သံသရာစက်ဝိုင်း
စက်ဝိုင်းကြီးက အတိတ်သံသရာရယ်၊ လက်ရှိသံသရာရယ်၊ နောင်သံသရာရယ် ပြနေပါတယ်။ နောင်သံသရာမဆက်ချင်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာလည်း စက်ဝိုင်းကပဲ ပြနေပါတယ်။ အကွက်(၁)က လွန်ခဲ့တဲ့ဘ၀ ဖြစ်စဉ်ပါပဲ။ အတိတ်အကြောင်း ငါးပါးလို့ဖော်ပြထားတယ်။ အတိတ်က ဘာနဲ့ နေခဲ့ကြရတာလဲဆိုရင် သစ္စာမသိတဲ့အဝိဇ္ဇာနဲ့ နေခဲ့ကြတာ။
သစ္စာမသိတော့ မုဆိုး တံငါလည်းလုပ်ခဲ့ကြတာပဲ။ မုဆိုးတံငါလုပ်ရင် (၂)အကွက် ဒုက္ခသစ္စာရမယ်ဆိုတာကို မသိဘူး။ မသိလို့ လုပ်တော့ ဒီဘက်မှာ ခန္ဓာငါးပါး ပေါ်တယ်။ ရှေးက မုဆိုးတံငါလုပ်၊ မုသားတွေပြော၊ လိမ်လည်ကောက်ကျစ် ရောင်းဝယ်ဖောက်ကားနဲ့ လုပ်မိကိုင်မိခဲ့ကြသောကြောင့် ဒုက္ခသစ္စာကို ရလာတာ။ မသိတဲ့အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရတွေလုပ်၊ တဏှာ ဥပါဒါန်တွေနဲ့ စွဲလမ်း၊ ကာယကံ ဝစီကံတွေအားထုတ်။ သေသည်၏အခြားမဲ့၌ ဒီဘက်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပဋိစ္စသမုပ္ပါဒ်တရား ငါးမျိုးနဲ့ဆက်သွယ်လာတယ်။ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာ ဆက်သွယ်သွားတာ။ မသိလို့ ပြုလုပ်၊ ပြုလုပ်တော့ ဒုက္ခသစ္စာရတယ်။ မသိတာက အဝိဇ္ဇာ၊ ပြုလုပ်တာက သင်္ခါရ၊ အကုသိုလ်သင်္ခါရ။ သင်္ခါရကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာကြီး ရတယ်၊ အပါယ်လေးပါး ခန္ဓာငါးပါးကြီးရတာ။ ကုသိုလ်တွေလုပ်ပြန်တော့လည်း ဒုက္ခသစ္စာရမယ်ဆိုတာ မသိဘဲနဲ့လုပ်ခဲ့သောကြောင့် ယခုရရှိထားတဲ့ ခန္ဓာငါးပါးဟာ ဇာတိ ဇရာမရဏတွေနဲ့ ဆက်သွယ်နေရတယ်။ ဒုက္ခသစ္စာကြီးရထားတာဆိုတာ ငြင်းလို့မရပါဘူး။ သစ္စာမသိဘဲ ဈာန်သမာပတ်တွေ အားထုတ်ပြန်တော့ ဗြဟ္မာခန္ဓာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေ ရတယ်။ ဒါလည်း ဒုက္ခသစ္စာပဲ။ ဒါဖြင့် အပါယ်ဘုံ၊ လူ့ဘုံ၊ နတ်ဗြဟ္မာဘုံတွေအားလုံးမှာ အဝိဇ္ဇာ သင်္ခါရ ခြယ်လှယ်နေတယ်လို့သာ မှတ်လိုက်တော့။ အဝိဇ္ဇာ သင်္ခါရသာ ရှိလို့ရှိရင်တော့ (၃၁)ဘုံခန္ဓာသာဖြစ်လိမ့်မယ်။ ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာပဲ။
(၁)လုပ်ခဲ့သောကြောင့် (၂)ဖြစ်တယ်။ (၁) ဘယ်တုံးက လုပ်ခဲ့တာလဲဆိုရင် အတိတ်ကာလ၊ ဒါကြောင့် အတိတ်အကြောင်းတစ်လွှာလို့ ရေးထားတယ်။ ဘာသစ္စာလုပ်ခဲ့ကြသလဲဆိုတော့ သမုဒယသစ္စာ။ သမုဒယသစ္စာ ဘယ်နှစ်ပါးလုပ်ခဲ့တာလဲဆိုတော့ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝ- ငါးပါး။ ဒီသမုဒယသစ္စာငါးခု ကြိုးစားခဲ့ကြတဲ့အတွက် အခု (၂)အကွက်ထဲမှာ ဒုက္ခသစ္စာ ငါးခုပြန်ရတယ်။ အခု ဒုက္ခသစ္စာနဲ့ အတူနေနေရတာ သေချာနေပြီ။ ဒါဖြင့် အဝိဇ္ဇာမချုပ်သရွေ့ ဒုက္ခသစ္စာပဲ ပြန်ပြန်ရနေမယ်။ ဒီဒုက္ခသစ္စာ ငါးပါးဟာ ပစ္စုပ္ပန်အကျိုးတရား ငါးပါးပဲ။ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝဆိုတဲ့ အကြောင်းငါးခုက ပေးလိုက်လို့ ရလာတဲ့ ပစ္စုပ္ပန်အကျိုးတရားငါးပါး။ သစ္စာအနေနဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာ။ ဒီဒုက္ခသစ္စာနဲ့ အတူနေနေရသမျှတော့ ဒုက္ခတွေ ပင်လယ်ဝေနေအောင် ခံရတာ ဘာမှအကြောင်း မဆန်းဘူး။ ဒါပေမယ့် ဒီလို ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ကြားထဲက ဒုက္ခဖြစ်ကြောင်းတွေ ထပ်အားမထုတ်ဘဲ ဒုက္ခလွတ်ကြောင်းကိုသာ အားထုတ်ဖို့ အရေးကြီးတယ်။ ဒုက္ခတွေနဲ့ နေရတဲ့ကြားထဲမှာ ဒုက္ခဖြစ်ကြောင်းကိုထပ်အားထုတ်ဦးမယ်ဆိုရင်တော့…။
ဒါဖြင့် (၂)နံပါတ်ထဲက အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝတွေ ထပ်ပြီးမပေါက်ပွားဖို့အရေးကြီးတယ်။ (၂)နံပါတ်မှာ အခုရောက်နေတာ။ ကိုယ့်ခန္ဓာကိုယ်ကို ဝိပဿနာမရှုတော့ မသိဘူး။ မသိတော့ အဝိဇ္ဇာနဲ့နေရတယ်။ (၂)နံပါတ်ထဲမှာ နေရင်း အဝိဇ္ဇာတိုးလာတယ်။ အဝိဇ္ဇာမျိုးစေ့တစ်စေ့ ခန္ဓာပင်ကြီးက သီးပွင့်လာတယ်။ အဝိဇ္ဇာ ဦးစီးပြီး လှုတာတန်းတာ၊ ကုသိုလ်လေးတွေ လုပ်တော့ သင်္ခါရ သီးပွင့်လာပြန်တယ်။ သားသမီး ဆွေမျိုး ပစ္စည်းဥစ္စာ ခင်မင်ကြတော့ (၂)နံပါတ် ခန္ဓာပင်ကြီးက ခင်စိတ် တဏှာ သီးပွင့်လာတယ်။ စွဲလမ်းစိတ် ဥပါဒါန် သီးပွင့်လာပြန်တယ်။ ကာယကံ ဝစီကံနဲ့ အားထုတ်တော့ ကမ္မဘ၀ သီးပွင့်လာတယ်။ အတိတ်အကြောင်းငါးခုလိုပဲ ပစ္စုပ္ပန်အကြောင်းတရားလည်း ငါးခုပေါ်လာတယ်။ ဒါဟာ ယခုလက်ရှိခန္ဓာက