နှစ်သုံးအစပ် ပြတ်အောင်ဖြတ်

စက်ဝိုင်းကို အာရုံပြုလိုက်ပါ။ အကွက်နံပါတ်တွေနဲ့ ပြောမှာဖြစ်လို့ ဘယ်အကွက်မှာ ဘယ်တရားတွေ ရှိတယ်ဆိုတာလည်း သတိထားလိုက်ပါ။ အကွက် (၁) က အကြောင်းတရားတွေ အားထုတ်ရင် (၂) အကွက် အကျိုးတရားတွေရမယ်။ အခု (၂)ထဲကလည်း နောက်ထပ် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဘဝတွေ ပြန်လုပ်ကြဦးမယ်ဆိုရင် အနာဂတ်ဘဝလာဦးမှာပဲ။ (၂)ထဲမှာနေပြီး (၃)တရားတွေ ထပ်လုပ်ရင် (၄) ပြန်ရမယ်။ (၃)တရားတွေဟာ (၂)ထဲက ပေါက်ပွားနေတာ။ (၂)ထဲရောက်နေတုန်း ဝိပဿနာအားမထုတ်တော့ သစ္စာမသိဘူး။ သစ္စာမသိတော့ အဝိဇ္ဇာ ပြန်ရောက်တယ်။ အဝိဇ္ဇာပြန်ရောက်တော့ နောက်ဘဝချမ်းသာရေး သင်္ခါရတွေ လုပ်ပြန်တယ်။ ဒါဟာ အဝိဇ္ဇာ သင်္ခါရဘက် ပြန်လှည့်တာပဲ။ ပြန်လှည့်တော့ သမုဒယသစ္စာ ပြန်ရောက်သွားတယ်။ အခု ရထားတာက ဒုက္ခသစ္စာ။ ဝမ်းထဲမှာ သမုဒယသစ္စာမျိုးစေ့က ပြန်ပေါက်လာတယ်။ ဒါဖြင့် သေသည်၏အခြားမဲ့၌ အနာဂတ် ဒုက္ခသစ္စာ မရချင်လို့ မဖြစ်တော့ဘူး။ ဒါကြောင့် (၂)ထဲမှာ နေနေတုန်း (၃)တရားတွေ မပေါ်စေနဲ့။ အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝတွေ မပေါ်စေနဲ့လို့ ပြောတာ။ ဒါကြောင့် ပစ္စုပ္ပန်ကာလကို (၂၊ ၃) နှစ်ကွက်ပြထားတာ။ (၂)ထဲမှာ နေပြီး (၃)တရားတွေထပ်လုပ်တော့ ဒုက္ခပင်က သမုဒယသီးတွေ သီးလာတယ်။ ဒီလက်ရှိခန္ဓာ ဒုက္ခပင်ကြီးက သမုဒယသီးတွေ သီးလို့ သမုဒယသီးတွေ မျိုးကျလို့ရှိရင် ဒုက္ခပင်ကြီး ထပ်ပေါက်ဦးမှာပဲ။ အဲဒီ သမုဒယသီးတွေ သီးလိုက်တဲ့အတွက် အနာဂတ်ဒုက္ခပင်ကြီးပေါက်လာတော့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာ မရဏ၊ ဒုက္ခသစ္စာကြီးပဲ ပြန်ရတယ်။ ဒါဟာ (၂) ခန္ဓာ ဒုက္ခပင်ကြီးထဲက တဏှာဥပါဒါန် ကံ အဆိပ်သီးတွေ သီးလို့ အဝိဇ္ဇာ သင်္ခါရနဲ့ ပြန်ပေါင်းလိုက်ပြန်တော့ ပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါး ဖြစ်လာတယ်။ ဒီပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါးဟာ အကွက်(၂) ခန္ဓာထဲက အသီးအပွင့်တွေ ထွက်လာပြီး (၃)နံပါတ် တရားတွေ ဖြစ်လာတာပါပဲ။ ဟောဒီအသီးတွေက အနာဂတ် အကွက် (၄)နဲ့ စပ်လိမ့်မယ်။ စပ်တော့ ဘာတွေ ရမလဲဆိုရင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါးပဲ ပြန်ရမယ်။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဖြင့် ပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် အနာဂတ်အကျိုးတရားငါးပါး ပြန်လာတာပဲ။ အတိတ်အကြောင်းပါးပါးကြောင့် ပစ္စုပ္ပန်အကျိုးငါးပါးရတယ်။ (၁) ကြောင့် (၂) ဖြစ်တယ်။ (၂)ထဲက (၁)နဲ့ သဘောတူတာတွေ ပြန်လုပ်တော့ အကွက်(၃)- ပစ္စုပ္ပန်အကြောင်းတရား ငါးပါးပေါ်လာတယ်။ ဒီ (၃)က (၄)အကျိုးပေးမယ်။ ပစ္စုပ္ပန်ခန္ဓာကပေါက်ပွားတာတွေက သမုဒယသစ္စာ၊ အနာဂတ်ရမယ့် ခန္ဓာက ဒုက္ခသစ္စာ။ ဒီလိုဆို တစ်ပတ်ပတ်တယ်။ အတိတ်ကြောင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ထဲက ပစ္စုပ္ပန်အကြောင်းတွေပြန်လုပ်တော့ အနာဂတ်အကျိုးတွေလာ။ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာပဲ။ အနာဂတ်အကျိုးဒုက္ခသစ္စာထဲက သမုဒယသစ္စာတွေ ပြန်သီးရင် (၁)တရားတွေပြန်ဖြစ်မယ်။ (၁)ကြောင့် (၂)ရ၊ (၂)ထဲက (၃)ထပ်ပေါက်တော့ (၃)ကြောင့် (၄)ပြန်ဖြစ်ရနဲ့ ၁ ၂ ၃ ၄၊ ၁ ၂ ၃ ၄ ချည်းပဲ လည်နေမယ်။ သစ္စာဖွဲ့လိုက်တော့ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာချည်းပဲ။ သစ္စာနှစ်ပါးတည်းနဲ့ လှည့်နေတယ်။ ဒါဖြင့် ဒီလိုလည်နေတာ ရပ်တန့်အောင် ဖြတ်လမ်းတော့ ရှာမှ ဖြစ်မယ်။ အကွက် (၂) ခန္ဓာထဲက (၃) တဏှာ ဥပါဒါန် ကံတွေ ထပ်လုပ်တယ်ဆိုရင် (၂)နဲ့ (၃)နဲ့အစပ်မှာ ဝေဒနာနဲ့ တဏှာ သွားစပ်တယ်။ တဏှာနဲ့ ဥပါဒါန် ကံတွေ ဆက်သွားမယ်။ ဆက်သွားရင် အနာဂတ် ဇာတိ ဇရာမရဏ ခွဲချင်လို့မရတော့ဘူး။ တဏှာ ဥပါဒါန် ကံမလာရင် ဇာတိ ဇရာမရဏ လွတ်မယ်။ ဒါကြောင့် တဏှာ ဥပါဒါန် ကံမလာအောင် (၂) နဲ့ (၃)အစပ်ကို ဖြတ်ရလိမ့်မယ်။ (၂) (၃) ဖြတ်တဲ့လမ်းဟာ ထွက်လမ်းပဲ။ (၂) (၃)မစပ်တာသည် ထွက်လမ်း။ ဒါဖြင့် (၂)ထဲက (၃)မပေါက်ပွားအောင် ဖြတ်ရမယ်။ (၂)ထဲက (၃)တရားတွေ မပေါက်ပွားရင် ဟောဒီအစပ် ပြတ်တယ်။ ပေါက်ပွားနေသမျှ ဒီအစပ်သည် ဘယ်တော့မှမပြတ်ဘူး။ မပြတ်သမျှ လည်လမ်းအတိုင်း လှည့်နေရလိမ့်မယ်။ ဒါကြောင့် (၂) (၃)အစပ် ပြတ်အောင် ဝိပဿနာဉာဏ်ဖြင့် ဖြတ်မှသာလျှင် သံသရာအလည်ရပ်မယ်လို့ မှတ်လိုက်ပါ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး