သောတာပန်၏ ထူးခြားချက် (၇)ရပ် (အဆက်)

(၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင် အပြစ်သင့်တယ်။ အာပတ်သင့်တယ်။ အဲဒီအပြစ်ကို သိလိုက်တာနဲ့ ပျောက်သွားအောင် ချက်ချင်း ဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ်တယ်။ လူတွေမှာတော့ တစ်ခုခု မှားလို့ရှိရင် ဝန်ချတောင်းပန်ပြီး ပြေလည်အောင်လုပ်လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာ သိလိုက်တာနဲ့ ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီး မှားတဲ့အပြစ်တွေ ပြေပြောက်အောင် လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။ နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလည်း လိုက်တော့လိုက်တယ်။ ဒါပေမဲ့ သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမဲ့ သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလည်း သူမပြောဘူ၊ အလိမ်ခိုင်းလည်း မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူ သူကတော့ အမှန်အတိုင်းပဲ ထွက်ဆိုတယ်။ ဒီလိုပြောပေးရင် ငွေပေးမယ်၊ ဘာပေးမယ်ပြောလည်း သူကတော့ မဟုတ်မမှန်တာကို အဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။ နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရားတရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။ နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လည်း မပြီးနိုင်၊ ဝမ်းမြောက်လို့လည်း မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီး သဘောကျလွန်းလို့ ပီတိသောမနဿတွေဖြစ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။ အကျဉ်းပြန်ချုပ်လိုက်ရင်- ၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်းပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။ ၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်းသည် သောတာပန်ရဲ့ အသိ။ ၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယုံကြည်မှုဟာလည်း သောတာပန်ရဲ့ သဒ္ဓါ။ ၄။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလည်း သောတာပန်ရဲ့ သဘော။ ၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လည်း သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။ ၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။ ၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ဝမ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။ ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။ ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီးဟောတာ။ ဥပမာ သောတာပန်လည်း ရန်တော့ ဖြစ်တာပဲ။ ဒါပေမဲ့ ဖြစ်ရင် ဖြစ်မှန်းနောက်ကသိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ်လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ သမာဓိ ပညာကိုသာ ငဲ့လေ့ရှိတယ်။ တရားနာတဲ့အခါမှာ အခြားစိတ်တွေ အဝင်မခံဘူး။ တရားနာရတော့ ဝမ်းသာလို့မဆုံး ပီတိသောမနဿတွေလည်း ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။ ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။ ဖြစ်ကြောတို၊ ငြိမ်းလိုစိတ်၊ ထွက်ရိပ်ကင်း၊ ချက်ချင်းကု၊ ပျက်မှုစိုး၊ တိုး၍စိုက်၊ လှိုက်လှိုက်ဖို၊ ကြည်ညိုခုနှစ်တန် သောတာပန်။ ။ (မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်သည်။) ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး