သင်္ခါရသုံးမျိုး အကျိုးပေးအတူတူ

အဝိဇ္ဇာသည် ဒုက္ခသစ္စာကိုသာ သူမသိတာမဟုတ်သေးဘူး၊ သမုဒယသစ္စာလည်း သူမသိဘူး။ သမုဒယသစ္စာလည်း သူမသိတော့ တဏှာ ဥပါဒါန်နဲ့ ဆုအတောင်းခိုင်းတယ်။ ဆုတောင်းတော့ ဒုတိယဘ၀ ရလာတယ်။ ဒုက္ခသစ္စာရလိုက်တာပဲ။ ပြီးတော့ နိရောဓသစ္စာလည်း သူမသိဘူး။ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာကို နိရောဓသစ္စာ ထင်နေတာ။ စင်စစ်က ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ မဂ္ဂသစ္စာလည်း သူမသိဘူးတဲ့။ မဂ္ဂသစ္စာမသိတော့ ဘုံဘဝရောက်ကြောင်း ကုသိုလ်သင်္ခါရကို ချမ်းသာသုခရကြောင်း အစစ်ထင်ပြီးလုပ်တော့ ဘုံဘ၀ ဒုက္ခသစ္စာပဲ ပြန်ရနေတယ်။ ဒါဖြင့် အဝိဇ္ဇာသည် သစ္စာလေးပါးလုံးကို မသိတာပဲလို့ မှတ်လိုက်။ အဝိဇ္ဇာက သစ္စာလေးပါးမသိတော့ ဒုက္ခသစ္စာချည်း ပြန်ရနေတယ်။ သစ္စာမသိတဲ့ အဝိဇ္ဇာက ဦးဆောင်ပြီး သားရေး သမီးရေး စီးပွားရေးကြောင့် မုဆိုး တံငါလုပ်၊ လိမ်လည်ကောက်ကျစ် အသက်မွေးကြမယ်ဆိုရင် အပုညာဘိသင်္ခါရာ။ အပုည-က အကုသိုလ်၊ အဘိသင်္ခါရက ပြုပြင်တာ။ အကုသိုလ်က ပြုပြင်တော့ စုတေမနေ သေလွန်တဲ့အခါ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အပါယ်ခန္ဓာငါးပါး ဒုက္ခသစ္စာ ရတယ်။ ကုသိုလ်လုပ်တော့လည်း လူနတ်ဗြဟ္မာခန္ဓာငါးပါး၊ ပုညာဘိသင်္ခါရာ၊ ဒုက္ခသစ္စာပဲ။ အကုသိုလ်လုပ်တော့လည်း အပါယ်ခန္ဓာငါးပါး၊ ဒုက္ခသစ္စာပဲ။ ဒီနေရာမှာ မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူတာက `ကျောင်းဒကာ ဘုရားဒကာနဲ့ နွားသတ်သမား အတူတူပဲ´တဲ့။ ကျောင်းဒကာလည်း အဝိဇ္ဇာနဲ့ နောက်ဘဝလိုချင်စိတ်နဲ့ ကုသိုလ်လုပ်တော့ ဒုက္ခသစ္စာပဲရတယ်။ နွားသတ်သမားလည်း အဝိဇ္ဇာနဲ့ အကုသိုလ်သင်္ခါရလုပ်တော့ ဒုက္ခသစ္စာပဲရတယ်။ သစ္စာမှာ သွားပြီး တူနေတာ။ သို့သော် သစ္စာအနေနဲ့တော့ မထူးပါဘူးတဲ့။ ကျောင်းဒကာ ဘုရားဒကာက လူနတ်ဗြဟ္မာ သုဂတိ ဒုက္ခသစ္စာ။ နွားသတ်သမားကတော့ အပါယ်လေးပါး ဒုဂ္ဂတိ ဒုက္ခသစ္စာ။ ဒီလိုတော့ မိုးနဲ့ မြေလို ကွာခြားပါတယ်။ သစ္စာအနေနဲ့တော့ အတူတူပါပဲ။ သစ္စာမှာတူပေမယ့် သုဂတိ ဒုဂ္ဂတိခွဲလိုက်ဦး။ သစ္စာမှာတော့ တူတယ်၊ သုဂတိ ဒုဂ္ဂတိမှာတော့ မတူဘူး။ သို့သော် ဒုက္ခသစ္စာသာရမယ်ဆိုရင်တော့ ဘယ်ဟာမှ မကောင်းဘူး။ သုဂတိဒုက္ခသစ္စာလည်း ကြိုက်စရာမရှိသလို ဒုဂ္ဂတိဒုက္ခသစ္စာလည်း ကြိုက်စရာမရှိဘူး။ ဒုက္ခသစ္စာချင်းအတူတူ ဘယ်ဒုက္ခမှ မကြိုက်နဲ့။ မိုးကုတ်ဆရာတော်ဘုရားကြီးပေးတဲ့ ဥပမာနဲ့ပြောရမယ်ဆိုရင်`ပွေးကိုင်းစားပြီး ဝမ်းလျှော သေချင်သလား၊ သရက်သီးမျိုးကောင်းတွေ စားပြီး ဝမ်းလျှောသေချင်သလား၊ ဘယ်ဟာနဲ့ လျှောသေချင်သတုံး၊ ဝမ်းလျှော သေတာကတော့ အတူတူပဲ´။ လူ့ခန္ဓာလည်း ဒုက္ခသစ္စာ၊ တိရစ္ဆာန်ခန္ဓာလည်း ဒုက္ခသစ္စာ၊ သုဂတိဝမ်းလျှောချင်လား၊ ဒုဂ္ဂတိဝမ်းလျှောချင်သလား။ မလျှောချင်ပါဘူးဆိုရင်တော့ ပြင်လို့ရပါတယ်တဲ့။ လူ့ဘ၀ တိရစ္ဆာန်ဘ၀ ဒုက္ခသစ္စာချင်း ဘာလို့လာတူနေရတာလဲဆိုရင် အဝိဇ္ဇာ သင်္ခါရ- အကြောင်းက တူနေတယ်။ အကြောင်းတူတော့ အကျိုးသစ္စာကလည်းတူပေးရတယ်။ ဒီအဝိဇ္ဇာ သင်္ခါရ အကြောင်းနှစ်ခုကို နားမလည်တော့ အချို့ဘာသာတွေမှာ ထာဝရဘုရားက ဖန်ဆင်းတယ်တဲ့။ တကယ်တော့ မသိလို့ ကုသိုလ်လုပ်တော့ သုဂတိခန္ဓာရတယ်။ မသိလို့ အကုသိုလ်လုပ်တော့ ဒုဂ္ဂတိခန္ဓာရတယ်။ ခန္ဓာဖြစ်ကြောင်းမှန်သမျှ အဝိဇ္ဇာ သင်္ခါရချည်းပဲလို့သာ မှတ်ထားလိုက်။ အဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ် သင်္ခါရပြုတာပဲ။ အဝိဇ္ဇာက (၂)အကွက်မှာ ဒုက္ခသစ္စာလာရမှာကို မသိဘူး။ မသိတော့ ကုသိုလ်တွေပြု။ လူ့ဘ၀ နတ်ဘ၀ ဒုက္ခသစ္စာလို့သူမသိဘူး။ မသိတဲ့အတိုင်း ဒီဘုံဘဝတွေ တောင့်တ ကုသိုလ်တွေ ပြုတော့ ပြုတဲ့အတိုင်း ရ ထားတာပဲ။ ငါလုပ်လို့ ဘာမှ အပြစ်မရှိဘူးလို့ခံယူပြီး ဒုက္ခသစ္စာမသိတာနဲ့ အကုသိုလ်တွေလုပ်တော့ (၂)အကွက်ထဲမှာ အပါယ်လေးပါး ခန္ဓာ ဒုဂ္ဂတိဒုက္ခသစ္စာ လာပေါ်ရတယ်။ မသိလို့ လုပ်တာဟူသမျှ ဒုက္ခသစ္စာအကျိုးပဲပေးတယ်။ ကုသိုလ်လုပ်လည်း ဒုက္ခသစ္စာ အကျိုးပေးတယ်၊ အကုသိုလ်လုပ်လည်း ဒုက္ခသစ္စာ အကျိုးပေးတယ်ဆိုတော့ အကုသိုလ်မှ ကြောက်စရာကောင်းတာမဟုတ်ဘူး၊ ကုသိုလ်လည်း ကြောက်စရာကုသိုလ်ရှိသေးတယ်တဲ့။ ဒီကုသိုလ် အကုသိုလ်တွေအပြင် ဈာန်သမာပတ်တွေ အားထုတ်တဲ့ကုသိုလ်တွေလည်း ရှိသေးတယ်။ ဈာန်ကုသိုလ်တွေလုပ်တော့ (၂)အကွက်မှာ ဗြဟ္မာခန္ဓာငါးပါးလာပေါ်တယ်။ ခန္ဓာမှန်လျှင် ဒုက္ခသစ္စာပဲ။ ဒီတော့ ဈာန်လမ်းဟာလည်း ဒုက္ခသစ္စာပဲလို့ သဘောကျ။ မသိရင်တော့ ဗြဟ္မာတွေ အလွန်ချမ်းသာတယ်ထင်နေမှာပဲ။ အကျိုးပေးတော့ ဗြဟ္မာခန္ဓာ ဒုက္ခသစ္စာပဲ။ ဒါကြောင့် အဝိဇ္ဇာပစ္စယာ အာနဉ္ဇာဘိသင်္ခါရာ ဆိုပြီး ဟောရပြန်တယ်။ ဒါကြောင့် လှူတော့ တန်းတော့မယ် ကုသိုလ်ပြုတော့မယ်ဆိုရင် မိုးကုတ်ဆရာတော်ဘုရားကြီးက `မလှူပါနဲ့ဦး၊ သိပြီးမှ လှူပါ´ လို့မိန့်တော်မူတာ။ ဘာသိပြီးမှ လှူရမှာလဲဆိုရင် သစ္စာသိပြီးမှ လှူရမှာပါ။ ဒုက္ခသစ္စာမှ ကျွတ်လိုလို့ လှူဒါန်းပါတယ်ဆိုတော့ နိဗ္ဗာန်အကျိုးပေးတယ်။ ဒုတိယအကွက်မလာတော့ဘူး။ ကုသိုလ်လုပ်စဉ် ဒုက္ခသစ္စာကို သိပြီးမှလုပ်မယ်ဆိုရင် ဒုက္ခသစ္စာမှ ကျွတ်လို လွတ်လိုလို့ လှူဒါန်းပါတယ်ဆိုရင် ဒုတိယအကွက် ဒုက္ခသစ္စာ မလာတော့ဘူး။ လှူကတည်းက ဒုက္ခသစ္စာကြောက်ပြီးလှူတာဖြစ်တော့ ဒုက္ခသစ္စာ သူမရတော့ဘူး။ ဒုက္ခသစ္စာ မရလို့ရှိရင် သုခသစ္စာကိုသာ ရတော့မယ်။ သုခသစ္စာဆိုတာ နိရောဓသစ္စာကိုပြောတာ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်ပါပဲ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး