Saturday, August 27, 2011

ဆန်ချီဘုရားဖူးခရီးစဉ်မှတ်တမ်း

ဆန်ချီစေတီ (Sanchi Pogada) ဟာ အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်၊ Bhopal မြို့မှ (၄၆)ကီလိုမီတာ အကွာတွင် တည်ရှိပါတယ်။ Bhopal မြို့ဟာ နယူးဒေလီမြို့ကနေ (၆၉၄) ကီလိုမီတ်ာဝေးတယ်။ ရထားနဲ့ တစ်ညအိပ်စီးရတယ်။

ဤအရှင်နှင့်အတူ ရဟန်းတော် (၅)ပါး အဖွဲ့ဟာ (၁၈-၈-၂၀၁၁) နေ့ ည (၉း၀၀) နာရီရထားနဲ့ ဆန်ချီစေတီ ဘုရားဖူးခရီးစဉ် စတင်ထွက်ခဲ့ပါတယ်။ ရထားက (၉)နာရီထွက်မယ့်ရထား၊ ကိုယ်နေတဲ့နေရာကနေ ရထားထွက်မယ့် H Nizamudoin (NZM) ဘူတာကြီးအထိ သွားချိန် (၁)နာရီလောက်မှန်းပြီး ဒီကနေ ည (၈)နာရီမတ်တင်းလောက်ထွက်၊ Metro (မြို့ပတ်အမြန်ရထား) နှစ်ဆင့်စီးသွားကြတယ်။ ညပိုင်းဖြစ်တော့ Metro ရထားက နေ့ပိုင်းလောက် သိပ်မြန်မြန် မမောင်းတော့ Metro ကဆင်းတဲ့အချိန်မှာ (၉)နာရီ မတ်တင်းရှိနေပြီ။ ဒီတော့ Bhopal Express အမြန်ရထားအမီဆိုပြီး Metro က အမြန်ထွက်၊ အားကြိုးမာန်တက် ပြေးကြလွှားကြရတယ်။ တစ်သက်နဲ့တစ်ကို ဒီလောက် မြန်အောင် တစ်ခါမှ မပြေးဘူးခဲ့ပါဘူး။ သင်္ကန်းတွေ လွင့်နေအောင်ပြေးကြတော့ ဘူတာက အစောင့်ရဲတွေက သူခိုးလိုက်တယ်ထင်ပြီး ဘာဖြစ်တာလဲ ဘာညာ မေးမြန်းနေသေးတယ်။ ငါတို့ ရထားမှီအောင်လို့ ပြေးနေတာဆိုတော့မှ သူတို့လဲ ရယ်မောပြီး ကျန်နေခဲ့ကြတယ်။ အဲဒီကနေ ပြေး၊ ကားလမ်းမပေါ်ရောက်၊ ဘူတာကြီးရောက်အောင် တက္ကစီတစ်ဆင့်ငှားရဦးမယ်လေ။ ဒီတော့ သုံးဘီးတက္ကစီတစ်စီး တားပြီး ငါတို့ ဘူတာကြီးသွားမယ်၊ ပြောပြောဆိုဆို တက္ကစီပေါ်တက်၊ ဈေးမေးမနေတော့ဘူး။ တောင်းသလောက်ပေးရတော့မယ်ဆိုပြီး အမြန်မောင်းခိုင်းရတယ်။ ကားပေါ်ရောက်မှ ဈေးမေးတော့ ရူပီး (၁၀၀) တောင်းတယ်။ ပေးမယ်၊ မြန်မြန်သာမောင်း လို့ပြောပြီး မြန်မြန်မောင်းဖို့ ခဏခဏပြောတော့ တက္ကစီသမားက ဒီတက္ကစီက သုံးယောက်ဆန့်တာ၊ အခု ငါးယောက်ကြီးတင်ပြီး ဒီထက်အမြန်မောင်းရင် မှောက်လိမ့်မယ်တဲ့။ သူပြောတာလဲ ဟုတ်သားပဲ။ ကိုယ်က အမြန်ရောက်ချင်နေတာကိုး။ မောင်းရင်းနဲ့ ဘူတာကြီးလဲရောက်ရော၊ (၉)နာရီ (၁၆)မိနစ်ရှိနေပြီ။ ဒါပေမယ့် မလျှော့သေးဘူး၊ ဘူတာထဲ အတင်းဝင်ပြေး၊ Bhopal ရထားထွက်မယ့် စင်္ကြံကို အမြန်ရှာပြီး အတင်းပြေးကြရတာပေါ့။ ဘုရားမတယ်ပြောရမယ်ထင်တယ်၊ (၉)နာရီရထားက Delay ဖြစ်နေပြီး မထွက်သေးဘူး။ ဒါနဲ့ ကိုယ်စီးမယ့်အတွဲ အမြန်ရှာ၊ အမြန်တက်၊ ထိုင်ခုံတွေပေါ် အသီးသီးရောက်တော့မှ မောလွန်းလို့ ဇောချွေးတွေပြန်နေကြတယ်။ ဒီတော့မှပဲ သက်ပြင်းရှည်ရှည်ချနိုင်ကြ၊ ပြုံးနိုင် ရယ်နိုင်ကြလေရဲ့။ ကံကောင်းချင်တော့ ရထားက (၉)နာရီ (၂၆)မိနစ်မှာမှ စထွက်တယ်လေ။ အော် ဆန်ချီဘုရားဖူး၊ မပြေးစဖူး ပြေးလိုက်ကြရပါလား။ မောနေတာပဲ။

