ကံကိုချည်းသာ မရိုးရာဘူး

ကံမကောင်းလို့ ဒုက္ခတွေ ရောက်နေရတယ်ထင်နေကြတာ၊ တကယ်က စွဲချက်လွဲနေတယ်။ ကံမဟုတ်ဘူး၊ သူ့ကိုခေါင်းဆောင်နေတဲ့ အဝိဇ္ဇာ။ အဝိဇ္ဇာမရှိရင် ကံနဲ့ သင်္ခါရချုပ်တယ်။ အဝိဇ္ဇာရဲ့လုပ်ရပ်ကို ကံပေါ် ပုံချနေကြတာ၊ ကံကို ရိုးမယ်ဖွဲ့နေကြတာသာဖြစ်တယ်။ တကယ်တော့ အဝိဇ္ဇာကြောင့်ပဲ အိုရ နာရ သေရတဲ့ ဒုက္ခတွေ တွေ့နေကြရတာ၊ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးနဲ့ ရင်ဆိုင်နေကြရတာပါ၊ ကံမကောင်းလို့မဟုတ်ပါဘူး။ ဒုက္ခသစ္စာကလည်း လေးမျိုးရှိတယ်။ ရစ ဒုက္ခသစ္စာ၊ ရလယ် ဒုက္ခသစ္စာ၊ ဆုံးခါနီးရတဲ့ဒုက္ခသစ္စာ၊ အဆုံးဒုက္ခသစ္စာ။ ရစဒုက္ခသစ္စာ ဇာတိဒုက္ခတော့ ပြီးခဲ့ပြီ။ ရလယ်ဒုက္ခသစ္စာ ဖြစ်တဲ့ ဇရာဒုက္ခ- အိုဘေးကြီးနဲ့နေနေရတယ်။ ဆုံးခါနီး ရတဲ့ ဒုက္ခသစ္စာ နာဘေးဒုက္ခလည်း ကျန်သေးတယ်။ အဆုံးဒုက္ခသစ္စာ သေဘေးဒုက္ခလည်း ကျန်သေးတယ်။ ဒီအကွက် (၂)ထဲက မထွက်ရသေးဘူး။ သေသာ သေချင်ပါတော့တယ်ဆိုပေမယ့် မသေရသေးဘူး၊ နေရလိမ့်ဦးမယ်၊ ဒုက္ခမကုန်သေးဘူး။ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခတွေ ကျန်သေးတယ်။ မသေခင် သောက ပရိဒေဝတွေလာဦးမယ်။ အကျိုးပေး မစုံသေးဘူး။ အိုဖို့ကျန်သေးတယ်။ နာဖို့ကျန်သေးတယ်။ စိုးရိမ်ပူဆွေး သောကရောက် မူးနောက်ဗျာဝေ ရင်ထုမနာဖြစ်ရပ်တွေကျန်သေးတယ်။ နောက်ဆုံး မရှုမလှ သေဖို့ကျန်သေးတယ်။ ပထမအကွက်ကပြုခဲ့တဲ့အကြောင်းတွေ ကုန်တော့မှ နောက်ဆုံးပိတ်ဒုက္ခနဲ့ ဇာတ်သိမ်းရလိမ့်မယ်။ အကြောင်းမကုန်မချင်းတော့ ဒုတိယအကွက်က ထွက်ကိုမထွက်သေးဘူး။ အကျိုးပေးကျန်သေးတယ်။ ဒုက္ခသစ္စာရဲ့ အတိတ်အကြောင်း ငါးပါးကို သမုဒယသစ္စာတွေချည်းလို့မှတ်လိုက်။ သေသည်၏အခြားမဲ့၌ (၁)နဲ့ (၂)စပ်လို့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ အကျိုးပေးပြီ။ ဘယ်ကာလမှာအကျိုးပေးလဲဆိုတော့ ပစ္စုပ္ပန်ကာလ၊ ခန္ဓာငါးပါးပေါ်တာပါပဲ။ ခန္ဓာငါးပါးကို လေးပိုင်းပိုင်းလိုက်တော့ ဇာတိ ဇရာ ဗျာဓိ မရဏ။ ဘာများကြိုက်စရာပါသေးလဲ။ မကြိုက်ဘူးဆိုပေမယ့် နောက်ကျသွားပြီ။ ရတာက စောနေတယ်။ (၁)က မှားခဲ့တာ။ (၂)မှာ ကျွံလာပြီ။ မရချင်လို့ မဖြစ်တော့ဘူး။ ရပြီးသားဖြစ်နေပြီ။ အမှားတွေက ကျွံနေပြီ။ မှားတာက သမုဒယသစ္စာ၊ ကျွံတာက ဒုက္ခသစ္စာ။ ကိုယ်တိုင်မှားခဲ့လို့ ရတဲ့ဒုက္ခသစ္စာတွေ။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ။ အမှားပေါ် အမှားထပ်ဆင့်လို့ အိမ်ထောင်သားမွေး ပြုကြပြန်တော့ သားပူ သမီးပူ ဆွေပူ မျိုးပူ ဝန်ထုပ်ပိုကြီးလာတယ်။ ဘာသစ္စာလည်းဆိုတော့ ဒုက္ခသစ္စာ။ သြော်- ဒုက္ခသစ္စာ နှစ်ထပ်ဖြစ်နေတာပဲ။ ရထားတဲ့ ခန္ဓာက ဒုက္ခသစ္စာ။ ပွားလာတဲ့ခန္ဓာတွေ၊ သူတို့အတွက် ပူပင်ရတာတွေကလည်း ဒုက္ခသစ္စာ။ အမှားပေါ် တစ်ခါ ထပ်မှား၊ မိုက်ပြစ်သင့်ထားတဲ့အပေါ် တစ်ခါ ထပ်မိုက်တဲ့သဘော။ အတိတ်က မလိမ္မာလို့ ခန္ဓာရလာခဲ့တာ၊ ဒီခန္ဓာနဲ့ ထပ်မိုက်ကြဦးမယ်ဆိုရင်ဖြင့် မလိမ္မာ နှစ်ခါမိုက် ဖြစ်ပြီပေါ့။ အခုရောက်နေတာ အကွက်(၂)ထဲမှာ။ ဘယ်ကာလလဲဆိုတော့ ပစ္စုပ္ပန်ကာလ၊ မသေသေးဘူး။ နေနေရတုန်းပဲ။ ဘာသစ္စာနဲ့နေနေရလဲဆိုရင် ဒုက္ခသစ္စာနဲ့ နေနေရတယ်။ ပစ္စုပ္ပန်အကျိုးတစ်လွှာ။ အတိတ်ဘဝကလုပ်ခဲ့တဲ့အကြောင်းတွေကြောင့် ပစ္စုပ္ပန်အကျိုးတွေ ရလာတာ။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ။ ဇာတိမှာလည်း ဒီငါးပါး ပါတာပဲ။ ဇရာမှာ၊ ဗျာဓိမှာ၊ မရဏမှာရော ဒီငါးပါး ပါတာပဲ။ အို နာ သေတွေ လာကိုလာမယ်။ ရှောင်လို့မရဘူး။ အတိတ်အကြောင်းအခြင်းအရာကြောင့် ပစ္စုပ္ပန်အကျိုးအခြင်းအရာပေါ်ရတာ။ ကံမကောင်းလို့ ဗျာဓိမရဏတွေတွေ့ရတာလားဆိုတော့ မဟုတ်ဘူး၊ အတိတ်အဝိဇ္ဇာကြောင့်။ ပစ္စုပ္ပန်ဘဝ၏ရေသောက်မြစ်က အဝိဇ္ဇာ။ အနာဂတ်ဘဝ၏ရေသောက်မြစ်က တဏှာ။ ရှေးဘဝက အဝိဇ္ဇာရှိလို့ ဒုက္ခတွေ့နေရတယ်။ ဒုက္ခတွေ လေးမျိုးတောင် တွေ့ရမှာ။ အခု နှစ်မျိုးလောက် တွေ့နေကြတာများတယ်။ နောက်နှစ်မျိုးကလည်း လာမှာပဲ။ ကံမကောင်း အကြောင်းမသင့်လို့လားဆိုတော့ မဟုတ်ဘူးတဲ့။ အတိတ်က အဝိဇ္ဇာနဲ့ လုပ်ခဲ့လို့၊ ကုသိုလ် သင်္ခါရတွေလုပ်ခဲ့တာ၊ အကုသိုလ်သင်္ခါရများလုပ်ခဲ့မယ်ဆိုရင် လူကိုဖြစ်မလာဘူး။ အဝိဇ္ဇာ ဘာသစ္စာလဲ- သမုဒယသစ္စာ။ သမုဒယသစ္စာကြောင့် ခန္ဓာရလာပြီး ဒုက္ခတွေ မချိမဆန့်ခံနေရတာ။ ဒုက္ခစုံပြီလားဆိုတော့ မစုံသေးဘူး။ ဒုက္ခတွေနဲ့နေရတာ သေချင်တော့တာပဲလို့ ညည်းနေလည်း မရဘူး။ နေဦး ဒီအတိုင်းသေရင် အသေပေါ့နေလိမ့်မယ်၊ ဗျာဓိလေးတော့ ထည့်လိုက်ဦးမှ မချိမဆန့်သေရမှာ၊ ဒီလိုကိုးဗျ။ သေတာကို လေးလေးနက်နက် ခက်ခက်ခဲခဲလေးဖြစ်အောင် ဗျာဓိ ပိဿာလေးနဲ့ သေခါနီးမှာ ကပ်ပြီးထုဦးမှာ။ အသေ ပေါ့သွားမှာစိုးလို့။ ဒါဟာ နာအောင်ပြောနေတာလားဆိုတော့ မဟုတ်ပါဘူး၊ သမုဒယသစ္စာစီမံသရွေ့ ခံနေရတယ်ဆိုတာကို အမှန်အတိုင်းသိစေချင်လို့။ သမုဒယသစ္စာခြယ်လှယ်နေသရွေ့၊ အဝိဇ္ဇာ တဏှာ ခေါင်းဆောင်နေသရွေ့ အိုတာ နာတာ သေတာတွေက ပြေးလို့မလွတ်ပါဘူး။ ဒါဟာ ဝိပဿနာအလုပ်မရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သွားမြဲလမ်းစဉ်ပဲ။ ဒီအိုနာသေ ဒုက္ခသစ္စာကြီးက လွတ်ချင်ပါတယ်ဆိုရင် တတိယအကွက်ဘက် မကူးတဲ့အလုပ်ကို လုပ်ရလိမ့်မယ်။ အကွက် (၁)နဲ့(၂)ကို သဘောပေါက်လို့ရှိရင် တတိယအကွက်ကိုတော့ အလုပ်နဲ့ ပွားယူ။ အလုပ်မရှိတဲ့ပုဂ္ဂိုလ်ရဲ့ဖြစ်စဉ်ကိုလည်း သိရမယ်၊ အလုပ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ဖြစ်စဉ်ကိုလည်း သိရမယ်။ အကွက်(၂)နဲ့ (၃)ကြားမှာ မဂ်ဉာဏ်ပေါ်တယ်။ နောက်ထပ်ခန္ဓာတွေမလာအောင် သူကလုပ်လိမ့်မယ်။ ဘုရားပွင့်တာလည်း ဒီနေရာပဲ။ သောတာပန်တည်ချင်ရင်လည်း ဒီနေရာပဲ။ (၂)နဲ့ (၃)မကူးဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီ (၂)နဲ့(၃)အစပ်မှာ ဒုက္ခသစ္စာကူးချင်ရင်လည်း ရ၊ နိရောဓသစ္စာကူးချင်ရင်လည်း ရတယ်၊ နှစ်လမ်းသွားအစပ်ပဲ။ ဒုက္ခသစ္စာကူးချင်ရင်လည်း ရတယ်၊ ဒုက္ခသစ္စာချုပ်ရာ နိရောဓသစ္စာကူးချင်ရင်လည်း ရတယ်။ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်လို့ နိရောဓသစ္စာကူး နိဗ္ဗာန်ပေါ်ပြီဆိုရင်တော့ ဇာတိ ဇရာ ဗျာဓိ မရဏဆိုတဲ့ ဘဝမှာ မလိုလားအပ်ဆုံးဖြစ်တဲ့ ကံဆိုးမိုးမှောင်တွေလည်း မကျတော့ပါဘူး။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး