Saturday, January 1, 2011

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၉)

မနေ့က ဒီဃဇာဏုသုတ္တန်လာ ကြီးပွားကြောင်းတရား(၄)ချက်ကို ဆွေးနွေးခဲ့တာ မပြတ်သေးဘူး။ ဘုရားရှင်က စီးပွားတိုးတက်ကြောင်းသာ ဟောခဲ့တာမဟုတ်ဘူး။ ဆုတ်ယုတ်ကြောင်းတွေကိုပါ ဒီသုတ္တန်မှာ ဟောပြခဲ့တာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ စီးပွားရေး တိုးတက်လာပြီဆိုရင် သတိထားဖို့ လိုအပ်တဲ့အချက်လေးတွေပေါ့။ သတိထားရမယ့်အချက်တွေ သတိလက်လွတ် ဖြစ်သွားရင်လဲ တက်လာတဲ့ စီးပွားရေးက ကမောက်ကမနဲ့ ရေရှည်မခံဘူး။ ဒါကြောင့် ကိုယ်တိုင် ကြိုးစားရှာဖွေထားလို့ ရလာတဲ့ စီးပွားဥစ္စာတွေကို ရေရှည် တည်မြဲရေးအတွက် ရှောင်ကြဉ်သင့်တာတွေ ရှောင်ကြဉ်ဖို့ ဘုရားဟောတဲ့ စီးပွားပျက်ကြောင်း (၄)ချက် တင်ပြပေးမယ်။

(၁) ဣတ္ထိဓုတ္တ- မိန်းမလိုက်စားခြင်း။ အပျော်လိုက်စားခြင်းပါပဲ။ စီးပွားရေးကောင်းလာပြီဆိုရင် တစ်ယောက်က နှစ်ယောက်ဆိုသလို လက်တဲ့စမ်းချင်တဲ့ သဘောလေးတွေ ရှိတယ်။ ၀င်ငွေကောင်းလာပြီဆိုရင် အခွင့်အရေးက သာလာတော့ နဂိုကမှ အလိုလို ယိုင်ချင်တဲ့စိတ်ကို သတိနဲ့သာ မထိန်းလို့ကတော့ ဆွဲရာပါသွားမှာပဲ။ ဒါဆိုရင် တစ်ယောက်အတွက်တောင် မလောက်နိုင်တဲ့ဝင်ငွေက နှစ်ယောက်အတွက်ဖြစ်လာရင် မလွယ်တော့ဘူးသာ မှတ်ပေတော့။ တော်ရုံတန်ရုံဝင်ငွေနဲ့တော့ လက်တဲ့မစမ်းလေနဲ့။ ဘုရားက ယောက်ျားတွေကို ဗဟိုပြုဟောခဲ့တာဖြစ်လို့ ဣတ္ထိဓုတ္တ- မ မလိုက်စားနဲ့ လို့ဟောတာ၊ အမျိုးသမီးတွေအတွက်လဲ ဒီနေရာမှာ ပုရိသဓုတ္တ- ကျားမလိုက်စားနဲ့ လို့ ဖြည့်စွက်နားလည်ရမှာပါပဲ။ အမျိုးသားက မ လိုက်စားလို့ စီးပွားပျက်သွားတာတွေ လောကမှာ ရှိသလို အမျိုးသမီး ကျားလိုက်စားလို့ စီးပွားပျက်သွားတာတွေကလဲ လောကမှာ သက်သေထူလို့ရနေတယ်လေ။ ဒါကြောင့် ကျား/မ မလိုက်စားနဲ့၊ လိုက်စားရင် စီးပွားပျက်တယ်ဆိုတာ မှတ်လိုက်ပါ။

(၂) သုရာဓုတ္တ- အသောက်အစား လွန်ကဲခြင်း။ အလွန်အကျွံသောက်တာကို အဓိကရည်ရွယ်တာပါ။ သောက်တယ် ဆိုတာကတော့ နဲနဲလဲ မကောင်းဘူး၊ များများလဲမကောင်းဘူး။ ဒါပေမယ့် အလုပ်ပျက် အကိုင်ပျက်လောက်အောင် သောက်တာမျိုးနဲ့ အချိန်ကုန်နေရင် ဒီပုဂ္ဂိုလ် စီးပွားရေး နာလန်မထူတော့ဘူး။ အသောက်အစား မလွန်ကဲနဲ့၊ လွန်ကဲရင်တော့ စီးပွားပျက်လိမ့်မယ်။

