၀ဋ်ကျွတ်တဲ့အလှူ

မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတော်မူခဲ့သော ဒါနပြုပုံပြုနည်းလေးတွေကို ဆရာတော်ဘုရားကြီး၏အာဘော်မပျက်စေဘဲ ဆက်လက်တင်ပြနေပါတယ်။ ဒါနပြုတဲ့အခါ စေတနာနဲ့လှူဒါန်းချိန်မှာ လူနတ်ချမ်းသာခံစားချင်လို့လှူရင် ပုညာဘိသင်္ခါရပဲ။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်တယ်။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာဖြစ်သွားတာ။ သမုဒယသစ္စာဖြစ်ပြီဆိုတော့ သေသည်မှနောက်၌ လူခန္ဓာ နတ်ခန္ဓာ ဒုက္ခသစ္စာ အကျိုးပေးတော့မယ်။ လူခန္ဓာ အစ ဇာတိ၊ အလယ်က ဇရာ၊ ဆုံးခါနီးတော့ ဗျာဓိ၊ နောက်ဆုံးပိတ်က မရဏ၊ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဟာ မသိလှူ သမုဒယသစ္စာကြောင့် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ ဒုက္ခသစ္စာရတယ်။ လှူလည်းလှူရသေး ဒုက္ခလည်းရောက်သေးတယ်။ ဒါကြောင့် `အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော- ဖြစ်အောင်လုပ်ရမယ်၊ တဒင်္ဂဖြစ်တော့ ရအောင်လုပ်ရမယ်´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူတယ်။ တဒင်္ဂမြင်အောင်ဘယ်လိုလုပ်မလဲဆိုရင် ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်တော့ ရှူလိုက် ရှိုက်လိုက် အောင့်လိုက် အင့်လိုက် ညောင်းလိုက် ကိုက်လိုက် ယားလိုက် နာလိုက် ထုံလိုက် ကျင်လိုက်နဲ့ ခန္ဓာက ပြတယ်။ ဒါဟာ ဒုက္ခသစ္စာကို ပြတာပဲ။ ခန္ဓာကြီးက ဒုက္ခသစ္စာဆိုတာ လက်တွေ့ပြနေတာပါ။ ဒီဒုက္ခသစ္စာဟာ ဝဋ်အားဖြင့် ဝိပါကဝဋ်ပဲ။ ဒီ ဒုက္ခသစ္စာ ဝိပါကဝဋ်မှ မျက်မြင်အားဖြင့်လည်း ကျွတ်လို၊ ဉာဏ်မြင်အားဖြင့်လည်း ကျွတ်လိုပါတယ်ဘုရားဆိုတော့ သစ္စာမြင်တဲ့ဉာဏ်၊ ဝိပဿနာဉာဏ်ဖြစ်လာတယ်။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက ဝိပဿနာဉာဏ်။ ဖြစ်ပျက်မြင်တာ သစ္စာမြင်တဲ့ဉာဏ်ပဲ။ သစ္စာမြင်တဲ့ ဉာဏ်နဲ့ ခန္ဓာနဲ့ ဦးတည့်ပေးရမယ်။ ဒါဟာ လှူဆဲအခိုက်မှာ ဝိပဿနာခြံရံလိုက်တာပဲ။ `စိတ္တာလင်္ကာရစိတ္တပရိက္ခာရမေ၀ သေဋ္ဌံ - သမထ ဝိပဿနာခြံရံပြီးလှူတဲ့အလှူဟာ အမြတ်ဆုံးပဲ´လို့ ဘုရားကလည်း အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်မှာ ဟောတော်မူထားပါတယ်။ လှူဆဲအခိုက် မုဉ္စစေတနာအချိန်မှာ ကိုယ့်ခန္ဓာကို ဝိပဿနာရှုရလိမ့်မယ်။ ရုပ်ရှုတဲ့သူက ရုပ်ကို ဖြစ်ပျက်ရှု၊ ဝေဒနာရှုတဲ့သူက ဝေဒနာဖြစ်ပျက်ရှု၊ စိတ်ရှုတဲ့သူက စိတ်ဖြစ်ပျက်ရှုပေါ့။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲ။ ဒီလို ကိုယ်တွေ့ မျက်မြင်ဒုက္ခကြီးမှ ကျွတ်လိုလို့ လှူဒါန်းချင်တဲ့စိတ်ပေါ်အောင် ရှုရမယ်။ ဒီလို စိတ်ကို သမထ ဝိပဿနာ တန်ဆာမဆင်ဘဲ လှူလိုက်မယ်ဆိုရင် ဒါနရိုးရိုးဖြစ်မယ်။ ဒါနရိုးရိုးဖြစ်ရင် အမြတ်ဆုံး ဒါနတော့ မဖြစ်တော့ဘူး။ အမြတ်ဆုံးဒါနမဖြစ်တော့ အရင်းများပြီး အမြတ်နည်းမယ်ဆိုရင် ဒီကုန် မကူးထိုက်ဘူး၊ အရင်းနည်းပြီး အမြတ်များမယ်ဆိုရင်တော့ ဒီကုန် ကူးထိုက်တယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက ဥပမာကို ထိထိမိမိပေးတော်မူခဲ့ပါတယ်။ လှူပြီးနောက်မှ ဝိပဿနာခြံရံမယ်ဆိုရင် အပရစေတနာမှာ သွားပြီးခြံရံလိမ့်မယ်။ ဒါကြောင့် လှူဆဲ မုဉ္စစေတနာအခိုက်မှာ ဝိပဿနာခြံရံပြီး လှူမှ အမြတ်ဆုံးဒါနဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကို ကြည့်လိုက်တော့ ဖြစ်ပျက်မှတစ်ပါး အခြားမတွေ့ရဘူး။ ဖြစ်ပျက်ပဲ တွေ့နေရတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ တွေ့တာက လောကီမဂ္ဂသစ္စာ။ လောကီမဂ္ဂသစ္စာနဲ့ မြင်တဲ့အခါမှာ သတိ သမာဓိ ဝီရိယဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးလည်း မပါမဖြစ်ပါနေရတော့ သမထဖြစ်တယ်၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင်နှစ်ပါးလည်း မပါမဖြစ် ပါနေရတော့ ဝိပဿနာဖြစ်တယ်။ တွေ့လိုက်တဲ့ မဂ္ဂသစ္စာထဲမှာ ဟောဒီလောကီမဂ္ဂင်ငါးပါး ပါဝင်နေတော့ သမထ ဝိပဿနာပြည့်စုံသွားတယ်။ ဒီလို မျက်မြင်ဝိပဿနာ ဒိဋ္ဌဝိပဿနာ ဖြစ်ပြီဆိုရင် သမထဝိပဿနာ မုဉ္စစေတနာမှာ ခြံရံပြီးတော့ လှူလိုက်ပါတော့။ ကိုယ့်ဘဝအစကို စဉ်းစားကြည့်လိုက်တော့ ဇာတိက စခဲ့တယ်ဆိုတာ လူတိုင်းသိတယ်။ အမိဝမ်းခေါင်းမှာ ကျဉ်းမြောင်းစွာအောင်းခဲ့ရတဲ့ ဒီဇာတိဟာ ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ ဒီဇာတိဒုက္ခသစ္စာကို မလိုချင်လို့ အဇာတိ- ပဋိသန္ဓေမနေရာ နိဗ္ဗာန်ကို ရည်မှန်းပြီးတော့ လှူရတယ်။ ဒါဟာ ဇာတိကို ကြောက်ပြီး အဇာတိရောက်ချင်လို့ လှူတဲ့အလှူ၊ ဇာတိကြောက်လို့ လှူတဲ့အလှူဖြစ်သွားတယ်။ ဇာတိက ဒုက္ခသစ္စာ၊ ကြောက်တာက မဂ္ဂသစ္စာ။ ယခု ဘာဒုက္ခနဲ့ နေကြရပါသလဲဆိုတော့ ဇရာဒုက္ခနဲ့နေကြရတယ်။ အိုတာ အသက်ကြီးတာဟာ ဇရာဒုက္ခပဲ။ အရင်ဘဝက သမထ ဝိပဿနာမခြံရံတဲ့ ဒါနမျိုးတွေလုပ်ခဲ့လို့ အခုလို အိုခြင်းဆိုးနဲ့ ကိုယ်တိုင်တိုးနေရတာ။ ရှေးက အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာကြောင့် ဒီအိုခြင်းဆိုး ဒုက္ခသစ္စာကြီး ရ ထားတာ။ ဒီလို အိုခြင်းဆိုးကြီးကို နောက်တစ်ခါ မတွေ့ချင် မရချင်လို့ လှူဒါန်းပါ၏လို့ စိတ်ကို ပြောင်းယူလိုက်။ အိုခြင်းဆိုးက ဒုက္ခသစ္စာ၊ နောက်တစ်ခါ မတွေ့ချင် မရချင်တာက မဂ္ဂသစ္စာ။ ဒါဟာ ဝဋ်ကို ရွံမုန်းလို့လှူတဲ့အလှူဖြစ်သွားလို့ ဝဋ်ကျွတ်တဲ့အလှူလို့ မှတ်လိုက်။ ဝဋ်က ဒုက္ခသစ္စာ၊ ရွံမုန်းတာက မဂ္ဂသစ္စာ။ သမထဝိပဿနာခြံရံပြီး ဝဋ်ကို မတောင့်တတော့ ဝိဝဋ္ဋအလှူဖြစ်သွားတယ်။ အခု အိုဘေးနဲ့ ရင်ဆိုင်နေရတဲ့ ဒီခန္ဓာကြီးက ရှေ့ နာဘေးရှိရာကို အရောက်ပြေးနေတယ်။ အိုလမ်းကနေ နာလမ်းကို လှမ်းနေတယ်။ ဒါဟာ ဘုရားလည်း မတားနိုင်ဘူး၊ သိကြားလည်း မတားနိုင်ဘူး။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ရဲ့ဒဏ်ချက်သင့်နေတာ။ အတိတ်က မသိလှူ လှူခဲ့လို့ ရလာတဲ့ခန္ဓာက ခန္ဓာ့လမ်းစဉ်အတိုင်း မြန်းနေတာပဲ။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ရဲ့ ဒဏ်ချက်ကြောင့် အိုဘေးကြီးထမ်းပြီး နာဘေးရှိရာပြေးနေရတယ်။ ရပ်လို့လည်း မရ၊ တားလို့ လည်းမရ၊ ထုံးစံအတိုင်းပြေးနေတယ်။ ဒါကြောင့် ဇရာပြီးရင် ဗျာဓိ- နာတဲ့ ဒုက္ခကြီးကလည်း မြေကြီးလက်ခတ်မလွဲ ကြုံရဦးမယ်။ အိုပွဲပြီးရင် နာပွဲနွှဲရဦးမယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီဘဝမှာတော့ ဘယ်သူမှ မတတ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အဝိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ ကြောင့်။ ဒါကြောင့် လူ့ဘ၀ နတ်ဘ၀ ရချင်လို့လှူမယ်ဆိုရင် အိုခြင်းဆိုးထမ်းပြီး နာခြင်းဆိုးရှိရာ ပြေးချင်သေးလို့ဆိုတဲ့သဘောပဲ။ အအိုရှိလျက် အအိုရှာ အနာရှိလျက် အနာထပ်ရှာနေသလိုဖြစ်နေတယ်။ အိုခြင်း နာခြင်းရှိလျက်နဲ့ အိုခြင်း နာခြင်းကိုထပ်ရှာမယ်ဆိုရင်တော့ `မိုက်ချက်သန်တာပဲ´တဲ့။ မိုက်ချက်က အဝိဇ္ဇာ၊ သန်တာက သင်္ခါရ။ ဒါဖြင့် လှူတဲ့အခါမှာ အိုခြင်းဆိုး ထမ်းပြီး နာပွဲ မနွှဲချင်လို့ လှူတဲ့အလှူအဖြစ် ဉာဏ်ကိုပြောင်းယူလိုက်။ ဒါဆိုရင် ရိုးရိုးအလှူမဟုတ်တော့ဘူး။ ဒုက္ခသစ္စာမြင်ပြီး ဒုက္ခဝဋ် ကျွတ်ချင်လို့ လှူတဲ့အလှူဖြစ်သွားတယ်။ ဒုက္ခက ဒုက္ခသစ္စာ၊ ကျွတ်ချင်တာက မဂ္ဂသစ္စာ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး