Wednesday, January 19, 2011

ကံအယူအဆ (၉)

အပိုင်း (ဂ)

(၈) ဓမ္မဿဝန - တရားနာခြင်း။ တရားနာတာလဲ ကုသိုလ်ရတဲ့အလုပ်ပါ။ အားတဲ့အချိန်တရားနာပါ။ ကိုအနှစ်သက်ဆုံးတရားတွေကို ရွေးချယ်ပြီးတော့ နာပါ။ CD၊ DVD၊ Online ခေတ်ဆိုတော့ တရားနာရတာ အင်မတန်လွယ်ကူပါတယ်။ ဘုန်းကြီးမရှိတဲ့အရပ်မှာနေရစေကာမူ တရားနာလို့ ဖြစ်ပါတယ်။ အထူးသဖြင့် အကြံပြုလိုတာကတော့ ပညာအခြေခံကောင်းတဲ့ ဆရာတော်တွေရဲ့ တရားကို အဓိကထာားနာပါ။ ဒါမှ မလွဲနိုင်မှာဖြစ်ပါတယ်။ ဘုရားရှင်အလိုကျအောင် ဟောကြားထားတဲ့ တရားတော်တွေကိုသာ ရွေးချယ်နာကြားရမှာပါ။ ဟောတဲ့သူက အပြောကောင်းကောင်းနဲ့ သူလိုရာ ဆွဲဆောင်ပြီး မှားယွင်းတဲ့အယူအဆတွေ ဟောသွားတာကို နာယူလိုက်ရလို့ အကြိုက်တွေ့သွားပြီး ကိုယ်ပါ အယူအဆ တိမ်းပါးလောက်အောင် မှားယွင်းသွားရင် တရားနာရတာကြောင့် ကုသိုလ်မရဘဲ မိစ္ဆာဒိဋ္ဌိပင် ဖြစ်သွားနိုင်တယ်။ လူတွေဆိုတာက ဘာသာရေးအခြေခံ နဲတော့ ဘုန်းကြီးဟောတာ မှန်သလား မှားသလား ဆုံးဖြတ်ချက် ချနိုင်ဖို့ မလွယ်ဘူး။ အမှန်တရားကို ဟောတဲ့ ဓမ္မကထိကနောက်လိုက်မိရင် မဆိုးဘူး။ မမှန်တဲ့တရားကို ဟောတဲ့ ဓမ္မကထိကနောက်များလိုက်နေမိရင် မှားလို့မှ မှားမှန်းမသိတဲ့ အဖြစ်မျိုးနဲ့ တိုး ကိုယ်ကျိုးနဲရတတ်တယ်။ ဒါကြောင့် ဓမ္မကထိကနောက်ကိုလိုက်ဖို့ထက် ဓမ္မနောက်ကိုသာ လိုက်မိဖို့ သတိထားရပါမယ်။ တရားနာရင် ကုသိုလ်ရတယ်ဆိုပေမယ့် တရားနာ မှန်ဖို့နဲ့ အမှန်တရားကို ရွေးချယ်နာတတ်ဖို့တော့ လိုအပ်ပါတယ်။ အသံကောင်းလို့ကြိုက်၊ ရုပ်ချောလို့ကြိုက်ဆိုတဲ့ တရားအကြိုက်မျိုးတွေနဲ့သာ တရားလိုက်နာနေမယ်ဆိုရင် အမှန်တရားတော့တွေ့မှာမဟုတ်ဘူး။ အဲဒီဘုန်းကြီးပဲ တွေ့နေရမှာ။ အမှန်တရားကို ကြိုက်တတ်မှ တရားအကြိုက်မှန်ပါလိမ့်မယ်။

(၉) ဓမ္မဒေသနာ- တရားဟောခြင်း။ တရားဟောတာကလဲ ကုသိုလ်ရတဲ့အလုပ်ပါပဲ။ ဒီနေရာမှာ ဘုန်းကြီးတွေမှ တရားဟောရတယ်လို့ မှတ်မထားရဘူး။ ကိုယ်သိထားတဲ့တရားသဘောလေးတွေကို ကိုယ်နားလည်သလို ပြန်ပြောပြတာ၊ ပြန်ရှင်းပြတာ၊ သင်ပြပေးနေတာ၊ ကိုယ်သိထားတာတွေကို ပြန်လည်ရေးသားနေတာတွေဟာလဲ တရားဟောနေတာပါပဲ။ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ဘာသာရေးဗဟုသုတ မရှိသေးတဲ့သူတွေကို ကြုံရင် ကြုံသလို ပြောပြသွားတာဟာ တရားဟောနေတာပါပဲ။ လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမနေတာဟာလဲ တရားဟောနေတာပါပဲ။ ကိုယ်သိရှိထားတဲ့ ဘာသာရေးအသိဉာဏ်တွေကို ရေးသားဖြန့်ဝေနေတာ ဓမ္မဒါနပါပဲ။ စာပေတကယ်သင်ကြားနေတဲ့နေရာ၊ လိုအပ်နေတဲ့နေရာမှာ ပိဋကတ်သုံးပုံလှူတာလဲ ဓမ္မဒါနပါပဲ။ တရားပွဲတွေ ဖြစ်မြောက်အောင် ဖန်တီးနေကြတာလဲ ဓမ္မဒါနပါပဲ။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဓမ္မဒါနကုသိုလ်ကို ရအောင်ယူနိုင်ပါတယ်။

(၁၀) ဒိဋ္ဌိဇုကမ္မ - အယူဖြောင့်မှန်ခြင်း။ အခြေခံအနေနဲ့ ပြောနေတာဖြစ်တော့ အယူဖြောင့်မှန်ဖို့အတွက် ရတနာသုံးပါးယုံကြည်မှု၊ ကံ ကံရဲ့အကျိုးယုံကြည်မှု (ကမ္မဿကတာသမ္မာဒိဋ္ဌိ) ရှိထားရင် အယူဖြောင့်မှန်နေပါပြီ။ ကိုယ်လက်လှမ်းမမီသေးတဲ့ သက္ကာယဒိဋ္ဌိတွေ အသာထားလိုက်ဦး။ ၀ိပဿနာမလုပ်နိုင်သေးခင်မှာတော့ အခြေခံယုံကြည်မှုလေးကိုသာ အဓိကစဉ်းစားထားပါ။ အခုပြောခဲ့တဲ့ ကုသိုလ်ရကြောင်း (၁၀)ချက်ထဲမှာ ဒီအချက်ဟာ အရေးအကြီးဆုံးပဲ။ ဒီယုံကြည်ချက် ပျက်သွားရင် ဗုဒ္ဓဘာသာဆိုသော်လဲ ဘာသာခြားတစ်ယောက်လို ဖြစ်သွားတော့တယ်။ အယူမမှန်ဘဲ ကျန်တဲ့ ကုသိုလ်ရကြောင်း အလုပ်တွေ လုပ်ပင်လုပ်ပေမယ့် လုပ်သလောက် အကျိုးသက်ရောက်မှု မရှိနိုင်တော့ဘူး။ အကျိုးမရှိဘူးလို့တော့ ပြောလို့မရဘူး။ သာသနာပမှာ ကုသိုလ်ပြုရသလိုမျိုးဖြစ်သွားတယ်။ အကျိုးပေးထက်သန်မှု နဲသွားတာပေါ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ ကုသိုလ်တွေရဲ့ အကျိုးအာနိသင်တွေ ထက်ထက်မြက်မြက် ရချင်တယ်ဆိုရင် ရတနာသုံးပါးနဲ့ ကံယုံကြည်မှု (ဒိဋ္ဌိဇုကမ္မလို့ခေါ်တဲ့ အခြေခံ သမ္မာဒိဋ္ဌိ) လေးကိုသာ ခိုင်မြဲအောင် ထိန်းသိမ်းထားလိုက်ပါ။ ဒီလို ခိုင်မြဲတဲ့ယုံကြည်မှုနဲ့ ထက်သန်တဲ့စေတနာလေးထားပြီး ကုသိုလ်ရကြောင်း လုပ်ငန်း(၁၀)မျိုး တစ်မျိုးမျိုးကို ပြုလုပ်မယ်ဆိုရင် ကုသိုလ်ကံစွမ်းတွေ ထက်မြက်လာမှာပါ။ အစွမ်းထက်တဲ့ကုသိုလ်တွေ များများလုပ်ထားလေ ကိုယ့်ကံဟာ ကောင်းသထက်ကောင်းလေ ဖြစ်ပါတယ်။

အခုပြောခဲ့တဲ့ ကုသိုလ်ရကြောင်း (၁၀)ချက်ကို အားလုံးမဟုတ်တောင် ကိုယ်နိုင်သလောက်တော့ ဖြည့်ကျင့်ထားဖို့ လိုအပ်ပါတယ်။ များများဖြည့်ကျင့်နိုင်လေ ကုသိုလ်ကံတွေ အင်အားကောင်းလေ ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ကုသိုလ်ပေါင်းစုံအောင် ပြုလုပ်ခဲ့ပြီး ပါရမီတွေ ဖြည့်ဆည်းခဲ့တဲ့ ကုသိုလ်ကံအင်အားတွေကြောင့် ဘုရားမဖြစ်မီ အလောင်းတော်ဘ၀ကတည်းက တစ်လောကလုံးမှာ အတုမရှိ ပြိုင်စံရှားပုဂ္ဂိုလ်အဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တာပါ။ ကုသိုလ်ကံတွေက ဘုရားရှင်မှာ နောက်ဘ၀အကျိုးပေးစရာမရှိတော့ ဒီဘ၀မှာပဲ အကောင်းကံ အားလုံးစုပေါင်းပြီး ဟာကွက်မကျန်အောင်၊ လိုတာထက်ပင် ပိုကဲနေအောင် ဘက်စုံ ထောင့်စုံကနေ အကျိုးပေးလိုက်ကြတာပါပဲ။ ဒါကြောင့် ဖွံ့ဖွံ့ဖြိုးဖြိုး ဘက်စုံအကျိုးပေးဖို့အတွက် ကုသိုလ်ရမယ့်အရာ မှန်သမျှ စုံနိုင်သမျှ စုံလင်အောင် ကိုယ်လက်လှမ်းမီရာ ပြုလုပ်ထားကြမယ်ဆိုရင်တော့ အကောင်းတကာ့ အကောင်းဆုံးပါပဲ။

Dr. V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.