၀ဋ်ကျွတ်တဲ့အလှူ (၂)
အိုပွဲပြီးတော့ နာပွဲကို ရုပ်ပျက်ဆင်းပျက် နွှဲနေရတာဟာ ဘာကြောင့်လဲဆိုတော့ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော ရှိပါလျက် မလုပ်ခဲ့ဘဲ အဝိဇ္ဇာပစ္စယာ သင်္ခါရာကိုသာ လုပ်ခဲ့တဲ့ မိုက်ပြစ်သင့်နေတာ။ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော-မှာ တဒင်္ဂနိရောဓောလည်း ရှိတယ်၊ ဝိက္ခမ္ဘနနိရောဓောလည်း ရှိတယ်၊ သမုစ္ဆေဒနိရောဓောဓလည်း ရှိတယ်။ တဒင်္ဂနိရောဓ- တဒင်္ဂလေး အဝိဇ္ဇာချုပ်အောင်တောင် မလုပ်ခဲ့တဲ့အတွက် နာပွဲကြီးကို မနွှဲချင်လည်း နွှဲရတော့မယ်။ နာပွဲနွှဲရင်း ပက်လက်နဲ့ပဲ ဒီခန္ဓာကြီးက သေပွဲရှိရာ သွားတော့မယ်။ ဒီဗျာဓိခန္ဓာကြီးက မရဏရှိတဲ့ဘက် ပက်လက်မျောရတယ်။ ကွေးနေရင် ကွေးရင်းနဲ့ မျောနေတယ်၊ ဘယ်မျောတာလဲဆိုတော့ သေပွဲရှိရာ မျောနေတာ။ သေပွဲကြီးတိုးတော့ ဇနီးခင်ပွန်းနဲ့ကွဲ၊ သားသမီးတွေနဲ့ကွဲ၊ ကိုယ်ရှာထားတဲ့ စီးပွားတွေနဲ့ကွဲ၊ မိတ်ဆွေတွေနဲ့ ကွဲရတဲ့ ကွဲဘေးကြီးဆိုက်တော့တာပဲ။ မသေခင် ကံ ကမ္မနိမိတ် ဂတိနိမိတ်တွေထင်လို့ ခွေးနက်ကြီး၊ တောကြီး တောင်ကြီး ချောက်ကမ်းပါးကြီးတွေ၊ ငရဲမီး ငရဲသားတွေမြင်နေရတော့ ငါသွားရမယ့်နေရာပါလားဆိုပြီး ကြောက်လန့် အားငယ် မျက်ရည်စက်လက်ကျရတဲ့ပွဲ။ နေခြင်းဆိုးခဲ့လို့ သေခြင်းဆိုးရတာပါလားဆိုပြီး ယူကျုံးမရ ဖြစ်ရတဲ့ပွဲ။ ဒါတွေ ကံမကောင်း အကြောင်းမသင့်လို့လားဆိုတော့ ကိုယ့်ဟာကိုယ် အတိတ်က မရ ရအောင် ယူခဲ့လို့။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ- ကိုယ်တိုင်လုပ်ခဲ့တာပဲ။ ကိုယ်တိုင်လုပ်ခဲ့လို့ အကျိုးဆက်တွေ ကိုယ်တိုင်ခံနေရတာ။ ဒီလိုမျိုး သေဘေးဆိုးကြီးလည်း ကြောက်လို့လှူဒါန်းပါ၏လို့ ဉာဏ်ပြောင်းလိုက်တော့ သေပွဲကြောက်တဲ့အလှူဖြစ်သွားတယ်။ သေပွဲက ဒုက္ခသစ္စာ၊ ကြောက်တာက မဂ္ဂသစ္စာ။