ရထားကတော့ ကောင်းပါတယ်၊ အေစီအိပ်စဉ်ကဆိုတော့ စီးရတာ မပင်ပန်းဘူး။ သက်သောင့်သက်သာရှိတယ်။ ညပိုင်းဖြစ်တော့ ဘေးပတ်ဝန်းကျင် ရှုခင်းရယ်လို့လဲ ကြည့်စရာမရှိတာနဲ့ အိပ်ပြီးလိုက်ခဲ့ကြတယ်။ 3 AC အိပ်စဉ်ဆိုတော့ အိပ်စဉ်သုံးခုဆင့်ထားတယ်။ ကိုယ်က အပေါ်ဆုံးထပ်တက်အိပ်လိုက်တယ်။ တက်ရဆင်းရတာကတော့ မလွယ်လှဘူး။ လူက အရပ်ရှည်ရှည် ၀၀ဖြစ်နေတော့ အပေါ်ဆုံးအထပ်ရောက်အောင် မနဲ အားယူတက်၊ ရောက်တော့လဲ ခေါင်းထောင်ပြီးတောင် ထိုင်လို့မရဘူးလေ။ ကွေးကွေးလေး ၀င်ပြီးတော့မှ ဆန့်အိပ်လိုက်ရတာကိုး။ ဒီတော့မှ အင်း ငါနေရာယူတာ မှားလေပြီလို့ သိလိုက်ရတယ်။ တက်ရဆင်းရတဲ့ဒုက္ခက ကိုယ်တွေ့၊ မလွယ်တာအမှန်ပဲ။ ခန္ဓာရလို့ ရှိတဲ့ဒုက္ခသစ္စာအပြင် တက်ရဆင်းရ ကွေးရဆန့်ရတဲ့ဒုက္ခက တစ်ချက်ပိုလာတော့ အင်း ချော်ကျလိုက်လို့ကတော့ဖြင့် ဒီခန္ဓာကြီးနဲ့ မလွယ်လှပါလားလို့တွေးမိလိုက်သေးတယ်။ နေရာချင်းလဲရအောင်ကလဲ ကိုယ့်နေရာနဲ့ကိုယ် ယူပြီးဖြစ်နေကြတော့ အားတုံ့အားနာဖြစ်တာနဲ့ မလဲဖြစ်တော့ဘူး။ ချော်ကျကာမှ ကျရော၊ အားတင်းပြီးသာ တက်လိုက်ဆင်းလိုက်လုပ်ရတော့မှာပဲလို့ ဆုံးဖြတ်လိုက်ရတယ်။ တစ်လမ်းလုံး အိပ်လိုက်လာတာဆိုတော့လဲ သိပ်ဆင်းရတက်ရတယ် မရှိပါဘူး၊ မိုးလင်းလို့ နံနက် (၇)နာရီလောက် Bhopal မြို့ကိုရောက်ပါတယ်။ ဒါတောင် ဘေးကလူတွေက Bhopal ရောက်ပြီဆိုမှ အလန့်တကြား ထပြီး ဆင်းကြရတာ။ ဟိုဘက်ဆက်ပါသွားရင်လဲ မလွယ်လှဘူး။ အိန္ဒိယခရီးက သွားရေးလာရေး သိပ်လွယ်ကူတာမှမဟုတ်ဘဲ။ ဒီရထားက Bhopal တင် ဂိတ်ဆုံးတာမဟုတ်ဘူးလေ၊ ဟိုဘက် Mumbai အထိ ဆက်သွားမယ့်ရထားကိုး။ Bhopal က ဒေလီနဲ့ မုန်ဘိုင်း အလယ်လောက်မှာရှိတယ်။

ဘူတာကထွက်၊ အာရုံစားဖို့ ဆိုင်လိုက်ရှာရတာကလဲ မလွယ်လှဘူး။ ဘုန်းကြီးဆိုတော့လဲ အာရုံက စားနေကျ မစားရ မနေနိုင်၊ ကုလားတွေကလဲ စောစောထတဲ့အလေ့အကျင့်က ရှိတာမဟုတ်။ စောစောဖွင့်တဲ့ဆိုင်ရှာရတာကလဲ မလွယ်လှဘူး။ ဆိုင်တွေ့ပြန်တော့လဲ ဆိုင်ထဲဝင်ထိုင်၊ စားစရာမှာဖို့ မေးမြန်းနေတုန်း ဆိုင်ရှင်က ဘုန်းကြီးတွေ စောစောစီးစီး ၀င်လာတာ ကျက်သရေ ရှိတယ်ထင်ဟန်မတူဘူး၊ မျက်နှာက စူပုပ်နေတာ၊ မပြောချင်ပြောချင်နဲ့ပေါ့။ သူတို့က ဗုဒ္ဓဘာသာမှမဟုတ်ဘဲလေ။ ဒီလောက်အပေါက်ဆိုးတဲ့ဆိုင် မစားတော့ဘူးဆိုပြီး အဲဒီဆိုင်က မစားဘဲ ပြန်ထွက်လာကြတယ်။ ဘုန်းကြီးငါးပါး ကားယားကားယားဆိုပါတော့။ နောက်တစ်ဆိုင်ဝင်လိုက်တော့ အဲဒီဆိုင်က ကုလားကတော့ မဆိုးလှဘူး၊ ဖော်ရွေရှာတယ်။ နံနက်စာဘာတွေရလဲဆိုတော့ သူတို့ထုံးစံအတိုင်း Paratha (အာလူးပလာတာ) ရတယ်တဲ့။ အေး ငါတို့ ပလာတာ စားမယ်ဆိုတော့ ပလာတာလုပ်တဲ့သူက ဒယ်အိုးကြီးနဲ့ ကြော်တာလား၊ ကင်တာလားတော့မသိဘူး၊ သူတို့ထုံးစံအတိုင်းလုပ်တာပေါ့။ ကျက်တာနဲ့ ပလာတာကို ဘေးမှာရှိတဲ့ စစ်တီးပန်းကန်းဇောင်းနဲ့ လှီးပြီး လေးစိပ်စိပ်လိုက်တယ်။ စိတ်ပြီး ပန်းကန်ပြားထဲထည့်ပြီး လာချတာပေါ့။ ကပ်တာတွေ ဘာတွေဆိုတာကတော့ ဘယ်လုပ်ပါ့မလဲ။ ပန်းကန်ပြားကို လယ်သွားအောင် သူတို့ထုံးစံအတိုင်း ခပ်ကြမ်းကြမ်းလေး ပစ်ချလိုက်တာ၊ အဲဒါကို ကိုယ်တိုင်ယူစားရတယ်လေ။ စားကြည့်တော့ မဆိုးလှဘူး၊ စားနိုင်ကြတယ်၊ ဆာနေလို့လားမသိဘူး။ ဒါနဲ့ တစ်ပါးတစ်ချပ်မ၀တော့ နောက်တစ်ခါ တစ်ချပ်စီထပ်မှာရတယ်။ ဒီတော့ ဆိုင်ရှင်က မှာမယ်ဆိုရင် တစ်ခါတည်းမှာပါ၊ ခဏခဏ မီးမွှေးရ လုပ်ရတာ မလွယ်ဘူးတဲ့။ အော် ဈေးရောင်းတာ အလွယ်ကြိုက်တဲ့ ကုလားနဲ့ လာတွေ့နေသေး။

