လမ်းဆုံး
အနိစ္စာဝတသင်္ခါရာ ဆိုတဲ့ ဂါထာလေးကို တော်တော်များများ ရထားကြမှာပါ။ မရသေးသော်လည်း စိမ်းတော့မစိမ်းပါဘူး။ မကြာခဏဆိုသလို ကြားနေရတဲ့ ဂါထာလေးပဲ။ ဒီနေ့ ဒီဂါထာလေးနဲ့ သင်္ခါရလမ်းဆုံး၊ ဝိပဿနာလမ်းဆုံးရောက်ပုံကို ရှင်းပြမယ်။
သင်္ခါရတရာတွေဟာ ပြုပြင်လို့ပေါ်လာတာ၊ အကြောင်းကြောင့် ပေါ်လာတဲ့ အကျိုးတရားတွေသာ ဖြစ်တယ်လို့ မနေ့က ပြောခဲ့တယ်။ ဒီလို ပေါ်လာတဲ့ သင်္ခါရတရားတွေသည် ဘယ်မှာလမ်းဆုံးလဲဆိုရင် အနိစ္စမှာလမ်းဆုံးတယ်။ ရုပ်ပေါ်ပေါ် နာမ်ပေါ်ပေါ် ပေါ်လာတာက သင်္ခါရ၊ ပျက်သွားတာက အနိစ္စ။ ဉာဏ်နဲ့ ကြည့်လိုက်တော့ သင်္ခါရနဲ့ အနိစ္စပဲရှိတယ်။ ပေါ်ဆဲ သင်္ခါရ၊ ပျက်သွားရင် အနိစ္စ။ ပူတဲ့ရုပ်လေး ပေါ်လာတယ်၊ သင်္ခါရ၊ အေးတဲ့ ရုပ်လေးပေါ်လာတော့ ပူတဲ့ရုပ်လေးက ပျက်သွားတယ်၊ အနိစ္စ။ ပူတဲ့ရုပ်လေးပျက်သွားတော့ အေးတဲ့ရုပ်လေးက အစားထိုးပေါ်လာတာ၊ သင်္ခါရ။ အနိစ္စကို သင်္ခါရနဲ့ အစားထိုးနေတာပဲ။ ဘယ်ရုပ်ပေါ်လာလာ ပေါ်လာတာ သင်္ခါရ။ ပျက်သွားတော့ အနိစ္စ။ နောက်တစ်ခုပေါ်ဖို့အတွက် ရှေ့ရုပ်တစ်ခုက အနိစ္စရောက်ပေးရတာ။ သူအနိစ္စရောက်သွားတော့ ပျက်သွားတော့ နောက်ရုပ်တစ်ခုက အစားထိုးပေါ်၊ သူပျက်သွား နောက်တစ်ခု အစားထိုးပေါ်၊ ဒီလို ပျက်လိုက် အစားထိုးပေါ်လိုက် ပျက်လိုက် အစားထိုးပေါ်လိုက်။ ပျက်တာ အနိစ္စ၊ အစားထိုးပေါ်တာ သင်္ခါရ။ ဒါကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက `အနိစ္စာဝတသင်္ခါရာ´လို့ဟောတော်မူတယ်။ သင်္ခါရတရားတွေဟာ အနိစ္စမှာလမ်းဆုံးတယ်၊ ပေါ်လာတာက သင်္ခါရ၊ ပျက်သွားတာက အနိစ္စ၊ သင်္ခါရမှန်သမျှ အနိစ္စရောက်ရတာချည်းပဲ၊ ဖြစ်သမျှ ပျက်ရတာချည်းပဲ တဲ့။
