Sunday, August 28, 2011

ဆန်ချီဘုရားဖူးခရီးစဉ်မှတ်တမ်း (၂)

ဘိုပါး (Bhopal) မြို့က အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စိမ်းစိမ်းစိုစိုရှိတဲ့ မြို့တစ်မြို့ပါပဲ။ အိန္ဒိယနိုင်ငံရဲ့ အလယ်တဲ့တဲ့လောက်မှာ ရှိတဲ့ မြို့တစ်မြိုလဲဖြစ်တယ်။ ဘိုပါးမြို့ကို သဘာဝဖြစ်တည်နေတဲ့နေရကန်ကြီး ရှိတဲ့အတွက်ကြောင့် Lake City or City of Lake လို့လဲ တင်စားခေါ်ဝေါ်ကြတယ်။ ၁၉၈၄- ခုနှစ်၊ ဒီဇင်္ဘာ (၂၊ ၃)ရက်က ဘိုပါးမြို့မှာ Carbide India Limited ဓာတ်ပေါင်းဖိုယိုစိမ့်မှုကြောင့် Methyl isocyanate ပါဝင်တဲ့အဆိပ်ငွေ့တွေ ပြန့်နှံ့ပြီး လူတွေ ထောင်ပေါင်းများစွာ သေကြေခဲ့ရတဲ့အတွက် Bhopal Disaster လို့အမည်နာမတပ်ပြီး ကမ္ဘာက အာရုံအစိုက်ခံခဲ့ရတဲ့ မြို့လဲဖြစ်တယ်။ ဓာတ်ငွေ့အဆိပ်သင့်ပြီး လူပေါင်း (၅၀၀၀)လောက် သေတယ်လို့ဆိုတယ်။ အချို့ခန့်မှန်းချက်အရ နှစ်ပတ်အတွင်းမှာပင် လူပေါင်း (၁၈၀၀၀)လောက်သေခဲ့တယ်လို့လဲပြောကြတယ်။ ဒါကြောင့် နှစ်စဉ် ဒီဇင်္ဘာ(၃)ရက်နေ့တိုင်း လွမ်းဆွတ်အမှတ်တရနေ့အဖြစ် ဒီပြည်နယ်မှာ တရားဝင် ရုံးပိတ်ပေးလေ့ရှိတယ်။

ဘိုပါးမြို့တော်ကို Paramara dynasty (1000-1055 A.D.) က ဘုရင် Bhoja ကတည်ထောင်ခဲ့တဲ့အတွက် Bhojpal လို့ခေါ်ရာကနေ နောက်ပိုင်း တစ်ဖြည်းဖြည်း Bhopal လို့ အမည်တွင်လာခဲ့တယ်လို့ သိရပါတယ်။ ရှေးက ဘိုပါးမြို့ဟာ ဗုဒ္ဓဘာသာမြို့ဖြစ်ခဲ့ပေမယ့် အာဖဂန်စစ်ဘုရင် Dost Mohammad Khan (၁၇၀၇) အုပ်ချုပ်တဲ့အချိန်မှာ မွတ်ဆလင်ဘာသာကို စတင်အခြေချခဲ့ရာကစပြီး မွတ်ဆလင်လွှမ်းမိုးလာတဲ့ မြို့တစ်မြို့ဖြစ်လာကာ ယခုဆိုလျှင် အိန္ဒိယနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မွတ်ဆလင်မြို့ဖြစ်နေပါတယ်။ မွတ်ဆလင်ဦးရေ (၄၀)ရာခိုင်နှုံး၊ ဟိန္ဒူဦးရေ (၃၀)ရာခိုင်နှုံး၊ ဗုဒ္ဓဘာသာဦးရေ (၃၀)ရာခိုင်နှုံးစီရှိတယ်လို့သိရတယ်။

ဘိုပါးမြို့ရောက်လို့ တည်းခိုခန်းငှားပြီးနောက်တွင် ဘိုပါးမြို့ရှိ ဗုဒ္ဓဘာသာဒကာတစ်ယောက်က ဘုန်းကြီးတွေတွေ့လိုက်တာနဲ့ လိုက်လာပြီး နေ့ဆွမ်းကပ်လိုပါကြောင်း လာရောက်လျှောက်ထားသဖြင့် နေ့ဆွမ်းလိုက်ဘုဉ်းပေးကြရတယ်။ အိမ်လဲရောက်ရော၊ အိမ်ရှေ့မှာ အင်းပျဉ်လေးတစ်ချပ် ချပေးလာတယ်။ အဲဒီအင်းပျဉ်ပေါ်မှာ တစ်ပါးချင်း တက်ရပ်၊ ဒကာမကြီးက ခြေထောက်ကို နဖူးနဲ့တိုက်ရှိခိုး၊ ပြီးတာနဲ့ ခြေထောက်ကို ရေလောင်းဆေးပေးတယ်။ ဒါက အိန္ဒိယနိုင်ငံရဲ့ ဓလေ့ထုံးစံဆိုတာ လက်တွေ့ သိလိုက်ရတယ်။ ဘုရားဟောကျမ်းစာတွေထဲမှာလဲ ခြေဆေးအင်းပျဉ်ဆိုတာ ရှိတယ်လေ။ အခု ဒီနိုင်ငံမှာ ဒီနေ့အထိ အသုံးပြုနေကြဆဲပါပဲ။ အာဂန္တုရဟန်းတော်များကြွလာရင် ခြေကို ဆေးကြောပေးခြင်းဆိုတာလဲ စာပေမှာ ရှိတာပဲ။ သူတို့ခမျာမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ အခုလိုတွေ့လိုက်ရတော့ အတိုင်းမသိ ၀မ်းသာပီတိဖြစ်နေကြရှာပါတယ်။ ဗုဒ္ဓဘာသာအိမ်ခြေ (၂၀၀၀၀)လောက်ရှိတယ်၊ ဘုန်းကြီးက (၃)ပါးပဲ ရှိတယ်တဲ့။ ဒီ(၃)ပါးကလဲ ဟိုသွားဒီသွား ခရီးများနေကြတော့ ဘုန်းကြီးနဲ့ တွေ့ရဖို့ သူတို့အတွက် အလွန်ခက်ခဲပါသတဲ့။

အိမ်ရောက် ခေတ္တခဏ စကားပြောဆို မိတ်ဆက်ပြီးတာနဲ့ အိန္ဒိယထုံးစံအတိုင်း ခွက်တစ်ခုထဲတွင် အကန့်ငါးကန့်လောက်ပါတဲ့ စစ်တီးပန်းကန်ပြားနဲ့ ဟင်းက သုံးမျိုးလောက်၊ ရိုတီ၊ ထမင်းအနဲငယ် တစ်ကန့်စီမှာ ထည့်ပြီး တစ်ပါးချင်းကပ်တယ်။ ပဲဟင်းတစ်ခွက် အရေသောက် ချပေးတယ်။ ပဲဟင်းကတော့ မြန်မာပြည်က ပဲဟင်းအတိုင်းပါပဲ။ မြန်မာပြည်လို စားပွဲတွေ ဘာတွေ မပါဘူး။ ကြမ်းပြင်ပေါ်မှာပဲ အ၀တ်လေးခင်းပြီး တစ်ပါးချင်းရဲ့ ရှေ့မှာ လာချပြီး ကပ်တယ်။ ရိုရိုသေသေ ကပ်ကြတာပါပဲ။ ဆွမ်းမကပ်ခင်မှာ ဒကာမကြီးတစ်ယောက်က ရေခွက်နဲ့ တစ်ပါးချင်း လက်ဆေးရေ လောင်းပေးတယ်။ ပြီးမှ ဆွမ်းကပ်တာ။ ဆွမ်းကပ်ပြီး ဘေးကနေ စောင့်ကြည့်နေကြတယ်။ ဟင်းကုန်ရင် ဟင်းထပ်ထည့်ပေးတယ်၊ ရိုတီကုန်ရင် ရိုတီထပ်ထည့်ပေးတယ်၊ ဆွမ်းကုန်ရင် ဆွမ်းထပ်ထည့်ပေးတယ်။ ဗိုက်က ဆာနေတော့ ရိုတီတွေ တစ်ချပ်ပြီးတစ်ချပ် ဟင်းနဲ့ တို့တို့စားလိုက်တာ ဘယ်နှစ်ချပ်ကုန်သွားလဲတောင် မမှတ်မိလိုက်ပါဘူး။ စားပြီးတော့လဲ လက်ဆေးရေ တစ်ခါ လိုက်လောင်းပေးပြန်တယ်။ ရေတော့လောင်းပေးပြီး လက်သုတ်စရာမရှိလို့ လက်သုတ်ပ၀ါတောင်းမှ လာချပေးတယ်။ အိန္ဒိယမှာက လက်သုတ်တို့ တစ်ရှူးတို့ သုံးရိုးထုံးစံမရှိသလောက်ပဲ။ လက်ဆေးပြီးရင် သူတို့ထုံးစံတွေ့ရတာကတော့ လက်နှစ်ဘက် ပွတ်သပ်လိုက်တယ်၊ ရေနဲနဲ စင်သလိုဖြစ်သွားတော့ ခေါင်းက ဆံပင်လှည့်ပွတ်လိုက်တာပဲ။ ဆံပင်မရှိတဲ့သူက နားရွက်နဲ့ မျက်နှာ လှည့်ပွတ်လိုက်တာ။ ဒါက သူတို့ ထုံးစံအတိုင်း လက်သုတ်တဲ့ အလေ့အကျင့်။