(၃) အက္ခဓုတ္တ- လောင်းကစား လွန်ကဲခြင်း။ အလွန်အကြူး ၀ါသနာပါတာကို ပြောတာပါ။ ဖဲရိုက်တာ၊ ဂျင်ထိုးတာ၊ နှစ်လုံး သုံးလုံးထိုးတာ၊ ဘောပွဲလောင်းတာ၊ ခြောက်ကောင်၊ (၃၆) ကောင် စသည်ဖြင့်ပေါ့။ မြန်မာနိုင်ငံအနေနဲ့ ပြောရရင် ဒါတွေ ထောက်ပြရမှာပါပဲ။ ဒီလောင်းကစားမျိုးတွေထဲက တစ်မျိုးမျိုးသာ အလွန်အကဲ လုပ်ကြည့်ပါ။ ကိုယ့်ရှိတာ မကုန်တော့ ပြောချင်တိုင်းပြော။ ဥပမာ- တစ်လလုံး လုပ်မှ ငါးသောင်း ခြောက်သောင်း ရတဲ့ငွေကို လောင်းကစားထဲသာ ထည့်လိုက်မယ်ဆိုရင် တစ်ခဏနဲ့ ကုန်တယ်။ ဘယ်လောက်နောင်တ ရစရာကောင်းလဲ စဉ်းစားကြည့်။ ရမှာကို မျှော်မှန်းပြီး ကိုယ့်လက်ထဲ ရှိပြီးသားငွေလေးတွေ အရင်ပေးလိုက်ရတာ။ လောဘဦးစီးနေတော့ မပေါက်နိုင်ဘူးလို့ မတွက်တော့ဘူး။ ကျိန်းသေ ပေါက်ရမယ်ဆိုတဲ့ တွက်ကိန်းနဲ့ လုပ်နေကြတာလေ။ ဒီလို ထိုးလိုက်လို့ မပေါက်များ မပေါက်ခဲ့ရင်ဆိုပြီး ပြောင်းပြန် ပြန်ပြီးတော့သာ တွေးကြည့်လိုက်။ လောင်းကစား လုပ်ရက်စရာကို မရှိဘူး။ ကိုယ့်ချွေးနှဲစာနဲ့ ရှာထားရတဲ့ ငွေတွေ ဖြတ်ပိုင်းလေးတစ်ရွက်နဲ့ အကုန်ပါသွားတာ။ စဉ်းစားကြည့်လိုက်ရင် ရထုမနာဖြစ်ရပ်ကြီးပဲ။ ဒါပေမယ့် လောင်းကစားအားသန်သူတွေကတော့ ဒါတွေ ဘယ်တွေးနိုင်မလဲ။ တစ်ခါမပေါက် တစ်ခါပေါက်ရမယ် ဆိုတဲ့ ဇွဲနဲ့ ရှိတာ အကုန်ထိုး။ အကုန်ပြောင်သွားတောင်မှ နောင်တလေး တစ်ချက်ရရကောင်းမှန်း မသိဘူး။ ဘာပဲဖြစ်ဖြစ် လောင်းကစားကြောင့် စီးပွားပျက်သွားကြတဲ့ သူတွေအများကြီးက သက်သေထူပြနေတယ်။ တစ်ယောက်စ နှစ်ယောက်စ ကံကောင်းထောက်မလို့ သို့မဟုတ် ဉာဏ်သုံးပြီးလုပ်လို့ ချမ်းသာနေတာလေးတွေ ရှားရှားပါးပါးရှိတာကို အားမကျလိုက်ပါနဲ့။ ကိုယ်က သူတို့လောက် ကံကောင်းသလား၊ ဉာဏ်ကောင်းသလားဆိုတာ ကိုယ့်ကိုယ်ကို အရင် ဆန်းစစ်ကြည့်လိုက်။ ဒါဆို လုပ်သင့်မလုပ်သင့် ချင့်ချိန်နိုင်လာလိမ့်မယ်။ ပြောနေရင် ကြာတယ်၊ ဘုရားဟောတဲ့အတိုင်းပဲ လောင်းကစား လိုက်စားရင် စီးပွားပျက်လိမ့်မယ်လို့သာ မှတ်လိုက်။

(၄) ပါပမိတ္တ- လူပေါင်းမှားခြင်း။ ဒါကတော့ မနေ့က ဆွေးနွေးတဲ့အထဲမှာလဲ ပါသင့်သလောက်ပါသွားပြီ။ မကောင်းတဲ့သူနဲ့ပေါင်းရင် မကောင်းတဲ့အကျင့်တွေ ကိုယ့်ထံ ကူးစက်တာပဲ။ ဓာတ်ကူးတဲ့သဘောပေါ့။ အရက်သမားနဲ့ ပေါင်းတော့ အရက်သောက်တတ်လာတယ်။ ဖဲသမားနဲ့ပေါင်းတော့ ဖဲရိုက်တတ်လာတယ်။ တံငါနားနီး တံငါ၊ မုတ်ဆိုးနားနီး မုတ်ဆိုးလို့သာ မှတ်လိုက်တော့။ ဤအရှင်ရဲ့ ဦးလေးတစ်ယောက်ရှိတယ်။ ရိုးတာမှ အင်မတန်ကို ရိုးပါတယ်။ ဒါပေမယ့် နွားကုန်သည်နဲ့ပေါင်းမိပြီး နွားကုန်သည်ဖြစ်သွားတယ်။ နွားကုန်ကူးတာ နောက်ပိုင်း သူ့ရှိတဲ့ နွားတွေပါ အကုန်ပြောင်သွားတယ်။ အစ်မရဲ့ယောက်ျား၊ ယောက်ဖတော်စပ်သူတစ်ယောက်က ရှိသေး။ သူကလဲ လူအေး။ နောက်ပိုင်းတော့ ဖဲသမားနဲ့ ပေါင်းမိသွားလို့ ထိုင်ပြီးရင် မထတော့တဲ့ ဖဲသမားလုံးလုံးလျားလျား ဖြစ်သွားတယ်။ ရှိသမျှ စီးပွား အကုန်ပြောင်လို့ ကြုံရာလုပ်စားရတဲ့ဘ၀ ရောက်သွားရှာတယ်။ ဒါတောင်မှ နောင်တမရဘူး၊ ကြုံရင် ကြုံသလို ရိုက်တတ်တဲ့အကျင့်က ပါနေတယ်။ စပ်မိတာနဲ့ ဆွေကောင်းမျိုးကောင်းတွေ ထုတ်ပြနေတာ။ ဘယ်လောက်ပင် ရိုးနေပါစေ၊ ဘယ်လောက်ပင် အေးနေပါစေ မကောင်းတဲ့သူနဲ့ ပေါင်းသင်းမိရင် အဲဒီလူရဲ့ အကျင့်စရိုက်တွေ အကုန်ကူးစက်သွားတာကို ပြောပြချင်တာပါ။ ကူးစက်ပြီးမှတော့ သူကိုယ်တိုင် နောင်တမရသရွေ့ ကုလို့မရတော့ဘူး။ ဒါကြောင့် လူပေါင်းမမှားဖို့ မပေါင်းခင်ကတည်းက သတိထားဆင်ခြင်ဖို့ လိုပါတယ်။ လိုရင်းအနေနဲ့ လူပေါင်းမှားရင်လဲ စီးပွားပျက်တတ်တယ်လို့ မှတ်လိုက်ပါ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူသားတွေကို စီးပွားရေးလဲ အဆင်ပြေ ချမ်းသာစေချင်လို့ ကိုယ့်ရှိတဲ့ စီးပွားဥစ္စာလဲ မပျောက်ပျက် မဆုံးရှုံးစေ ချင်လို့ ချမ်းသာကြောင်းသာမကပဲ ရှောင်ကြဉ်နိုင်ကြစေရန်အတွက် စီးပွားပျက်ပြားကြောင်း ကိုပါ ထည့်ဟောတော်မူခဲ့တာပါ။ ဒီ(၄)မျိုးကိုသာ လိုက်စားကြည့်၊ မွဲကိုမွဲရမယ်တဲ့။ (၄)မျိုးလုံးမပြောပါနဲ့၊ တစ်မျိုး နှစ်မျိုးလောက်နဲ့ကို စီးပွားပျက်ဖို့က ခိုင်လုံနေပါပြီ။ ဒီ(၄)မျိုးလိုက်စားရင် စီးပွားပျက်တယ်ဆိုတော့ မလိုက်စားပဲ ရှောင်ကြဉ်ရင် စီးပွားတက်တယ်လို့လဲ ပြောင်းပြန်ပြန်ပြီးနားလည်ရမယ်။ ဘုရားရှင်က ဥပမာပေးထားသေးတယ်။ ရေ၀င်ပေါက် (၄)ပေါက်၊ ရေထွက်ပေါက် (၄)ပေါက်ရှိတဲ့ရေကန်ကြီးကို ရေ၀င်ပေါက် (၄)ပေါက်ပိတ်၊ ရေထွက်ပေါက် (၄)ပေါက်ဖွင့်ထားရင် ကန်ထဲရှိသမျှ ရေတွေ အကုန် ကုန်သွားမယ်။ ဒီအတိုင်းပဲ ဒီ(၄)မျိုး လိုက်စားရင်တော့ ရှိသမျှ စီးပွား ကုန်သွားမယ်။ ရေ၀င်ပေါက် (၄)ပေါက်ဖွင့်၊ ရေထွက်ပေါက် (၄)ပေါက်ပိတ်ထားရင် ကန်ထဲရေတွေက မလျော့တဲ့အပြင် တိုး၍တိုး၍သာလာမယ်။ ဒီအတိုင်းပဲ ဒီ(၄)မျိုးကို ရှောင်ကြဉ်ရင်တော့ စီးပွားတိုးတက်မှာ သေချာတယ်တဲ့။ ဒီ(၄)မျိုးကို လိုက်စားရင် ရေထွက်ပေါက် ငွေထွက်ပေါက်တွေဖွင့်ထားတယ်၊ ဒီ(၄)မျိုး ရှောင်ကြည်နိုင်ရင် ရေ၀င်ပေါက်၊ ငွေဝင်ပေါက်တွေဖွင့်ထားတယ်လို့ နားလည်ရမယ်။ ဒါကြောင့် ဒီ(၄)မျိုး ရှောင်ကြဉ် နိုင်ပြီဆိုရင် လာဘ်ရွှင်လို့ ၀င်ငွေကောင်း၊ စီးပွားတက်ကြောင်းအစစ်ပဲ၊ ဘယ်ဗေဒင် ယတြာမှ သွားမေးမနေနဲ့။

ဒီ(၄)မျိုးလိုက်စားတာကို ဘုရားမကြိုက်ဘူးလို့ ကောက်ချက်ချလိုက်ပေါ့။ (ဘုရားရှင်ရဲ့ အလိုတော်နဲ့ မကိုက်ညီ ဘူးလို့ပြောတာပါ။ ဘုရားမကြိုက်ဘူးဆိုတော့ ဒေါသများဖြစ်နေသလားဆိုပြီး စောဒကတက်နေမှာစိုးလို့။) ဒီ(၄)မျိုး ရှောင်ကြဉ်တာဟာ ဘုရားရှင်ရဲ့အလိုတော်နဲ့ ကိုက်ညီတယ်။ ဒါကြောင့် ဘုရားမကြိုက်တာကို ရှောင်ကြဉ်ပြီး ဘုရားရှင် အလိုကျ နေထိုင်ကြမယ်ဆိုရင် စီးပွားပျက်စရာ အကြောင်းမရှိ၊ တိုးတက်စရာသာရှိတယ်လို့သာ မှတ်ယူလိုက်ပါ။

Dr. V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.