ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါး

အခုလက်ရှိဘဝကို ပစ္စုပ္ပန်အကျိုးအခြင်းအရာငါးပါးနဲ့ ကိုယ်စားပြုတယ်။ စက်ဝိုင်း နံပါတ်(၂)အကွက်မှာရှိတဲ့ တရားငါးပါး- ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ။ ခန္ဓာငါးပါးပါပဲ။ ပဋိသန္ဓေဝိညာဏ်ကတော့ ပြီးခဲ့ပြီ။ အခုနေနေရတာက ပဝတ္တိဝိညာဏ်နဲ့နေနေရတာ။ နာမ်ရုပ်တွေကတော့ သွားချင်တာက နာမ်၊ သွားတဲ့ဟန်ကရုပ်။ စားချင်တာက နာမ်၊ စားတဲ့ဟန်က ရုပ်။ အိပ်ချင်တာက နာမ်၊ အိပ်တဲ့ဟန်ကရုပ်- စသည်ဖြင့် ခွဲခြားသိထားလိုက်ပါ။ အခုလက်ရှိခန္ဓာထဲမှာ နာမ်ရုပ်တွေပဲ ရှိနေတယ်။ သဠာယတနဆိုတာက မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ်။ အာရုံတွေ တွေ့ထိတာက ဖဿ။ အာရုံတွေကို ခံစားတာက ဝေဒနာ။ အခု ဘာတွေနဲ့နေနေရတာလဲဆိုရင် ဒီ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေနဲ့နေနေရတာ။ သစ္စာအနေနဲ့ ကြည့်လိုက်တော့ ဒုက္ခသစ္စာ။ ကိုယ့်ခန္ဓာထဲမှာ ရုပ်ပဲပေါ်ပေါ်၊ နာမ်ပဲပေါ်ပေါ်၊ ဒုက္ခသစ္စာလို့ မှတ်လိုက်ပါ။ ဘယ်အခါရှုရှု ဖြစ်မှု ပျက်မှုတွေ့တာသည် ဒုက္ခသစ္စာပဲ။ ဒါဖြင့် ဒီခန္ဓာထဲမှာ ရှိတာမှန်သမျှကလည်း ဖြစ်မှု ပျက်မှုတွေပဲဆိုတော့ ဒုက္ခသစ္စာဆိုတာ ငြင်းဖို့မလိုတော့ဘူး။ ကိုယ့်သန္တာန်မှာရှိတဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ သည် ပစ္စုပ္ပန်အကျိုးတစ်လွှာ။ သစ္စာအားဖြင့် ဒုက္ခသစ္စာ။ ဒါဖြင့် လူ့ဘဝကြီးက ဒုက္ခသစ္စာကြီးပဲ။ ဘာသစ္စာနဲ့ နေနေကြရသလဲဆိုရင် ဒုက္ခသစ္စာနဲ့ နေနေကြရတာ။ ဘာဒုက္ခသစ္စာလဲဆိုရင် ဖြစ်ပျက်ဒုက္ခသစ္စာ။ သြော်- လူ့ဘဝရတာဟာ ဒုက္ခသစ္စာကြီးရတာပဲ။ သာမညအနေနဲ့သာ လူ့ချမ်းသာလို့ပြောနေကြတာ၊ တကယ်တော့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးပါပဲ။ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ အကြိမ်ကြိမ်ခံစားရပါလို၏ဆိုတော့ ဟောဒီ (၂)အကွက်ထဲက ဒုက္ခသစ္စာ အဖန်ဖန်ကြုံတွေ့ရပါလို၏ ဆိုတဲ့ သဘောသက်ရောက်သွားတယ်။ ဒီလိုဆိုတော့ ကုသိုလ်ပြုပြီး ဒီလိုသာဆုတောင်းရင် (၂)နံပါတ် ဒုက္ခသစ္စာချောက်ထဲ ကျဖို့ပဲရှိတော့တယ်။ အခုလက်ရှိမှာပဲ ဒီချောက်ထဲကျနေပြီ။ ဘာလို့ ဒီချောက်ထဲ ကျရပါလိမ့်မလဲဆိုတော့ (၁)နံပါတ်ကို ပြန်ကြည့်။ အဝိဇ္ဇာက ဒုက္ခသစ္စာကိုမသိဘူး။ ဘဝဟာ ဒုက္ခသစ္စာလို့ သူကမသိဘူး။ မသိတော့ ဘုံဘဝလိုချင်တဲ့ တဏှာနဲ့ ကုသိုလ်သင်္ခါရတွေ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့ကြတော့ ဒီ (၂)နံပါတ်အကွက်ထဲ ပြန်ရောက်ရတယ်။ အဝိဇ္ဇာက မသိလို့ သင်္ခါရဆိုတဲ့ ကုသိုလ်တွေလုပ်၊ လူ့ဘ၀ နတ်ဘ၀ တဏှာနဲ့ တောင့်တ၊ ဥပါဒါန်နဲ့စွဲလမ်း၊ ကာယကံ ဝစီကံနဲ့ အားထုတ်တော့ သေသည်၏အခြားမဲ့၌ (၁)နဲ့ (၂)စပ်သွားတယ်။ ဘာသစ္စာရလိုက်လဲဆိုတော့ ဒုက္ခသစ္စာကြီး ရလိုက်တာ။ အဝိဇ္ဇာက မသိတာ၊ သင်္ခါရက ကုသိုလ်တွေလုပ်တာ။ သြော်- မသိတဲ့ပုဂ္ဂိုလ်ကုသိုလ်လုပ်တာ ရလိုက်တော့ ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးရလိုက်တယ်။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ။ ဆက်သွားပြီ။ မသိတာက အဝိဇ္ဇာ၊ ဘုံဘဝတောင့်တ ကုသိုလ်လုပ်တာက သင်္ခါရ။ အဝိဇ္ဇာနဲ့ သင်္ခါရကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာရတာ။ ဒုက္ခသစ္စာမသိလို့ ဒုက္ခသစ္စာရကြောင်း ကုသိုလ်တွေလုပ်တယ်။ လုပ်ခြင်းကြောင့် သေသည်၏အခြားမဲ့၌ ဟောဒီခန္ဓာငါးပါးပြန်ရတယ်။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဘယ်ကာလမှာလဲဆိုရင် ပစ္စုပ္ပန်အကျိုးတစ်လွှာဆိုတော့ ပစ္စုပ္ပန်ကာလ။ အိုနာသေဘေးတွေက မလွတ်နိုင်တာ၊ ဖြစ်ပျက်ဘေးတွေက မလွတ်နိုင်တာ ဘာကြောင့်လဲဆိုတော့ ဒုက္ခသစ္စာနဲ့ အတူနေနေရလို့။ ဒါဖြင့် ဒုက္ခသစ္စာ ခန္ဓာကြီး ဘယ်သူပြုလုပ်လိုက်တာလဲဆိုရင် အဝိဇ္ဇာ သင်္ခါရက ပြုလုပ်လိုက်တာ။ သိကြား ဗြဟ္မာ ဘုရားလာဖန်းဆင်းထားတဲ့ ခန္ဓာကြီးမဟုတ်ဘူး။ အဝိဇ္ဇာက ဒုက္ခသစ္စာမသိတာ၊ မသိတော့ သင်္ခါရက ဒါနကုသိုလ်ပြုလုပ်တယ်။ ဒါကို ပုညာဘိသင်္ခါရလို့ ခေါ်တယ်။ ပုညဆိုတာ ကုသိုလ်ပါပဲ၊ ဒါပေမယ့် သင်္ခါရ- ပြုပြင်လိမ့်မယ်-တဲ့။ ဘာပြုပြင်မှာလဲဆိုတော့ ဒုက္ခသစ္စာကို ပြုပြင်မှာ။ ပြုပြင်တော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒီတရာငါးပါး ရလာတာ။ ပစ္စုပ္ပန်အကျိုးတစ်လွှာ။ အကြောင်းရှာတော့ အဝိဇ္ဇာ သင်္ခါရပဲ တွေ့ရတယ်။ သစ္စာမသိတဲ့ အဝိဇ္ဇာစီမံသလို သင်္ခါရက ပြုလုပ်တော့ ဒုက္ခသစ္စာရတယ်။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါးထဲမှာ ဇာတိလည်း ပါတယ်။ ဇရာ ဗျာဓိ မရဏတွေလည်း ပါတယ်။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဟာ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုး ဖြစ်တာ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး