သစ္စာလေးပါး သဘောသွား
ပြုပြင်လို့ ပေါ်လာရတာက သင်္ခါရ။ ပေါ်လာသမျှသော သင်္ခါရတို့ရဲ့ သွားရာလမ်းက အနိစ္စ။ ဒါကြောင့် ပေါ်လာသမျှတရားတို့ကို ဉာဏ်စိုက်ကြည့်လိုက်တဲ့အခါ ပေါ်လာတာကို သိတော့ သင်္ခါရကိုသိတာ၊ သင်္ခါရဆိုတာ ဖြစ်ပေါ်လာတာကိုသိတာဖြစ်လို့ အဖြစ်ကိုသိတာဟာ သင်္ခါရပဲ။ ပျက်သွားတာက မမြဲလို့ ပျက်သွားတာဖြစ်လို့ အနိစ္စ။ သြော်- မိမိခန္ဓာမှာရှိတဲ့ ဓမ္မမှန်သမျှ သင်္ခါရနဲ့ အနိစ္စပဲ၊ ဖြစ်တာနဲ့ ပျက်တာပဲရှိတယ်ဆိုတာ ကိုယ့်ဉာဏ်နဲ့ မြင်အောင်ကြည့်လိုက်တော့ ကိုယ်တိုင်သိလာတယ်။ ကိုယ့်ရဲ့ ကိုယ်တွေ့ ဝိပဿနာဖြစ်လာတယ်။ သင်္ခါရနဲ့ အနိစ္စ၊ ဖြစ်တာနဲ့ ပျက်တာပဲလို့ သိလိုက်တဲ့အခါ ဖြစ်တာဟာလည်း ဒုက္ခ၊ ပျက်တာဟာလည်း ဒုက္ခ။ သင်္ခါရတရားတွေဟာ ဖြစ်တာနဲ့ ပျက်တာတွဲနေတဲ့အတွက် ဒုက္ခဆိုတာ မှန်နေပါလားလို့ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်ရင် ဒုက္ခသစ္စာကို မြင်လိုက်တာပဲ။ ဒါကြောင့် ဒုက္ခသစ္စာရဲ့အဓိပ္ပါယ်ကို မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးနဲ့ မှတ်လိုက်။
ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်။
ထိုင်တာကြာတော့ ပူလာတယ်။ ဥတုက ရုပ်ကို ပြုပြင်နေတာ။ အေးရာကနေ ပူလာတာ။ အေးရုပ်ပျက်ပြီး ပူရုပ်ဖြစ်လာတာ။ ပူရာကနေ အေးလာတော့ ပူရုပ်ပျက်ပြီး အေးရုပ်ပေါ်လာတာ။ ဒါဟာ ရုပ်ရဲ့ သဘောအတိုင်း ဖောက်ပြန်နေတာ။ ရုပ်က မစားရတော့ တစ်မျိုး စားရတော့တစ်မျိုး၊ အာဟာရကပြုပြင်နေတာ။ ရုပ်ဟာ ဒေါသဖြစ်တော့ တစ်မျိုး၊ လောဘ တဏှာဖြစ်တော့ တစ်မျိုး၊ မောဟဖြစ်တော့ တစ်မျိုးဖြစ်နေတာဟာ စိတ်ကပြုပြင်နေတာ။ ဝဋ်နာ ကံနာ ရောဂါတွေဖြစ်နေကြတာက ကံကြောင့်ဖြစ်တာ။ ရံခါ အကြောင်း တစ်ခုတည်းမကဘဲ အကြောင်းပေါင်းစုံပြီး ပြပြင်နေတာ အကြောင်းခံဖြစ်ပေါ်နေတာတွေလည်း ရှိတယ်။ ရုပ်ဟာ ကံ စိတ် ဥတု အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးကြောင့် ဖြစ်ပေါ်နေတယ်ဆိုတာ အဲဒီအကြောင်းတရားတွေက ပြုပြင်လို့ ပေါ်နေတာ။ ဒါကြောင့် ရုပ်တရားကို သင်္ခါရတရားလို့ မှတ်လိုက်ပါ။
ဒွါရ အာရုံတိုက်ဆိုလို့ နာမ်တရားတွေပေါ်တယ်။ ဒွါရနဲ့ အာရုံဆိုတဲ့အကြောင်း နှစ်ပါးက ပြုပြင်လိုက်လို့ နာမ်တရားတွေပေါ်တာဖြစ်လို့ နာမ်တရားကိုလည်း သင်္ခါရတရားလို့ မှတ်လိုက်ပါ။ ဥပမာ- မျက်စိနဲ့ အဆင်းဆိုတဲ့အကြောင်း နှစ်ခုကြောင့် မြင်စိတ်ပေါ်လာတာ။ စက္ခာယတနံ စက္ခုဝိညာဏဿ နိဿယပစ္စယေန ပစ္စယော- မျက်စိက မြင်စိတ်ကို နိဿယပစ္စည်း- မှီရာအဖြစ်နဲ့ အကြောင်းခံနေတယ်။ ဒါကို ကျေးဇူးပြုတယ်လို့ ပြောတာ။ မျက်စိရှိလို့ မြင်စိတ်ဖြစ်တာ။ မျက်စိမရှိသူ၊ ပျက်စီးနေသူတွေမှာ မြင်စိတ်ဖြစ်ခွင့်လုံး၀ မရှိဘူး။ မျက်စိကို မှီပြီးမှ မြင်စိတ်ပေါ်ရတယ်။ ရူပါယတနံ စက္ခဝိညာဏဿ အာရမ္မဏပစ္စယေန ပစ္စယော- မြင်စရာ အဆင်းက မြင်စိတ်ကို အာရမ္မဏပစ္စည်း- အာရုံအဖြစ်နဲ့ အကြောင်းခံနေတယ်။ မျက်စိရှိပေမယ့် မြင်စရာအာရုံမရှိရင်လည်း မြင်စိတ်ဖြစ်ခွင့် မရှိပြန်ဘူး။ ဒါကြောင့် မြင်စိတ်နာမ်တရားဖြစ်ဖို့အတွက် မျက်စိ၊ အဆင်း ဆိုတဲ့ အကြောင်း နှစ်ပါးက ပြုပြင်ပေးလိုက်ရတယ်။ မျက်စိက ဒွါရ၊ အဆင်းက အာရုံ။ ကြားစိတ် နံစိတ် စတဲ့ ကျန်တဲ့စိတ်တွေလည်း ဒီအတိုင်းသာနားလည်တော့။
ဒီနေရာမှာ ပြောချင်တာက မြင်စိတ်ရယ် သိစိတ်ရယ် မတူဘူးဆိုတာပါ။ ထင်ရှားအောင် ပြောရမယ်ဆိုရင် အဖြူနဲ့ အမည်း အရောင်နှစ်မျိုးထားလိုက်ပါ။ အဖြူကိုတစ်ချက်ကြည့်လိုက်၊ အဖြူမြင်တဲ့စိတ်ပေါ်လာတယ်။ အမည်းကို တစ်ချက်ကြည့်လိုက်၊ အမည်းမြင်တဲ့စိတ်ပေါ်လာတယ်။ အဖြူမြင်တဲ့စိတ် ပျက်ပြီးမှ အမည်းမြင်တဲ့စိတ်ပေါ်တယ်။ တစ်အာရုံ တစ်ခါတိုက် တစ်ခါပေါ် တစ်ခါပျက်။ မျက်စိမှာပေါ် မျက်စိမှာပဲ ပျက်ရတယ်။ ဒီနေရာပေါ်၊ ဒီနေရာ ပျက်-လို့ မှတ်လိုက်။ အမည်း အာရုံတိုက်လိုက်တော့ အဖြူမြင်တဲ့စိတ် ဖြစ်ပျက်။ မျက်စိနဲ့အဆင်းတိုက်လို့ မြင်လိုက်တယ်။ မြင်စိတ်လေး မျက်စိမှာပေါ်တယ်။ အဲဒါ စက္ခုဝိညာဉ်စိတ်ပဲ။ သူက သာမန်ပဲ သိတယ်။ သဲသဲကွဲကွဲ မသိသေးဘူး။ စိတ်ဖြစ်စဉ်က အလွန်လျှင်မြန်တယ်၊ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာ စိတ်ပေါင်း ကုဋေတစ်သိန်းလောက် ဖြစ်ပျက်သွားတယ်။ ဒါကြောင့် မြင်တာနဲ့ သိတာ အတူတူလို ထင်နေတတ်တယ်။ တကယ်တော့ မြင်တာကတစ်ခြား၊ သိတာက တစ်ခြားပဲ။ မြင်စိတ်က စက္ခုဝိညာဏ်စိတ်၊ သာမန်သိ။ သိစိတ်က မနောဝိညာဏ်စိတ်၊ သူကမှ သေသေချာချာသိတယ်။ ဖြူရင် ဖြူတယ်၊ မည်းရင် မည်းတယ်လို့ သိတာက မနောဝိညာဏ်ကသိနေတာ။ ဝီထိမှာ မနောဒွါရဝီထိလို့ခေါ်တယ်။ ထားတော့။ ဝီထိတွေပြောနေရင် ပြီးမှာမဟုတ်တော့ဘူး။ မြင်တယ် သိတယ် မြင်တယ် သိတယ် ဒီလို သွားနေတာ။ မြင်တာက စက္ခုဝိညာဏ်စိတ်၊ သိတာက မနောဝိညာဏ်စိတ်။ ဒါကြောင့်
၁။ မြင်တယ်လို့ သာမန်သိလိုက်တာက စက္ခုဝိညာဏ်သိ
၂။ အဖြူ၊ အမည်း၊ လှ၊ မလှ သေသေချာချာ သိလိုက်တာက မနောဝိညာဏ်သိ
၃။ ငါမြင်တယ်လို့သိနေတာက ပုဂ္ဂိုလ်သိ။
မြင်တာလည်း ဘာမှ ပြဿနာမရှိဘူး။ မြင်တာကို သိတာ (မနောဝိညာဏ်)လည်း ပြဿနာမရှိဘူး။ ပြဿနာရှိနေတာက မြင်တာကို ငါမြင်တယ်လို့စွဲနေတဲ့ ပုဂ္ဂိုလ်သိ၊ ဒိဋ္ဌိကပ်နေတယ်။ ဒါကြောင့် မဂ်ဖိုလ်နဲ့ဝေးပြီး အပါယ်နဲ့ အိုးစားမကွဲနိုင်အောင်ဖြစ်နေတာ။ တကယ်တော့ မြင်စိတ်ကလည်း အပါယ်မပို့ပါဘူး။ သိစိတ်ကလည်း အပါယ်မပို့ပါဘူး။ ငါမြင်တယ်လို့ထင်နေတဲ့ ပုဂ္ဂိုလ်သိစိတ်က အပါယ်ပို့နေတာပါ။ ငါမြင်တယ်လို့ ထင်တော့ မြင်တာကို ခင်တဲ့ တဏှာဝင်လာတယ်။ တဏှာဝင်တော့ ဥပါဒါန်၊ ကံ မလာပါနဲ့ တားလို့မရတော့ဘူး။ ဒိဋ္ဌိ တဏှာဖြစ်တိုင်း သမုဒယသစ္စာဖြစ်တယ်။
ဖြစ်ပျက်မှုတွင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်။
မြင်စိတ်တစ်လှည့် သိစိတ်တစ်လှည့် စိတ်တွေဟာ ဒီလိုဖြစ်နေပါတယ်။ ဒီလိုစိတ်ဖြစ်စဉ်ကို ကျော်ပြီး ငါမြင်တယ်လို့ စိတ်မှာ ငါဝင်ပူးကပ်နေတာကြောင့် ငါစွဲဆိုတဲ့ ဒိဋ္ဌိ ကပ်လာရတာပါ။ မြင်စိတ်လေးဟာ သင်္ခါရတရားလေးပဲ။ အကြောင်းတိုက်ဆိုင်လို့ပေါ်နေတာ၊ ပေါ်ပြီးပျောက်သွားတာ၊ ဖြစ်ပြီးပျက်သွားတာပဲလို့ သိနေလိုက်ရင် ငါစွဲပြုတ်လို့ အသိနဲ့ သက္ကာယဒိဋ္ဌိကွာသွားတယ်။ မြင်စိတ်ဖြစ်တာလေးကို မြင်လိုက်တော့ ဥစ္ဆေဒဒိဋ္ဌိကွာတယ်။ ပျက်တာကို သိတော့ သဿတဒိဋ္ဌိကွာတယ်။ ဖြစ်ပျက်သွားတာဟာ မခိုင်မမြဲလို့ပဲလို့ ဆုံးဖြတ်ချက်ချနိုင်လိုက်လို့ သဿတဒိဋ္ဌိစင်သွားတာ။ မြင်စိတ်လေးတစ်ချက် ဖြစ်ပျက်မိအောင် ရှုလိုက်နိုင်တာနဲ့ ဒိဋ္ဌိသုံးမျိုးကွာသွားတယ်။ ဒိဋ္ဌိကွာတော့ ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေမလာတော့ဘူး။ ဖြစ်ပျက်နောက်က မဂ်ဝင်ရင် ဒိဋ္ဌိကွာ တဏှာလည်း ကင်းတယ်လို့ မှတ်လိုက်။
ဖြစ်ပျက် ရှုတယ်ဆိုတာ ရှိ မရှိအကဲခတ်တာပါ။ ဘာနဲ့အကဲခတ်ရမလဲဆိုတော့ ဉာဏ်စိတ်လေးနဲ့ အကဲခတ်။ ဉာဏ်စိတ်ပေါ်တဲ့အချိန် မြင်စိတ်က မရှိတော့ဘူး။ ဒါပေမယ့် မြင်စိတ်ကလေးဟာ မရှိရာက မရှိတာမဟုတ်ဘူး။ ရှိရာကနေ မရှိတော့တာ။ ရှိပြီးမှ မရှိတော့တာ၊ ပေါ်ပြီးမှပျောက်သွားတာ၊ ဖြစ်ပြီးမှ ပျက်သွားတာ၊ မွေးပြီးမှ သေသွားတာကို မြင်အောင် အကဲခတ်ရပါတယ်။ မရှိတာတွေ့တော့ မရှိတာ အနိစ္စ၊ ဖြစ်ပျက် ဒုက္ခသစ္စာကို သိလိုက်တာပဲ။ မြင်စိတ်ကို ရှုတော့ မြင်စိတ်မရှိတာကိုတွေ့တယ်။ ရှုတဲ့ဉာဏ်စိတ်လေးကိုလည်း နောက်က ဉာဏ်စိတ်နဲ့ အကဲလိုက်ခတ်တော့ သူလည်း မရှိတာတွေ့တာပဲ။ စိတ်ကို သိတော့သိထားရမယ်။ ဒါပေမယ့် စိတ်ကို ရှုရတာမဟုတ်ဘူး။ စိတ်မရှိတော့တာကို ရှုရတာ။ စိတ်ရှုလို့ စိတ်မရှိတော့တာ တွေ့လိုက်ရပြီဆိုရင် ဖြစ်ပျက် တွေ့ပါပြီ။ မရှိတာ ဖြစ်ပြီး ပျက်သွားလို့၊ ဒုက္ခသစ္စာ။ စိတ်မရှိတာကို မြင်ရင် ဖြစ်ပျက်ဒုက္ခသစ္စာကို မြင်တာပဲ။ သစ္စာမြင်ရင် ဓမ္မာနုပဿနာဖြစ်တယ်။ ဝေဒနာရှုမယ်၊ ဖြစ်ပျက် ဒုက္ခသစ္စာမြင်ရင် ဓမ္မာနုပဿနာဖြစ်တယ်။ ကျန်တဲ့ သတိပဋ္ဌာန်သုံးပါး ရှုချင်ရာ ရှု၊ ဖြစ်ပျက်မြင်လို့ ဒုက္ခသစ္စာတွေ့ရင် ဓမ္မာနုပဿနာပေါင်းသွားတယ်။
ရုပ်ရှုသည်ဖြစ်စေ နာမ်ရှုသည်ဖြစ်စေ မုန်းဉာဏ်ဝင်သည်အထိ ရှုရင်းနဲ့ ဉာဏ်အောက်မှာ ဖြစ်တာရော ပျက်တာရော မတွေ့တော့ဘဲ သုညဖြစ်သွားရင် ဖြစ်ပျက်ဆုံးတယ်လို့ခေါ်တယ်။ ဖြစ်ပျက်ရဲ့အဆုံးမှာ နိဗ္ဗာန်ပေါ်တာပဲ။ ဖြစ်ပျက်ပဲတွေ့နေသေးတယ်ဆိုရင် ဒုက္ခသစ္စာပဲတွေ့နေတာ။ ဖြစ်ပျက်ရှုတဲ့ဉာဏ်က ဖြစ်ပျက်ကို မလှည့်တော့ဘဲ ဖြစ်ပျက်မရှိတဲ့ဘက်ကို ဖျတ်ကနဲ့ လှည့်လိုက်ပြီဆိုရင် ဖြစ်ပျက်တွေ ဉာဏ်အောက်က ပျောက်သွားတယ်။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်မရှိတာတွေ့တော့ ဒုက္ခမရှိတာတွေ့လိုက်တာပဲ။ ဒုက္ခမရှိတော့ (နိရောဓသစ္စာ) နိဗ္ဗာန်ပေါ်လာတယ်။
ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်။
ဖြစ်ပျက် မရှိတဲ့ဆီ ဉာဏ်က သက်ဝင်သွားလို့ အရှုခံတွေ မရှိတော့ဘူးလို့ ပိုင်ပိုင်နိုင်နိုင်သိရင် မဂ်အစစ်ပေါ်တာ။ အင်္ဂါရှစ်ပါးပြည့်တဲ့မဂ်ဖြစ်လာတာ။ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင်မဂ်ဟုမှတ်။ မဂ္ဂသစ္စာနဲ့ ဒုက္ခသစ္စာကို သိလိုက်ရင် သမုဒယကိလေသာလည်း ပယ်ပြီးသား၊ နိရောဓသစ္စာလည်း မျက်မှောက်ပြုပြီးသားဖြစ်သွားတော့တာပဲ။
သိပယ်ဆိုက်ပွား၊ လေးပါးကိစ္စ၊ အပိုင်ရ၊ မုချပရမတ်။
ဒေါက်တာအရှင်ပါရမီ
ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)
မူလနှစ်ဖြာ အပိုင်း (ခ) အ၀ိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘ၀က အ၀ိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘ၀မှာ တဏှာက ခေါင်းဆောင်လုပ် အ၀ိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အ၀ိဇ္ဇာနဲ့ တဏှာပါပဲ။ အ၀ိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အ၀ိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အ၀ိဇ္ဇာ။ သစ္စာလေးပါးသိရင် ၀ိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အ၀ိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။ ၁။ ရှေ့အစွန်းကိုလဲ မသိ (ပုဗ္ဗန္တ)၊ ၂။ နောက်အစွန်းကိုလဲ မသိ (အပရန္တ)၊ ၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလဲ မသိ (ပုဗ္ဗန္တာပရန္တ)၊ ၄။ ပဋိစ္စသမုပ္ပါဒ်ကိုလဲ မသိ၊ ၅။ သစ္စာလေးပါးကိုလဲ မသိ။ မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။ ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘ၀နဲ့ပြောရရင် ရှေ့ဘ၀ကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မ...
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.