တစ်ချက်ခုတ် သုံးချက်ပြတ် ဝေဒနာပေါ်တိုင်း သတိထား ပညာနဲ့ ကြည့်ဖို့ နည်းစနစ်လေးတွေ မနေ့က ရှင်းလင်းပေးခဲ့တယ်။ သတိရဲ့ အလုပ် ပညာရဲ့အလုပ်လေးတွေ အနည်းငယ် ခွဲခြားသိဖို့ ဒီနေ့ ဆက်လက်ပြောပြမယ်။ ဝေဒနာပေါ်တိုင်း သိရုံသာ သိနေတာကတော့ သတိထားနေတာပဲ။ သတိထားရုံနဲ့တော့ ဒိဋ္ဌိပဲ ကွာမယ်။ ပညာပါမှ မဂ်ဝင်မယ်။ ပျင်းတယ်၊ ဒေါမနဿဝေဒနာ၊ ပျော်စရာတွေ့လို့ ပျော်လာတော့ ပျင်းလုံးလေး ပျောက်သွားတယ်။ ပျင်းလုံးလေးက ဖြစ်ပြီး ပျက်သွားတယ်။ အနိစ္စရောက်သွားတာပဲ။ ပျော်စရာလေးကလည်း သောမနဿဝေဒနာ။ သူလည်း မပျော်မပျင်းဝေဒနာ၊ ဥပေက္ခာဝေဒနာပေါ်လာတော့ ပျောက်သွားတယ်။ ပညာနဲ့ ဆုံးဖြတ်ချက်ချလိုက်တော့ ပျော်တာ ပျင်းတာ အလတ်စားဝေဒနာတွေဟာ ဖြစ်ပြီး ပျက်တာပဲ၊ တစ်ဝေဒနာချုပ်ပြီးမှ တစ်ဝေဒနာဖြစ်ပါလား လို့သိသိလာတယ်။ ဒါဆို ဝိပဿနာဉာဏ်ဆိုက်ပြီ။ သတိရှိနေရုံနဲ့ ဝိပဿနာမဆိုက်သေးဘူး။ ပညာပါမှ ဝိပဿနာဆိုက်တာ။ ဝေဒနာလှည့်နေတယ်ဆိုသော်လည်း တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်လို့ တစ်ခုသောတရားရဲ့ ဖြစ်ပျက်ကို ပညာနဲ့စောင့်ကြည့်မှ မြင်ရတယ်။ ဒီလို ဖြစ်ပြီးပျက်တာလေးကို ပညာကဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် ပဋိစ္စသမုပ္ပါဒ် သုံးမျိုးပြတ်တယ်။ သံသရာလည်ကြောင်း သုံးမျိုးပြတ်တယ်။ ပျင်းတဲ့ ဒေါမနဿဝေဒနာလေးကို သတိထားကြည့်တော့ သိရုံလေးသိတယ်။ ပညာနဲ့စောင့်ကြည့်တော့ ပျောက်သွားတာကိုမြင်တယ်။ သတိထား ပညာနဲ့ကြည့်လိုက်တော့ ဖြစ်ပျက်မြင်တယ်။ ပျင်းတာက ဖြစ်ပျက်၊ ရှုတာက မဂ်။ ပျင်းတဲ့ ဒေါမနဿဝေဒနာလေးဟာ အပျက်မှာ လမ်းဆုံးတယ်။ သတိထား ပညာနဲ့ဆုံးဖြတ်လိုက်တော့ မဂ်ကို တွေ့ရတယ်။ သတိမဂ္ဂင်နဲ့ ပညာမဂ္ဂင်ပေါ်လာတာ။ ဖြစ်ပျက်နဲ့ မဂ်ကိုက်သွားတယ်။ ပျော်တဲ့သောမနဿဝေဒနာကြည့်လိုက်တော့လည်း ဖြစ်ပျက် မဂ်၊ ဥပေက္ခာဝေဒနာကြည့်လိုက်တော့လည်း ဖြစ်ပျက်မဂ်ပဲ။ မြင်စိတ်ကလေးက ဥပေက္ခာဝေဒနာ၊ ကြည့်လိုက်တော့ ဖြစ်ပျက် မဂ်။ သတိမဂ္ဂင်နဲ့ ပညာမဂ္ဂင်ပေါ်နေတာ။ သတိမဂ္ဂင်ပါတော့ သမ္မာသမာဓိ၊ သမ္မာဝါယာမတို့လည်း ဝင်လာတယ်။ ပညာမဂ္ဂင်ပါတော့ သမ္မာသင်္ကပ္ပ ပါဝင်လာတယ်။ ဒီတော့ မဂ္ဂင်ငါးပါးပေါ်လာတာပေါ့။ ဒီမဂ္ဂင်ငါးပါးက ကိလေသာ ဖြတ်တဲ့ မဂ္ဂင်ငါးပါး၊ နိဗ္ဗာန်ပို့မယ့် မဂ္ဂင်ငါးပါး။ ဒါပေမယ့် မဂ်ဆိုတာ ပွားမှရတယ်၊ ဆုတောင်းနေရုံနဲ့တော့ မရဘူးဆိုတာလည်း မှတ်ထားလိုက်။ ပျင်းတဲ့ ဒေါမနဿလေး မရှုတော့ သောက ပရိဒေ၀ ဒုက္ခဒေါမနဿ မလိုက်ပါနဲ့ဆိုလို့ မရဘူး။ နောက်က အဝိဇ္ဇာ လိုက်လာတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဘက်လှည့်သွားတယ်။ ပျော်တဲ့ သောမနဿလေး မရှုတော့ သောမနဿက သုခဝေဒနာ တဏှာ ဥပါဒါန် ကံ။ ဘဝကူးတော့ ဇာတိ ဇရာမရဏလာရတော့မယ်။ ပျော်မှန်းပျင်းမှန်းမသိတာ မရှုမိရင်လည်း မသိတာက အဝိဇ္ဇာ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ- ပြန်လှည့်သွားတယ်။ ပျင်းတာမရှုလည်း အပြစ်သင့်တယ်။ ပျော်တာမရှုလည်း အပြစ်သင့်တယ်။ မပျင်းမပျော်မရှုရင်လည်း အပြစ်သင့်တယ်။ ဘာအပြစ်သင့်လဲဆိုရင် သံသရာလည်ရမယ့်အပြစ်သင့်တာ။ ရှုမှသာလျှင် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်။ မရှုလို့ရှိရင်တော့ မပြတ်တော့ဘူး။ လည်ပြီးရင်း လည်ရင်းပဲ။ ရှုမယ်ဆိုရင်တော့ သုခနောက်က တဏှာမလာဘဲ ပြတ်တယ်။ ဒုက္ခနောက်က ဒေါသမလာဘဲ ပြတ်တယ်။ ဥပေက္ခာနောက်က အဝိဇ္ဇာ-မောဟ မလာဘဲပြတ်တယ်။ ဒါကြောင့် သတိထား ပညာနဲ့ အကဲခတ် ရှုမှတ်ခြင်းဖြင့် ဝိပဿနာအလုပ်ကို လုပ်မယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ် သုံးမျိုးပြတ်တယ်၊ တစ်ချက်ခုတ် သုံးချက်ပြတ်တယ်လို့သာမှတ်လိုက်ပေတော့။ သတိပညာနဲ့ စောင့်ကြည့်တဲ့အလုပ်တစ်ခုလုပ်လိုက်တာနဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာခေါင်းဆောင် သုံးယောက် မလာနိုင်တော့ဘဲ ပြတ်သွားတယ်။ သြော်- ဒါသည် ပဋိစ္စသမုပ္ပါဒ် သံသရာလည်မယ့်စက်ရဟန်ကြီး ကိုယ့်သန္တာန်မှာ ပြတ်သွားတာပါလားလို့ သဘောကျ။ ဒီလိုပြတ်ဖို့ အရေး တွေးပြီး တဖြည်းဖြည်း မပြတ်မချင်း ကြိုးစားဖြတ်။ ပဋိစ္စသမုပ္ပါဒ်ဟာ ဖြတ်မှ ပြတ်မယ်၊ မဖြတ်ရင် လုံးဝမပြတ်ဘူးလို့သာ သန္နိဋ္ဌာန်ချပြီး မှတ်ထားလိုက်။ ပဋိစ္စသမုပ္ပါဒ်ပြတ်တော့ နောင်ပဋိသန္ဓေ၊ အိုနာသေ၊ အပါယ်ဆင်းရဲ အကုန်ပြတ်တယ်။ ဆင်းရဲအကုန်ပြတ်မှသာလျှင် ဆင်းရဲတစ်စက် မရောယှက်တဲ့နိဗ္ဗာန်၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းပါတယ်ဆိုတဲ့ နိဗ္ဗာန်ပေါ်လာမယ်။ ဒီနိဗ္ဗာန်ရောက်ရေးအတွက် တစ်ချက်ခုတ် သုံးချက်ပြတ်တဲ့အလုပ်၊ ပေါ်လာသမျှ တရား သတိထား ပညာနဲ့ စောင့်ကြည့်တဲ့အလုပ်သာလျှင် အားကိုးရတော့မယ်ဆိုတာ ယုံကြည်ထားလိုက်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး