရတယ်။ အဲဒီပဋိသန္ဓေကျိုးကို မပေးအောင် အခြားမည်သည့်ကံကမှ မတားမြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီကံဟာ အလွန်အင်အားကောင်းတဲ့ကံ ဖြစ်နေလို့ပါပဲ။ အကုသိုလ် အရာမှာတော့ အများသိထားတဲ့ ပဉ္စာနန္တရိယကံငါးပါးပါပဲ။ မာတုဃာတက- အမိသတ်ကံ၊ ပိတုဃာတက- အဖသတ်ကံ၊ အရဟန္တဃာတက- ရဟန္တာသတ်ကံ၊ လောဟိတုပ္ပါဒက- ဘုရားသွေးခြေဥတည်အောင်လုပ်တဲ့ကံ၊ သံဃဘေဒက- သံဃာအသင်းကွဲအောင်လုပ်တဲ့ကံ၊ အားလုံး ငါးပါးပေါ့။ ဒီကံတွေငါးပါးလုံး ကြူးလွန်မှမဟုတ်ဘူး၊ တစ်ပါးပါးကြူးလွန်ထားမိရင်တောင် အပါယ်ကျမှာသေချာတယ်။ အပါယ်ပြည်ကြီးဝင်ခွင့် ပြေးမလွတ်တော့ဘူး။ မ၀င်ချင်လို့ကို မရတော့တာ။ မသေခင်က အပါယ်ဝင်ခွင့် ဗီဇာထုထားလိုက်တဲ့သဘောပဲ။ ဒေ၀ဒတ်တို့ အဇာတသတ်တို့ဟာ စံပြနမူနာတွေပေါ့။ အဇာတသတ်ဆိုလျှင် နောက်ပိုင်း အမြင်မှန်တော့ ရလာတာပဲ။ ဘုရားရှင်ထံချဉ်းကပ်၊ ကုသိုလ်တွေ အများကြီးလုပ်၊ ဘုရားရှင်ကို အသက်ထက်ဆုံးကိုးကွယ်သူဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူပြုထားတဲ့ အဖသတ်ကံက အားကြီးနေတော့ သက်တော်ထင်ရှား ဘုရားရှင်တောင်မှ သူ့ကို အ၀ီစိဗီဇာ ရီဂျက်လုပ်ပေးလို့မရဘူး။

ဒါထက်ဆိုးတဲ့ အကုသိုလ်ကံရှိသေးတယ်။ အဲဒါကတော့ နိယတမိစ္ဆာဒိဋ္ဌိကံတဲ့။ အကျဉ်းချုပ်အားဖြင့် ကံ ကံရဲ့အကျိုးယုံကြည်မှုကင်းမဲ့တဲ့သူ၊ ဘ၀ယုံကြည်ချက်ကင်းမဲ့တဲ့သူဟာ နိယတမိစ္ဆာဒိဋ္ဌိပေါ့။ အကျယ်အားဖြင့်တော့ နတ္ထိ ဒိန္နံ နတ္ထိ ယိဋ္ဌံ စသည်ဖြင့် သီလက္ခန္ဓ၀ဂ်မှာလာတဲ့ န- (၁၀)ချက် သီဝရီအတိုင်းသာ မှတ်ပေတော့။ ဒါကတော့ စာပေသမားတွေ အတွက်ပါ။ ပဉ္စာနန္တရိယကံကြောင့် အ၀ီစိရောက်နေသူဟာ ကမ္ဘာပျက်ရင် ငရဲမှလွတ်ပြီး ဗြဟ္မာ့ပြည်ရောက်ခွင့်ရတယ်။ နိယတမိစ္ဆာဒိဋ္ဌိကံနဲ့ အ၀ီစိရောက်နေသူမှာတော့ ကမ္ဘာပျက်သော်လဲ ဒီကမ္ဘာအ၀ီစိကနေ အခြားကမ္ဘာက အ၀ီစိငရဲ ပြောင်းရွှေ့ခံရတယ်။ ထောင်ပြောင်းသလိုပေါ့။ ဗုဒ္ဓဘာသာက ဒီကံဟာ အဆိုးဆုံးဆိုပြီး သတ်မှတ်ထားတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာသာခြားတွေ လူဝင်စားပြန်ဖြစ်တယ်ဆိုတဲ့ ကိစ္စအတွက်တော့ ငြင်းပွားဖွယ်ရာကိစ္စတစ်ရပ်ပါပဲ။

၂။ အာသန္နကံ- သေခါနီးမှ ပြုလိုက်မိတဲ့ကံ၊ သေခါနီးမှ ပြန်သတိရနေတဲ့ကံကို အာသန္နကံလို့ခေါ်တယ်။ ဂရုကံမရှိဘူးဆိုရင် သေခါနီးပြုမိတဲ့ကံက အကျိုးပေးတယ်။ သေခါနီးကာလမှာ အကုသိုလ်ကံတွေပြုလုပ်ထားရင်၊ သို့မဟုတ် အကုသိုလ်ကံတစ်ခုခုကို ပြန်လည်သတိရနေမိရင် အဲဒီကံက အပါယ်ပို့ပေးပါလိမ့်မယ်။ သေခါနီးမှာ ကုသိုလ်ကံ ပြုလုပ်ထားရင်၊ ပြုမိတဲ့ ကုသိုလ်ကံတစ်ခုခုကို ပြန်လည်သတိရနေရင် အဲဒီကံက သုဂတိပို့ပါလိမ့်ယမ်။ ကောသလမင်းကြီးရဲ့ မိဖုရားကြီး မလ္လိကာဒေ၀ီဟာ မည်သူတစ်ဦးတစ်ယောက်မှ မတုပနိုင်အောင် ထင်ရှားတဲ့ အသဒိသအလှူကြီးကို ဘုရားရှင်နှင့်တကွ သံဃာ့မျက်မှောက်မှာ ပေးလှူခဲ့တယ်။ သို့သော် သေခါနီးမှာ အဲဒီကုသိုလ်ကံက ပြန်ပေါ်မလာဘဲ မလျော်တဲ့အမှုကို ပြုလိုက်မိတဲ့ အကုသိုလ်ကံတစ်ခုက ခေါင်းထဲဝင်ရောက် နေတယ်။ အဲဒါဟာ အာသန္နကံဖြစ်သွားပြီး အဲဒီကံက အကျိုးပေးလိုက်တော့ အ၀ီစိရောက်ရရှာတယ်။ ကုသိုလ်အာသန္နကံအတွက်တော့ မနေ့ကပြောခဲ့တဲ့ သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)၊ သောဏဂီရိတောင်ခြေ၊ အစေလ၀ိဟာရကျောင်းထိုင်ဆရာတော် ဓမ္မကထိက အရှင်သောဏမထေရ်ရဲ့ ဖခင်မုဆိုးကြီး၊ သူ့သားရဟန်းထံမှာ အသက်ကြီးမှ ရဟန်းဝတ်နေတာ။ သူ သေခါနီးမှာ ငရဲခွေးကြီးတွေက ကိုက်တော့မလို လာနေတာတွေ မြင်နေရတော့ ကြောက်လန့်ပြီး အော်ဟစ်နေလို့ သားရဟန်းက ရိပ်မိတာနဲ့ ဘုရားရင်ပြင်မှာ ပန်းအလှတွေဆင်ပြီး ဒီပန်းတွေကို ဘုရားအား လှူဒါန်းပါတယ်ဘုရားဆိုပြီး ဘုရားကို ပန်းအလှူခိုင်းတယ်။ အကုသိုလ်အာရုံကနေ ကုသိုလ်အာရုံ ရောက်သွားအောင် အာရုံပြောင်းပေးလိုက်တာပါ။ ဒီပန်းလှူတဲ့ကုသိုလ်စိတ်နဲ့ သေသွားတော့ သူနတ်ပြည်ရောက် သွားတယ်။ အကုသိုလ်တွေပြုခဲ့သော်လဲ သေခါနီးမှာ ကုသိုလ်အာသန္နကံက လွှမ်းမိုးသွားလို့ သုဂတိရောက်သွားတာ။

၃။ အာစိဏ္ဏကံ- အထပ်ထပ်ပြုလုပ်ထားတဲ့ကံ၊ နေ့စဉ်မပြတ်ပြုလုပ်ထားတဲ့ကံ ကို အာစိဏ္ဏကံလို့ခေါ်ပါတယ်။ ကုသိုလ်လုပ်ပြီးနောက် အဲဒီကုသိုလ်ကိုပဲ အမြဲမပြတ် ထပ်ခါထပ်ခါ သတိရပြီး ၀မ်းမြောက်နေရင်တော့ ကုသိုလ် အာစိဏ္ဏကံဖြစ်တယ်။ အကုသိုလ်ပြုပြီးနောက် အဲဒီအကုသိုလ်ကိုပဲ ပြန်လည်သတိရပြီး စိတ်ဆင်းရဲနေရင်တော့ အကုသိုလ် အာစိဏ္ဏကံ ဖြစ်တယ်။ နေ့စဉ် ဘုရားဝတ်တက်ခြင်း၊ နေ့စဉ်ဆွမ်းလောင်ခြင်း၊ နေ့စဉ် ပုတီးစိပ်ခြင်း၊ နေ့စဉ်သီလစောင့်ခြင်း၊ နေ့စဉ် တရားထိုင်ခြင်း၊ နေ့စဉ် တရားနာခြင်း၊ အခါအားလျော်စွာ ဒါနပြုခြင်း စသည်ဖြင့် ကိုယ်တတ်စွမ်းတဲ့ကုသိုလ်တွေကို ထပ်ခါထပ်ခါ ဖြစ်နေအောင် လုပ်ထားရမယ်။ ဒါဆိုရင် အာစိဏ္ဏကံဖြစ်သွားတာပါပဲ။ ဂရုကံမရှိရင် အာသန္နကံက အကျိုးပေးတယ်။ အာသန္နကံမရှိရင် အာစိဏ္ဏကံက အကျိုးပေးတယ်။

ဒီလိုဆိုတော့ အာသန္နကံက ပိုအားကိုးရတဲ့သဘော ဖြစ်နေတယ်။ နှစ်ရှည်လများ ပြုလုပ်ခဲ့တဲ့ အာစိဏ္ဏကံဟာ အလွန်အားကောင်းတဲ့ကံပါပဲ။ အာသန္နကံကတော့ အာစိဏ္ဏကံလောက် အားမကောင်းပါဘူး။ သို့သော်လဲ သေခါနီးမှာ ပြုလုပ်မိတဲ့ အာသန္နကံက နောက်ဘ၀ပဋိသန္ဓေနဲ့ နီးကပ်နေတဲ့အတွက် ပဋိသန္ဓေကျိုးပေးရာမှာ သူက ရှေ့ရောက် နေတာပါ။ ဥပမာအနေနဲ့ နွားခြံထဲကို နွားတွေ သွင်းတော့ အားကောင်းတဲ့နွားတွေက အရင်ဝင်ကြ၊ အားနဲတဲ့ နွားအိုကြီးကတော့ နောက်ဆုံးမှလဲ ၀င်ရတယ်။ နေရာလဲ အပေါက်နားမှာပဲ ရတယ်။ နောက်နေ့ ခြံတံခါး ဖွင့်လိုက်တဲ့အခါကျတော့ အပေါက်နားမှာပဲ အိပ်ရတဲ့ အဲဒီနွားကြီးကပဲ အရင်ထွက်ခွင့်ရတယ်၊ ကျန်တဲ့ အားကောင်းတဲ့နွားတွေ နောက်မှထွက်ရတယ်။ ဒီအတိုင်းပဲ။ အာသန္နကံဟာ နောက်ဘ၀ပဋိသန္ဓေနားကပ်နေလို့ သေခါနီးပြုမိတဲ့ကံက အရင်အကျိုးပေးခွင့်ရသွားတာ။

သို့သော်လဲ ဂရုကံမရှိရင် အာစိဏ္ဏကံက အကျိုးပေးတယ်၊ အာစိဏ္ဏကံမရှိရင် အာသန္နကံက အကျိုးပေးတယ်လို့ အင်္ဂုတ္တိုရ်အဋ္ဌကထာ၊ ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာတို့မှာ တစ်မျိုးဖွင့်ပြထားတာတွေ့ရတယ်။ (ယဂ္ဂရုကံ ယဗ္ဗဟုလံ (အာစိဏ္ဏကံ) ယဒါသန္နံ ကဋတ္တာ ၀ါ ပန ကမ္မန္တိ။) ဒီပြဿနာမှာ သေခါနီးမှာ အကျိုးပေးတဲ့ကံဟာ အာသန္နကံပဲလို့ ယူဆလိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။ ကုသိုလ်တွေများစွာပြုထားမိသည်ဖြစ်စေ၊ အကုသိုလ်တွေ များစွာပြု ထားမိသည်ဖြစ်စေ သေခါနီးမှာ ပြုလုပ်တဲ့ကံ၊ သတိရနေတဲ့ကံကသာလျှင် နောက်ဘ၀အကျိုးပေးတယ်။ နောက်ဘ၀ အကျိုးပေးတဲ့ကံက အာသန္နကံဖြစ်သွားတာပဲ။ အမြဲပြုထားတဲ့ အာစိဏ္ဏကံကိုပဲ သေခါနီးမှာ ပြန်ပြီးသတိရမယ်ဆိုရင် အဲဒီအာစိဏ္ဏကံကပဲ အာသန္နကံဖြစ်သွားတယ်လို့ မှတ်လိုက်ပါ။ ကိုယ်အထပ်ထပ် ပြုလုပ်မိတဲ့အရာကိုပဲ အခက်အခဲ ကြုံတော့ ပြန်ပေါ်လာ၊ သတိရလာနိုင်တာဖြစ်တော့ ကုသိုလ်တွေ အထပ်ထပ်ပြုထားရင် ကုသိုလ်တွေကိုပဲ ပြန်သတိရ နေမယ်။ အကုသိုလ်တွေ အထပ်ထပ်ပြုထားရင် အဲဒီအကုသိုလ်တွေကိုပဲ ပြန်သတိရနေမယ်။ ဒါသဘာဝပဲ။ အဲဒီသတိရတဲ့စိတ်နဲ့ သေသွားရင် သတိရလိုက်တဲ့ကံက နောက်ဘ၀အကျိုးကို ပေးသွားမယ်။ နောက်ဘ၀ အကျိုးပေးတဲ့ကံဟာ အာသန္နကံလို့ မှတ်လိုက်ပေါ့။ ဥပမာအားဖြင့် သမ္ဗုဒ္ဓေဂါထာ အမြဲရွတ်နေတဲ့သူဟာ အိပ်မက်တွေ ဂယောင်ခြောက်ခြားမက်လို့ ကြောက်မက်ဖွယ်ရာတွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာ အိပ်မက်ထဲမှာပဲ သမ္ဗုဒ္ဓေကို ရွတ်မိရက်သားဖြစ်နေတာတွေ့ရတယ်။ ဓမ္မပဒမှာလာတဲ့ ဓမ္မိကဥပါသကာကြီးဟာ ဘ၀တစ်လျောက်လုံးပဲ ဒါန၊ သီလ၊ ဘာဝနာစတဲ့ ကုသိုလ်တွေကို ပြုလုပ်ခဲ့တာ။ အမြဲမပြတ်ပြုလုပ်ထားတဲ့ အာစိဏ္ဏကံကုသိုလ်တွေပဲ။ သေခါနီးမှာ အဲဒီကုသိုလ်တွေကြောင့်ပဲ မသေခင်က နတ်ရထားတွေ ဆိုက်လာတယ်။ ဒါဟာ ကမ္မနိမိတ်တွေပေါ့။ ဒီကုသိုလ်တွေနဲ့ သေသွားတော့ တုသိတာနတ်ပြည်မှာ နတ်သားဖြစ်သွားတယ်။ ဒါဆိုရင် သူပြုခဲ့တဲ့ အာစိဏ္ဏကံတွေကို သေခါနီးမှာ ပြန်လည်သတိရနေတာဖြစ်လို့ အဲဒီအာစိဏ္ဏကံကိုပဲ အာသန္နကံလို့ခေါ်လိုက်ပေါ့။

၎။ ကဋတ္တာကံ- သာမန်ပြုလိုက်မိတဲ့ကံများနှင့် အရင်ဘ၀တွေက ပြုခဲ့တဲ့ကံများကို ကဋတ္တာကံလို့ခေါ်တယ်။ ဂရုကံလဲမရှိ၊ အာသန္နကံလဲမရှိ၊ အာစိဏ္ဏကံလဲမရှိဘူးဆိုရင်တော့ ဟောဒီ ကဋတ္တာကံက အကျိုးပေးသွားပါလိမ့်မယ်။ လှူစရာတွေ့ရင် လှူလိုက်မယ်၊ ဥပုသ်စောင့်ချင်စိတ်ပေါက်ရင် စောင့်လိုက်မယ်၊ တရားထိုင်ချင်စိတ်ပေါက်ရင် ထိုင်လိုက်မယ် စသည်ဖြင့် အမြဲတမ်း ပြုနေတာမဟုတ်ဘဲ ကြုံသလို ပြုတဲ့ကံတွေဟာ ကဋတ္တာကံတွေပါ။ အထက်ကံသုံးမျိုး တစ်မျိုးမှ မရှိဘူးဆိုရင်တော့ အမှတ်မထင်ပြုခဲ့တဲ့ ကံတွေထဲက တစ်မျိုးမျိုး သေခါနီးမှာ ပြန်လည်သတိရပြီး အကျိုးပေးပါလိမ့်မယ်။ ပန်းတစ်ပွင့် လှူဘူးတာနဲ့ နတ်ပြည်ရောက်ရတဲ့ ဧကပုပ္ဖိကာ နတ်သမီးလိုပေါ့။ သူပြုမိတဲ့ကုသိုလ်က ဘုရားကို ပန်းတစ်ပွင့်နဲ့ ပူဇော်ခဲ့တာလေးပဲ။ အဲဒါလေးကိုပဲ သေခါနီး ပြန်သတိရမိလိုက်တော့ ဒီပန်းတစ်ပွင့်အလှူ (ကဋတ္တာကံ)ကြောင့် နတ်ပြည်ရောက်ရတယ်။ အဲဒီကဋတ္တာကံကို