အဆက်ဖြတ်ကြပါစို့

သံသရာစက်ဝိုင်းအလည်အပတ် ရပ်အောင် ဝေဒနာနိရောဓာ တဏှာနိရောဓော- လုပ်ရမယ်လို့ မနေ့ကပြောခဲ့တယ်။ ဝေဒနာနိရောဓော ဖြစ်မှ အဆက်ပြတ်မှာ။ အဆက်ပြတ်အောင် ဘယ်လိုဖြတ်ရမလဲဆိုတာ ဒီနေ့ ဆက်လက်ရှင်းပေးမယ်။ အဆက်ဖြတ်ချင်တယ်ဆိုရင် ဝေဒနာကို ဝိပဿနာရှုရမယ်။ ဝေဒနာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ သုံးမျိုးရှိတယ်။ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာထည့်ပြီး ငါးမျိုးဟောထားတာလည်း ရှိတယ်။ ဒီဝေဒနာတွေဟာ ပေါ်တိုင်းပေါ်တိုင်း ပစ္စုပ္ပန်ခန္ဓာမှာ ပေါ်တာပဲ။ ဝေဒနာပေါ်တိုင်း ဉာဏ်နဲ့ ဖြစ်ပျက်ရှုပေးလိုက်။ ဉာဏ်နဲ့ရှုပေးလိုက်တော့ ဝေဒနာနဲ့ တဏှာကြား အဆက်ကလေး ပြတ်သွားတယ်။ ဉာဏ်နဲ့ ရှုခိုက်မှာ မဂ်က အစပ်မြားလေးပေါ်မှာ ကျပြီး အစပ်ကို မစပ်အောင် ဖြတ်လိုက်တယ်။ တဏှာမလာတော့ဘူး။ တဏှာမလာတော့ တဏှာနိရောဓောတိ မဂ္ဂေါ- တဏှာချုပ်အောင် ရှုနိုင်တဲ့ မဂ်ပေါ်လာတယ်။ ဝေဒနာကို ဝေဒနာအတိုင်း ထားလိုက်ရင်တော့ တဏှာ ဥပါဒါန်လာမယ်။ ဝေဒနာကို ဖြစ်ပျက် အနိစ္စဆိုတဲ့ မဂ်လေး အစပ်နေရာမှာ သွင်းလိုက်တော့ မစပ်နိုင်တော့ဘဲ ပြတ်သွားတယ်။ အစပ်က ပြတ်သွားတော့ အနာဂတ်သံသရာတွေ အကုန်ပြတ်တယ်။ ဒါကြောင့် ဝေဒနာပေါ်တိုင်း ရှုနေတာသည် ပစ္စုပ္ပန်အကြောင်းတရားတွေ ဖြတ်နေတာ။ ဒီအစပ်လေးက မဖြတ်ရင် မပြတ်ဘူး။ တကယ့်ကို ဝမ်းထဲမှာ မဂ်လာမှ ပြတ်မယ်။ ပေါ်တဲ့ဝေဒနာကလည်း ဝမ်းထဲမှာ ပေါ်တဲ့ဝေဒနာ၊ မဂ်ကလည်း ဝမ်းထဲမှာ ပေါ်တဲ့မဂ်ဖြစ်ရမယ်။ မဂ်မလာဘဲ ထုံးစံအတိုင်းသာ နေရင်တော့ ဝေဒနာပစ္စယာ တဏှာ-ပဲ လာမယ်။ ဝေဒနာဖြစ်ပျက်မြင်ရင်တော့ ကြားထဲပေါ်လာတဲ့ မဂ်က အဆက်ကိုဖြတ်တယ်၊ မစပ်နိုင်တော့ဘူး။ ဒါဖြင့် ဝိပဿနာလုပ်တာသည် ဝေဒနာနဲ့တဏှာအစပ်ကို ဖြတ်နေတာ။ သင်္ခါရနဲ့ ဝိညာဏ်အစပ်ကတော့ လွန်ပြီးဖြစ်လို့ ဖြတ်လို့မရတော့ဘူး။ ဝေဒနာနဲ့ တဏှာအစပ်ကတော့ အခုဖြတ်မယ်ဆိုရင် ရသေးတယ်။ ဒီအစပ်ကို ဖြတ်နိုင်ရင် ယခုဘ၀ နိဗ္ဗာန်ရနိုင်တယ်။ ဒါန သီလလောက်လုပ်ပြီး သားရေး သမီးရေးနဲ့ အချိန်ကုန်နေမယ်၊ ဝိပဿနာအလုပ်မလုပ်ဘူးဆိုရင် ဝေဒနာနဲ့ တဏှာ ပြန်ဆက်မယ်။ ဝေဒနာနဲ့ တဏှာဆက်ပြီး သေသည်၏အခြားမဲ့၌ ဘဝနဲ့ ဇာတိဆက်လိမ့်မယ်။ အဲဒီမှာ ဇာတိ ဇရာမရဏ ပြန်လာတာပဲ။ ဝိပဿနာမလုပ်လို့ရှိရင်တော့ စပ်သာ စပ်တယ်၊ မဖြတ်ဘူး။ ဝိပဿနာလုပ်တာသည် ကိုယ့်အစပ်ကိုယ် ဖြတ်နေကြခြင်းသာဖြစ်တယ်၊ ရှေ့လာမယ့် ကိုယ့်ဒုက္ခတွေကို ဖြတ်နေတာသာဖြစ်တယ်။ ဒါကြောင့် ကိုယ်ဖြတ်ရင် ကိုယ်သာ ပြတ်တယ်၊ သားသမီးက ဖြတ်ရင် သားသမီးသာ ပြတ်တယ်၊ မိဘကဖြတ်ရင် မိဘသာပြတ်တယ်။ ဒါန သီလလုပ်ပြီး အမျှဝေလို့ အမျှယူတော့ ကိုယ်ပါကုသိုလ်ရတယ်။ မဂ်ကတော့ ကိုယ်တိုင်ဖြတ်မှ ကိုယ်ရတာဖြစ်တယ်။ သူများ အမျှဝေတာ သာဓုလိုက်ခေါ်ရုံနဲ့ သာဓုခေါ်တဲ့ကုသိုလ်တော့ရမယ်၊ ကိုယ်ရတဲ့မဂ်တော့ ဖြစ်မလာဘူး။ ကိုယ့်ဝမ်းထဲကဝေဒနာကို ကိုယ့်မဂ်နဲ့ ရှုလိုက်တော့ အစပ်လေး ပြတ်သွားတယ်။ ဝေဒနာတွေ ဖြစ်ပျက် ချုပ်သွားတဲ့အတွက် မဂ်ဝင်လာရင် တဏှာချုပ်တယ်၊ မလာတော့ဘူး။ ဝေဒနာကို ဖြစ်ပျက်ရှုလိုက်တော့ မဂ်က အစပ်မှာလာပေါ်တယ်၊ စပ်မယ့်တဏှာကို ဖြတ်ချလိုက်တယ်။ ဒါဟာ ကိုယ့်ဒုက္ခဖြစ်ကြောင်း ကိုယ်ဖြတ်နေတာပါပဲ။ ဝိပဿနာမလုပ်ရင် မဂ်မပေါ်ဘူး။ မဂ်မပေါ်ရင် ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ၊ ကမ္မဘဝပစ္စယာ ဇာတိ။ ဒီမှာ ကမ္မဘဝနဲ့ ဇာတိဆက်သွားတယ်။ ဇရာမရဏလည်း လာမယ်။ (၃)နဲ့ (၄) ဆက်သွားတာ။ (၃)က သမုဒယသစ္စာ၊ (၄)က ဒုက္ခသစ္စာ၊ သမုဒယနဲ့ ဒုက္ခဆက်သွားတာ။ ဒါကြောင့် ဝိပဿနာမလုပ်ဖြစ်ဘူးဆိုရင် (၂)နဲ့ (၃)ဆက်နေတယ်။ ဝေဒနာနဲ့ တဏှာလည်းဆက်၊ ဖဿနဲ့ တဏှာလည်းဆက်၊ သဠာယတနနဲ့ တဏှာလည်းဆက်၊ နာမ်ရုပ်နဲ့ တဏှာလည်းဆက်၊ ဝိညာဏ်နဲ့ တဏှာလည်းဆက်တယ်။ သူတို့က အရှုခံတွေ၊ အရှုခံတွေကို မရှုမိတော့ ဆက်သွားတာ။ ဝိပဿနာမရှုဖြစ်ဘူးဆိုရင် ဝေဒနာပစ္စယာ တဏှာ၊ ဖဿပစ္စယာ တဏှာ၊ သဠာယတနပစ္စယာ တဏှာ၊ နာမရူပပစ္စယာ တဏှာ၊ ဝိညာဏပစ္စယာ တဏှာ- ဒီလိုပဲ လာမယ်။ (၂)နဲ့ (၃)သာ ဆက်မိရင် (၄)တားမရတော့ဘူး။ တားမရတော့ ဇာတိ ဇရာမရဏ ဒုက္ခသစ္စာ ရမယ်။ (၂) ဒုက္ခသစ္စာကနေပြီး (၃)သမုဒယသစ္စာ ဆက်မိတာနဲ့ (၄)နံပါတ် ဒုက္ခသစ္စာ ကိုယ်ပိုင်သိမ်းပိုက်လိုက်ရပြီ။ ဒါကြောင့် ဒုက္ခနဲ့ သမုဒယသာဆက်ရင် ဒီသမုဒယက နောက် ဒုက္ခအကျိုးပေးလိမ့်မယ်။ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခချုပ်ကြောင်းကို ရှာရမယ်။ ဒုက္ခဖြစ်ကြောင်း ထပ်ရှာလို့ ဒုက္ခက မလွတ်ဘူး။ ဒုက္ခချုပ်ကြောင်း ရှာချင်ရင် ဝေဒနာကို ဖြစ်ပျက်ရှု။ ဖဿ ဖြစ်ပျက်ရှု၊ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဖြစ်ပျက်ရှု။ နာမ်ကို ဖြစ်ပျက်ရှု၊ ရုပ်ကို ဖြစ်ပျက်ရှု၊ စိတ်ကို ဖြစ်ပျက်ရှု။ ဖြစ်ပျက်ရှုတော့ မဂ်က အဆက်ကိုဖြတ်လိုက်တယ်။ ဒုက္ခဖြစ်ကြောင်းတွေ ပေါ်မလာတော့ဘူး။ ဒုက္ခဖြစ်ကျိုးလည်း ပေါ်မလာတော့ဘူး။ ဒုက္ခ ဖြစ်ကြောင်းက သမုဒယသစ္စာ၊ ဖြစ်ကျိုးက ဒုက္ခသစ္စာ။ ဒါဖြင့် ဒီအဆက်ကို ဖြတ်နိုင်ရင် သမုဒယနဲ့ ဒုက္ခချုပ်တယ်။ ဝေဒနာနိရောဓာ တဏှာနိရောဓော- ဝေဒနာချုပ် တဏှာလည်းချုပ်တာပဲ။ တဏှာချုပ်အောင်လုပ်နိုင်ပြီဆိုရင် (၂)နဲ့ (၃) အဆက်ပြတ်သွားတယ်။ ပြတ်သွားတော့ (၄) ဒုက္ခသစ္စာ အကျိုးပေး မလာနိုင်တော့ဘူး။ ဒုက္ခသစ္စာအကျိုးပေးမလာတော့ ဒုက္ခတွေသိမ်း ငြိမ်းချမ်းသွားတာ၊ ဒါဟာ နိဗ္ဗာန်ပါပဲ။ ဝေဒနာနဲ့ တဏှာ အဆက်ပြတ်မှသာလျှင် ဒီနိဗ္ဗာန် ကိုယ့်သန္တာန်မှာပေါ်လာမှာပါ။ ဒါကြောင့် အဆက်ဖြတ်ကြပါစို့။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး