Sunday, January 2, 2011

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၂၀)

မပြီးဆုံးသေးတဲ့ ဒီဃဇာဏုသုတ္တန်အကြောင်း ဆက်ပြောရဦးမယ်။ ဒီသုတ္တန်မှာ ဘုရားက အရေးကြီးတဲ့ ပွိုင့်တွေချည်း ဟောခဲ့တာကိုက သဘောကျစရာကောင်းပါတယ်။ ဒီဘ၀စီးပွားတက်ကြောင်း၊ ဒီဘ၀ စီးပွားပျက်ကြောင်းအပြင် နောင်ဘ၀ ချမ်းသာကြောင်းကိုလဲ ချန်မထားခဲ့ဘူး။ ဒါကြောင့် ဘုရားရှင်က ဘ၀ကောင်းစားရေးကို လျစ်လျူရှု မထားပါဘူးလို့ အစောပိုင်းက ပြောခဲ့တာ။ တစ်ဘ၀ တစ်နပ်စာလေး ကောင်းအောင်လုပ်နေရင် သူတော်ကောင်း မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ဒီသုတ္တန်မှာ နောက်ဘ၀ကောင်းစားရေး (၄)ချက်ရှိတယ်လို့ ဟောထားပါတယ်။

(၁) သဒ္ဓါသမ္ပဒါ - သဒ္ဓါတရားနဲ့ ပြည့်စုံခြင်း။ ဒီအချက်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောထားတာလေး တင်ပြမယ်။ ဘုရားရှင်ရဲ့ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ယုံကြည်ခြင်း၊ ဂုဏ်တော်(၉)ပါးကို ယုံကြည်ခြင်းကို သဒ္ဓါတရားနဲ့ ပြည့်စုံခြင်းလို့ ဘုရားရှင် ကိုယ်တော်တိုင် ဖွင့်ပြထားတယ်။ ဒါအဓိကပဲလေ။ ဘုရားကို ယုံကြည်တယ်ဆိုရင် တရားကိုလဲ ယုံကြည်စေတယ်၊ ဘုရား၏တပည့်သား သံဃာကိုလဲ ယုံကြည်စေတယ်။ ဒီလို ယုံကြည်သက်ဝင်မှု လေးသာ ရှိနေရင် နောင်ဘ၀အတွက် ကောင်းစားမှာသေချာတယ်။ ဒီယုံကြည်ချက်လေး ကင်းမဲ့သွားရင် ဘုရားကို ပစ်ပယ်သလိုဖြစ်ပြီး ဘုရားဟောတဲ့တရားတွေကိုလဲ လိုက်နာလိုစိတ်မရှိတော့ဘူး၊ သံဃာကို ရိုသေရမှန်းလဲ မသိတော့ဘူး။ ဒါဆို ဒီလိုပုဂ္ဂိုလ်အတွက် ဘုရားအလိုကျ ကျင့်သုံးနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ ဘုရားဟောတဲ့ အမှန်တရားတွေနဲ့ သွေဖီပြီးတော့ သူမှန်တယ်ထင်ရာ လုပ်တော့မှာပဲ။ ကောင်းမှု မကောင်းမှုနှစ်မျိုးအနက် မကောင်းမှုက အလေးသာသွားဖို့ များနေတော့ ဒုဂ္ဂတိလမ်းကိုပဲ ဦးတည်နေပြီ။ နောင်ဘ၀ ကောင်းစားရေးနဲ့ ဝေးပြီး နစ်နာဆုံးရှုံးဖို့ပဲ ရှိတော့တယ်။ ဒါကြောင့် သဒ္ဓါတရားအခြေခံလေး ကောင်းဖို့လိုပါတယ်။

(၂) သီလသမ္ပဒါ - သီလတရားနဲ့ ပြည့်စုံခြင်း။ အသက်သတ်ခြင်း၊ ခိုးခြင်း၊ သူ့အိမ်ယာ ပစ်မှားခြင်း၊ မဟုတ်မမှန် လိမ်လည်ပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း ဆိုတဲ့ ငါးပါသီလကို လုံအောင်စောင့်ထိန်းနိုင်မယ်ဆိုရင် သီလနဲ့ ပြည့်စုံတော့တာပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဒီအခြေခံကျတဲ့ ငါးပါးသီလကို အတတ်နိုင်ဆုံး လုံခြုံအောင် စောင့်ထိန်းနိုင်မယ်ဆိုရင် သီလနဲ့ ပြည့်စုံတော့တာပါ။ ဒီသီလလေးတွေ လုံခြုံနေမယ် ဆိုရင် ကိုယ်ကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ် ဖြစ်ပြီပေါ့။ ဒါကြောင့် နောင်ဘ၀ ကောင်းစားရေးအတွက် ကိုယ်ကျင့်တရား ကောင်းဖို့လဲ လိုအပ်ပါတယ်။

(၃) စာဂသမ္ပဒါ - စွန့်ကြဲပေးကမ်းခြင်းနဲ့ ပြည့်စုံခြင်း။ ဒါကို ဒါနလို့လဲ ပြောပါတယ်။ ပေးကမ်းမှု လှူဒါန်းမှု ရှိရမယ်၊ ပေးကမ်းတဲ့အခါမှာလဲ တွန့်တိုစိတ်မရှိပဲ လွတ်လွတ် စွန့်ကြဲပေးကမ်းနိုင်ရမယ်၊ ပေးကမ်းထောက်ပံ့ရတာကို ပျော်မွေ့နေရမယ်၊ အယုတ် အလတ် အမြတ်မရွေး လာတောင်းတဲ့အခါ ပေးကမ်းနိုင်တဲ့ အလေ့အကျင့် ရှိနေရမယ်၊ ဒီလို ဖွင့်ပြထားပါတယ်။ ဒါဟာလဲ သူတော်ကောင်းလက္ခဏာပါပဲ။ ကိုယ့်ရှိတာကို ကိုယ်တစ်ယောက်ထဲ စားသုံးနေရုံနဲ့ ကျေနပ်မနေဘဲ သူတစ်ပါးကိုလဲ အတတ်နိုင်ဆုံး မျှဝေပေးလိုတဲ့ သူတော်ကောင်း ဓာတ်ကလေးပဲ။ ဒီဓာတ်ခံကောင်း လေးရှိနေရင် အယုတ် အလတ် အမြတ်မရွေး ပေးကမ်းချင်စိတ် လှူဒါန်းချင်စိတ် ရှိနေမယ်။ ကြုံရင် ကြုံသလို လှူဒါန်းမယ်၊ ပေးကမ်းမယ်ဆိုရင် စာဂသမ္ပဒါဖြစ်ပါပြီ။ ပေးကမ်းခြင်းဟာ အောင်မြင်ရာ၏ ဆိုသလိုပဲ ပေးကမ်းကြည့်ပါ။ ကလေးတွေကို ပေးကမ်းရင် ကလေးတွေက ချစ်၊ လူကြီးကို ပေးကမ်းရင် လူကြီးတွေကချစ်၊ အလုပ်သမားတွေကို ပေးကမ်းရင် အလုပ်သမားတွေက ချစ်လာမယ်။ ဒါကြောင့် ပီယဆေးဆိုတာလဲ ပေးကမ်းခြင်းပါပဲ။ အနှမျောမရှိ ပေးကမ်းတတ်တဲ့သူကို လူတိုင်းက ချစ်ခင် ဖော်ရွေကြပါတယ်။ အတိုင်းအတာနဲ့ သင့်တော်သလို ဝေဖန်ပိုင်းခြားပြီး ပေးဖို့တော့ လိုတာပေါ့။ ဒါကြောင့် ဒီဘ၀မှာလဲ လူချစ်လူခင်ပေါ၊ နောင်ဘ၀အတွက်လဲ ကောင်းစားရေးအထောက်အပံ့ ဖြစ်တဲ့ ပေးကမ်းခြင်းနဲ့လဲ ပြည့်စုံရမယ်။

