Sunday, January 9, 2011

ကံအယူအဆ (၆)

အပိုင်း (ခ)

လမ်းမကြီးဘေးက အိမ်တွေမှာ နေရသူတွေဆိုရင် ကားသံတွေ တစ်ဝီ၀ီနဲ့ပဲ၊ ဒီဆူညံသံတွေကို နားမခံသာဘူး။ သို့သော်လဲ ကိုယ့်အလုပ်က ဒီလို လမ်းမကြီးမျက်နှာစာမှာ လုပ်မှ အဆင်ပြေမှာမို့ မပြောင်းနိုင်မရွှေ့နိုင်ဘဲ အောင့်အည်းနေရတာတွေရှိတာပေါ့။ ဣန္ဒိယပြည်က နမူနာပြရမယ်ဆိုရင် မင်္ဂလာဆောင်တဲ့ကွင်းနားမှာ နေတဲ့ အိမ်တွေဟာ နားမချမ်းသာပါဘူး။ အသံချဲ့စက်တွေ ဆူညံနေအောင်ဖွင့်၊ မင်္ဂလာဆောင်ပြီးတာနဲ့ ဗျောက်အိုးတွေ အမြောက်သံလိုမြည်အောင် ဖောက်၊ တီးကြမှုတ်ကြ ဆိုကြနဲ့ တော်တော်ဆူညံတဲ့အသံတွေပါပဲ။ သို့သော်လဲ ကိုယ့်အိမ်က အဲဒီနားမှာပဲ ၀ယ်ထားလျက်သား ဖြစ်နေတော့၊ တစ်နေရာပြောင်းရွှေ့ဖို့ကလဲ အဆင်မပြေသေးတော့ မကြားလိုပေမယ့် မတတ်နိုင်တော့ဘူး။ နေသာသလို ကြည့်နေနေရတာပေါ့။ ကိုယ်နှစ်သက်တဲ့အသံလေးတွေ ကြားနေရတာတွေလဲ အတိတ်အကြောင်း မကင်းခဲ့ဘူး လို့ နားလည်လိုက်ပါ။

သုဿာန်က အညှော်နံ့က နှာခေါင်းလာမိတ်ဆက်နေတဲ့ ၀န်းကျင်မှာ နေထိုင်ရသူတွေလဲ ရှိတာပဲ။ ရေပုပ်မြောင်းက အနံ့အသက်ဆိုးတွေ မလွှဲသာမရှောင်သာ ရှူရှိုက်နေရတဲ့သူတွေလဲ ရှိတာပဲ။ ဘယ်သူမှ မတတ်နိုင်ဘူး။ ခံစားရသူကိုယ်တိုင်လဲ မတတ်နိုင်ဘူး။ ဒီနားကနေ ဝေးရာ ပြောင်းရွှေ့ဖို့မှာလဲ တစ်ခုမဟုတ် တစ်ခုဆိုသလို မဖြစ်နိုင်တဲ့ အကြောင်းတွေ ထောက်ဆရမယ့်အကြောင်းတွေ ရှိနေတော့ ဒီလိုနဲ့ပဲ ရှူရင်းနဲ့ ရှိုက်၊ ရှိုက်ရင်းနဲ့ ရှူနေကြရတဲ့သူတွေ ရှိပါတယ်။ သူတို့နဲ့ စာရင် အနံ့အညှော်ကင်းတဲ့နေရာ နေရတဲ့သူတွေကတော့ ကံတွေ ကောင်းကြတာပေါ့။ ဒါပေမယ့် ဒီကံသာ ကောင်းမှာပါ၊ ကျန်တဲ့ ကံတွေကတော့ မတူကြဘူး။ ကံဆိုတာ တစ်ခုကောင်းပေမယ့် အခြားကံတစ်ခုက ဆိုးနေတတ်တဲ့ သဘောပဲ။ မိန်းမရတော့ ကံကောင်းတယ်၊ သားသမီး ကံမကောင်းဘူး ဆိုတာမျိုးလိုပေါ့။ ဘက်စုံက ကံတွေကောင်းနေဖို့အတွက်တော့ ကုသိုလ်တွေကို ဘက်စုံကနေ ပြုထားမိဖို့လိုပါလိမ့်မယ်။ ကုသိုလ်တစ်ခုတည်းကတော့ ဘက်စုံပြည့်ဝတဲ့ ကောင်းကျိုးတွေ ပေးနိုင်မှာ မဟုတ်ပါဘူး။

အစားအသောက်နဲ့ ပတ်သက်လို့လဲ ရှောင်လွှဲမရတော့လို့ ဆန်ကြမ်းကို ဆန်ကောင်းလုပ် စားနေရတဲ့သူတွေ၊ ပေါင်မုန့်နဲ့ တစ်နေ့တာ အသက်ဆက်နေရတဲ့သူတွေ တွေ့ဖူးကြမှာပါ။ ဒီလိုမှ မစားရင် မဖြစ်တော့လို့ ဒီလိုပဲ စားနေကြရတာလေ။ ဟိုလူ့ကြောင့် ဒီလူ့ကြောင့် ဟိုအစိုးရကြောင့် ဘာညာဆိုတာတွေက အပဟိက အကြောင်းတွေပါ။ တကယ်တမ်းဆန်းစစ်ကြည့်တော့ ကိုယ့်အကြောင်းကသာ အဓိက ကျနေတယ်။ အဲဒါ ကံပဲ။ စားကောင်းသောက်ဖွယ်တွေ စားနေခွင့်ရသူတွေကတော့ ဒါ ကံကောင်းသူတွေလို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားလိုက်ပါ။ ကိုယ်လို မစားနိုင်တဲ့၊ စားချင်ပေမယ့် မစားရတဲ့ သူတွေ အများအပြားရှိနေပါတယ်။

မကြိုက်တဲ့ အတွေ့အထိဆိုးတွေ ခံစားနေကြရတဲ့သူတွေလဲ ရှိတယ်။ လူတိုင်း အကောင်းပဲ တွေ့ထိချင်တာပေါ့။ ဒါပေမယ့် အခြေအနေရ မကောင်းတဲ့ အတွေ့ဆိုတာလဲ တွေ့လိုက်ရတာပဲ။ ဘယ်သူ ခြေထောက်ကျိုးချင်မလဲ။ ဒါပေမယ့် ကံမသင့်လို့ ချော်လဲတော့ ခြေထောက်ကျိုး စစ်တီးရိုးထည့်ထားရတာတွေ တစ်ပုံကြီး။ ဘယ်သူ အရိုက်ခံချင်ပါ့မလဲ။ သို့သော် မတတ်သာလို့ အနှိပ်စက်ခံနေကြရတဲ့သူတွေ၊ ဘယ်သူ အလုပ်ကြမ်းတွေ လုပ်ချင်ပါ့မလဲ၊ သို့သော် မလုပ်ရင် မနေရလို့၊ မလုပ်ရင် မစားရမှာမို့ ကူလီထမ်းနေရတာတွေ၊ ဆိုက္ကားနင်းနေရတာတွေ၊ သူများအနှိမ်ခံနေရတာတွေ၊ မြေတူးနေရတာတွေ စသည်ဖြင့် ပြောရင်လဲ ပြောလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ ခြုံပြောလိုက်ရင်တော့ ကာမဂုဏ်ငါးပါး အာရုံတရားတွေ အကောင်းနဲ့ ပိုင်ဆိုင်ခံစားခွင့်ရတာ၊ အဆိုးနဲ့ ပက်ပင်းတိုးနေရတာတွေဟာ အတိတ်အကြောင်းဖြစ်တဲ့ ဇနကကံရဲ့ လွှမ်းမိုးမှုတွေ တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်နေတယ်လို့သာ ကောက်ချက်ချလိုက်ပါ။

(ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.