Sunday, January 9, 2011

ကံအယူအဆ (၆)

အပိုင်း (က)

မနေ့က အကျိုးပေးပုံ အစီအစဉ်ကို သတ်မှတ်ပြတဲ့ ကံ(၄)မျိုးအကြောင်း ဆွေးနွေးခဲ့တယ်။ အဓိကအားဖြင့် သေပြီး နောက်ဘ၀မှာ ဘယ်ကံမျိုးက အရင် အကျိုးပေးသလဲဆိုတာ သတ်မှတ်ပြတဲ့ ကံတွေပါပဲ။ ဒီနေ့တော့ ဆောင်ရွက်ပုံ ကိစ္စအလိုက် ကံ(၄)မျိုးကို ခွဲခြားနားလည်အောင် ရှင်းပြပေးမယ်။ ဇနကကံ၊ ဥပတ္ထမ္ဘကကံ၊ ဥပပီဠကကံ၊ ဥပဃာတကကံဆိုပြီး (၄)မျိုးရှိတယ်။

(၁) ဇနကကံ - ပဋိသန္ဓေအခိုက်ဖြစ်စေ၊ ပ၀တ္တိအခါ၌ဖြစ်စေ အကျိုးကို ဖြစ်စေတဲ့ကံ။ ပဋိသန္ဓေအခိုက်ဆိုတာကတော့ တစ်ဘ၀ရဲ့အစဆုံး ဖြစ်ပေါ်လာတဲ့ စိတ်ကလေးပါပဲ။ အဲဒီစိတ်ရဲ့ နောက်မှာပေါ်တဲ့စိတ်ကစပြီး သေဆုံးတဲ့ စုတိစိတ်အထိကို ပ၀တ္တိအခါလို့ ခေါ်ပါတယ်။

ပဋိသန္ဓေအခိုက်အတန့်မှာ အကျိုးပေးတယ်ဆိုတာက ရှေးရှေးဘ၀တွေက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေကြောင့် အပါယ်ဘုံသားဘ၀၊ လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀တွေမှာ အစဆုံး ပဋိသန္ဓေစိတ်ကလေး ဖြစ်ပေါ်လာတာကိုပြောပါတယ်။ စိတ်သာမက ရုပ်ရှိတဲ့ဘုံတွေမှာ ရုပ်တွေပါ အတူပူးတွဲဖြစ်ပေါ်လာတယ်။ ဒါကိုပဲ ပဋိသန္ဓေကျိုးပေးတယ်လို့ ဆိုပါတယ်။ လူဖြစ်တယ်၊ နတ်ဖြစ်တယ်၊ ဗြဟ္မာဖြစ်တယ်၊ ခွေး၊ နွား၊ တစ္ဆေ၊ သရဲ စတဲ့ အပါယ်ဘုံသားတွေဖြစ်တယ် ဆိုတာ သူပြုခဲ့တဲ့ ကံအတိုင်းပဲ ဖြစ်နေကြရတာပဲ။ အဲလိုမျိုးဖြစ်ရတာဟာ ပထမအမျိုးအစား ဇနကကံကြောင့်လို့မှတ်လိုက်ပါ။ အဲဒီကံဟာ အရင်ဘ၀က ပြုခဲ့တဲ့ ဂရုကံလဲ ဖြစ်ချင်ဖြစ်မယ်။ အာသန္နကံလဲ ဖြစ်ချင်ဖြစ်မယ်။ အာစိဏ္ဏကံလဲ ဖြစ်ချင်ဖြစ်မယ်။ ကဋတ္တာကံလဲ ဖြစ်ချင်ဖြစ်မယ်ပေါ့။ မနေ့ကပြောခဲ့တဲ့ ဒီကံ(၄)မျိုးအနက် တစ်မျိုးမျိုးက ဒီဘက်ဘ၀ကို လှမ်းအကျိုးပေးလိုက်ပြီဆိုရင် အဲဒီ လှမ်းအကျိုးပေးလိုက်တဲ့ကံကိုပဲ ကိစ္စပိုင်းဆိုင်ရာကံအနေနဲ့ ပိုင်းခြားကြည့်လိုက်တော့ ဇနကကံအဖြစ် တွေ့ရတယ်။ ပဋိသန္ဓေကျိုးကို ပေးတဲ့ ဇနကကံပေါ့။

