ကိုယ့်ခန္ဓာဟာ ကိုယ့်သံသရာပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဘာကြောင့် ဘုရားအဖြစ် ရောက်တော်မူခဲ့တာလဲဆိုရင် ပဋိစ္စသမုပ္ပါဒ်ပြတ်သွားလို့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကျင့်တဲ့လမ်းစဉ်အရ သူလည်း သောတာပန်က စ ခဲ့တာဖြစ်လို့ မည်သူမဆို သောတာပန်ဖြစ်ချင်ရင် ပဋိစ္စသမုပ္ပါဒ်ပြတ်ရလိမ့်မယ်။ ဆိုင်ရာ ပဋိစ္စသမုပ္ပါဒ် မပြတ်ရင် ဖြစ်ကိုမဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ ကိုယ့်ခန္ဓာကိုယ်ကိုလည်း ပဋိစ္စသမုပ္ပါဒ်ခန္ဓာကြီးပဲလို့မှတ်ထားလိုက်ပါ။ သံသရာ ဘဝစက်လည်နေတဲ့ ဒီခန္ဓာကြီးက ယခုဘဝပြီးရင် နောက်ဘဝသွားရမယ်။ နောက်ဘဝပြီးရင် နောက်ထပ် အနာဂတ်ဘ၀ သွားရမယ်။ အနာဂတ်ဘဝကနေပြီး ပြန်လှည့်မယ်။ ဒါဖြင့် ဒီဘဝစုတိနဲ့ ဟိုဘဝပဋိသန္ဓေဆက်စပ်နေတာ ပဋိစ္စသမုပ္ပါဒ်ပဲ။ တစ်နည်းအားဖြင့် ကံနဲ့ အကျိုးပေး ဆက်နေတာ ပဋိစ္စသမုပ္ပါဒ်လို့မှတ်လိုက်။ ဒီလိုမှတ်ထားတော့ ကံနဲ့ အကျိုးပေးပြတ်သွားလို့ရှိရင်လည်း ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်။ စုတိ ပဋိသန္ဓေပြတ်သွားလို့ရှိရင်လည်း ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်။ ဒါတင်မကဘူး ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် နိဗ္ဗာန်ပဲ၊ နိဗ္ဗာန်လိုချင်ရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပြတ်ရမယ်၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်မပြတ်ရင် နိဗ္ဗာန်မရဘူး၊ ပြတ်မှသာလျှင် နိဗ္ဗာန်ရနိုင်ပါတယ်။ ဒါဖြင့် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပြတ်ဖို့အရေးသည် နိဗ္ဗာန်ရောက်ဖို့အရေးပဲ။ အရင်ပြတ်တဲ့သူက နိဗ္ဗာန်အရင်ရောက်လိမ့်မယ်။ ဘာလို့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ပြတ်တဲ့နည်းကို မသိတာလဲဆိုရင် ယုံမှားသံသယရှိနေလို့။ ကိုယ့်မိဘနှစ်ပါးကမွေးလို့ လူဖြစ်လာတယ်လို့ ယုံထားကြတယ်။ ဒီတော့ မိဘနှစ်ပါးရဲ့ပေါင်းဆုံမှုသည် သားသမီးဖြစ်ခြင်းရဲ့အကြောင်းလို့ ထင်ထားကြတယ်။ ဒီအမှန်သည် တစ်စိတ်တစ်ဒေသသာ မှန်၍ အကုန်မမှန်ဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ။ မိဘနှစ်ပါးကြောင့် သားသမီးဖြစ်တယ်ဆိုတာ ဝေးသောအကြောင်းတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မိဘနှစ်ပါးပေါင်းဆုံမှုရှိတိုင်းလည်း သားသမီးဆိုတာ မဖြစ်တော့ အကုန်တော့ မမှန်သေးဘူး။ အချို့ကျတော့လည်း လူတွေ နတ်တွေ အားလုံးကို ထာဝရဘုရားကဖန်ဆင်းတယ်လို့ အယူရှိကြတယ်။ ဒါဖြင့် ထာဝရဘုရားကိုကျတော့ ဘယ်သူကဖန်ဆင်းတာလဲဆိုတော့ မပြောတတ်ကြပြန်ဘူး။ ဒီတော့ ဖန်ဆင်းတယ်ဆိုတာလည်း မမှန်သေးပါဘူး။ ဟိန္ဒူတွေကတော့ ဗြဟ္မာကြီးကမွေးတယ်လို့ ယူဆကြတယ်။ ဒီအယူမှာလည်း အဲဒီဗြဟ္မာကြီးကို ဘယ်သူကမွေးတာလဲဆိုတော့ အဖြေက ပျောက်သွားပြန်တယ်။ ဒို့ဘယ်ကလာပါလိမ့်မလဲဆိုတဲ့ ဒီလိုမျိုး သံသယနဲ့ သေသွားကြတယ်။ ကိုယ့်ခန္ဓာကြီးဘာကြောင့် ဖြစ်လာရပါလိမ့်မလဲဆိုပြီး ကိုယ့်ကိုယ်ကို မသိတဲ့သဘောနဲ့ သံသယတွေ ဖြစ်နေကြတယ်။ ဘုရားကလည်း မပွင့်၊ ဆရာကောင်းသမားကောင်းနဲ့ကလည်း မတွေ့တော့ ဒီသံသယတွေ ဘယ်သူမှ လာဖျောက်မပေးနိုင်တော့ဘူး။ ဖျောက်မပေးနိုင်တော့ သံသယရှိတယ်။ ဘယ်လိုငါပါလိမ့်မလဲဆိုတဲ့ ဝိစိကိစ္ဆာဝင်လာတယ်။ ဝိစိကိစ္ဆာဝင်တော့ ဒိဋ္ဌိလည်း ဝင်လာတာပဲ။ ဒီရုပ်နာမ်တွေဟာ ငါပါလားဆိုတဲ့ ဒိဋ္ဌိကဝင်လာတယ်။ ပဋိစ္စသမုပ္ပါဒ်နားမလည်လို့ရှိရင် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာနဲ့ သေကြရပါလိမ့်မယ်။ ဒိဋ္ဌိဝိစိကိစ္ဆာနဲ့သေရင် အပါယ်လားရလိမ့်မယ်။ ဘာကြောင့် အပါယ်လားရတာလဲဆိုရင် ပဋိစ္စသမုပ္ပဒ်အကြောင်းအကျိုးနားမလည်လို့။ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးနားလည်မှုဆိုတဲ့ ဒိဋ္ဌိဝိစိကိစ္ဆာသတ်မှုဟာ အပါယ်တံခါးပိတ်တဲ့နည်းပဲ။ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့ ဒိဋ္ဌိဝိစိကိစ္ဆာမသေ သစ္စာလည်းမသိ၊ သစ္စာမသိတော့ သံသရာရှည်၊ ဒိဋ္ဌိဝိစိကိစ္ဆာမသေတော့ အပါယ်သွား။ ဒီလိုနဲ့ သံသရာမှာ အဝိုင်းပြေး ပြေးရတဲ့ဘဝက မလွတ်တော့ဘူး။ ခန္ဓာငါးပါးကြီးဟာ ထာဝရဘုရားဖန်ဆင်းတာလည်းမဟုတ်ဘူး၊ ဗြဟ္မာကြီးဖန်ဆင်းတာလည်းမဟုတ်ဘူး၊ မိဘကြောင့်ဖြစ်လာတာလည်းတစ်စိတ်တစ်ဒေသသာ မှန်၍ အကုန်မမှန်ဘူးဆိုရင် အမှန်ကို ရှာကြစို့။ ဒီခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးဟာ ဘယ်သူတည်ထောင်လို့ ဖြစ်လာရတာလဲဆိုရင် ပုဂ္ဂိုလ်တော့ ရှာလို့်မတွေ့ဘူး။ ဓမ္မပဲတွေ့မယ်။ ပုဂ္ဂိုလ်ကမတည်ထောင်ဘူး၊ ဓမ္မကတည်ထောင်တယ်လို့ မှတ်လိုက်။ ပုဂ္ဂိုလ်အစ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင် ရှာလို့မတွေ့ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုရင် အနေတွေလည်းထပ် အသေတွေလည်း ထပ်ခဲ့လို့တဲ့။ ပုဂ္ဂိုလ်တစ်ယောက်ရဲ့အစကို လိုက်ရှာမယ်ဆိုရင် ဒီပုဂ္ဂိုလ်အရင်ဘဝက နတ်ဖြစ်ခဲ့တယ်၊ အဲဒီအရင်ဘဝက လူဖြစ်ခဲ့တယ်၊ အဲဒီအရင်ဘဝက ခွေးဖြစ်ခဲ့တယ်။ အဲဒီအရင်ဘဝက နွားဖြစ်ခဲ့တယ်လို့ ဒီလိုနောက်ဆုတ်တွေးသွားမယ်ဆိုရင် ဘုရားရှင်တစ်သက်တာလုံး ထိုင်တွေးလို့တောင်မှ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သံသရာ အစမရောက်နိုင်ဘူးတဲ့။ ဒါကြောင့် ပုဂ္ဂိုလ်အနေနဲ့ အစလိုက်ရှာနေမယ်ဆိုရင် ပြီးမှာလည်းမဟုတ်သလို ဆုံးမှာလည်းမဟုတ်တော့ဘူး။ ဒါကြောင့် သံသရာရဲ့အစကို ပုဂ္ဂိုလ်အနေနဲ့တော့ ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့တောင် မရှာနိုင်တော့ဘူး၊ ရှာနိုင်လို့ ရှာနေသော်လည်း အချိန်ကုန် အကျိုးမပြီးသာ ဖြစ်ပါလိမ့်မယ်၊ ဓမ္မအနေနဲ့ပဲ ပြပါတော့မယ်ဆိုတဲ့သဘောနဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ပြတော်မူခဲ့တာပါ။ ဒီလိုပြတော်မူခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ဟာ ကိုယ့်ခန္ဓာ့ဖြစ်စဉ်လည်းဖြစ်၊ ကိုယ့်သံသရာလည်ကြောင်း ပြတဲ့မြေပုံလည်း ဖြစ်နေတော့ ကိုယ့်ခန္ဓာဟာ ကိုယ့်သံသရာပဲလို့သာ တိုတိုကျဉ်းကျဉ်း လိုရင်း မှတ်လိုက်ပါ။ ကိုယ့်သံသရာတိုချင်ရင် ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို တိုအောင်လုပ်ရပါလိမ့်မယ်၊ ကိုယ့်သံသရာပြတ်ချင်ရင်လည်း ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကို ပြတ်အောင်ဖြတ်ရပါလိမ့်မယ်လို့ ဉာဏ်ထဲမှာ ထည့်ထားလိုက်ပါ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး