သစ္စာသိပြီးမှ လှူပါ
လှူကြတန်းကြတဲ့အခါမှာဘယ်လိုလှူမှ ဒုက္ခသစ္စာ ပြန်မရတဲ့အလှူဖြစ်မလဲဆိုတာ သိဖို့ အရေးကြီးတယ်။ ဒါကြောင့် ဒုက္ခလွတ်ကြောင်းအလှူဖြစ်အောင် လှူနည်းစနစ်လေးတွေကို မိုးကုတ်ဆရာတော်ဘုရားကြီး၏ အာဘော်မပျက် ဆက်လက်တင်ပြပေးမယ်။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ - လူခန္ဓာ နတ်ခန္ဓာ ဘယ်ခန္ဓာမဆို ခန္ဓာဖြစ်ကြောင်းဆိုတာ အဝိဇ္ဇာမူတည်တာပဲ။ သစ္စာလေးပါးမသိတဲ့ အဝိဇ္ဇာ။ အတိတ်က သစ္စာလေးပါးမသိတဲ့အဝိဇ္ဇာနဲ့ နေထိုင်ခဲ့ရတာ။ ကုသိုလ်ပြုတော့ သင်္ခါရ။ ကုသိုလ်ပင် ပြုသော်လည်း ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ခန္ဓာငါးပါးဘက်ကို လာစပ်တယ်။ သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ ပြုလုပ်တဲ့ ကုသိုလ်ဟာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားသာ ရတယ်လို့ မှတ်လိုက်ပါ။ ဘယ်လိုကုသိုလ် ဒုက္ခသစ္စာရလဲဆိုရင် သစ္စာမသိတဲ့ အဝိဇ္ဇာခိုင်းတဲ့အတိုင်း လုပ်တဲ့ကုသိုလ်ဟာ ဒုက္ခသစ္စာပဲရတယ်။
အခု လက်ရှိဘဝမှာ ခန္ဓာငါးပါးနဲ့ ခွဲလို့ကိုမရတော့ဘူး။ ဘာလို့ ဒီလို ဒုက္ခသစ္စာနဲ့ အတူနေနေရတာလဲဆိုတော့ ကုသိုလ်လုပ်ရင် ဒီလို ဒုက္ခသစ္စာခန္ဓာငါးပါးကြီး ရမယ်ဆိုတာ မသိလို့။ အိုမှု နာမှု သေမှု မကင်းဘူးဆိုတာ မသိတဲ့ အဝိဇ္ဇာနဲ့ ပြုလုပ်တဲ့ သင်္ခါရ။ မသိတာက အဝိဇ္ဇာ၊ မသိတဲ့ပုဂ္ဂိုလ် ကုသိုလ်လုပ်တာက သင်္ခါရ။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာ။ သစ္စာမသိဘဲ ပြုတဲ့ ကုသိုလ်က သမုဒယသစ္စာ။ ဒါဖြင့် ဟောဒီခန္ဓာငါးပါးကြီးက သမုဒယသစ္စာလုပ်လို့ ရတဲ့ ဒုက္ခသစ္စာ။ ဒါကြောင့် `အသိရှေ့ထားပြီး အလှူနောက်ထားပါ´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက လေးလေးနက်နက် မိန့်တော်မူတာ။ ဘာဖြစ်လို့လဲဆိုတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်သွားမှာစိုးလို့။ အဝိဇ္ဇာပစ္စယာ သင်္ခါရာသည် သမုဒယသစ္စာ။ ဆရာတော်ဘုရားကြီးက မလှူနဲ့လို့ ပြောတာမဟုတ်ပါဘူး။ သစ္စာ အသိကလေး လိုနေသေးလို့။ သစ္စာမသိဘဲနဲ့ လှူခဲ့သော် ဒုက္ခသစ္စာရမယ်။ အဝိဇ္ဇာသင်္ခါရကြောင့် သူကျေးဇူးပြုလိုက်တဲ့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဒုက္ခသစ္စာ။ ဒါ ဘယ်သူတွေရတဲ့ ဒုက္ခသစ္စာလဲဆိုတော့ မသိလှူသမားတွေ လှူလို့ရတဲ့ဒုက္ခသစ္စာ။ `သိပြီးရင်တော့ လှူတော့ဟေ့´လို့ ဆရာတော်ကြီးက တိုက်တွန်းတော်မူပါတယ်။
လှူတော့ ငွေကုန်တယ်။ သစ္စာမသိဘဲနဲ့ လှူလို့ ဟိုဘက် ဒုက္ခသစ္စာရတော့ လူပန်းတယ်။ ငွေကုန်လူပန်းအလှူပဲ။ မသိလှူသမားလှူရင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ပေါင်းလိုက်တော့ ခန္ဓာငါးပါး၊ ဒုက္ခသစ္စာရတယ်။ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာလို့ သိပြီဆိုရင်တော့ အဝိဇ္ဇာက ဝိဇ္ဇာဖြစ်တယ်။ လက်ရှိခန္ဓာ ဒုက္ခသစ္စာမှန်း ဝိဇ္ဇာနဲ့သိတာ။ လက်ရှိခန္ဓာ ဒုက္ခသစ္စာမှန်းသိတော့ ဝိဇ္ဇာဉာဏ်ရတယ်။ ဝိဇ္ဇာဉာဏ်ရတော့ နောက်ဘ၀ လိုချင်တဲ့ သင်္ခါရတွေ မလုပ်ဖြစ်တော့ဘူး။ ဝိဇ္ဇာဉာဏ်ရတော့ ဘ၀ ဒုက္ခသစ္စာလို့ သိထားပြီ။ ဒီလိုသိတော့ အဝိဇ္ဇာ ချုပ်သွားတယ်။ သင်္ခါရအလုပ်လဲ မလုပ်တော့ဘူး။ ဒီလိုသိပြီဆိုရင် လှူတော့တဲ့။ နောက်ခန္ဓာဒုက္ခသစ္စာကြီးကို မလိုချင် မရချင်လို့ ဒုက္ခလွတ်ရာသာ ရချင်လို့ လှူဒါန်းပါ၏လို့ပြောင်းလိုက်။ ဒုက္ခသစ္စာကြီးကို မလိုချင်တာသည် ဝိဇ္ဇာ၊ ဒုက္ခသစ္စာကြီး နောက်တစ်ခါ မလိုချင်လို့ လှူဒါန်းပါ၏ဆိုတော့ နိဗ္ဗာန်ရတယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.