စက်ဝိုင်းအကွက် နံပါတ်(၁) ကိုယ့်ခန္ဓာဟာ ကိုယ့်သံသရာပါပဲတဲ့။ ကိုယ့်သံသရာကို နောက်ပြန်စဉ်းစားလိုက်တော့လည်း အနေထပ်သလောက် အသေတွေ ထပ်ခဲ့ရတယ်ဆိုတာကလွဲလို့ ဘာမှမရှိခဲ့ပါဘူး။ ဘာလို့ အနေ အသေတွေ ဒီလောက်ထပ်နေရပါလိမ့်မလဲဆိုရင် မသိမှု အဝိဇ္ဇာ ခေါင်းဆောင်နေလို့ပါပဲ။ ဒီလိုသာ မသိမှုအဝိဇ္ဇာ ရှေ့တန်းတင်ပြီး ဘဝခရီးတွေ ဆက်နေကြဦးမယ်ဆိုရင် အနေ အသေတွေထပ်၊ အတောမသတ်နိုင်တဲ့ ခန္ဓာသံသရာတွေနဲ့ပဲ ဒုက္ခပင်လယ်ဝေရတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဒါကြောင့် ကုသိုလ်ပြုပြီး လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏၊ ဗြဟ္မာဖြစ်ရပါလို၏လို့ဆုတောင်းမယ်ဆိုရင် အသေထပ်ဖို့နဲ့ အထပ်ထပ်သေဖို့ ဆုတောင်းတာပဲဆိုတာသဘောကျ။ အသေဟာ `မရဏမ္ပိ ဒုက္ခသစ္စံ´- ဒုက္ခသစ္စာပါပဲ။ အသေထပ်ပြီး ဒုက္ခမရောက်ချင်တော့ပါဘူးဆိုရင်တော့ ဒိဋ္ဌိ ဝိစိကိစ္ဆာကို အရင်သတ်တဲ့အလုပ်ကို လုပ်ကြရမှာပါ။ စက်ဝိုင်း အကွက်နံပါတ်(၁)ကိုကြည့်လိုက်တော့ အတိတ်အကြောင်း အခြင်းအရာငါးပါး၊ ဘယ်တုံးက ဖြစ်ခဲ့တာလဲဆိုတော့ အတိတ်ကဖြစ်ခဲ့တာ။ ခန္ဓာကို ပုဂ္ဂိုလ်ကတည်ထောင်တာမဟုတ်၊ ဟောဒီအတိတ်အကြောင်းတရားငါးပါးဆိုတဲ့ ဓမ္မက တည်ထောင်တာလို့ မှတ်ရမယ်။ ဘယ်တုံးကဓမ္မလဲဆိုရင် အတိတ်ကဓမ္မ။ ဟောဒီအကြောင်းတရားငါးပါးက ခန္ဓာကို ဖြစ်စေတယ်။ သိကြား ဗြဟ္မာ ဘုရားလာဖန်ဆင်းတာမဟုတ်ဘူး။ ဘယ်ဓမ္မတွေလဲဆိုရင် အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝ။ ပုဂ္ဂိုလ် သတ္တဝါတည်ထောင်တဲ့တရားငါးခုလို့ မှတ်ထားလိုက်။ ဒို့အတိတ်က ဘာတွေလုပ်ခဲ့ပါလိမ့်မလဲဆိုရင် အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝတွေ လုပ်ခဲ့ကြတယ်။ အဝိဇ္ဇာဆိုတာ သစ္စာလေးပါးကိုမသိတာ။ အတိတ်ဘဝက ဒို့လုပ်သမျှ ဘယ်သူကခေါင်းဆောင်နေပါလိမ့်မလဲဆိုရင် သစ္စာလေးပါးမသိတဲ့အဝိဇ္ဇာက ခေါင်းဆောင်နေတာ။ အလွန်ဆိုးဝါးတဲ့ အဝိဇ္ဇာ ခေါင်းဆောင်နေခဲ့တယ်၊ ဝမ်းထဲမှာ ကိန်းခဲ့တယ်။ အဝိဇ္ဇာပြီးတော့ သင်္ခါရ၊ သင်္ခါရဆိုတာ ပြုပြင်တာ။ မသိတဲ့တရားက ပြုပြင်ခိုင်းတာကို ပြုပြင်တာ။ မသိတဲ့သူခိုင်းတဲ့အတိုင်းပဲ လိုက်လုပ်နေတာ သင်္ခါရ။ သင်္ခါရ နားလည်လွယ်အောင်ပြောရမယ်ဆိုရင် စေတနာပဲ။ ဆွမ်းကပ် ပန်းကပ် ကုသိုလ်လုပ်၊ လူချမ်းသာဖြစ်ရပါလို၏လို့ ဆုတောင်း။ ကုသိုလ်က သင်္ခါရ၊ ဆုတောင်းတာက တဏှာ။ အဝိဇ္ဇာက မသိ၊ မသိဘဲနဲ့ ကုသိုလ်ပြုတော့ သင်္ခါရ၊ တဏှာနဲ့ဆုတောင်း၊ မရမနေဆိုတဲ့သဘောက ဥပါဒါန်။ ကာယကံနဲ့ ကုသိုလ်လုပ် ဝစီကံနဲ့ဆုတောင်း။ အဝိဇ္ဇာက မသိ၊ သင်္ခါရက ပြုပြင်၊ တဏှာက ဆုတောင်း၊ ဥပါဒါန်က စွဲလမ်း၊ ကမ္မဘဝက ကာယကံ ဝစီကံ။ ဒါ အတိတ်က ကိုယ်လုပ်ခဲ့တာတွေရဲ့သဘောတွေ ပေါ်လောက်ပါပြီ။ ကုသိုလ်က နိဗ္ဗာန်လည်း ပေးနိုင်တယ်၊ လူ့ဘ၀ နတ်ဘဝလည်း ပေးနိုင်တယ်။ သို့သော် သစ္စာလေးပါး မသိတဲ့တရားက သင်္ခါရအပေါ်အုပ်ချုပ်နေတဲ့အခါ လူချမ်းသာ နတ်ချမ်းသာပဲ ဆုတောင်းနေကြတယ်။ မသိတဲ့တရား အုပ်ချုပ်ခံနေရလို့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ အဝိဇ္ဇာက မသိတာ၊ သင်္ခါရက အုပ်ချုပ်ခြင်းခံရတာ။ သင်္ခါရက နတ်ပြည်ရောက်ကြောင်း ဗြဟ္မာ့ပြည်ရောက်ကြောင်း ကုသိုလ်လုပ်တာ။ တဏှာက မပြည့် ပြည့်အောင် ဆုတောင်းတာ။ ဥပါဒါန်က မရ ရအောင် စွဲလန်းတာ။ ပြီးတော့ ကာယကံ ဝစီကံတွေနဲ့ လုပ်ကိုင်ပြောဆို။ ဒါဘယ်ဘဝကလုပ်ခဲ့တာလဲဆိုရင် အတိတ်ဘဝကလုပ်ခဲ့တာ။ ဒါကြောင့်အတိတ်အကြောင်းအခြင်းအရာငါးပါးလို့ခေါ်တယ်။ ဒီအတိတ်အကြောင်းအခြင်းအရာငါးပါးဟာ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ သမုဒယက အကြောင်း၊ သစ္စာက မှန်တာ။ ဒါဖြင့် အကြောင်းမှန်ကြီးကိုလုပ်ခဲ့ကြတာပဲ။ ဘယ်တုံးကလုပ်တာလဲဆိုတော့ လွန်လေပြီးသော အတိတ်ကာလက။ ဒါဆို အတိတ်အကြောင်း တစ်လွှာဆိုတာလည်း ပေါ်လာတယ်။ အတိတ်က လှူတာ တန်းတာ ပေးတာ ကမ်းတာမှန်သမျှ သစ္စာမသိဘဲလုပ်ခဲ့တဲ့အတွက် နိဗ္ဗာန်ရောက်ကြောင်းမဖြစ်ဘဲ သမုဒယသစ္စာဖြစ်သွားတယ်။ ဒီလို ပဋိစ္စသမုပ္ပါဒ်ကိုမှ နားလည်မထားရင် တော်ရုံတန်ရုံကုသိုလ်လေးနဲ့ နိဗ္ဗာန်တော့ နီးပြီလို့ ထင်ကောင်းထင်နေလိမ့်မယ်။ သို့သော် ဘာသစ္စာဖြစ်နေလဲဆိုတော့ သမုဒယသစ္စာဖြစ်နေတယ်။ နိဗ္ဗာန်နဲ့နီးရင် မဂ္ဂသစ္စာဖြစ်ရမယ်။ ဒါဖြင့် အတိတ်က ဘာသစ္စာကြိုးစားခဲ့ကြသလဲဆိုရင် သမုဒယသစ္စာကြိုးစားခဲ့ကြတယ်။ လွန်လေပြီးသောအတိတ်ကာလက၊ ဒါကြောင့် အတိတ်အကြောင်းတစ်လွှာလို့မှတ်လိုက်။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ ဒီလိုသာမသိရင် သမုဒယသစ္စာပဲ အထပ်ထပ်လုပ်နေကြမယ်။ သမုဒယသစ္စာဆိုတာ အကြောင်း၊ ဒုက္ခသစ္စာဆိုတာ အကျိုး။ ဒါဖြင့် သမုဒယသစ္စာလုပ်တာ ဘာအကျိုးများလဲဆိုရင် ဒုက္ခသစ္စာအကျိုးများတယ်။ သမုဒယအကြောင်းသစ္စာက ဒုက္ခသစ္စာအကျိုးပဲပေးတယ်။ သမုဒယသစ္စာလုပ်ရင်တော့ ဒုက္ခရောက်မှာ မလွဲနိုင်တော့ဘူး။ အတိတ်က ဘာတွေကြိုးစားခဲ့ကြလဲဆိုရင် သမုဒယသစ္စာတွေကြိုးစားခဲ့ကြလို့ ခန္ဓာငါးပါး ဒုက္ခသစ္စာ မလိုချင်လို့ မရတော့ဘူး။ အတိတ်အကြောင်းက အကျိုးပေးလိုက်တာပဲ။ ဒါဖြင့် အဝိဇ္ဇာလည်း သမုဒုယသစ္စာ၊ င်္သခါရလည်း သမုဒယသစ္စာ၊ တဏှာလည်း သမုဒယသစ္စာ၊ ဥပါဒါန်လည်း သမုဒယသစ္စာ၊ အဝိဇ္ဇာအုပ်ချုပ်တဲ့ ကံတွေကလည်း သမုဒယသစ္စာ။ င်္သခါရကလည်း တဏှာကို ကျေးဇူးပြုတယ်။ တဏှာအုပ်ချုပ်တဲ့ ဥပါဒါန်၊ ဥပါဒါန် အုပ်ချုပ်တဲ့ကံ ဒီကံ ကောင်းကောကောင်းနိုင်ပါ့မလား။ သူ့ဘက်တော်သားတွေက တစ်ခုမှ အကောင်းမပါတော့ ကံကောင်းတော့ မဖြစ်နိုင်ဘူး၊ ကံဆိုးပဲ ဖြစ်ဖို့ရှိတယ်။ ဒါကြောင့် ကုသိုလ်တော့ လုပ်ပါ၊ ဒါပေမယ့် လူ့ဘဝ၊ နတ်ဘဝ၊ ဗြဟ္မာဘ၀ ဒုက္ခသစ္စာတွေတော့ မထည့်ပါနဲ့။ ဘ၀ ဒုက္ခသစ္စာကြီးမှ ကျွတ်ချင်လွတ် ချင်လို့ ကုသိုလ်လုပ်ပါတယ်ဆိုရင်တော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်သွားတယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး