မသိလှူကြောင့် ဒုက္ခရောက်
Type here
လူ့ဘ၀ လူ့ခန္ဓာ ရ ထားတာဟာ အတိတ်ကုသိုလ်တွေကြောင့်ပါပဲ။ အတိတ်က ဘယ်လိုကုသိုလ်မျိုးလဲဆိုရင် သစ္စာမသိဘဲ ပြုလုပ်ခဲ့တဲ့ကုသိုလ်။ အတိတ်ဘဝက သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ လှူခဲ့လို့ ယခုဘ၀ လူ့ခန္ဓာ ဒုက္ခသစ္စာဖြစ်နေတယ်။ ဒါဟာ လူ့ချမ်းသာလား၊ မဂ်ချမ်းသာလား၊ ဒုက္ခသစ္စာလားမေးရင် ဒုက္ခသစ္စာသာဖြစ်တယ်။ လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘဝကို ဒုက္ခသစ္စာမှန်း သိပြီး ဒီလိုဒုက္ခသစ္စာကြီးကို ရွံလို့ မုန်းလို့ မလိုချင်လို့ ဒုက္ခလွတ်ရာသာရချင်လို့ လှူဒါန်းပါ၏ဆိုတော့ သစ္စာသိတဲ့ပုဂ္ဂိုလ်ရဲ့အလှူဖြစ်သွားတယ်။
တကယ်တော့ ဒါဟာ ဒုက္ခသစ္စာကြီးလို့ စာသိပဲရှိသေးတယ်။ တရားထိုင်ကြည့်လိုက်တဲ့အခါကျတော့ ခန္ဓာကြီးဟာ ရွှေ့ချင်တာ၊ ပြောင်းချင်တာ၊ ယားတာ နာတာ ကိုက်တာ ညောင်းတာ အကုန်တစ်မျိုးပြီး တစ်မျိုး ပြလိမ့်မယ်။ ဒါဟာ ဒုက္ခသစ္စာမို့ ဒုက္ခတွေ ပြနေတာ။ ဒီလိုမြင်လာတော့ ခန္ဓာဟာ ဒုက္ခသစ္စာ၊ စာသိမဟုတ်တော့ဘူး။ ကိုယ်တွေ့အသိဖြစ်လာပြီ။ ဒီလို ကိုယ်တွေ့မြင်လာတဲ့အချိန်ကျရင်တော့ မိုးကုတ်ဆရာတော်ဘုရားကြီးက `ယခုမြင်နေရသော ဒုက္ခဝဋ်မှ ကျွတ်ရပါလို၏ဘုရားဆိုပြီး သိန်းကုန် သောင်းကုန် လှူကြ´တဲ့။ ဟုတ်ပါတယ်။ တကယ်ကြည့်လို့ တကယ့်အရှိကို ကိုယ်တိုင်သိလိုက်ရတာဖြစ်တော့ သူများအပြော ဒုက္ခသစ္စာမဟုတ်တော့ဘူး။ ကိုယ့်ခန္ဓာက ပြောနေတာ၊ မယုံလို့ မရတော့ဘူး။ ထိုင်လိုက်တာနဲ့ ခန္ဓာက ညောင်းတာ နာတာ ကိုက်တာ ခဲတာတွေ ပြလိမ့်မယ်။ ဘာတွေချည်းပြနေတာလဲဆိုရင် ဒုက္ခသစ္စာတွေချည်း ပြနေတယ်။ `ဒီလို ဒုက္ခသစ္စာကြီးကို နောင်တစ်ဖန်မရချင်လို့ ဒုက္ခကျွတ်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ တပည့်တော်တို့ သိန်းကုန် သောင်းကုန် လှူဒါန်းပါ၏´လို့ ပြောင်းလိုက်တဲ့။
ဒီလိုလှူမှ ဝဋ်ကို ရွံမုန်းပြီးလှူတဲ့အလှူဖြစ်မှာ။ ဒီလိုလှူတာကို ဝဋ်ကျွတ်တဲ့အလှူလို့ သေသေချာချာမှတ်လိုက်ပါ။ ဘယ်အချိန်လှူလှူ ဘယ်မှာလှူလှူ ဒီစိတ်လေး မွေးဖြစ်အောင်မွေးပါ။ ဒီလိုလှူလိုက်တော့ ကိုယ့်အလှူပွဲကလည်း ဝဋ်ကျွတ်တဲ့ အလှူပွဲကြီး ဖြစ်သွားတယ်။ ဒီလိုမှမဟုတ်ရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဖြစ်တော့ သမုဒယသစ္စာ လုပ်မိသွားတယ်။ လှူတာလား သမုဒယသစ္စာလုပ်တာလားလို့များ မေးရင် သမုဒယသစ္စာ အလုပ်ဖြစ်နေတယ်။ သစ္စာမသိဘဲနဲ့ လှူရင် သမုဒယသစ္စာ။ သမုဒယသစ္စာလုပ်မိရင် ခန္ဓာငါးပါး ဒုက္ခသစ္စာတရားသာ ရမယ်။ ဒါဆို ဝဋ်ထဲ လည်တဲ့ အလှူဖြစ်သွားတယ်။ (၁)ပြီး (၂) သွား၊ (၂)ကနေ (၃)လုပ်၊ (၃)လုပ်တော့ (၄)အကွက်ထဲ မဖြစ်မနေ ရောက်ရတော့မယ်။ တစ်ခါ (၄)ထဲကနေ (၁)ပြန်ဖြစ်။ ဒါကို ဝဋ်လည်တယ်ခေါ်တယ်။
ဒီတော့ သစ္စာသိပြီးလှူတဲ့ပုဂ္ဂိုလ်မှာ ဝဋ်ကျွတ်တယ်။ သစ္စာမသိတဲ့ပုဂ္ဂိုလ်လှူတော့ သေပြီးနောက် ဒုက္ခသစ္စာပဲ ရမယ်၊ ဝဋ်ထဲ ပြန်လည်ရမယ်ပေါ့။ အခုလက်ရှိခန္ဓာကို ကြည့်လိုက်၊ အတိတ်က မသိလို့လှူခဲ့တဲ့ ကုသိုလ်ကြောင့် ရလာတဲ့ ခန္ဓာပဲ။ အကွက်(၂)ထဲမှာ ရောက်နေတယ်၊ ဒီဘ၀ ဘယ်က စ ခဲ့ရသလဲဆိုရင် ဇာတိက စ ခဲ့ရတာ၊ ဒီဘ၀ ပဋိသန္ဓေက စ ခဲ့ရတာ။ ဒါကြောင့် ဝိညာဏ်ဆိုတာ ပဋိသန္ဓေဝိညာဏ်။ ဝိညာဏ်ပြီးတော့ နာမ်ရုပ်၊ နာမ်ရုပ်ပြီးတော့ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ဆိုတဲ့ သဠာယတန။ ပြီးတော့ ခန္ဓာထဲက အာရုံကို တွေ့ထိတတ်တဲ့ ဖဿ၊ အကောင်းအဆိုး ခံစားတတ်တဲ့ ဝေဒနာ။ ဒါဖြင့် ပဋိသန္ဓေဝိညာဏ်ဆိုတဲ့ ဇာတိဟာ ဒုက္ခသစ္စာ (ဇာတိပိ ဒုက္ခသစ္စာ)။ ဘ၀ အစကတဲက ဒုက္ခနဲ့ စခဲ့ရတာ။ မသိလှူကြောင့် ရလိုက်တဲ့ ခန္ဓာ၊ ဒုက္ခသစ္စာပဲ ဆိုတာ ရှင်းလောက်ပါပြီ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.