Monday, August 29, 2011

ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း(၃)

Dr. Ambedkar ရုပ်တု

တစ်ညလုံး ရထားစီးခဲ့ရ၊ တစ်နေကုန် မြို့ထဲ လှည့်လည်တာနဲ့ ပင်ပန်းနွမ်းနယ်နေတော့တယ်။ ဒါနဲ့ ဟိုတယ်မှာ အဲယားကွန်းဖွင့်ပြီး နားရင်း တွေ့ဆုံပွဲမှာ ဘာတွေပြောရင် ကောင်းမလဲလို့ keynotes လေးတွေ စဉ်းစားနေဖြစ်တယ်။ ကုလားဒကာကလဲ ဒီတွေ့ဆုံပွဲက လူတွေ တော်တော်များများလာမယ်၊ မြန်မာသံဃာတွေရောက်နေကြောင်း အားလုံးကို အကြောင်းကြားထားတယ်လို့ ကြိုပြောထားတော့ `အင်း ဆီမီနာတစ်ခုလိုဖြစ်မယ်ထင်တယ်` ဆိုတဲ့ အတွေးနဲ့ပေါ့။ စိတ်တွေလှုပ်ရှား၊ ဘာတွေများပြောချလိုက်ရ ကောင်းမလဲဆိုပြီး စဉ်းစားနေရတာ။ လူကသာ နားနေတယ်၊ ဦးနှောက်တွေက ချာချာလည်ဆိုသလိုပေါ့။

ဘုရားဆင်းတုတော်နှင့် Dr. Ambedkar ရုပ်တု

ည(၇)နာရီခွဲလောက် ကားနဲ့ လာရောက်ပင့်ကြတယ်။ (၅)ပါးထဲက တစ်ပါးကတော့ ကျန်းမာရေး သိပ်မကောင်းလို့မလိုက်တော့ဘူးဆိုပြီး ဟိုတယ်မှာပဲ နေခဲ့တယ်။ ဤအရှင်နှင့်အတူ (၄)ပါး လိုက်သွားကြတယ်။ ဘိုပါးမြို့က လှတယ်လို့ မနေ့က ပြောခဲ့ပေမယ့် တောမြို့ဖြစ်တာကြောင့် ကြည့်လို့သာ လှနေတာ၊ လမ်းတွေက မြို့လယ်လောက်ပဲကောင်းတာ၊ မြို့စွန်က လမ်းတွေက ဘာမှမကောင်းဘူး။ မြန်မာပြည်ကလမ်းတွေ ဆိုးတယ်ဆိုတာ ဘိုပါးမြို့ကလမ်းလောက်တော့ မဆိုးသေးဘူး။ ကိုယ့်ထက်ဆိုးတာတွေ့တော့ အင်း ဒို့မြန်မာပြည်ကမှ တော်သေးတယ်လို့ သက်ပြင်းတစ်ချက် ချလိုက်မိသေး။ လမ်းကကြမ်းတဲ့အထဲ တော်တော်နဲ့ မရောက်နိုင်ဘူး။ ဒီကြားထဲ တစ်ချို့နေရာတွေမှာ Traffic Jam ဖြစ်နေလို့ ကားရှေ့ရောက်အောင်ကို မနဲမောင်းနေရတယ်။ မြန်မြန်မောင်းလို့ရတဲ့လမ်းရောက်လို့ speed တင်မောင်းလိုက်ပြန်တော့လဲ လမ်းက ကြမ်းရတဲ့အထဲ ကားက ခပ်နိမ့်နိမ့်၊ ခေါင်းနဲ့ ကားအမိုးနဲ့ မဆောင့်မိအောင် မနဲသတိထား လိုက်နေရတယ်။ အရေးထဲ အိန္ဒိယက ဒီမိုကရေစီနိုင်ငံဆိုတော့ လာဘ်ပေးလာဘ်ယူပပျောက်ရေး ဆန္ဒပြနေကြတဲ့လူတစ်စုက လမ်းမှာ ပိတ်ပြီး အော်နေကြလို့ အချိန်တော်တော်ကြာသွားသေး။ ဒီလိုနဲ့ တစ်လမ်းချိုး တစ်လမ်းကွေ့၊ တစ်လမ်းဝင် တစ်လမ်းထွက် မောင်းနေလိုက်တာ၊ ရောက်ကိုမရောက်နိုင်ဘူး။ မောင်းရင်း မောင်းရင်းနဲ့ မြို့လယ်ကနေ မြို့ပြင် ဆင်ခြေဖုံးရပ်ကွက်တွေဆီ ဦးတည်သွားလေရဲ့။ အင်း ဘယ်တွေဆီများ ရောက်အောင် မောင်းနေပါလိမ့်မလဲနော်။ စဉ်းစားနေဆဲမှာပဲ ရောက်ပြီဆိုတာနဲ့ ကားပေါ်က ဆင်းလိုက်ကြတယ်။ နာရီကြည့်လိုက်တော့ ည(၈)နာရီခွဲနေပြီ။ တစ်နာရီလောက် ကားစီးခဲ့ရတာပေါ့။ မိုးရွာထားတော့ လမ်းတွေကလဲ ပေပွနေတယ်။ ကားပေါ်ကဆင်းတဲ့နေရာက မီးအလင်းရောင်မရတဲ့နေရာ။ ကားတံခါးဖွင့်ပြီး ခြေထောက်အောက် အချလိုက် ရွှံ့ဗွက်ထဲ ဆင်းမိလျက်သားဖြစ်သွားတော့ ငါ့ခြေထောက်တော့ အလှပျက်ပါပြီဆိုပြီး စိတ်ထဲ စနိုးစနောင့်။ သူတို့ ပင့်ရာနောက် လိုက်သွားတော့ ခြံဝင်းကျယ်ကျယ်ကြီးတစ်ခုထဲ ၀င်သွားရတယ်။ မြက်တောကြီးဖြစ်နေတယ်။ တော်တော်ကြီးမားတဲ့အဆောက်အဦးဆောက်ဖို့ ဖောင်ဒေးရှင်း ချထားတာတွေ့ရတယ်။ အဲဒီဖောင်ဒေးရှင်းနေရာ မြက်တောကိုကျော်ဖြတ်ပြီး နောက်ပိုင်းဘက်မှာ ကပ်ဆောက်ထားတဲ့ ယာယီကျောင်းဆောင်လေးတစ်ဆောင်ဆီသို့ ဦးတည်သွားကြတယ်။ အဲဒီမှာတော့ မီးတွေ ထိန်ထိန်လင်းနေအောင် ထွန်းညှိထားတယ်။ အလယ်တဲ့တဲ့မှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူ ကြည်ညိုဖွယ်ရာ တွေ့ရတယ်။ ဗုဒ္ဓဆင်းတုတော်နဲ့ ကပ်လျက်က Dr. B. R. Ambedkar ရဲ့ ရုပ်တုတစ်ခု ထားရှိတယ်။ ဒီနေရာမှာ ဆက်စပ်တုန်း ဘာဖြစ်လို့ Dr. Ambedkar ရုပ်တုကို ဘုရားနဲ့ တစ်ဂိုဏ်းတည်းထား ကိုးကွယ်ကြသလဲဆိုတာ သိသာအောင် ပြောပြချင်သေးတယ်။

Dr. Ambedkar

အိန္ဒိယပြည်မှာ ဗုဒ္ဓဘာသာဟာ Dr. Ambedkar (1891 - 1956) မတိုင်မီက ပျောက်ကွယ်သလောက် ဖြစ်နေခဲ့တယ်။ ပျောက်ကွယ်လုနီးနေပြီဖြစ်တဲ့ ဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းပေးခဲ့သူဟာ ဟောဒီ Dr. Ambedkar ပါပဲ။ Madhya Pradesh ပြည်နယ်၊ Mhow တပ်မြို့ဇာတိ။ သူ့မိဘဆွေမျိုးတွေကတော့ သီပေါမင်းနောက်ဆုံး အကျဉ်းချခံရတဲ့နေရာ Ratnagiri ခရိုင်၊ Ambavade မြို့ကဖြစ်တယ်။ သူဟာ တော်တော်ထက်မြက်တဲ့သူတစ်ယောက်ပါ။ (He was an journalist, political leader, philosopher, thinker, anthropologist, historian, orator, prolific writer, economist, scholar, editor, and a revolutionary.) ဒီလို အမွှမ်းတင်ခံရလောက်တဲ့ သူတစ်ယောက်ပါ။ ပြီးတော့ ဇာတ်နိမ့်က မွေးဖွားလာတဲ့သူလဲဖြစ်တယ်။ အိန္ဒိယမှာ ဇာတ်စနစ်လွှမ်းမိုးထားတော့ ဇာတ်နိမ့်တွေကို ဇာတ်မြင့်တွေက ဖိနှိပ်ထားတာ။ ဇာတ်နိမ့်တွေကို နေရာမပေးဘူး။ Untouchables, the depressed, outcaste, dalid, sudras စသည်ဖြင့် အမည်အမျိုးမျိုးပေးခံရပြီး လူရာမ၀င်တဲ့သူတွေအဖြစ် သဘောထားကြတယ်။ Dalid ဆိုတာ dalidda (ဒလိဒ္ဒ)- သူဆင်းရဲ၊ sudras ဆိုတာလဲ sudda (သုဒ္ဒ)သူဆင်းရဲပဲ။ ဇာတ်မြင့်တွေ သောက်တဲ့ရေခွက်နဲ့ ဇာတ်နိမ့်တွေ သောက်ခွင့်မရှိဘူး။ ကျောင်းတွေမှာ ဇာတ်နိမ့်တွေ တက်ခွင့်မရှိဘူး။ ဇာတ်နိမ့်တွေကို ရာထူးရာခံကောင်းကောင်း မပေးဘူး။ စီးပွားရေး ရောင်းဝယ်ဖောက်ကားလုပ်ရင်လဲ ဇာတ်နိမ့်ဆိုင်မှန်းသိတာနဲ့ ဇာတ်မြင့်တွေက ဘယ်သူမှ မ၀ယ်တော့ဘူး။ ဒီတော့ ဇာတ်နိမ့်တို့ရဲ့ ဘ၀တက်လမ်းဟာ ကျွန်ခံခြင်းမှတစ်ပါး အခြားမရှိဆိုသလို ဖြစ်နေတော့တယ်။ ဒီလို အခြေအနေဆိုးတွေကို နည်းမျိုးစုံနဲ့ ဖြတ်ကျော်ပြီး Dr. Ambedkar ဟာ ကျောင်းကိုလဲ မရ ရအောင်တက်ခဲ့တယ်။ ကျောင်းတက်တော့လဲ ဆရာတွေက သူ့ကို လုံးဝဂရုမစိုက်ဘူး၊ အတန်းထဲမှာတောင် ကျောင်းသားအချင်းချင်း အတူတူ ယှဉ်ထိုင်ခွင့်မပေးဘူး။ ဒီလို အမျိုးမျိုးအနှိမ်ခံရသော်လဲ ဇွဲမလျှော့ဘဲ သူလိုချင်တဲ့ ပညာကိုသာ ရအောင် ကြိုးစား သင်ယူခဲ့တယ်။ ဒီလို ဆိုးဆိုးရွားရွား ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားဆက်ဆံနေကြတဲ့ ဟိန္ဒူဇာတ်စနစ်ကို သူပညာတတ်လာတဲ့အချိန်မှာ ဆန့်ကျင်မှုတွေ လုပ်ခဲ့တယ်။

