Tuesday, January 4, 2011

ကံအယူအဆ (၂)

စေတနာကို ကံလို့ခေါ်တယ်၊ ဒါပေမဲ့ စေတနာတိုင်းတော့ ကံမဟုတ်ဘူးဆိုတာ မနေ့ကပြောခဲ့ပြီ။ ကောင်းတဲ့ စေတနာက ကုသိုလ်စေတနာ၊ မကောင်းတဲ့စေတနာက အကုသိုလ်စေတနာလို့ပဲ ပေါင်းမှတ်လိုက်ရင် ပိုလွယ် ပါလိမ့်မယ်။

ဒီလိုခွဲခြားမသိတော့ `ငါက မင်းကို စေတနာနဲ့ ပြောနေတာ´ လို့ပြောနေကြတယ်။ သူ့စေတနာက ကောင်းနေရင် တော်သေး။ မကောင်းတဲ့စေတနာနဲ့ ပြောနေရင် မခက်ဘူးလား။ စေတနာက ကောင်းတဲ့စေတနာလဲ ရှိ၊ မကောင်းတဲ့ စေတနာလဲ ရှိတာကိုး။ စကားပြောတဲ့အခါ အချို့က မကောင်းတဲ့ စေတနာနဲ့ ပြောတာတွေ ရှိတယ်။ ဒီလူ ဒီလိုပြောလိုက်ရင် အဟုတ်မှတ်ပြီး လုပ်မယ်၊ လုပ်ရင် ဒုက္ခရောက်မယ်ဆိုတဲ့ စေတနာမျိုးကျတော့ မကောင်းတဲ့ စေတနာပေါ့။ ဒါကို စေတနာမမှန်ဘူးလို့တော့ ပြောလေ့ရှိကြပါတယ်။ ဒါကြောင့် `ကိုယ်က စေတနာနဲ့ပြောတာပါ´ ဆိုရင် ကောင်းတဲ့စေတနာနဲ့လား၊ မကောင်းတဲ့စေတနာနဲ့လားဆိုတာ ချင့်ချိန်သင့်တယ်။ စေတနာနဲ့လို့ ပြောတိုင်း အကောင်းမထင်လိုက်နဲ့။ မကောင်းတဲ့စေတနာနဲ့ ပြောနေရင် ဆိုတာလဲ တစ်ဖက်က စဉ်းစားရမယ်။

စေတနာဆိုတာ ရှင်းရှင်း နားလည်အောင်ပြောရရင်တော့ စိတ်တွန်းအားလေးပါပဲ။ စိတ်ကို ကောင်းတဲ့ဘက်လဲ တွန်းပေးနိုင်တယ်။ မကောင်းတဲ့ဘက်လဲ တွန်းပေးနိုင်တယ်။ ကောင်းတဲ့အလုပ်တွေ လုပ်အောင်လဲ သူကတွန်းပေး၊ မကောင်းတဲ့အလုပ်တွေ လုပ်အောင်လဲ သူကတွန်းပေး၊ ကောင်းတဲ့စကားတွေ ပြောအောင်လဲ သူကတွန်းပေး၊ မကောင်းတဲ့စကားတွေ ပြောအောင်လဲ သူကတွန်းပေး၊ ကောင်းတဲ့အကြံတွေ ကြံအောင်လဲ သူကတွန်းပေး၊ မကောင်းတာတွေ ကြံအောင်လဲ သူကတွန်းပေးနေတာ။ ဒါကြောင့် စိတ်တွန်းအားလေး ကောင်းနေရင် အကုန် ကောင်းနေမယ်။ စိတ်တွန်းအားလေး မကောင်းရင် အကုန်မကောင်းတော့ဘူး။

ဒါဆို စေတနာကောင်းရင် ကံကောင်းမယ်၊ စေတနာမကောင်းရင် ကံမကောင်းဘူးလို့ မှတ်ချက်ချနိုင်ပြီပေါ့။ အခု စေတနာကောင်းပါတယ်။ စိတ်ကောင်းရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသုက္ခတွေနဲ့ချည်း ရင်ဆိုင်နေရတယ်ဆိုရင်ကော။ စေတနာကောင်းပြီးတော့ ကံမကောင်းပါလားလို့ ကောက်ချက်ချလိုက်ရမှာလား။ မလုပ်လိုက်ပါနဲ့။ အခုစေတနာသာ ကိုယ်က ကောင်းနေတာ။ အရင်က၊ အရင်ဘ၀တွေက စေတနာက ဘယ်လိုရှိခဲ့မှန်းမှ ကိုယ်မသိနိုင်တာပဲ။ အတိတ်စေတနာရဲ့ ဆိုးကျိုးတွေ ရောင်ပြန်လာဟပ်နေလို့ပေါ့။ ဘ၀ အခက်အခဲတွေ အကြပ်အတည်းတွေကို စိတ်ပျက် လက်လျှော့နေဖို့ မလိုပါဘူး။ ဆင်းရဲလေလေ သံဝေရရ ဆိုသလို အခက်အခဲ ကြုံတွေ့ဖန်များလေ ဘ၀သင်္ခန်းစာရလေပါပဲ။ ကံတွေညံ့နေလေ စိတ်ကောင်း စေတနာကောင်းတွေ ပိုပြီး ထားနိုင်အောင်ကြိုးစားလေ ဒီလိုနေရမယ်။ ဒါကို ဇွဲလို့ခေါ်တာပဲ။ လုံ့လ ၀ီရိယလို့လဲ ပြောချင်ပြောပေါ့။

စိတ်ကောင်းစေတနာလေး လက်မလွှတ်ဘဲ လုံ့လ၀ီရိယထားကြိုးစားလို့ စိတ်ဓာတ်ခွန်အားတွေ ကောင်းလာရင် စိတ်စွမ်းအင်တွေ မြင့်လာမယ်။ အနှောက်အယှက် အခက်အခဲဟာ ကိုယ့်အတွက် တက်လမ်းပဲ။ ၀ိုင်းနှိပ်ကွပ်လေ ပိုပိုမြင့်တက်သွားလေ ဒီလိုဖြစ်လာမယ်။ ကိုယ်နိမ့်ကျနေတဲ့အခိုက်မှာတော့ မဲ့ပြုံးတွေ၊ ခနဲ့ပြုံးတွေနဲ့ ပက်ပင်းတိုး နေရမှာပဲ။ ဒါတွေက သူတို့စေတနာနဲ့ သူတို့ ကျန်နေရစ်ခဲ့မှာပါ။ ကိုယ်လုပ်ရမယ့်အလုပ်ကိုသာ ဖြောင့်ဖြောင့် မတ်မတ်လုပ်၊ ဘ၀ကပေးတဲ့ သင်္ခန်းစာတွေကို စေတနာကောင်းလေး အရင်းအနှီးပြုပြီးတော့ အမြတ်ထုတ်ယူလိုက်ပါ။ ကျင့်သားရနေတဲ့ ဘ၀တစ်ခုအဖြစ်နဲ့ လောကဓံတွေကို ခံနိုင်ရည်အရှိဆုံးအဆင့်ရောက်လာမယ်။ ဒါဟာ အခက်အခဲကြားမှ ရတဲ့ပညာပါပဲ။ စေတနာလေးသာ ဆက်လက်ကောင်းနေပါစေ။ အခုကောင်းနေတဲ့ စေတနာတွေက လက်တွေ့မှာ သိသိသာသာ ရောင်ပြန်မဟပ်ပေမဲ့ တဖြည်းဖြည်းချင်း ရောင်ပြန်ဟပ်လာမှာ။