ဆွမ်းကပ်တဲ့ဒကာကြီးက ကြိုတင်အကြောင်းကြားထားတော့ ဗုဒ္ဓဘာသာအဖွဲ့အစည်းဆိုင်ရာ ဒကာတွေလဲ ရောက်လာကြတယ်။ ကုလားစကားတတ်တဲ့ ဦးဇင်းတစ်ပါးပါတော့ ပိုအဆင်ပြေတာပေါ့။ သူက ကုလားလို ဒိုင်ခံပြောတယ်။ သူတို့သိချင်တာတွေ မေးကြလျှောက်ကြတယ်။ ဆွမ်းစားပြီးတာနဲ့ သူတို့ထုံးစံအတိုင်း သီလယူကြတယ်။ ပါဠိလိုချည်းပဲ ဆိုပြီး သီလယူကြတဲ့ထုံးစံကို လက်တွေ့ တွေ့လိုက်ရတော့ အလွန်အံ့သြမိတယ်။ အသံဖိုင်နဲ့ ဗွီဒီယိုရိုက်လာခဲ့တယ်။ သူတို့သီလယူတဲ့ထုံးစံကို သဘောကျလွန်းလို့ပါ။ ကုလားစကားတတ်တဲ့ကိုယ်တော်က သီလပေးလုပ်ပါတယ်။ ဤအရှင်ကတော့ ဘေးကနေ ဗွီဒီယိုမှတ်တမ်းလိုက်ရိုက်နေလိုက်တယ်။ မှတ်တမ်းလိုချင်လို့ပါ။ ဒီလိုမှတ်တမ်းမတင်ရင် ဘာမှ ကျန်မှာမဟုတ်ဘူးလေ။ ဒါကြောင့် မှတ်တမ်းကို အရအမိ လိုက်ယူနေရတာ။

