Saturday, January 15, 2011

ကံအယူအဆ (၆)

အပိုင်း (ဆ)

(၄) ဥပဃာတကကံ - အခြားကံ အကျိုးပေးခွင့်မရအောင်၊ ပေးပြီးသောအကျိုးများကိုလဲ ပြတ်သွားအောင် သတ်ဖြတ်ဖျက်ဆီးတတ်သောကံကို ဥပဃာတကကံလို့ ခေါ်ပါတယ်။ အကျိုးမပေးရသေးတဲ့ ကံကို သတ်တာရယ်၊ ပေးပြီးဖြစ်တဲ့ အကျိုးတရားတွေကို သတ်တာရယ် နှစ်ပိုင်း ခွဲမှတ်ထားလိုက်ပေါ့။

ကိုယ်ပြုထားတဲ့ကုသိုလ်ကံတွေ အကျိုးပေးခွင့်မရအောင် တားဆီးပစ်တာ၊ သတ်ဖြတ်ပစ်တာ၊ ပိတ်ပင်ပစ်လိုက်တာကို ကံကို သတ်တယ်လို့ နားလည်လိုက်ပါ။ အကျိုးမပေးရသေးခင်မှာ သတ်လိုက်တာ။ ကုသိုလ် ဥပဃာတကကံက အကုသိုလ်ကံတွေ အကျိုးပေးခွင့်မရအောင် သတ်ဖြတ်ပြီး အကုသိုလ် ဥပဃာတကကံက ကုသိုလ်ကံတွေ အကျိုးပေးခွင့်မရအောင် သတ်ဖြတ်ပစ်မယ်။

ကုသိုလ် ဥပဃာတကကံက အကုသိုလ်ကံတွေကို သတ်ဖြတ်ပစ်တဲ့နမူနာ ထုတ်ပြရရင်တော့ စောစောက တင်ပြခဲ့တဲ့ ရှေးခေတ် သီဟိုဠ်ကျွန်းက ဓမ္မကထိက အရှင်သောဏမထေရ်ရဲ့ ဖခင်မုဆိုးကြီးပဲ ပြောရပါလိမ့်မယ်။ သူဟာ တစ်သက်လုံးမုဆိုးလုပ်စားလာခဲ့တော့ အကုသိုလ်ကံတွေ အများကြီးလုပ်ခဲ့တာပေါ့။ အသက်ကြီးတော့ သူ့သားရဟန်းထံ ဦးဇင်းကြီးဝတ်နေတယ်။ သေခါနီးမှာ ငရဲနိမိတ်ဆိုးတွေ မြင်လာရလို့ ကြောက်လန့်အော်ဟစ်နေတာ သူ့သားရဟန်းက သိလိုက်လို့ ဘုရားပန်း အကပ်ခိုင်းပြီး ကံအာရုံတွေ ပြောင်းပေးလိုက်တာ၊ အဲဒီ ပန်းလှူတဲ့ကံနဲ့ပဲ စုတိစိတ်ကျပြီး နတ်ပြည်ရောက်သွားတယ်။ သူပြုခဲ့တဲ့ အကုသိုလ်ကံတွေကို အပါယ်ပဋိသန္ဓေကျိုးမပေးနိုင်အောင် ကုသိုလ်ကံက သတ်ဖြတ်ပစ်လိုက်တာ။ အပြီးအပိုင်သတ်ဖြတ်လိုက်တာတော့ မဟုတ်ဘူး။ နောင် အလျဉ်းသင့်ရင် မကောင်းကျိုးတော့ ပြန်ပေးဦးမှာပါ။ အပြီးအပိုင်သတ်ဖြတ်တဲ့ဥပမာအနေနဲ့ အင်္ဂုလိမာလမထေရ်အကြောင်း ယှဉ်ထိုးကြည့်နိုင်ပါတယ်။ သူပြုခဲ့တဲ့ လူသတ်မှုအားလုံးကို အရဟတ္တမဂ်ကုသိုလ်ကံက သတ်ဖြတ်လိုက်တော့ နောက်ဘ၀ ဆိုးကျိုးတွေ ပြန်လည်ခံစားစရာမလိုတော့ဘူး။ အကုသိုလ်ဥပဃာတကကံက ကုသိုလ်ကံတွေကို သတ်ဖြတ်တဲ့အရာကို နမူနာထုတ်ပြရရင်တော့ မလ္လိကာဒေ၀ီနဲ့ ပြရမှာပါပဲ။ မလ္လိကာဒေ၀ီဟာ ဘုရားအမှူးရှိတဲ့ သံဃာတွေကို အသဒိသအလှူကြီး ပေးလှူခဲ့သည့်အပြင် အခြားအခြားသော ကုသိုလ်ကောင်းမှုပေါင်း များစွာကို ပြုခဲ့သူဖြစ်သော်လဲ သေခါနီးတွင် ထင်မြင်လာတဲ့ မကောင်းတဲ့အကုသိုလ်ကံလေးတစ်ခုက သူလုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ အားလုံးကို ကောင်းတဲ့ အကျိုးပေးခွင့် တားမြစ်ပိတ်ပင်လိုက်လို့ အ၀ီစိ (၇)ရက် ကျရောက်သွားခဲ့ရတယ် ဆိုတဲ့ သာဓကရှိခဲ့ပါတယ်။ သေခါနီး မှားယွင်းစွာ ထင်မြင်လာတဲ့ နိမိတ်ဆိုး အကုသိုလ်ဥပဃာတကကံက သတ်ဖြတ်လိုက်လို့ အပါယ်ရောက်ရတာပါပဲ။ အကျိုးမပေးရသေးတဲ့ ကံကို သတ်ဖြတ်တတ်တဲ့ ဥပဃာတကကံအကြောင်း ဒီလောက်ဆို ရိပ်မိလောက်ပါပြီ။