သူ့အမေကွယ်လွန်ပြီးနောက်ပိုင်းတွင် မိသားစုလိုက် Ambavede သို့ပြောင်းရွှေ့ကာ ကျောင်းတက်၊ နောက်ပိုင်း ဘုံဘေသို့ ပြောင်းရွှေ့လာခဲ့ကြပြီး Ambedkar ဟာ ဘုံဘေမှာ အထက်တန်းပညာဆက်လက်သင်ယူခဲ့တယ်။ နောက်ပိုင်းတွင် တက္ကသိုလ်ဝင်ခွင့်အောင်လို့ University of Bombay မှာတက်ခွင့်ရတယ်။ အိန္ဒိယမှာ သူဟာ ပထမဦးဆုံးသော ဇာတ်နိမ့် တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲ။ ၁၉၀၆-ခုနှစ်မှာ (၉)နှစ်သမီး Ramabai နဲ့ လက်ထပ်ပေးတယ်။ ဟိန္ဒူဘာသာရေးစနစ်အရ ဒီလို အရွယ်မရောက်ခင်ကတည်းက ကြိုတင်လက်ထပ်ထားကြတာတွေ ရှိတယ်။ အရွယ်ရောက်တော့မှ ရှေ့ဆက်ပေါ့။ သူဟာ ဘုံဘေတက္ကသိုလ်က ဘွဲ့ရပြီးနောက် အနောက်နိုင်ငံတွေမှာလဲ သွားရောက် ပညာသင်ခဲ့လို့ ဒေါက်တာဘွဲ့အထိ ဘွဲ့ပေါင်း များစွာ အထပ်ထပ်ရရှိခဲ့တဲ့သူတစ်ယောက်ပါပဲ။

ဘွဲ့ရပြီးနောက်တွင် သူဟာ ဇာတ်ခွဲခြားမှုစနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ များစွာလုပ်ခဲ့သလို တိုင်းပြည်တိုးတက်ရေးအတွက်လဲ အစိုးရတာဝန်တွေ ထမ်းဆောင်ရင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွေ မူကြမ်းအနေနဲ့ ရေးဆွဲတင်သွင်းပေးရတဲ့အထိ အထက်ပိုင်းရောက်လာခဲ့ပါတယ်။ Dr. Ambedkar ကျေးဇူးကြောင့်ပဲ အိန္ဒိယပြည်ကြီးဟာ ယနေ့လက်ရှိ ကောင်းမွန်တဲ့ အခြေခံဥပဒေတွေအောက်မှာ တိုးတက်သာယာဝပြောနေတာဖြစ်တယ်။ ဒါကြောင့် Dr. Ambedkar ဟာ ဇာတ်နိမ့်ပင်ဖြစ်လင့်ကစား အိန္ဒိယတစ်နိုင်ငံလုံးက အသိအမှတ်ပြုခံရတဲ့ ပညာရှင်တစ်ယောက်ဖြစ်လာခဲ့တယ်။ ဇာတ်နိမ့် ဇာတ်မြင့်ခွဲခြားဆက်ဆံမှုစနစ်တွေလဲ လုံးဝပပျောက်သွားတာ မဟုတ်သေးပေမယ့် အရင်လို ဆိုးဆိုးရွားရွား မရှိလှတော့ဘူး။ ဥပဒေမှာ ဇာတ်ခွဲခြားမှုစနစ်ကို ကာကွယ်ပေးနိုင်အောင် ထည့်သွင်းရေးဆွဲထားခဲ့တယ်။ Dr. Ambedkar ကျေးဇူးကြောင့်ပဲ ဇာတ်နိမ့်တွေ ကျောင်းတက်ခွင့်ရလာတယ်၊ ရာထူးရာခံ ခန့်အပ်ခြင်းခံလာရတယ်၊ စီးပွားရေးလုပ်လုငန်းတွေ လုပ်ဆောင်ခွင့်ရလာတယ်။ အိန္ဒိယပြည်ကြီးအပေါ်မှာ သူအကျိုးပြုခဲ့တဲ့ ကျေးဇူးတွေကတော့ အများကြီးပေါ့။

Dr. Ambedkar နှင့် နောက်လိုက်လူထု ဗုဒ္ဓဘာသာခံယူပွဲကျင်းပသည့်နေရာတွင် တည်ထားသည့် Dikshbhumi စေတီတော်

Dr. Ambedkar ဟာ ဗုဒ္ဓဘာသာကိုလဲ တစ်သက်လုံးလေ့လာခဲ့တယ်။ နောက်ပိုင်း ဗုဒ္ဓဘာသာမှာ ဇာတ်ခွဲခြားမှုစနစ်ကင်းတာကို သဘောကျပြီး အိန္ဒိယက ပျောက်ကွယ်သွားခဲ့တဲ့ဗုဒ္ဓဘာသာ အိန္ဒိယမှာ ပြန်လည်ထွန်းကားစေရမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ဗုဒ္ဓဘာသာကို ပိုမိုလေ့လာဖြစ်သွားတယ်။ ဗုဒ္ဓဘာသာထဲ ၀င်မှ ဇာတ်နိမ့်အဖြစ် အနှိမ်ခံဘ၀က လွတ်မြောက်မယ်ဆိုတာကို သဘောပေါက်လာခဲ့တယ်။ ၁၉၅၀ ၀န်းကျင်လောက်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ သိစရာတွေ ပိုမိုသိရှိနားလည်အောင် သီဟိုဠ်သွားပြီး သီဟိုဠ်ဘုန်းကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်။ မြန်မာနိုင်ငံကိုလဲ သုံးကြိမ်တိတိ သွားရောက်လေ့လာခဲ့တယ်။ The Buddha and His Dhamma စာအုပ်ကို ၁၉၅၆-ခုနှစ်မှာ အပြီးသတ်ရေးနိုင်ခဲ့တယ်။ အကြိမ်ပေါင်းများစွာ ပြန်လည်ထုတ်ဝေခဲ့တယ်။ Dr. Ambedkar ကိုယ်တိုင် တရားဝင် ဗုဒ္ဓဘာသာပြောင်းပွဲကို Nagpur မြို့မှာ ၁၉၅၆-ခုနှစ်၊ အောက်တိုဘာ (၁၄)ရက်နေ့တွင် ထောင်ပေါင်းများစွာသော ပရိသတ်တို့ရှေ့မှာ သီဟိုဆရာတော် သဒ္ဓါတိဿထံမှ သရဏဂုံသုံးပါးနဲ့ ငါးပါးသီလခံယူပြီး ကျင်းပခဲ့တယ်။ သူ့နောက်လိုက်ပရိသတ် ဇာတ်နိမ့်ငါးသိန်းလောက်ကလဲ သူလိုပဲ ဗုဒ္ဓဘာသာခံယူကြတယ်။ ဒီလိုနဲ့ Dr. Ambedkar ဦးဆောင်တဲ့ ဗုဒ္ဓဘာသာခံယူပွဲတွေ၊ သူ့ကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာပြောင်းပွဲတွေ နိုင်ငံနှင့် အ၀ှမ်းကျင်းပလာခဲ့သဖြင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာဦးရေဟာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ ဒီလို Ambedkar ကြောင့်ဖြစ်လာတဲ့ ဗုဒ္ဓဘာသာကို Ambedkar Buddhism လို့ အမည်ပေးနိုင်ပါတယ်။ သူတို့က Ambedkar ကျေးဇူးကြောင့် ဘုရားနဲ့တွေ့ခွင့်ရ၊ ဗုဒ္ဓဘာသာဖြစ်ခွင့်ရရှိခဲ့တာဖြစ်လို့ Dr. Ambedkar ရဲ့ ရုပ်တုကိုလဲ ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားပြီး ကိုးကွယ်နေကြတာကို မြန်မာစာဖတ်ပရိသတ်တို့အနေနဲ့ နားလည်ပေးနိုင်လောက်မယ်လို့ မျှော်လင့်ပါတယ်။ Ambedkar က သူ့နောက်လိုက်တွေကို ပြောလေ့ရှိတဲ့ စကားကတော့ Educate! Organize! Agitate! တဲ့။

(ဆက်လက်ဖော်ပြပါမည်)။

ဒေါက်တာအရှင်ပါရမီ

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.