Thursday, January 6, 2011

ကံအယူအဆ (၄)

မနေ့က ပို့စ်မှာ စာဖတ်သူမရှင်းတာလေးတွေ ကွန်မင့် တက်လာတယ်။ ကြိုဆိုပါတယ်။ ကွန်မင့်က အဟောသိကံ ဆိုတာရယ်၊ တားဆီးလို့မရတဲ့ကံဆိုတာရယ် ထပ်မံရှင်းလင်းပေးဖို့ တောင်းဆိုလာတာတွေ့ရတယ်။

အဟောသိကံဆိုတာက အကျိုးမပေးတော့တဲ့ကံကို ပြောတာပါ။ ကံမမြောက်တဲ့ကံတွေဟာ အဟောသိကံ၊ အကျိုး မပေးတဲ့ကံတွေဟာ အဟောသိကံပါ။ ချမ်းမြေ့ဆရာတော်ဘုရားကြီး အမိန့်ရှိတဲ့စကားလေးတစ်ခွန်းက `ကံဆိုတာ အလုပ်၊ အလုပ်တိုင်းတော့ ကံမဟုတ်ဘူး´တဲ့။ အလုပ်ဆိုပေမယ့် အလုပ်ထဲမှာ ကောင်းတဲ့ရည်ရွယ်ချက်၊ ဆိုးတဲ့ရည်ရွယ်ချက်တစ်ခုခု ပါနေရမယ်။ အဲဒီရည်ရွယ်ချက်ကို ထမြောက်အောင် ဆောင်ရွက်ဖို့ စိတ်တွန်းအားလေး (စေတနာ) လဲပါရမယ်။ ဒီလိုအင်္ဂါရပ်တွေစုံညီပြီးတော့ လုပ်လိုက်တဲ့အလုပ်မှ ကံမြောက်တယ်။ ဥပမာ- ခေါင်းလျှော်တယ်၊ ရေချိုးတယ်၊ အ၀တ်အစားလဲတယ်၊ သွားတယ်၊ လာတယ်ဆိုတာလဲ အလုပ်တွေပါ။ တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောကြ ဆိုကြ နှုတ်ဆက်ကြ၊ သာကြောင်း မာကြောင်းမေးကြ ဒါတွေလဲ အလုပါပဲ။ ဘာလေးစားလိုက်ရကောင်းမလဲ၊ ဘယ်သွားလိုက်ရကောင်းမလဲ၊ ဘယ်သူ့ဆီဖုန်းဆက်လိုက်ရကောင်းမလဲ ကြံနေတာတွေလဲ အလုပ်ပါပဲ။ အဲဒီအထဲမှာ ကောင်းတဲ့ရည်ရွယ်ချက်၊ ဆိုးတဲ့ရည်ရွယ်ချက်တွေ ဘာတစ်ခုမှ မပါဘူးဆိုရင် အလုပ်တော့ အလုပ်ပဲ။ ကံတော့ မမြောက်ဘူး။ ကံမဖြစ်ဘူးပေါ့။ ကံမဖြစ်တော့ အဟောသိကံ ဖြစ်သွားတာပါပဲ။ နောင် အကျိုးပေးဖို့ ကောင်းတဲ့အကြောင်း ဆိုးတဲ့အကြောင်း ကြွင်းကျန်ရစ်တဲ့ ကံမဟုတ်ဘူး လို့ပြောတာပါ။ အကြောင်းအကျိုးအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ပုဆိုးဝတ်ခြင်းကြောင့် လုံခြုံခြင်း၊ ဟန်ပန်ကောင်းခြင်း လက်တွေ့ အကျိုးတွေတော့ ရတာပေါ့။

ဒီလိုမဟုတ်ဘဲ တမင်သက်သက် ရည်ရွယ်ပြီး စိတ်လိုက်မာန်ပါ ပြောဆို လုပ်ကိုင် ကြံစီတာတွေကတော့ ကောင်းရင်လဲ ကောင်းတဲ့အလျောက်၊ ဆိုးရင်လဲ ဆိုးတဲ့အလျောက် ကံတွေဖြစ်ပါလိမ့်ယ။ ဥပမာအနေနဲ့ မိဘမဲ့ကလေးသူငယ်များကို ကျွေးမွေးတယ်ဆိုပါစို့။ အလုပ်ပဲ။ အဲဒီမှာ ရည်ရွယ်ချက်က သူတို့တွေ စားစေချင်လို့ကျွေးတာ ကောင်းတဲ့ ရည်ရွယ်ချက်ပေါ့။ ရည်ရွယ်ချက်လေးနဲ့တင် မလုံလောက်ဘူး။ တကယ်ကျွေးမွေးဖို့ ဆုံးဖြတ်ချက်ချလိုက်နိုင်တာက စိတ်တွန်းအားလေးက တွန်းပို့ပေးလိုက်လို့ပါပဲ။ စိတ်တွန်းအားလေးကြောင့် ကျွေးမယ်လို့ ဆုံးဖြတ်လိုက်ပြီး ကျွေးမွေးခြင်းအလုပ်ကို လုပ်လိုက်တယ်။ ဒီအလုပ်က ဘယ်သူ့ကိုမှ မထိခိုက်တဲ့အလုပ်လဲ ဖြစ်နေတော့ အပြစ်ကင်းနေတယ်။ ရည်ရွယ်ချက်ကလဲ ကောင်းနေတယ်။ စေတနာပါပါနဲ့ ကျွေးမွေးလိုက်တော့ ကံမြောက်ဖို့ အင်္ဂါတွေ စုံသွားလို့ ကောင်းတဲ့ကံတွေ ဖြစ်သွားတယ်။ အခုလက်ငင်းအနေနဲ့ ကလေးတွေ စားရသောက်ရခြင်းဆိုတဲ့ အကျိုးခံစားရသလို ကျွေးမွေးသူလဲ သူတို့လေးတွေ စားနေတာကြည့်ပြီး ပီတိတွေဖြစ်လို့ စိတ်ချမ်းသာခြင်း အကျိုးကို ခံစားရတယ်။ ဒါတင်မကဘဲ ဒီစေတနာအခြေခံတဲ့ အလုပ်ဟာ ကံမြောက်လို့ နောင် အလျဉ်းသင့်ရင် ကောင်းကျိုးတွေပေးရန်အတွက် ကောင်းတဲ့အကြောင်းတွေ အနေနဲ့ ကျန်နေခဲ့တယ်။ ဒီဘ၀မှာလဲ အကျိုးပေးချင် ပေးမယ်။ နောက်နောက်ဘ၀တွေမှာလဲ အကျိုးပေးချင်ပေးမယ်။ အကျိုးမပေးဘဲနဲ့တော့ ချုပ်ပျောက်သွားရိုး ထုံးစံမရှိဘူး။ (ယထာပစိတံ ကမ္မံ ဖလံ အဒတွာ န ဟိ ၀ိနဿတိ။)

အဟောသိကံဖြစ်ပုံကို မနေ့က ရှင်းလင်းတဲ့အထဲမှာ ပြောခဲ့တာကို ထပ်ပြောပါဦးမယ်။ စိတ်ဖြစ်စဉ်မှာ ကံတွေ ဘယ်နေရာက ဖြစ်သလဲဆိုတာ အရင်ပြောမယ်။ ၀ီထိဖြစ်စဉ်အရပြောရရင် စိတ်တစ်ခု ဖြစ်ခိုက် သာမန်အားဖြင့် ဇောဆိုတာ (၇)ကြိမ်စောလေ့ရှိတယ်။ အဲဒါကို နံပါတ်အစဉ်အတိုင်းပြောရင် (၁)ကနေ (၇)အထိပေါ့။ အမှတ်(၁) ဇောအခိုက်မှာလဲ ကံမြောက်တဲ့စိတ်၊ စေတနာလေး ပေါ်တယ်။ ဖြစ်ပြီးပျက်သွားတယ်။ အမှတ်(၂) ဇောမှာထပ် ပေါ်မယ်။ ဖြစ်ပြီးပျက်သွားတယ်။ အမှတ်(၃)ဇောမှာ ပြန်ပေါ်မယ်။ ဒီလိုနဲ့ အမှတ်(၇)ဇောထိအောင်မှတ်လိုက်ပေါ့။ ပြီးရင်တော့ တဒါရုံ(၂)ကြိမ်ပေါ်မယ်ထားလိုက်။ အမှတ်(၁)ဇောအခိုက်မှာပေါ်တဲ့ စေတနာလေးကို ပထမဇောစေတနာ လို့ဆိုတယ်။ အမှတ်(၇)ဇောစေတနာလေးကို သတ္တမဇောစေတနာလို့ဆိုတယ်။ အလယ်မှာ ဇော(၅)ခုကျန်တယ်။ အဲဒါကိုတော့ အလယ်ဇော(၅)ချက်စေတနာလို့ ဆိုတယ်။ စေတနာတစ်ခုတည်းကိုပဲ ဇော(၇)ကြိမ်စောတာဖြစ်လို့ အဲဒီစေတနာဆိုတဲ့ ကံတစ်ခုတည်းကိုပဲ ဇောတွေနဲ့ ပိုင်းခြားလိုက်တော့ ပထမဇောစေတနာ၊ သတ္တမဇောစေတနာ၊ အလယ်ဇော(၅)ချက်စေတနာဆိုပြီး ဖြစ်လာတာ။ စေတနာဆိုတဲ့ ကံက တစ်ခုတည်းပဲ။ ဘယ်အခိုက်အတန့်မှာ အကျိုးပေးနိုင်စွမ်းပိုရှိလဲဆိုတာ ပိုင်းခြားပြထားတာပါ။

ဇောဖြစ်စဉ်တွေမှာ ပထမဇောစေတနာက အားသိပ်မကောင်းသေးဘူး။ အစဦးဆုံးဖြစ်တဲ့ ဇောအခိုက်ဆိုတော့ အားပျော့သေးတဲ့သဘောပဲ။ ဒီပထမဇောစေတနာက ဒီလက်ရှိဘ၀မှာ အကျိုးပေးတယ်။ မောင်ပုဏ္ဏတို့ ပထမဇော စေတနာက အကျိုးပေးလိုက်တော့ ထွန်ခဲက ရွှေတုံးဖြစ်သွားတာမျိုးတွေပေါ့။ ဒါထက် သဘာဝကျကျ စဉ်းစားကြည့်ရင် ဘုရားဝတ်တက်တယ်၊ ကုသိုလ်ကံဖြစ်တယ်။ စိတ်ချမ်းသာတယ်၊ လက်တွေ့အကျိုးပဲ၊ ဒါကို ပထမဇောစေတနာက အကျိုးပေးတယ်လို့ ယူဆလိုက်ပါ။ ကံတိုင်းမှာ ပထမဇောစေတနာပါတာချည်းပဲ။ ပထမဇောကို ကျော်ပြီး ဒုတိယဇော ဖြစ်ရိုးထုံးစံမရှိဘူး။ ဒါပေမယ့် ပထမဇောစေတနာက ဒီဘ၀မှာ အကျိုးပေးတာလဲရှိမယ်၊ မပေးတာလဲ ရှိမယ်။ အကျိုးမပေးခဲ့ရင် အဲဒီပထမဇောစေတနာဆိုတဲ့ ကံဟာ အဟောသိကံပဲ။

ဇော(၇)ကြိမ်ထဲမှာ သတ္တမဇောစေတာက အားအကောင်းဆုံးပဲ။ ဒါကြောင့် သူက ဒုတိယဘ၀မှာ အကျိုးပေးတယ်။ အရှင်သောဏမထေရ်ရဲ့ ခမည်းတော် မုဆိုးကြီးဟာ တစ်သက်လုံး မုဆိုးဘ၀နဲ့ ကြီးပြင်းလာခဲ့ပြီး အသက်ကြီးတော့ သားကိုအမှီပြုပြီး ရဟန်းဝတ်လိုက်တယ်။ သေခါနီးမှာ နိမိတ်တွေမကောင်းလို့ ကြောက်လန့် ယောင်ရမ်းဟစ်အော် နေတာကို သားရဟန်းကသိတော့ စေတီကို ပန်းတွေပြုပြင်ပြီး သူ့အဖေ ရဟန်းကြီးကို ခုဋင်နဲ့ သယ်ဆောင်ပြီး ခေါ်လာ၊ ရဟန်းကြီး ဒီပန်းတွေနဲ့ ဘုရားကို ပူဇော်လိုက်လို့ အပူဇော်ခိုင်းတယ်။ ဒီကုသိုလ်စိတ်ကလေးနဲ့ပဲ သူဟာ သေတော့ နတ်ပြည်ရောက်သွားတယ်။ တကယ်က သူ့အကုသိုလ်ကံအရဆိုရင် သူဟာ အပါယ်ရောက်ရမှာပဲ။ ဒါပေမယ့် သူသေခါနီးမှ ပြုလိုက်တဲ့ ကုသိုလ်ကံအရှိန်ကြောင့် နတ်ပြည်ရောက်သွားတာ။ ဒါကို အာသန္နကံ လို့လဲပြောပေါ့။ အကျိုးပေးသွားတာက အားကောင်းတဲ့ သတ္တမဇောစေတနာက အကျိုးပေးသွားတာပဲ။ ဘ၀တစ်ခုမှာ မည်သူမဆို ကံတွေကို အများကြီးပြုလုပ်ခဲ့ကြတာဖြစ်တော့ သတ္တမဇောစေတနာတွေကလဲ အများကြီးပေါ့။ ဒါပေမယ့် သတ္တမဇောစေတနာတွေ အများကြီးရှိတဲ့အနက် တစ်ခုတည်းကပဲ ဒုတိယဘ၀မှာ အကျိုးပေးနိုင်တာ။ ကျန်တဲ့ သတ္တမဇောစေတနာတွေက အကျိုးမပေးလိုက်ရတော့ အဟောသိကံ ဖြစ်သွားပါတယ်။

အလယ်ဇော(၅)ချက်စေတနာကတော့ တတိယဘ၀မှ နိဗ္ဗာန်မရမီအတွင်း အလျဉ်းသင့်သလို အကျိုးပေးသွားပါ လိမ့်မယ်။ အကျိုးပေးခွင့်မရလို့ မပေးနိုင်တော့ဘူးဆိုရင်တော့ အဟောသိကံဖြစ်သွားတာပေါ့။ အဲဒါကို အရှင်အင်္ဂုလိမာလ မထေရ်ကြီး ဥပမာပြရရင် သင့်တော်လိမ့်မယ်။ သူဟာ လူပေါင်းများစွာသတ်ခဲ့တာပဲ။ အကုသိုလ်ကံတွေပေါ့။ အဲဒီကံတွေထဲမှာ ဒီဘ၀အကျိုးပေးနိုင်တဲ့ စေတနာလဲပါမှာပဲ။ ဒုတိယဘ၀ အကျိုးပေးနိုင်တဲ့ စေတနာလဲ ပါမှာပဲ။ တတိယဘ၀မှ နိဗ္ဗာန်မရမီ အကျိုးပေးနိုင်တဲ့ ကံတွေလဲ ပါမှာပဲ။ ဒါပေမယ့် သူဟာ ဘုရားရှင်ရဲ့တရားတော်ကြောင့် ဒီဘ၀မှာပဲ အာသဝေါကုန်ခန်း ရဟန္တာဖြစ်သွားတယ်။ လူသတ်ခဲ့တဲ့ အကုသိုလ် ကံတွေက ဒီဘ၀မှာတော့ ခဲနဲ့အပေါက်ခံရတာ ဘာညာလောက်တော့ ခံစားရတယ်။ ဒါပေမယ့် ဒုတိယဘ၀ အကျိုးပေးရမယ့် သတ္တမဇောစေတနာလဲ အဟောသိကံ ဖြစ်သွားတယ်။ တတိယဘ၀မှ စပြီးအကျိုးပေးရမယ့် အလယ်ဇော(၅)ချက်စေတနာတွေလဲ အဟောသိကံ ဖြစ်သွားတယ်။ သူ့မှာ အကျိုးပေးခံရဖို့ နောက်ဘ၀မှ မရှိတော့ပဲကိုး။ အခုခေတ်လိုပြောရရင်တော့ ကံတွေ Expire ဖြစ်သွားတာပဲ။ အကုသိုလ်ကံတွေ လုပ်ခဲ့တာမှ ဘယ်သူနဲ့မှမတူအောင်ပါ။ ဒါပေမယ့် အရဟတ္တမဂ်က အဲဒီကံတွေအားလုံးကို သတ်ဖြတ်ပစ်လိုက်တော့ ဆိုးကျိုးတွေ နာလံမထူနိုင်တော့ဘူး။ ဒါကြောင့် ကံကုန်ဖို့အတွက် ကိလေသာတွေ အရင် သတ်ရတယ်။ ကိလေသာကုန်ရင် ကံတွေ ခေါင်းမထောင်နိုင်တော့ဘူး။ ကံခေါင်းမထောင်နိုင်တော့ရင် ကံရဲ့အကျိုးတွေလဲ အစပြတ် ချုပ်ငြိမ်းရတာပဲ။ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်ဆိုတဲ့ ၀ဋ်သုံးပါးမှာ ကိလေသ၀ဋ်ကို သတ်နိုင်ရင် ကျန်တဲ့ ၀ဋ်နှစ်ပါး အလိုလိုသေတယ်။ ကံ ကံရဲ့အကျိုးဆိုတာတွေ မလာနိုင်တော့ဘူး။ အခုလဲ အင်္ဂုလိမာလမထေရ်ဟာ ကိလေသာတွေ အားလုံးကို အပြီးအပြတ် ပယ်သတ်လိုက်နိုင်တော့ ကျန်တဲ့ ကံတွေ၊ ကံအကျိုးတွေ အားလုံးဟာ အကျိုး ပေးခွင့်မရတော့ဘဲနဲ့ အဟောသိကံဖြစ်သွားရတယ်။ တားဆီးမရတဲ့ကံတွေအကြောင်း နောက်မှ ဆက်မယ်။

Dr. V. Parami

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.