သေခါနီး သတိရနေတော့ ကဋတ္တာကံဟာ အာသန္နကံဖြစ်တယ်လို့လဲ မှတ်ယူနိုင်ပါတယ်။ ဒီဘ၀ပြုတဲ့ကံတွေက အကျိုးပေးဖို့ အခွင့်မသာဘူးဆိုရင်တော့ အတိတ်အတိတ်ဘ၀တွေက ပြုခဲ့မိတဲ့ ကုသိုလ် အကုသိုလ် ကံတစ်မျိုးမျိုး စိတ်အစဉ်မှာ လာရောက်ထင်ဟပ်ပါလိမ့်မယ်။ အဲဒီထင်လာတဲ့ကံကပဲ နောက်ဘ၀ ကောင်းရာ မကောင်းရာကို ပို့ဆောင်သွားပါလိမ့်မယ်။ အတိတ်ဘ၀က ပြုခဲ့တဲ့ကံတွေဟာလဲ အကျိုးမပေးရသေးရင် အကျိုးပေးဖို့ အခွင့်အလမ်းကို စောင့်မျှော်နေကြတာပဲ။ သူတို့ကလဲ သေခါနီးမှာ အမှတ်မထင် ၀င်ရောက်လာနိုင်တယ်။ ကောင်းတဲ့ကံထင်လာရင် တော့ မဆိုးဘူး။ မကောင်းတဲ့ကံတွေ ပြန်မြင်နေမိမယ်ဆိုရင်တော့။

ဒီကံ(၄)မျိုးကို နားလည်ရင် မကောင်းတဲ့ကံတွေကို မပြုမိအောင်၊ နောက်ဘ၀ ကောင်းကျိုးပေးမယ့် ကံတွေကိုသာ ပြုမိအောင် နေ့စဉ်ဘ၀မှာ ရှောင်ကြဉ်နိုင်ဖို့ အခွင့်အလမ်းလေးတွေ ရွေးခြယ်နိုင်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာတွေမှာ ဂရုကံတွေကတော့ ဖြစ်ခဲပါတယ်။ ကြုံရင် ကြုံသလို ကုသိုလ်ကံတွေ ဖြစ်အောင်လဲ လုပ်ရမှာပါပဲ။ အမြဲဝတ်ထားပြီးလုပ်တဲ့ ကုသိုလ်ကံတွေကိုလဲ တစ်ခုမဟုတ်တစ်ခုတော့ လုပ်ဖြစ်အောင် လုပ်ရမှာပါပဲ။ ဒါမှသာလျှင် သေခါနီးမှာ ကိုယ်ပြုခဲ့တဲ့ကံတွေ လာရောက်ထင်ဟပ်နိုင်မယ်။ သေငယ်ဇောနဲ့ မြောနေတဲ့အချိန်မှာ စိတ်က အလွန်အားနဲနေတဲ့ အခါကျတော့ `ငါ ကောင်းတဲ့ကံတွေပဲ အာရုံပြုမယ်၊ မကောင်းတာတွေ အာရုံမပြုဘူး´လို့ စိတ်ကူးချိန်မရတော့ဘူး။ သူအားသန်ရာ အလိုလိုထင်လာမှာ။ အလိုလိုထင်လာတဲ့အခါမှာ ကောင်းတာတွေသာ ထင်မြင်လာအောင် သတိရလာနိုင်အောင် အခုကတည်းက ကောင်းတဲ့ကံတွေ များများဆည်းပူးပြုလုပ်ထားဖို့ အလွန်အရေးကြီးပါတယ်။ စိတ်ထဲမှာ ကုသိုလ်တွေ ခြေရာချင်းထပ်နေမှ ဘယ်လို အခြေအနေမျိုးမှာမဆို မိမိစိတ်အစဉ်မှာ ကုသိုလ်ကံတွေသာ စီးဆင်းခွင့်သာလာမှာ။ ဒီလို စိတ်အစဉ်မှာ ကုသိုလ်ကံတွေချည်းသာ ကိန်းနေအောင် လေ့ကျင့်ထားမယ်ဆိုရင် နေရမှာလဲ မကြောက်၊ သေရမှာလဲမကြောက်တဲ့ သတ္တိခဲတစ်ယောက် အဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အ၀ရှိတဲ့ လူသားတစ်ယောက် ဖြစ်လာမှာပါ။

Dr. V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.