ပ၀တ္တိအခါဆိုတာက တစ်ဘ၀တာလို့ ခြုံငုံပြောလို့လဲ ရပါတယ်။ ပဋိသန္ဓေအခိုက်အတန့်ဆိုတာ စက္ကန့်ပိုင်းတောင် ကြာလိုက်တာမဟုတ်ပါဘူး။ ဒီအတိုင်းပဲ သေဆုံးတဲ့ စုတိစိတ်ဆိုတာလဲ စက္ကန့်ပိုင်းအတွင်းမှာပဲ ရှိတယ်။ ကျန်တဲ့ အချိန်ကာလတွေအားလုံးကို ပ၀တ္တိအခါလို့ခေါ်လိုက်တာပါ။ ပ၀တ္တိအခါမှာ အကျိုးပေးတယ်ဆိုတာက ကိုယ်အင်္ဂါ စုံလင်ခြင်း၊ မစုံလင်ခြင်း၊ ဉာဏ်ကောင်းခြင်း၊ မကောင်းခြင်း၊ ရုပ်ဆိုးခြင်း၊ ရုပ်လှခြင်း၊ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းမှာ ဖြစ်ရခြင်း၊ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းမှာ ဖြစ်ရခြင်း၊ ကျန်းမာရေးကောင်းခြင်း၊ မကောင်းခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အစားအသောက် ပေါခြင်း၊ အစားအသောက်ရှားပါးခြင်း စသည်ဖြင့် ကောင်းကျိုး မကောင်းကျိုးတွေကို ဖြစ်ပေါ်စေတာဟာ ပ၀တ္တိကျိုးကို ဖြစ်စေတာပါပဲ။ ပ၀တ္တိအခါမှာ အကျိုးပေးတဲ့ ဒုတိယအမျိုးအစား ဇနကကံလို့ မှတ်လိုက်။

ယခုဘ၀မှာ မြင်ရ၊ ကြားရ၊ နံရ၊ စားရ၊ တွေ့ထိရတဲ့ ကိစ္စတွေမှာ တိုက်ဆိုင်မှုတွေဟာ အတိတ်ဇနကကံရဲ့ အကျိုးပေးတွေပါ။ ကိုယ်မြင်ချင်တာ မြင်ရ၊ တွေ့ချင်တာတွေ့ရ၊ ကိုယ်သဘောကျတဲ့သူနဲ့ တွေ့ရတာဟာလဲ အတိတ်အကြောင်း မကင်းသလို ကိုယ် မကြည့်ချင်တာကြည့်ရ၊ မမြင်ချင်တာမြင်ရ၊ မတွေ့ချင်တာတွေ့ရ၊ မတွေ့ချင်တဲ့သူတွေနဲ့ တွေ့ဆုံပေါင်းသင်းနေရတာဟာလဲ အတိတ်အကြောင်း မကင်းခဲ့ပါဘူး။ ကိုယ်က ဒီလူကို မတွေ့ချင်ဘူး။ ဒါပေမယ့် ကိုယ်နဲ့က အိမ်နီးချင်းဖြစ်နေတယ်၊ သို့မဟုတ် တစ်ရုံးတည်းဖြစ်နေတယ်၊ သို့မဟုတ် သူသွားတဲ့လမ်းနဲ့ ကိုယ်သွားတဲ့လမ်းက တူနေတယ်၊ သို့မဟုတ် ဇနီးမောင်နှံဖြစ်နေတယ်။ ဒါမျိုးတွေဟာ ကိုယ်ရှောင်လွှဲလို့ မရဘူး။ မတွေ့ချင်လဲ တွေ့နေရမှာပဲ၊ မမြင်ချင်လဲ မြင်နေရမှာပဲ။ တစ်ချို့ဆို မပေါင်းချင်ပဲနဲ့ တစ်သက်လုံး ပေါင်းဖော်သွားရတဲ့ ဇနီးမောင်နှံတွေတောင် ရှိတယ်။ အကြောင်းပါတော့ ခေါင်းမှာ ချာချာလည်ဆိုတာလိုပေါ့။ ရှေ့တိုး ထမ်းပိုး နောက်ဆုတ်တော့လဲ လှည်းထုတ် ဆိုသလို ရှေ့မတိုးသာ နောက်မဆုတ်သာတော့ မချစ်သော်လဲ အောင့်ကာနမ်းနေကြရတဲ့ စုံတွဲတွေ၊ ဒီလိုနဲ့ ဘ၀မှာ မနှစ်မြို့မှုတွေ ရင်ဝယ်ပိုက်ပြီး ခါးစည်း ခံစားနေရတဲ့သူတွေလဲ လောကမှာ ဒုနဲ့ဒေးပါပဲ။ တစ်ဖက်တစ်လမ်းကလည်း ကိုယ်နှစ်သက်တဲ့သူနဲ့ တစ်သက်တာ ပေါင်းသင်းနေရတာ၊ ကိုယ်မြတ်နိုးတဲ့သူနဲ့ တွေ့ခွင့်ရနေတာ၊ ကိုယ်မြင်ချင်တဲ့သူကို မြင်နေရတာ၊ ကိုယ်ကြည့်ချင်တာလေးတွေ ကြည့်နေရတာတွေဟာ အတိတ်အကြောင်း မကင်းပါဘူး။

(ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.

Post a Comment