တစ်နည်းအားဖြင့် သင်္ခါရတရားတွေဟာ ဖြစ်ခြင်းလည်း ရှိ၊ ပျက်ခြင်းလည်း ရှိတယ်။ ဖြစ်လာတာက ဥပ္ပါဒ၊ ပျက်သွားတာက ဝယ။ ရုပ်သင်္ခါရလေး ဖြစ်လာတာ ဥပ္ပါဒ၊ ပျက်သွားတာ ဝယ။ နာမ်သင်္ခါရလေး ဖြစ်လာတာ ဥပ္ပါဒ၊ ပျက်သွားတာ ဝယ။ ရုပ်ပေါ်တော့လည်း ဖြစ်ပျက်၊ နာမ်ပေါ်တော့လည်း ဖြစ်ပျက်ပဲ။ မြင်စိတ်ပေါ်တယ်၊ ပေါ်တော့ ဥပ္ပါဒ။ ပျက်သွားတော့ ဝယ။ လောဘစိတ်လေးပေါ်တော့ ဥပ္ပါဒ၊ ပျက်သွားတော့ ဝယ။ ပေါ်သမျှတရားတွေဟာ ဥပ္ပါဒ နဲ့ ဝယချည်းပဲ။ ဒါကြောင့် ဒုတိယအကြိမ်ထပ်ဟောတော်မူလိုက်တာက `ဥပ္ပါဒါဝယ ဓမ္မိနော´တဲ့။ ရုပ်နာမ် ဓမ္မ သင်္ခါရတရားတွေဟာ ဖြစ်ခြင်း ပျက်ခြင်း ဥပ္ပါဒ ဝယမှာပဲ လမ်းဆုံးနေကြတယ်။
ဖြစ်လာတဲ့တရားဟာ ချုပ်ရမှာ ဓမ္မတာပဲ။ နာကျင်ကိုက်ခဲတဲ့ ဝေဒနာပေါ်တယ်၊ ဒီအတိုင်းကြီး အမြဲတမ်းနာကျင်ကိုက်ခဲနေတာမဟုတ်ဘူး။ တစ်ရိပ်ရိပ်ပြောင်းလဲနေတယ်။ အကြာကြီးနာနေတယ်ထင်ရပေမယ့် တကယ်တော့ အကြာကြီးနာနေတာမဟုတ်ဘူး။ ဝေဒနာတစ်ခုဖြစ်ပြီး ချုပ်သွားတော့ နောက်တစ်ခုက အစားထိုးပြန်ပေါ်၊ နောက်တစ်ခု ထပ်ချုပ်သွားတော့ နောက်တစ်ခုက အစားထိုးပေါ်၊ ဒီလို ဝေဒနာတွေ တစ်ခုဖြစ် ချုပ်သွား နောက်ဝေဒနာတစ်ခုက အစားထိုးပေါ်၊ ဒီလို စဉ်ဆက်မပြတ်ပေါ်နေလို့သာလျှင် အကြာကြီးနာနေတယ်လို့ထင်နေရတာပဲ။ သေသေချာချာ အပိုင်းပိုင်း ပြတ်အောင် ပိုင်းဖြတ်ကြည့်လိုက်တော့ ရှေ့ဝေဒနာ ဖြစ်ပြီး ချုပ်သွား၊ နောက်ဝေဒနာတစ်ခုပေါ်၊ ဖြစ်ပြီးချုပ်သွား၊ နောက်တစ်ခုထပ်ပေါ်။ ဒီလို ပေါ်နေတာသာဖြစ်တယ်။ ဖြစ်ပြီးရင် တည်မြဲနေတာ ဘာတစ်ခုမှမရှိဘူး။ ချုပ်ဆုံးရတာဟာ ဓမ္မတာပါပဲ။ ဒါကြောင့် တတိယအကြိမ် `ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ´ `ဖြစ်သမျှ ချုပ်ဆုံးရသည်သာ´ လို့ထပ်မံ ဟောတော်မူလိုက်တာပါ။
ဘုရားရှင် ဟောလိုက်တဲ့ တရားသုံးပိုဒ်ကိုကြည့်လိုက်ရင် အဓိပ္ပါယ်က အတူတူချည်းပဲ။ အားလုံးဟာ ဖြစ်ပျက်။ အနိစ္စာဝတသင်္ခါရာ -မှာလည်း သင်္ခါရ -က အဖြစ်၊ အနိစ္စ -က အပျက်။ ဥပ္ပါဒါဝယဓမ္မိနော -မှာလည်း ဥပ္ပါဒ -က အဖြစ်၊ ဝယ -က အပျက်။ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ -မှာလည်း ဥပ္ပဇ္ဇိတွာ -က အဖြစ်၊ နိရုဇ္ဇန္တိ -က အပျက်။ အလုပ်လုပ်ဖို့အရေးကြီးလို့ သုံးကြိမ်တိတိ ထပ်ဟောတယ်လို့ မှတ်လိုက်။ ဘာတရားပေါ်ပေါ် ဖြစ်ပျက်ပဲ ရှိတယ်။ ဖြစ်ပျက် မဂ္ဂင်ငါးပါးနဲ့ ကိုက်အောင်လုပ်ရမယ်။ ဒီလို လုပ်ရခြင်းဖြင့် တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားသုံးပါးချုပ်တယ်။ ဝေဒနာပေါ်လာတာဟာ ဖြစ်ပျက်ပြနေတာပဲ။ အသိခံလေးပေါ်လာတာ။ ကြည့်လိုက်တော့ ဖြစ်ပျက်ပဲတွေ့ရတယ်။ ဒါကြောင့် အသိခံက ဖြစ်ပျက်၊ အသိဉာဏ်က မဂ်။ ဝေဒနာမမြဲခြင်း အနိစ္စမြင်တော့ မာနစင်တယ်။ မအိုမသေ မြဲတယ်ထင်လို့ မာန်တက်နေကြတာ မမြဲတဲ့သဘောတရားသိလိုက်တော့ မာနစင်သွားတယ်။ ချမ်းသာတဲ့ သုခဝေဒနာလေးကိုပင် ဉာဏ်နဲ့ကြည့်လိုက်တော့ ဖြစ်ပျက်သွားတာ။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲ။ ချမ်းသာတဲ့သုခဝေဒနာတောင်မှ ဒုက္ခဆိုရင် ဘာများနှစ်သက်စရာရှိတော့ဦးမလဲ။ တဏှာစင်သွားတယ်။ ဖြစ်ပျက်နေတော့ ငါ-လို့ပြောစရာ တစ်ခုမှမတွေ့တော့ဘူး။ ဒိဋ္ဌိအလိုလိုစင်တယ်။ ဝေဒနာကို ဖြစ်ပျက်မြင်အောင် ရှုနိုင်လိုက်ရင် တဏှာ မာန ဒိဋ္ဌိ ဆိုတဲ့ ပပဉ္စတရားသုံးပါး စင်တယ်။
ပပဉ္စနိရောဓော နိဗ္ဗာနံ- ပပဉ္စသုံးပါးချုပ်ရာ နိဗ္ဗာန်ပဲ။ ရှုရင်းရတဲ့ နိဗ္ဗာန်၊ မသေခင်ရတဲ့နိဗ္ဗာန်။ သေပြီးမှ ရတဲ့နိဗ္ဗာန်ကိုတော့ အနုပါဒိသေသနိဗ္ဗာန်လို့ခေါ်တယ်။ မသေခင် ကိုယ်တိုင်မြင်ရတဲ့နိဗ္ဗာန်မျိုးက သဥပါဒိသေသနိဗ္ဗာန်။ ဒီနိဗ္ဗာန်ရဖို့ ပေါ်လာသမျှ သင်္ခါရတရားတွေကို ဖြစ်ပျက် မလွတ်အောင် ရှုပါ။ ရုပ်လည်း ဖြစ်ပျက်၊ နာမ်လည်းဖြစ်ပျက်။ သေသေချာချာကြည့်တော့ ရုပ်နာမ်တောင်မှ မတွေ့ရဘူး။ ဖြစ်တာနဲ့ ပျက်တာတွေပဲ တွေ့ရတယ်။ အဖြစ်နဲ့ အပျက်သဘောတွေပဲ ဉာဏ်ထဲမှာ တန်းနေအောင် စီနေအောင် မြင်နေပြီဆိုရင် ဉာဏ်တက်လာတာပဲ။ ဆက်လက်ရှုရင်းနဲ့ ဖြစ်ပျက်တွေနှိပ်စက်နေတဲ့ ခန္ဓာ ဒုက္ခသစ္စာကြီးကို မုန်းတဲ့ ဉာဏ်ဝင်လာမယ်။ မလျှော့ဘဲဆက်ရှုရင် ရှုရင်းနဲ့ အရှုဉာဏ်အောက်မှာ ရှုစရာ ဖြစ်ပျက်တွေ မတွေ့တော့ပဲ ဖျတ်ကနဲ ပျောက်သွားပြီဆိုရင်တော့ ဖြစ်ပျက် ဒုက္ခသစ္စာအဆုံးကိုမြင်လိုက်တာပဲ။ ဖြစ်ပျက်တွေ ချုပ်ငြိမ်းသွားတာ၊ နိရောဓသစ္စာ။ ဒါကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက `တေသံ ဝူပသမောသုခေါ၊ ဖြစ်ပျက်ချုပ်ဆုံးခြင်းဟာ နိဗ္ဗာန်ပဲ-လို့ ဟောတော်မူခဲ့ပါတယ်။ ဒီနိဗ္ဗာန်ကို မြင်လိုက်တဲ့ ဉာဏ်လေးက မဂ္ဂသစ္စာ။ ဒီမဂ်ဉာဏ်ရဲ့အောက်မှာ ပျားပျာဝပ် သေသွားကြတဲ့ တဏှာ မာန ဒိဋ္ဌိတွေက သမုဒယသစ္စာ။
ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတွေကို သင်္ခါရတရားလို့ခေါ်တယ်။ င်္သခါရတရားတွေဟာလည်း ဖြစ်ပျက်မှာ လမ်းဆုံးနေကြတယ်။ ဖြစ်ပျက်ဆိုတာ ဒုက္ခသစ္စာ။ ဖြစ်ပျက်ချုပ်ဆုံးသွားလို့ မရှိတော့ဘူးဆိုရင် ဒုက္ခသစ္စာ ပျောက်ဆုံးသွားတာပဲ။ ဒုက္ခပျောက်တော့ သုခနိဗ္ဗာန်ပေါ်တယ်။ ဒါဟာ ဝိပဿနာလမ်းဆုံးပါပဲ။ ရှေ့သုံးပါဒနဲ့ဟောခဲ့တဲ့ သင်္ခါရတရား ဖြစ်ပျက်က ဝိပဿနာလမ်းစ၊ တေသံဝူပသမောသုခေါ- ဖြစ်ပျက်တို့ချုပ်ငြိမ်းခြင်းဟာ သုခနိဗ္ဗာန်ပဲဆိုတာက ဝိပဿနာလမ်းဆုံးပါပဲ။
ဒေါက်တာအရှင်ပါရမီ
ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)
မူလနှစ်ဖြာ အပိုင်း (ခ) အ၀ိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘ၀က အ၀ိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘ၀မှာ တဏှာက ခေါင်းဆောင်လုပ် အ၀ိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အ၀ိဇ္ဇာနဲ့ တဏှာပါပဲ။ အ၀ိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အ၀ိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အ၀ိဇ္ဇာ။ သစ္စာလေးပါးသိရင် ၀ိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အ၀ိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘ၀နဲ့ပြောရရင် ရှေ့ဘ၀ကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မ...
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.