ပေါက်ပွားလာတာ။ ယခုလက်ရှိခန္ဓာကိုယ်က ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာထဲက သမုဒယသစ္စာဆိုတဲ့ အသီးအပွင့်တွေ ပေါက်ပွားလာပြန်တယ်။ (၃)နံပါတ်တရားတွေ ပေါ်လာတာ။ ဒုက္ခပင်က ဒုက္ခသီးတွေ သီး ဒုက္ခပွင့်တွေ ထပ်ပွင့်တာပဲ။ (၂)နဲ့ (၃)လဲ စပ်သွားတယ်။ စပ်သွားတော့ နောက်လာမယ့် ခန္ဓာနဲ့ ဆက်ဦးမယ်ဆိုတာ သေချာတယ်။ ဒီသမုဒယသစ္စာမပေါက်ပွားလို့ရှိရင် အနာဂတ်ဘ၀ မဆက်ဘူး။ ဒါဖြင့် ပစ္စုပ္ပန်အကြောင်းအခြင်းအရာငါးပါး ပေါက်ပွားတဲ့အတွက် သေရင် ဟောဒီအနာဂတ်ဘဝနဲ့ ဆက်မယ်။ အနာဂတ်အကျိုးတစ်လွှာဆိုတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုပြီး ခန္ဓာငါးပါး ပြန်ပေါ်မယ်။ ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာပဲ။ ဒီဒုက္ခသစ္စာ အလိုလိုပေါ်တာလားဆိုရင် ပစ္စုပ္ပန်ခန္ဓာထဲက သီးပွင့်လာတဲ့ တဏှာ ဥပါဒါန် ကမ္မဘဝကြောင့်ပေါ်လာရတာ။ ပစ္စုပ္ပန်ခန္ဓာ ဒုက္ခသစ္စာပင်ကြီးက သီးပွင့်နေတဲ့အတွက်ကြောင့် အနာဂတ်ဘ၀ ခန္ဓာဒုက္ခသစ္စာနဲ့ ဆက်ရတယ်ဆိုတာ မြားက ပြနေတာ။ အနာဂတ်ခန္ဓာ ဒုက္ခသစ္စာ- ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာမရဏတွေ လာပါလိ့မယ်။ အတိတ်ကြောင့်လည်း ဒုက္ခသစ္စာ ရခဲ့တယ်။ ပစ္စုပ္ပန်ကြောင့်လည်း တစ်ခါ ဒုက္ခသစ္စာထပ်ရပြန်တော့ ဒုက္ခသစ္စာနှစ်ကြိမ်ရှိသွားပြီ။ နောင်လည်း ဒီအတိုင်းပဲ ပြန်ပတ်မယ်ဆိုရင် ဒီ သံသရာစက်ဝိုင်းကြီးက လှည့်ပြီးရင်းလှည့်ရင်း ဆုံးနိုင်မှာမဟုတ်တော့ဘူး။ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာတွေသာ လှည့်နေမယ်။
သမုဒယသစ္စာက လောင်တတ်တဲ့မီး။ ဒုက္ခသစ္စာက လောင်စာ။ ဘာတွေလှည့်နေလဲဆိုရင် လောင်မီးနဲ့လောင်စာပဲ လှည့်နေတယ်။ လောင်မီးက သမုဒယသစ္စာ၊ လောင်စာက ခန္ဓာငါးပါး ဒုက္ခသစ္စာ။ လောင်စာထဲက လောင်မီးပေါ်၊ လောင်မီးပေါ်တော့ လောင်စာပြန်ဖြစ်။ တစ်သံသရာလုံး ဘာဖြစ်ခဲ့ကြလဲဆိုတော့ လောင်မီးနဲ့ လောင်စာပဲ ဖြစ်ခဲ့ကြတယ်လို့ ဆုံးဖြတ်ချက်ချလိုက်။ ဒီလောင်စာတွေထဲကပဲ လောင်မီးတွေ ပြန်ထွက်၊ လောင်မီးထွက်တော့ နောက်လောင်စာတွေ ပြန်ပေါ်။ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးပေါ်၊ ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်အကျိုးပေါ်တယ်။ ဒါဖြင့် ရှေးတုန်းက ဘာဖြစ်ခဲ့ကြပါလိမ့်မလဲဆိုရင် အကြောင်း အကျိုးပဲ ဖြစ်ခဲ့ကြတယ်။ ယောက်ျားမိန်းမဆိုတာ မပါဘူး။ အကြောင်း အကျိုးတွေချည်းလှည့်နေတယ်။ လောင်မီးနဲ့ လောင်စာပဲ လှည့်နေတယ်။ သမုဒယနဲ့ ဒုက္ခသာလှည့်နေခဲ့တယ်။ မဂ္ဂနဲ့ နိရောဓ တစ်သံသရာလုံး ဘယ်ဘဝမှာမှ မပါခဲ့ဘူး။
အတိတ်အကြောင်းက အဝိဇ္ဇာ သင်္ခါရ။ ပစ္စုပ္ပန်အကျိုးက ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။ ပစ္စုပ္ပန်အကြောင်းက တဏှာ ဥပါဒါန် ကမ္မဘဝ။ အနာဂတ်အကျိုးက ဇာတိ ဇရာမရဏ။ သံသရာစက်ဝိုင်းက ဒီလိုချည်းသာ လှည့်နေတယ်။ ဘာကြောင့် ဒီလိုလှည့်နေတာလဲဆိုရင် အစပ်ကလေးတွေမဖြတ်လို့။ ဘာနဲ့ ဘာစပ်နေတာလဲဆိုရင် ပစ္စုပ္ပန်အကျိုးနဲ့ ပစ္စုပ္ပန်အကြောင်း စပ်တယ်။ ဒီ (၃)နံပါတ် ပစ္စုပ္ပန်အကြောင်းမပေါ်မှ ပြတ်မယ်။ ဝေဒနာပစ္စယာ တဏှာဆိုရင် ဆက်ပြီ။ ဝေဒနာနဲ့ တဏှာ ဆက်ပြီ လို့မြားကပြတယ်။ ဝေဒနာနိရောဓာ တဏှာနိရောဓော ဆိုရင် ပြတ်ပြီ။ ဝေဒနာပစ္စုယာ တဏှာဆိုရင် ဆက်ပြီ။ တဏှာ ဥပါဒါန် ကံလာတော့မယ်။ ကမ္မဘဝပစ္စယာ ဇာတိဆိုတော့ အနာဂတ်အကျိုးတရားနဲ့ ဆက်သွားတယ်။ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာကြီး ဘာကြောင့်ရနေပါလိမ့်မလဲဆိုရင် ဝေဒနာပစ္စယာ တဏှာချည်း အားထုတ်ခဲ့လို့။ ဝေဒနာနိရောဓာ တဏှာနိရောဓော ကိုမလိုက်စားမိဘူး။ ဒါဖြင့် သံသရာစက်ဝိုင်း ဆက်ချင်ရင် ဝေဒနာပစ္စယာ တဏှာ၊ ဖြတ်ချင်ရင် ဝေဒနာနိရောဓာ တဏှာနိရောဓော။ ဝေဒနာပစ္စယာ တဏှာ ဆိုရင် သံသရာဆက်လမ်း၊ ပဋိစ္စသမုပ္ပါဒ်လည်လမ်း။ ဝေဒနာချုပ်အောင်လုပ်နိုင်ရင် တဏှာချုပ်တယ်။ တဏှာချုပ်တော့ ဥပါဒါန်ချုပ် ကံချုပ်၊ သမုဒယသစ္စာချုပ်တယ်။ သမုဒယသစ္စာချုပ်တော့ ဒုက္ခသစ္စာဆိုတဲ့ ဇာတိ ဇရာမရဏ မလာနိုင်တော့ဘူး။ ဒါကြောင့် ဝေဒနာနိရောဓာ တဏှာနိရောဓော လုပ်မှ သမုဒယသစ္စာချုပ်တယ်၊ ဒါမှ သံသရာစက်ဝိုင်းလည်း အလည်ရပ်၊ ပဋိစ္စသမုပ္ပါဒ်လည်း ပြတ်ပါတယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.