စေတနာဆိုတဲ့ စိတ်တွန်းအားလေးက ကိုယ့်ဘ၀ကို ကောင်းသထက်ကောင်းအောင်သာ ဆက်လက်တွန်းပို့ ပေးနေဖို့လိုပါတယ်။ ဘ၀မှာ အခက်အခဲကြုံလို့ လက်မြှောက်အရှုံးပေးတယ်ဆိုတာ လူညံ့တွေရဲ့အလုပ်ပါ။ ဘယ်လိုပင် အခက်တွေ့လို့ ဘယ်လိုပင် ကံတွေညံ့နေပါစေ၊ ကိုယ့်ရဲ့ စိတ်ကောင်းစေတနာလေးသာ မဆုံးရှုံးပါစေနဲ့။ စိတ်ကောင်းစေတနာလေး မပျက်သရွေ့ မရှုံးသေးဘူး။ အရှုံးထဲက အမြတ်ချည်းပါပဲ။ ဒါလေးပျက်သွားရင်တော့ နှစ်ခါရှုံးပြီသာမှတ်တော့။ အရင်က စေတနာဆိုးခဲ့လို့ အခု ကံတွေဆိုး၊ အခုလဲ စေတနာတွေ ဆိုးပြန်ပြီဆိုရင်တော့ ကံတွေဟာ ဆိုးပြီးရင်လဲ ထပ်ဆိုးချင်တုန်းပဲလို့သာ မှတ်လိုက်တော့။

အခက်အခဲကြုံတွေ့ရတဲ့ကြားကပင် စေတနာကောင်းလေးတွေ ဆက်လက်ထားနိုင်အောင် ကြိုးစားရမယ်။ ဒါဆိုရင် အခက်အခဲမရှိ ငြိမ်းချမ်းနေတဲ့ဘ၀ပိုင်ရှင်တွေကရော စေတနာကောင်းတွေ ထားဖို့မလိုတော့ဘူးလား။ ဒီလိုလဲ မလုပ်လိုက်ပါနဲ့။ ကိုယ့်ဘ၀ ကိုယ့်ကံ ကောင်းနေရင်လဲ ကောင်းသထက်ကောင်းအောင် စေတနာကောင်း လေးတွေ ဆက်လက်မွေးမြူနေရမှာပါ။ တောင်မြို့မဟာဂန္ဓရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသအမိန့်ရှိတဲ့ စကားလေး တစ်ခွန်း `အထက်တန်းရောက်နေတာဟာ ငြမ်းပဲ´တဲ့။ ကောင်းစားနေတာ ချမ်းသာနေတာ အဆင်ပြေ နေတာဟာ ကိုယ့်ဘ၀အတွက် ငြမ်းပါပဲ။ အထက်မြင့်သထက်မြင့်အောင် တက်လှမ်းနိုင်ဖို့အတွက် ငြမ်းအဖြစ်နဲ့ အသုံးချလိုက်ပါ။ တင်းတိမ်ရောင့်ရဲ ကျေနပ်မနေပါနဲ့။ စိတ်ကောင်းစေတနာတွေ ရှိနေရင် ရှိသထက်ရှိအောင်၊ ချမ်းသာနေရင် ချမ်းသာသထက်ချမ်းသာအောင် ဆက်လက်အားထုတ်ရမှာပါ။ ဒါဆို ဒီဘ၀အတွက်လဲ ကောင်း၊ နောက်နောက်ဘ၀ တွေအတွက်လဲ စိတ်ချရ၊ ကိုယ့်ဘ၀ အဆင်ပြေနေတာကို အထက်တန်း ဆက်လက်တက်ဖို့ ငြမ်းအဖြစ်နဲ့ အသုံးချလိုက်တော့ ချမ်းသာခြင်းရဲ့ တန်ဖိုးတွေတက်လာတယ်။

စေတနာကောင်းလေးသာ လက်မလွတ်ပါစေနဲ့။ စိတ်တွန်းအားလေး ထာဝရကောင်းနေအောင်သာ ကြိုးစားနေပါ။ ဒါဆိုရင် ကံတွေဟာ ညံ့နေရာမှကောင်း၊ ကောင်းနေရာမှ ကောင်းသထက်ကောင်း၊ မြင့်သထက် မြင့်လာပါလိမ့်မယ်။

Dr. V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.