(၄) ပညာသမ္ပဒါ - ပညာနဲ့ ပြည့်စုံခြင်း။ မြတ်သောပညာနဲ့ ပြည့်စုံရမယ်လို့ ဆိုပါတယ်။ ဘယ်လိုပညာလဲဆိုရင်တော့ ရုပ်နာမ်ကို သိတဲ့ ပညာ၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ အဖြစ် အပျက်ကို သိတဲ့ ပညာနဲ့ ပြည့်စုံရမယ်လို့ ဖွင့်ပြထားပါတယ်။ ၀ိပဿနာပညာကို ရည်ညွှန်းတာပါပဲ။ အခြေခံ ၀ိပဿနာပညာလေး ပါသွားမယ်ဆိုရင်လဲ နောင်ဘ၀ကောင်းစားရေးအတွက် အထောက်အပံ့ ဖြစ်ပါတယ်။ ဒါထက် မဂ်ပညာ၊ ဖိုလ်ပညာအဆင့်ဆင့် ရရှိအောင် အားထုတ်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ အပါယ်တံခါးပိတ်နိုင်တဲ့ အဆင့်ရောက်ပါပြီ။ အရဟတ္တ မဂ်ပညာ ဖိုလ်ပညာသာ ရရှိမယ်ဆိုရင် (၃၁)ဘုံ အလုံးစုံ တံခါးပိတ်သွားပါပြီ။ ဘ၀တွေမှ လွတ်မြောက်သွားလို့ ထာဝရ အေးငြိမ်းတဲ့ နိဗ္ဗာန် ၀င်စံနိုင်ပါပြီ။ ဒီပညာအဆင့်ဆင့်ထဲက ကိုယ် လက်လှမ်းမီတဲ့ ပညာနဲ့ ပြည့်စုံအောင် လုပ်ထားဖို့လိုပါတယ်။

ဒီတရား (၄)ပါးနဲ့သာ ညီညွတ်အောင်နေထိုင်ကျင့်သုံးနိုင်ပါက နောင်ဘ၀ကောင်းစားရေးအတွက် မြေကြီးလက်ခတ် မလွဲပါပဲ။ ဒါ့အပြင် အထွဋ်အထိပ်ဖြစ်တဲ့ အရဟတ္တမဂ်ပညာအထိ ထိုးဖောက်အောင် ကျင့်ကြံနိုင်ပါက ဗုဒ္ဓဘာသာရဲ့ အမြင့်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အထိပင် ရောက်နိုင်ပါတယ်။ ဒီဃဇာဏုသုတ္တန်ကို ပြန်အကျဉ်းချုပ်လိုက်မယ်ဆိုရင် လက်ရှိဘ၀ ချမ်းသာကြောင်း သမ္ပဒါတရားက (၄)ပါး (ဥဋ္ဌာနသမ္ပဒါ၊ အာရက္ခသမ္ပဒါ၊ ကလျာဏမိတ္တတာ၊ သမဇီဝိတာ)၊ နောင်ဘ၀ ချမ်းသာကြောင်း သမ္ပဒါတရားက (၄)ပါး (သဒ္ဓါသမ္ပဒါ၊ သီလသမ္ပဒါ၊ စာဂသမ္ပဒါ၊ ပညာသမ္ပဒါ) ဆိုတာ လိုရင်းအဖြစ်နဲ့ တွေ့ရမှာပါ။ အားလုံးပေါင်းတော့ သမ္ပဒါတရား (၈)ပါးပေါ့။ ဗုဒ္ဓဘာသာဝင် တစ်ယောက်မှာ ရှိသင့်တဲ့ တရား (၈)ပါးလို့လဲ မှတ်ထားလိုက်ပါ။ ဒီဘ၀လဲ ကြီးပွားချမ်းသာ၊ နောင်ဘ၀ ကောင်းစားရေးအတွက်လဲ ဖြစ်တဲ့ ဒီ သမ္ပဒါတရား (၈)ပါးနဲ့သာ ပြည့်စုံညီညွတ်အောင် နေထိုင်ကျင့်သုံးနိုင်ပြီဆိုပါက ကိုယ့်ကိုယ်ကို အဆင့်မြင့် ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖြစ်နဲ့သာ ဂုဏ်ယူလိုက်ပါတော့။

Dr. V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.