Tuesday, August 2, 2011

ဗုဒ္ဓဘာသာအဖြစ်မှပျက်စီးပုံနှင့် သရဏဂုံအကြောင်း

ဗုဒ္ဓဘာသာအဖြစ်မှ ပျက်စီးပုံအနေဖြင့် (က) သရဏဂုံပျက်စီးခြင်း၊ (ခ) အယူဝါဒပျက်စီးခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ သရဏဂုံပျက်လျှင်လည်း ဗုဒ္ဓဘာသာဝင်အဖြစ်မှ ပျက်သလို အယူဝါဒပျက်လျှင်လည်း ဗုဒ္ဓဘာသာဝင်အဖြစ်မှ ပျက်စီးသွားပါတယ်။

(က) သရဏဂုံပျက်စီး

သရဏဂုံဆိုရာမှာ ဘုရား တရား သံဃာ ရတနာသုံးပါးသည် ကိုးကွယ်အားထားရာဖြစ်သောကြောင့် သရဏမည်ပါတယ်။ ထိုသရဏပေါ်တွင် တွေဝေ ယုံမှားမှုမရှိပဲ ကြည်ညိုလေးမြတ် ဆည်းကပ်ကိုးကွယ်သော သဒ္ဓါ ပညာ စသည့်ကုသိုလ်စိတ်များသည် သရဏဂုံမည်ပါတယ်။ ဒါကြောင့် သရဏဂုံဆိုတာ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် တွေဝေ ယုံမှားမှုမရှိပဲသဒ္ဓါ ပညာဦးစီးပြီး ဆည်းကပ်ကိုးကွယ်ခြင်းကိုခေါ်တာပါ။ (တနည်း) သရဏ ဆိုသည်မှာ ဘေးအန္တရာယ်ကို တားဆီး ကာကွယ်ပေးတတ်သော၊ ပယ်ဖျောက်ပေးတတ်သော အရာ/ပုဂ္ဂိုလ် လို့လဲ အဓိပ္ပါယ်ရပါတယ်။ ဘေးအန္တရာယ်ဆိုသည်မှာ ၁။ ၀ဋ်ဘေး (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်) ၂။ စိတ်ပူလောင်မှု ၃။ ကိုယ်ဆင်းရဲမှု ၄။ ဒုဂ္ဂတိဘုံဆင်းရဲမှု တို့ကို ဆိုလိုပါတယ်။ ထို(၄)မျိုးသော ပင်ပန်းဆင်းရဲမှုတို့ကို ပယ်ဖျောက်ပေးတတ်သော၊ တားဆီးကာကွယ်ပေးတတ်သော အရာ/ပုဂ္ဂိုလ်ဟာ သရဏ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကိလေသာ စိတ်အပူတို့ကို သက်သာ လျော့ပါးသွားစေမှသာလျင် သရဏလို့ ခေါ်ဆိုနိုင်ပါတယ်။ ရှင်းအောင်ပြောလိုက်ရလျှင် သရဏ ဆိုသည်မှာ ကိုးကွယ်ရာပင်ဖြစ်ပါတယ်။ ထိုသို့ (၄)မျိုးသော ပင်ပန်းဆင်းရဲမှု စိတ်ပူလောင်မှု တို့ကို မသက်သာစေနိုင်သော၊ ကာကွယ်တားဆီးခြင်းငှာ မစွမ်းနိုင်သော အရာတို့သည် သရဏ မမည်ပေ။ သရဏ မဖြစ်လျင် ကိုးကွယ်ရန်မထိုက်၊ ကြည်ညိုရန်မထိုက်ပေ။ ကိုးကွယ်ရာ မဟုတ်ပေ။

ထိုသရဏဂုံသည် လောကီသရဏဂုံနှင့် လောကုတ္တရာ သရဏဂုံဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ လောကုတ္တရာသရဏဂုံ ဆိုသည်မှာ သစ္စာလေးပါးကို သိမြင်ပြီးသူ၏ သန္တာန်၌ဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ်ဆည်းကပ်သောစိတ်ဖြစ်ပါတယ်။ သစ္စာသိသူ၏ သရဏဂုံ ဖြစ်ပါတယ်။ လောကုတ္တရာသရဏဂုံသည် ပျက်စီးခြင်းမရှိ၊ ညစ်ညူးခြင်းလည်း မရှိတော့ပေ။ မဂ်စိတ်နှင့် အတူတူဖြစ်လာတဲ့၊ ရတနာသုံးပါးအပေါ် ကိုးကွယ် ဆည်းကပ်တဲ့စိတ် ဖြစ်ပါတယ်။ ထို့ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျင် လောကုတ္တရာသရဏဂုံကို တည်မှာဖြစ်ပါတယ်။ ပုထုဇဉ်အဖြစ်နှင့် ဘယ်သောအခါမှ မတည်နိုင်၊ မရနိုင်၊ မဖြစ်နိုင်ပါဘူး။ လောကုတ္တရာသရဏဂုံသည် ရတနာသုံးပါးအပေါ် တွေဝေခြင်း ယုံမှားခြင်းမရှိတော့သောကြောင့် အထူးဆောက်တည်စရာမလိုပါပဲ အလိုလိုတည်ခြင်းခြင်းဖြစ်ပါတယ်။ ပထမမဂ်ရလိုက်တာနဲ့ အလိုလိုတည်လာတဲ့သရဏဂုံ၊ မဂ်စိတ်နှင့်အတူ တွဲလျက်တည်ပြီးဖြစ်နေတဲ့ သရဏဂုံကို လောကုတ္တရာသရဏဂုံလို့ မှတ်လိုက်ပါ၊ အရိယာပုဂ္ဂိုလ်မှာသာလျှင် တည်နေတဲ့ သရဏဂုံဖြစ်ပါတယ်။

လောကီသရဏဂုံကျတော့ ကိုးကွယ်ဆည်းကပ်ပုံလေးမျိုးရှိပါတယ်။ အဲဒါဘာတွေလဲလို့ဆိုတော့ (၁)။ မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းခြင်း (အတ္တသန္နိယျာတန သရဏဂုံ)။ ဆိုလိုတာက မိမိရဲ့ဘဝကို ရတနာသုံးပါးအား စွန့်လှူပြီး ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်ပါတယ်။ ရာထူး စည်းစိမ် အာဏာ ဘယ်လိုအရေးနဲ့ပဲကြုံကြုံ မိမိအသက်သာအသေခံလျက် ရတနာသုံးပါးကို မစွန့်ပဲ အသက်ထက်ဆုံး ဆည်းကပ်ကိုးကွယ်မှုမျိုးကိုခေါ်တာပါ။

(၂)။ မိမိကိုယ်ကို ရတနာသုံးပါသည်သာလျှင် ကိုးကွယ်လဲလျောင်းရာရှိတယ် (သို့မဟုတ်) ရတနာသုံးပါးအပေါ် လုံးဝအားကိုး အားထားပြုခြင်း (တပ္ပရာယဏတာသရဏဂုံ)။ ဆိုလိုတာက ရတနာသုံးပါမှတစ်ပါး အခြားကိုးကွယ်ရာ လဲလျောင်းရာ ဆည်းကပ်ရာ(နတ် ဗြဟ္မာ ဖန်ဆင်းရှင် ဘိုးတော်စသည်) ဖြင့်ဆည်းကပ်ကိုးကွယ်ရာမရှိဘူး။ ရတနာသုံးပါသည်သာလျှင် ကိုးကွယ်ရာအစစ်ဖြစ်တယ်လို့ သဒ္ဓါ ပညာဦးစီးတဲ့ကိုးကွယ်မှုကိုခေါ်တာပါ။

(၃)။ မိမိကိုယ်ကို ရတနာသုံးပါးရဲ့ တပည့်သားအဖြစ်ကိုခံယူခြင်း (သိဿဘာဝူပဂမဏသရဏဂုံ)။ ဆိုလိုတာက ရတနာသုံးပါးသည်သာလျှင် သံသရာဝဋ်ဆင်းရဲမှထွက်မြောက်ရာအတွက် စစ်မှန်သော နည်းမှန် လမ်းမှန်ဆရာဖြစ်တယ်၊ ဒါကြောင့်ရတနာသုံးပါးရဲ့တပည့်အဖြစ် မိမိကိုယ်ကိုခံယူပြီး ကိုးကွယ်ခြင်းကိုဆိုလိုတာပါ။

(၄)။ ရတနာသုံးပါးအား ဝပ်တွားခယ မိမိကိုယ်ကို နှိမ့်ချပြီး အလွန်ရိုသေသော အခြင်းအရာကိုပြသခြင်း (ပဏိပါတသရဏဂုံ) ဆိုပြီးလေးမျိုးရှိပါတယ်။ အမှတ်စဉ်လေးဖြစ်တဲ့ ပဏိပါတသရဂုံမှာကျတော့ မြတ်စွာဘုရားရှင်ဟာ ဘာသာခြားများ ကဲ့ရဲ့ရှုံ့ချသလို ကုလားမျိုးမဟုတ်ပါဘူး။ သာကီဝင်မင်းမျိုးပါ။ မြတ်စွာဘုရားရှင်က သာကီဝင်မင်းမျိုးဖြစ်လို့ သာကီဝင်မင်းမျိုးတွေက ဘုရားလို့မှတ်ယူခြင်းမရှိပဲ ဆွေမျိုးအဖြစ်မှတ်ယူပြီး ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုသေပေးခြင်းမျိုးက တကယ်ကြည်ညိုလေးစားလို့မဟုတ်ပဲ ဆွေးမျိုးဆိုတဲ့အသိနဲ့ ကိုးကွယ်တာဖြစ်သည့်အတွက် သရဏဂုံဆောက်တည်ရာမရောက်ပါဘူး။

(၂)။ ရတနာသုံးပါးမကိုးကွယ်ရင် ဘေးဒုက္ခရောက်မယ် စီးပွားပျက်မယ် ရာထူးကျမယ် အလုပ်ကိုင်တွေအဆင်မပြေဖြစ်မယ် ကျန်းမာရေးညံ့မယ်စသည်ဖြင့်ပေါ့လေ။ အကြောက်တရားကို အခြေခံပြီး ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုသေပေးခြင်း စသည်ပြုခြင်းသည် တကယ်စစ်မှန်သော သဒ္ဓါတရားမဟုတ်သောကြောင့် သရဏဂုံတည်ရာမရောက်ပါဘူး။

(၃)။ မြတ်စွာဘုရားရှင်အား လောကီလမ်းညွှန်မှု အဆုံးအမကိုနာယူရသောကြောင့် ဆရာအဖြစ်မှတ်ယူပြီး ရှိခိုးခြင်း အရိုသေပြုခြင်း လက်အုပ်ချီခြင်း ခရီးဦးကြိုပြုခြင်းသည် သရဏဂုံဆောက်တည်ရာမဖြစ်ပေ။ ဆိုလိုတာက မြတ်စွာဘုရားကိုကိုးကွယ်ခြင်း မြတ်စွာဘုရားတရားကိုနာယူလျှင် (စီးပွားတိုးတက်ခြင်း ကျန်းမာခြင်း ရာထူးတိုးတက်ခြင်း) စတဲ့လောကီကောင်းကျိုးတွေကို ရရှိခံစားရတယ်ဆိုတဲ့ ကိုးကွယ်ဆည်းကပ်ခြင်း၊ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း စတဲ့အမှုများသည် သရဏဂုံဆောက်တည်ရာမရောက်ပါ။

(၄) ရတနာသုံးပါး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ရည်မှန်းပြီး ရှိခိုးခြင်း လက်အုပ်ချီခြင်း အရိုသေပေးခြင်း ခရီးဦးကြိုဆိုခြင်း အမှုများကိုပြုလုပ်လျှင် သရဏဂုံဆောက်တည်သည်မည်ပါတယ်။ သရဏဂုံတည်ခြင်းအကျိုးတရားက သရဏ ဆိုသည်မှာ ဘေးအန္တရာယ်ကို တားဆီး ကာကွယ်ပေးတတ်သော၊ ပယ်ဖျောက်ပေးတတ်သော အရာ/ပုဂ္ဂိုလ် ဟု အဓိပ္ပါယ်ရှိတဲ့အတိုင်း ၀ဋ်ဘေး (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်)၊ စိတ်ပူလောင်မှုဘေး၊ ကိုယ်ဆင်းရဲမှုဘေး၊ ဒုဂ္ဂတိဘုံဆင်းရဲမှု (အပါယ်လေးပါး) တို့မှလွတ်မြောက်ခြင်း တို့ကို ဆိုလိုပါတယ်။

သရဏဂုံပျက်စီးခြင်းနှင့် ပတ်သက်၍ သိစရာလေးတွေ ပြောပြရမယ်ဆိုလျှင် ဆွေမျိုးဉာတိအမှတ်ဖြင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းဖြင့်လည်းကောင်း၊ အတတ်ပညာသင်ပေးသူ ဆရာအဖြစ်မှတ်ယူခြင်းဖြင့်သော်လည်းကောင်း၊ မည်သူ့ကိုမဆိုရှိခိုးခြင်း လက်အုပ်ချီခြင်း အရိုသေပေးခြင်း ခရီးဦးကြိုဆိုခြင်းစသည်ကိုပြုလုပ်လျှင် သရဏဂုံမပျက်စီးပါ။ ဘုရား၊ တရား၊ သံဃာ တို့ကို မပစ်ပယ်ပဲ လာဘ်လာဘရွှင်စေလိုခြင်း စီးပွားတိုးတက်စေလိုခြင်း၊ ရာထူးတက်လိုခြင်းတို့ကြောင့်နတ်ကို ပူဇော်ပူခြင်း၊ နတ်ဖမ်းစားမည်ကိုကြောက်ရွံ့သောကြောင့် ရိုးရာတင်မြှောက်ခြင်းတို့သည်လလည်း သရဏဂုံ မပျက်စီးပါ။ သို့ရာတွင် ရတနာသုံးပါမှတစ်ပါးသော ပုဂ္ဂိုလ်တို့၌ သီလ သမာဓိ ပညာ ဂုဏ်ကြီးမြတ်မှုတို့ကို ရည်မှတ်လျက် အထက်ကဖော်ပြသည့် လောကီသရဏဂုံဆောက်တည်ခြင်းလေးမျိုးကို ပြုလုပ်လျှင်ဖြစ်စေ၊ သရဏဂုံဆောက်တည်ထားသူ သေဆုံးသွားလျှင်ဖြစ်စေ သရဏဂုံလုံးဝ ပျက်စီးပါတယ်။ ဘုရား၊ တရား၊ သံဃာကို ပယ်နှုတ်ပြီး နတ်ကိုဖြစ်စေ၊ တခြားသော မယ်တော် ဘိုးတော်များကိုဖြစ်စေ ကိုးကွယ်ရာဟု သတ်မှတ်ပြီး ကိုးကွယ်ဆည်းကပ်ပါက သရဏဂုံပျက်စီးပါတယ်။ ရတနာသုံးပါတို့၏ ဂုဏ်တော်များ၌ မသိနားမလည်ခြင်း၊ ရတနာသုံးပါးအပေါ်တွေဝေခြင်း၊ မှားယွင်းစွာယူဆခြင်း၊ မရိုမသေ မလေးမစားပြုလုပ်ခြင်းများသည် ဆောက်တည်ထားသော သရဏဂုံ ညှိုးနွမ်းပါတယ်။ ဒါကြောင့် သရဏဂုံ မညှိုးနွမ်းရလေအောင် မပျက်စီးရလေအောင် စောင့်ထိန်းကြဖို့ အထူးတိုက်တွန်းလိုတာပါ။ ဒါက ကိုးကွယ်မှုနှင့်ဆိုင်တဲ့ သရဏဂုံ ပျက်စီးခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှ ကိုးကွယ်မှုမှားပြီး ပျက်စီးသွားတဲ့ သရဏဂုံပျက်စီးမှုပါ။

(ခ) အယူဝါဒပျက်စီးခြင်း

နောက်တစ်ခုက အယူဝါဒကြောင့် ဗုဒ္ဓဘာသာမှပျက်စီးပုံကိုပြောပြပါ့မယ်။ အယူဝါဒ ပျက်စီးပုံကိုမပြောပြမီ ဗုဒ္ဓဘာသာဝင်သည် (၁)။ဘုရား (၂)။ တရား (၃)။ သံဃာ (၄)။ ကံ ကံ၏အကျိုး (၅)။ အကြောင်းနှင့်အကျိုး ဆက်သွယ်ဖြစ်မှု(ပဋိစ္စသမုပ္ပါဒ်) (၆)။ အတိတ်ဘဝ၊ အနာဂတ်ဘဝတို့ကို ယုံကြည်ရပါတယ်။ ထို၌ ကံသည် ကုသိုလ်ကံ(ကောင်းသော အလုပ်)၊ အကုသိုလ်ကံ (မကောင်းသောအလုပ်) ပင်ဖြစ်ပါတယ်။ လောက၌မည်သည့်ပုဂ္ဂိုလ်မဆို ကောင်းတာ (ကုသိုလ်) လုပ်လျှင် ကောင်းကျိုးခံစားရပါတယ်။ မကောင်းတာ (အကုသိုလ်) လုပ်လျှင် မကောင်းကျိုး ကိုခံစားရပါတယ်။ မိမိပြုလုပ်လိုက်သော ကံသည် မိမိ၏ကိုယ်ပိုင်ဥစ္စာ (ကမ္မဿကာ) မည်ပါတယ်။ မိမိပြုလုပ်လိုက်သော ကံအရ ကုသိုလ်ကံလုပ်လိုက်လျှင်လည်း ကောင်းကျိုးကိုခံစားရခြင်း၊ မကောင်းတဲ့အကုသိုလ်ကံကိုပြုလုပ်လိုက်လျှင်လည်း မကောင်းသောအကျိုးကိုခံစားရခြင်း စတဲ့ကောင်းမွေ ဆိုးမွေ (ကမ္မဒါယာဒ) ကိုခံယူရမှာဖြစ်ပါတယ်။ ထိုသို့အမှန်ကိုလက်ခံယုံကြည်နေခြင်းကို (ကမ္မဿကတာသမ္မာဒိဋ္ဌိ) လို့ခေါ်တာပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ထိုသို့ လက်ခံယုံကြည်နေပါက အမှန်ကိုလက်ခံနေခြင်းဖြစ်လို့ အယူဝါဒ မှန်ကန်သောကြောင့် အယူဝါဒမပျက်စီးပဲ တည်နေမှာဖြစ်ပါတယ်။ အထက်ကဖော်ပြထားခဲ့တဲ့ အချက်ခြောက်ချက်ကို မယုံကြည် လက်မခံပဲ အောက်ဖော်ပြလတ္တံ့သော အချက်များကိုလက်ခံယုံကြည်ပါက သရဏဂုံပျက်စီးမှာဖြစ်ပါတယ်။ ပျက်စီးကြောင်း အချက်တွေက

(၁)။ လောကမှာ ဖန်ဆင်းရှင်ရှိ၏။ မြေကြီး၊ ဟိမဝန္တာတောင်၊ သမုဒ္ဒရာ၊ စကြာဝဠာနှင့် လူစတဲ့ သတ္တဝါများစွာကို ထိုဖန်ဆင်းရှင်က ဖန်ဆင်းသည်ဟု မှားယွင်းစွာ ယူဆတတ်ကြပါတယ်။ မှားယွင်းစွာ ခံယူတတ်ကြပါတယ်။ အဲဒီအယူမှားဝါဒကို ဖန်ဆင်းရှင် (ဣဿရနိမ္မာန)ဝါဒလို့ခေါ်ပါတယ်။

(၂)။ တစ်ချို့သောပုဂ္ဂိုလ်များဟာ လောကမှာ ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာမရှိ။ ကောင်းမှုကိုပြုလုပ်သော်လည်း ကုသိုလ်မဖြစ် ကုသိုလ်မမည်။ အကုသိုလ် (သူတစ်ပါးအသတ်သတ်ခြင်း၊ သူတစ်ပါးဥစ္စာခိုးယူခြင်းစသည်) ပြုလုပ်သော်လည်း အကုသိုလ်မဖြစ်၊ အကုသိုလ်မမည်စတဲ့အယူဝါဒများကို လက်ခံ ကျင့်သုံးနေမှုများ ရှိနေပါတယ်။ အဲဒီဝါဒကို အကြောင်းတရားကို ပယ်တဲ့ဝါဒဖြစ်လို့ (အကိရိယဒိဋ္ဌိ) လို့ခေါ်ပါတယ်။

(၃)။ တစ်ဖန် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရားဆိုတာမရှိ။ ကုသိုလ်ကံပြုလုပ်သော်လည်း ကောင်းကျိုးမရ။ အကုသိုလ်ကံ (သူတစ်ပါးဥစ္စာခိုးယူခြင်း၊ သူတစ်ပါးအသတ်ကိုသတ်ဖြတ်ခြင်းစတဲ့) မကောင်းတဲ့ အကုသိုလ်ကံများကို လုပ်ခြင်းသည် မကောင်းကျိုးမခံစားရသည့်အပြင် ကောင်းကျိုးပင်ရသေးသည်ဟု ထင်မှတ် ယူဆနေကြပါတယ်။ ထိုအယူဝါဒသည် အကျိုးတရားကိုပယ်သတ်ခြင်းကြောင့် (နတ္ထိကဝါဒ)လို့ခေါ်ပါတယ်။ ဘယ်လို ဘာသာများရဲ့ အယူဝါဒဆိုတာ သိသာလောက်မှာပါ။

(၄)။ ထို့ပြင် ကုသိုလ်၊ အကုသိုလ်မရှိ။ ကုသိုလ်ကံရဲ့ကောင်းကျိုး၊ အကုသိုလ်ကံရဲ့မကောင်းကျိုးဆိုတာလည်းမရှိ။ ဆိုလိုတာက အလှူဒါနပြုခြင်းသည် အကျိုးမဲ့တဲ့အလုပ်၊ ပိုက်ဆံကုန်တဲ့ အလုပ်၊ ပိုက်ဆံဖြုန်းခြင်းသာဖြစ်တယ်။ သူတစ်ပါးအသတ်ကို လည်လှီးပြီး သတ်ဖြတ်ခြင်းသည် ကိုယ်မခံရပဲ ဖြတ်တဲ့ဓါးကသာ ခံရတယ်ဆိုတဲ့ အယူဝါဒများကိုလည်း ခံယူကျင့်သုံးနေကြပါတယ်။ ထိုအယူဝါဒများသည် အကြောင်းရော၊ အကျိုးရော နှစ်ပါးလုံးကို ပယ်သတ်ခြင်းဖြစ်တဲ့အတွက် (အဟေတုကဒိဋ္ဌိ) လို့ခေါ်ပါတယ်။

ထိုဖော်ပြခဲ့ပြီးတဲ့ မှားယွင်းတဲ့ (မိစ္ဆာဒိဋ္ဌိ) အယူတစ်မျိုးမျိုးကို လက်ခံယုံကြည်လိုက်လျှင် ထိုသူ၏မူလက ရှိနေသော မှန်ကန်သော မြင့်မြတ်သော ကောင်းသော (သမ္မာဒိဋ္ဌိ) ပျက်စီးပါတယ်။ သရဏဂုံလည်းပျက်စီးပါတယ်။ ဒါက အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိကြောင့် သရဏဂုံပျက်စီးခြင်းဖြစ်ပါတယ်။ ထိုပျက်စီးမှုသည် အပြစ်မကင်းတဲ့ပျက်စီးမှုပါ။ သရဏဂုံဆောက်တည်တဲ့သူ သေသွားလို့ပျက်တဲ့သရဏဂုံက အပြစ်ကင်းတဲ့သရဏဂုံပျက်စီးမှုပါ။ ရတနာသုံးပါးကို အာရုံပြုပြီး သေသွားမယ်ဆိုရင်တောင် အပါယ်လေးပါးကလွတ်ပါတယ်။ သေသွားလို့သရဏဂုံပျက်တယ်ဆိုပေမယ့် သေခါနီး နှလုံးသွင်းမှန်သွားတဲ့အတွက် မသေခင်မှာ ရတနာသုံးပါးမှတစ်ပါး မည်သည့်ပုဂ္ဂိုလ်ကိုမှ မဆည်းကပ်မကိုးကွယ်ခြင်း၊ အယူဝါဒကြောင့်သရဏဂုံမပျက်စီးခြင်း စတဲ့အချက်တွေနဲ့ပြည့်စုံနေတော့ သရဏဂုံတည်ခြင်းဆိုတဲ့အကြောင်းတရားကြောင့် အပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးတရားကိုရခြင်းဖြစ်ပါတယ်။ ဒါဆိုရင် သေခါနီး ဘာမှနှလုံးသွင်းလို့မရတော့ဘူးဆိုရင် ဘုရား တရား သံဃာကိုသာ အာရုံပြုပါလို့ တိုက်တွန်းလိုတာပါ။ အဲလိုသာ အာရုံပြုနိုင်မယ်ဆိုရင် သရဏဂုံတည်ပြီး သေတဲ့ပုဂ္ဂိုလ်ဖြစ်လို့ အပါယ်လေးပါးကလွတ်မြောက်မယ်ဆိုတာ မြတ်စွာဘုရားကိုယ်စား အာမခံပြီး နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.