ဆွမ်းကပ် တရားနာပြီးတာနဲ့ ကားတစ်စီး စီစဉ်ပြီး ဘိုပါးမြို့ ရှုခင်းတွေ လိုက်ပြတယ်။ ပထမ ဘိုပါးမြို့မှာ တည်ထားတဲ့ ဗုဒ္ဓဆင်းတုတော်ကို အရင်ပို့တယ်။ တော်တော်သပ္ပါယ်တယ်။ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပေါ့။ ဘိုပါးမြို့အထက်စီး တောင်ကုန်းလေးပေါ်မှာ တည်ထားတာ။ အထက်ရောက်အောင် တက်ပြီးဖူးမြော်ခဲ့ပါတယ်။ နေကပူလွန်းနေတော့ ကျောက်ပြားပေါ် ကြာကြာမရပ်နိုင်တာနဲ့ မြန်မြန်ဖူးပြီး အတင်းပြန်ဆင်းခဲ့တယ်ဆိုပါတော့။ နောက် ဘိုပါးသဘာဝရေကန်ကြီးကိုလိုက်ပြတယ်။ တောင်တွေ ၀န်းရံပတ်ထားတဲ့ ကြားထဲမှာ အလိုလို သဘာဝရေကန်ကြီးဖြစ်တည်နေတာ။ အဲဒီကန်ကြီးကို Rajbhol လို့ခေါ်တယ်တဲ့။ ရေကန်ကြီးက ကမ္ဘာ့တတိယအကြီးဆုံး သဘာဝရေကန်ကြီးလို့ ပြောတယ်။ တော်တော်လဲ ကြီးကျယ်ပါတယ်။ မျက်စိတစ်ဆုံးတောင် မကဘူး၊ ပင်လယ်ပြင်ကြီးကြည့်နေရသလိုမျိုးပါပဲ။ ကြည်လင်စိမ်းပြာနေတဲ့ရေပြင်ကျယ်ကြီးကို တောင်တွေဝန်းရံထားတဲ့အောက်မှာ ရှုမြင်လိုက်ရတာ ပန်းခဲ့သမျှတွေ ပြေအေးသွားသလိုခံစားလိုက်ရတယ်။ လေကောင်းလေသန့်တွေ တစ်ဝကြီး ရှူရှိုက်ခွင့်ရတာကလဲ စိတ်ကို လန်းဆန်းလတ်ဆပ်စေတယ်လေ။ ကန်ကြီးတစ်ခြမ်းကို ဘေးကနေ ကားနဲ့ပတ်မောင်းနေရတာကိုက နာရီဝက်လောက်ကြာတယ်။ ဒီကန်အလှကြည့်ပြီးတဲ့နောက် ဘိုပါးတောင်ပေါ်တက်ရတယ်။ တောင်တက်လမ်းကတော့ ကြမ်းတမ်းလှပါတယ်။ ရိုတီနဲ့ ထမင်းစားထားတာတွေ အကုန်ကျေပျက်ကုန်သလားထင်ရလောက်အောင် လမ်းက ကြမ်းလှပါဘိ။ တောင်ထိပ်ရောက်လိုက်တာနဲ့ အပေါ်စီးကနေ မြို့ကို လှည့်ကြည့်လိုက်တော့ တောင်ဘေးပတ်ပတ်လည်မှာ စိမ်းစိမ်းစိုစို သစ်ပင်တွေ၊ လွင်ပြင်တွေနဲ့ စီစီရီရီ ပုံစံမျိုးစုံအဆောက်အဦး တိုက်တာတွေ မြင်ကွင်းကျယ်ဗျူးအနေနဲ့ မြင်တွေ့ရတယ်။ တော်တော်စိမ်းလန်းစိုပြေတဲ့ မြို့တစ်မြို့ဆိုတာ စာထဲမှာပါတာ၊ အခုတော့ လက်တွေ့မျက်တွေ့ မြင်တွေ့ခွင့်ရခဲ့တယ်လေ။ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကြည့်စရာတော့ များများစားစား မရှိပါဘူး။ ဒီလိုရှုခင်းတွေသာ အလှကြည့်ရတာပေါ့။ သူတို့က တိရစ္ဆာန်ရုံလိုက်ပြဖို့ ပြောသေးတယ်။ တိရစ္ဆာန်တော့ မကြည့်ချင်တော့ပါဘူး၊ ဟိုတယ်ပြန်နားကြမယ်ဆိုပြီး တိရစ္ဆာန်ရုံကိုတော့ မ၀င်ခဲ့ကြတော့ဘူး။ ညပိုင်းမှာ အထူးအစီအစဉ်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ဆုံပွဲလုပ်ချင်တယ်၊ အရှင်ဘုရားတို့ ကြွပေးနိုင်မလားဆိုပြီး ပင့်ပြန်တော့ ဘုန်းကြီးရှားတဲ့နေရာမှာ သူတို့က လိုလိုလားလား ပင့်နေတာဖြစ်လို့ ပင်ပန်းတာတွေ ဘေးဖယ်ထားပြီး လိုက်ပေးပါမယ်လို့ ၀န်ခံကတိပြုလိုက်ပါတယ်။ ည (၇)နာရီလာပင့်မယ်တဲ့။

(ဆက်လက်ဖော်ပြပါမည်)။

ဒေါက်တာအရှင်ပါရမီ

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.