နောက်တစ်မျိုးက ပေးပြီးသောအကျိုးတွေကို သတ်ဖြတ်တဲ့ ဥပဃာတကကံအကြောင်းပါပဲ။ အကျိုးကို သတ်တဲ့ ဥပဃာတကကံဆိုတာကတော့ သောရေယျသူဌေးသား ဥပမာထိုးပြရပါလိမ့်မယ်။ သောရေယျသူဌေးသားဟာ အရှင်မဟာကစ္စည်းမထေရ်ကို ပြစ်မှားမိလို့ ယောက်ျားဘ၀မှ မိန်းမဘ၀ပြောင်းသွားခဲ့ရတယ်။ ဒါဟာ ပြစ်မှားတဲ့အကုသိုလ်ကံက အကျိုးပေးလိုက်တာပါပဲ။ နောက်ပိုင်းမှာတော့ မထေရ်မြတ်ကို ပြန်လည်တောင်းပန်လိုက် ကန်တော့လိုက်လို့ ယောက်ျားဘ၀ ပြန်ရရှိခဲ့ရပါတယ်။ ကန်တော့တောင်းပန်ခြင်း ကုသိုလ်ဥပဃာတကကံက မိန်းမဘ၀ဖြစ်နေရတဲ့ အကုသိုလ်ကံရဲ့အကျိုးတွေကို သတ်ဖြတ်ပစ်လိုက်တာပါပဲ။ ကုသိုလ်ကံအကျိုးပေးကို အကုသိုလ်ဥပဃာတကကံက သတ်ဖြတ်လိုက်တဲ့ ဥပမာတစ်ခုအနေနဲ့ ဗိမ္ဗိသာရမင်းကြီးကို ပြရလိမ့်မယ်။ ကုသိုလ်ကံကြောင့် မင်းဖြစ်တယ်။ ရှေးဘ၀တစ်ခုက ဘုရားရင်ပြင်တော်မှာ ဖိနပ်စီးခြင်း၊ သံဃာများအတွက်ခင်းထားတဲ့ ကော်ဇောပေါ်မှာ ခြေမဆေးဘဲတက်မိခြင်းဆိုတဲ့ အကုသိုလ်ကံက သတ်ဖြတ်လိုက်လို့ ခြေဖ၀ါး ဓားခွဲခံရခြင်း ဆားသိပ်ခံရခြင်းဆိုတဲ့ ဆိုးကျိုးတွေလဲဖြစ်၊ မင်းစည်းစိမ်ချမ်းသာလဲ ပျက်စီးခဲ့ရရရှာပါတယ်။

ဒီမှာပဲ ကိစ္စဆိုင်ရာ ကံ(၄)မျိုးလုံးကို ရှင်းလင်းတင်ပြလို့ ပြီးပါပြီ။ အကျိုးပေးပုံဆိုင်ရာ ကံလို့လဲ ခေါ်နိုင်ပါတယ်။ အကျိုးပေးပုံပေးနည်းအနေနဲ့ ဦးစားပေးပြီးတော့ ဒီကံလေးမျိုးက ပိုင်းခြားပြတာဖြစ်ပါတယ်။ ဒါကြောင့် ကံတွေ အကျိုးပေးတယ်ဆိုတာ ဘယ်ပုံဘယ်နည်း အကျိုးပေးတယ်လို့ ပုံသေမှတ်ထားလို့ မရပါဘူး။ ကံချင်းတူစေကာမူ တစ်ယောက်နဲ့ တစ်ယောက် အကျိုးပေးပုံချင်း မတူနိုင်ပါ။ အချိန်မတူလို့ အကျိုးပေးပုံချင်းမတူတာရှိသလို အကျိုးပေးပုံပေးနည်းမတူလို့ အကျိုးပေးကွဲနေတာလဲ ရှိပါတယ်။ ကံမကောင်းသေးရင် ကောင်းအောင်၊ ကောင်းနေရင် ပြန်ဆိုးမသွားအောင်၊ တိုးတက်ကောင်းမွန်လာအောင် ကြိုစားရင်းနဲ့ ဘ၀ကို ပဲ့ကိုင်ထိန်းကျောင်းသွားရင် သံသရာဝဲ သြဃထဲမှာ မျောလဲမမျော၊ နစ်လဲမနစ်မြုပ်နိုင်ဘူးလို့ ယုံကြည်လျက် သံသရာရေယျဉ်ကြောမှာ ဘ၀လှေကို မောင်းနှင်ကြရပါမယ်။

Dr. V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.