စားပြီး Bhopal မြို့မှာ တစ်ညအိပ်ရမှာဆိုတော့ ဟိုတယ်ငှားဖို့ ဟိုတယ်ဖုန်းလှမ်းဆက်ကြည့်တော့ ရတယ်တဲ့။ ဒါနဲ့ အဲဒီဟိုတယ်ကို တက္ကစီငှားပြီး သွားကြတာပေါ့။ ဟိုတယ်ကြီးက တော်တော်ကောင်းပါတယ်။ ခမ်းခမ်းနားနားပဲ။ ဒါပေမယ့် သင်္ကန်းဝတ်ဘုန်းကြီးတွေဖြစ်နေတော့ ရောက်လဲရောက်ရော၊ ဆောရီး လူပြည့်နေလို့ အခန်းလွတ်မရှိတော့ဘူးဆိုပြီး ငြင်းလွှတ်တယ်လေ။ အိန္ဒိယက ဘုန်းကြီးတွေ သူတို့ ဟိုတယ်မှာ တည်းတာကို သူတို့ အနေနဲ့ ကျက်သရေမရှိဘူးလို့ ယူဆထားဟန်တူပါတယ်။ စောစောက ဖုန်းဆက်တုန်းက ရတယ်၊ အခုဘယ်လိုဖြစ်တာလဲဆိုတော့ အခုပဲ ဧည့်သည်တွေ ပြည့်သွားတာတဲ့။ ပြောင်ပြောင်ပဲ။ မရတော့လဲ နောက်တစ်နေရာပေါ့ဆိုပြီး ထပ်ရှာရပြန်တယ်။ နောက်ဟိုတယ်တစ်ခုကတော့ လက်ခံရှာပါတယ်။ ဒါပေမယ့် ဟိုတယ်က ဟိုတယ်မည်ကာမတ္တ။ မွေ့ယာတွေ အခင်းတွေ ခေါင်းအုံးတွေက ပေပွနေတာပဲ။ ဘာမှ သန့်သန့်ပြန့်ပြန့်မရှိဘူး။ အခန်းထဲ ရောက်မှ သန့်ရှင်းရေးအလုပ်ခိုင်းရတယ်။ အခင်းတွေ ခေါင်းအုံးတွေ အသစ်လဲပေးဖို့ တောင်းဆိုတော့ စတိုခန်းသော့ကိုင်တဲ့သူက အပြင်သွားနေလို့တဲ့။ လုပ်ပုံက။ ဒါနဲ့ပဲ တစ်ညအိပ်ဖို့အရေး လက်ခံတာပဲ တော်သေးရဲ့ဆိုပြီး သည်းခံနေလိုက်ရတာပေါ့။ ဟိုတယ်ကသာ မကောင်းတာ၊ ပေးရတဲ့ဈေးက မသက်သာလှဘူး။ နှစ်ပါးအိပ်တဲ့အခန်းက ရူပီးတစ်ထောင်၊ သုံးပါးအိပ်တဲ့အခန်းက ရူပီး (၁၃၅၀) ပေးလိုက်ရတယ်။ သူတို့တောင်းတဲ့အတိုင်းပဲ လှူလိုက်တယ်ဆိုပါတော့။ ဒေလီမြို့ကြီးက တော်တော်ကောင်းကောင်း ဟိုတယ်တွေမှာတောင် ဒီလောက် ဈေးမရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် အိပ်ဖို့တစ်နေရာ ရတာကိုပဲ တော်လှပါပြီဆိုပြီး နေလိုက်ကြရတယ်။

တကယ်တော့ ဆန်ချီဘုရားဖူးခရီးဟာ Bhopal မှာ ညအိပ်စရာမလိုဘူး။ တစ်ရက်ထဲနဲ့ ပြီးတယ်။ အခုဟာက မစုံမစမ်းနဲ့ လက်မှတ်ဖြတ်လိုက်တာ။ (၁၈)ရက်နေ့ရထားစီး၊ (၁၉)ရက်နေ့ရောက်၊ ရောက်ရောက်ချင်း ကားငှားပြီး ဆန်ချီသွား၊ (၁၉)ရက်နေ့ညရထားနဲ့ ပြန်လာ။ ဒီလိုစီစဉ်ထားတာပေါ့။ ဖြစ်ချင်တော့ (၁၉)ရက်နေ့က သောကြာနေ့၊ သောကြာနေ့တိုင်း ဆန်ချီစေတီပိတ်တယ်ဆိုတာက လက်မှတ်ဖြတ်ပြီးမှ သိလိုက်ရတော့ လက်မှတ်က အမြန်လက်မှတ်(တာကာလို့ခေါ်တယ်)၊ ဒီလက်မှတ်က ရက်ချိန်းလို့မရသလို Refund လဲ ပြန်ထုတ်လို့မရတော့ဘူး။ ဒီလိုဖြစ်နေတော့ (၁၉)ရက်နေ့လက်မှတ် အဆုံးခံပြီး (၂၀)ရက်နေ့လက်မှတ် ထပ်ဖြတ်လိုက်ရတာကိုး။ မသွားခင်ကတည်းက အမှားတွေနဲ့ ဖြစ်နေတာလေ။ ဒီလိုနဲ့သွားကြရတော့ နှစ်ကြောင်းစီးရမယ့်ရထားကို သုံးကြောင်းဖြတ်စီးလိုက်ရတာပေါ့။ ဒါ့အပြင် Bhopal မှာ တစ်ညအိပ်ရတဲ့ဒုက္ခက သစ္စာတစ်ပါး ထပ်တိုးလာခဲ့တယ်။

(ဆက်လက်ဖော်ပြပါမည်)။

ဒေါက်တာအရှင်ပါရမီ

No comments:

Post a Comment

Without insight meditation, it is incomplete to be a Buddhist.