ဒီခန္ဓာကြီးဟာ ပဋိသန္ဓေနေပြီးကတည်းက အိုတဲ့ဘက်ကို ပြေးနေတာ။ အိုရာကနေ နာဘက်ကိုပြေး၊ နာရာကနေ သေတဲ့ဘက်ကိုပြေးနေတဲ့ခန္ဓာကြီး။ ဝိပဿနာမဂ်ဉာဏ် ဖြစ်အောင်မလုပ်ဘဲ လှူလိုက်မယ်ဆိုရင် ပဋိသန္ဓေဘက် ပြန်လှည့်တယ်။ လာခဲ့တာက ပဋိသန္ဓေတစ်ပတ်၊ ပြန်လှည့်တာက ပဋိသန္ဓေတစ်ပတ်။ တစ်ခါ ပဋိသန္ဓေနေတော့ အိုရပြန်တယ်၊ နာရပြန်တယ်၊ သေရပြန်တယ်။ ဒီအတိုင်းပဲ ပတ်ပြေးနေတာ။ ဒါဟာ သံသရာပဲ။ ဇာတိပေါ်ကနေ ဇရာပြေး၊ ဇရာပေါ်ကနေ ဗျာဓိပြေး၊ ဗျာဓိပေါ်ကနေ မရဏပြေး၊ မရဏရောက်တော့ သောကပရိဒေဝတွေနဲ့ ပူလောင်ပြီး ဇာတိဘက် ပြန်လှည့်တယ်။ ဒီလည်နေတဲ့သံသရာကြီးက ဒုက္ခသစ္စာမြင်တဲ့ မဂ်မဝင်သရွေ့ အလည်မရပ်တော့ဘူး။ ဒီလို လည်နေရတဲ့သံသရာကြီးကို ရွံခြင်း မုန်းခြင်း ပျင်းရိခြင်း ငြီးငွေ့ခြင်း ရှိသည်ဖြစ်ပါ၍ လှူဒါန်းပါ၏လို့ ဉာဏ်ပြောင်းလိုက်တော့ သံသရာကြောက်တဲ့အလှူဖြစ်သွားတယ်။ သံသရာက ဒုက္ခသစ္စာ၊ ကြောက်တာက မဂ္ဂသစ္စာ။
ဒါနပြုတော့ ဒါနက လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ သုံးမျိုးပေးနိုင်တယ်။ သူပေးတာကို မရွေးဘဲ မျက်စိမှိတ်ယူလိုက်ရင်တော့ လူချမ်းသာ ဒုက္ခသစ္စာရမယ်။ နတ်ချမ်းသာ ဒုက္ခသစ္စာရမယ်။ ဒါမှမဟုတ် လူချမ်းသာ နတ်ချမ်းသာပဲ ရွေးယူမယ်ဆိုရင် ဒုက္ခသစ္စာပဲ ရမယ်။ နိဗ္ဗာန်ချမ်းသာမရနိုင်ဘူး။ ဒါနက သံသရာရှည်တယ်ဆိုတာ အရွေးမတတ်လို့ ရှည်တာ။ ချမ်းသာသုံးမျိုးလုံးတော့ ပေးတာပဲ၊ ဒါပေမယ့် ရှေ့နှစ်မျိုးကိုပဲ ရွေးယူနေကြတော့ ဒုက္ခသစ္စာကိုပဲ ရနေတယ်။ သုခသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မရွေးမိကြဘူး။ ဒါကြောင့် ဒါနကသံသရာရှည်တာမဟုတ်ဘူး၊ အရွေးမတတ်လို့ သံသရာရှည်တယ်လို့သာ မှတ်ထားလိုက်။ ဒီတော့ ဒုက္ခသစ္စာအကျိုးပေးကို ရွေးယူတဲ့ဒါနမျိုး မဖြစ်ဘဲ နိဗ္ဗာန်အကျိုးပေးကိုပဲ ရွေးယူတဲ့ဒါနမျိုးဖြစ်အောင် မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်ကို ရည်မှန်းပြီးလှူဒါန်းရမယ်။ ကိုယ့်ခန္ဓာကိုယ်ကြည့်လို့ ဒုက္ခသစ္စာကို မြင်တဲ့ မဂ်ဉာဏ်နဲ့ ဒုက္ခဝဋ်ကို ရွံလို့ မုန်းလို့ လှူတဲ့အလှူဖြစ်အောင် ကြိုးစားပြီးလှူလိုက်ပါ။ ဒါဆိုရင် ဒုက္ခဝဋ်က ဒုက္ခသစ္စာ၊ မုန်းတာက မဂ္ဂသစ္စာ။ ဒါဟာ ဝဋ်ကျွတ်တဲ့အလှူပါပဲ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.