ဘုရားရှင်၏ဝါဒ
ဘုရားရှင် ကုရုတိုင်း ကပိလဝတ်ပြည်မှာ တစ်ပါးတည်း ဆွမ်းခံကြွတော်မူပြီးနောက် တစ်ခုသောတောထဲ ဥသျှစ်ပင်အောက်မှာ ဆွမ်းဘုဉ်းပေးတော်မူတယ်။ ပြီးတာနဲ့ ဒီနေရာမှာပဲ နေ့သန့်စင်၊ ဒီနေရာမှာပဲ ဖလသမာပတ်ဝင်စားတော့မယ်ဆိုပြီး သီတင်းသုံးနေတော်မူတယ်။ ထိုအချိန် ဒဏ္ဍပါဏိပုဏ္ဏားကြီးက ရွှေတုတ်ကောက်ကြီးကိုင်ပြီး ဘုရားရှင်ထံရောက်လာတယ်။ ဘုရားရှင်ကိုလည်း ဝတ်မချဘူး။ နှုတ်ဆက်ရုံလောက်နှုတ်ဆက်ပြီး `ရှင်ဂေါတမရဲ့ အယူနဲ့ ဝါဒကိုပြောစမ်းပါ´လို့ မေးတယ်။ မေးတော့ ဘုရားရှင်က ရိပ်မိတယ်။ သူဟာ ဒေဝဒတ်နဲ့လည်း အမျိုးတော်တယ်၊ ကျွတ်တမ်းဝင်မယ့်ပုဂ္ဂိုလ်လည်းမဟုတ်ဘူး။ ဒေဝဒတ်ကို သံဃာက ကြဉ်ထားတာ၊ ဒေဝဒတ်သံဃာအသင်းခွဲလို့ အပါယ်သွားရမယ့်ပုဂ္ဂိုလ်လို့ ဟောတော်မူထားတာတွေကို သူက မကြိုက်ဘူး။ လောကီသမားဆိုတော့ ရာဟုလာလေး သင်္ကန်းဝတ်ပေးလိုက်တာကိုလည်း သူ မကြိုက်ဘူး။ ဒီလို မကြိုက်ပေမယ့် တွေ့တုန်း မေးဦးမှပဲဆိုပြီး `ရှင်ဂေါတမ ဘယ်အယူရှိလဲ၊ ရှင်ဂေါတမဝါဒက ဘယ်လိုဝါဒလဲ´လို့ မေးလိုက်တာ။ ဒီတော့ ဘုရားရှင်က `ငါ့ဝါဒက ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ´တဲ့။ ဘုရားရှင်ရဲ့ ဝါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ။ ဒါပေမဲ့ ဒီဝါဒကို မကြိုက်တဲ့သူတွေက ဘုရားကို လာပြီးစစ်တိုက်တာ။ တိတ္ထိတွေ၊ ဒေဝဒတ် အဇာတသတ်တို့လိုပုဂ္ဂိုလ်တွေ၊ မာရ်နတ်ကြီးလို ပုဂ္ဂိုလ်တွေ လာစစ်ထိုးကြတာ။ ဘုရားဝါဒကတော့ အမှန်ပါပဲ။ ဒီဝါဒ မကြိုက်သူတွေကတော့ လာတိုက်ကြတာပေါ့။
ဘုရားက `ရှေးဘုရားတွေက ဒါ ဒုက္ခသစ္စာပဲလို့ ဟောရင် ငါလည်း ဒုက္ခသစ္စာပဲလို့ ဟောတယ်၊ အပိုမဟောဘူး၊ ဒုက္ခသစ္စာမှာလည်း သစ္စာသိမှု သစ္စဉာဏ်၊ ဖြစ်ပျက်သိမှု ကိစ္စဉာဏ်၊ ဖြစ်ပျက်ဆုံးသွားရင် ကတဉာဏ်လို့ ဟောတော့ ငါဘုရားလည်း ဒီလိုပဲ ဟောတယ်´တဲ့။ ဒီလိုဟောတာကို နားမလည်တဲ့ပုဂ္ဂိုလ်တွေကတော့ ရန်လာဖြစ်ကြတယ်။ ဘုရားရှင်ကတော့ ရန်မဖြစ်ဘူး။ ဒါဖြင့် သူ့ဝါဒက ရန်မဖြစ်တဲ့ဝါဒ၊ ပညာရှိတွေ အကုန်လက်ခံတဲ့ဝါဒတဲ့။ ပညာမဲ့တွေက သူတို့ ဘယ်တုန်းကမှ မကြားဘူးတာတွေ ဟောရမလားဆိုပြီး ငြင်းပွားကြတာတွေတော့ ရှိတယ်။ သို့သော်လည်း ဘုရားက ခံပြီး ရန်မဖြစ်ပါဘူး။ ငြင်းကြခုံကြတာတွေဟာ ဘုရားက ရန်ဖြစ်တာမဟုတ်ဘူး၊ သူတို့က မကြိုက်လို့ ဖြစ်နေတာ။ ဘုရားရှင်ရဲ့ ဝါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒပဲ။
ဒါတင်မကသေးဘူး။ `ငါသည် သံသယဝိစိကိစ္ဆာကင်းပြီး အားလုံးအပေါ်မှာ တဏှာဖြတ်တဲ့ ပုဂ္ဂိုလ်လို့လည်း မှတ်ပါ´တဲ့။ သံသယကင်းပြီး တဏှာဖြတ်တဲ့အလုပ်ဟာ ဘုရားအလုပ်။ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒက ဘုရားဝါဒ၊ သံသယကင်းပြီး တဏှာဖြတ်တဲ့အလုပ်က ဘုရားလုပ်ငန်းစဉ်။ ဒီလိုရှင်းပြတာကို နားထောင်ပြီးတော့ ဒဏ္ဍပါဏိက ပြန်သွားတယ်။ ဘုရားရှင် ကျောင်းပြန်ကြွတော်မူတဲ့အခါ ရဟန်းတို့ကို ငါတော့ ဒီနေ့ ဒဏ္ဍပါဏိနဲ့တွေ့လို့ ငါ့ဝါဒနဲ့ ငါ့လုပ်ငန်းစဉ်ကို ပြောခဲ့တယ်လို့ မိန့်တော်မူတယ်။ ငါ့ဝါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ၊ ငါ့လုပ်ငန်းစဉ်က သံသယမရှိဘဲနဲ့ ကိလေသာသတ်တဲ့ လုပ်ငန်းစဉ်ပဲတဲ့။ ဘုရားရှင်က အကျဉ်းပဲ ဟောပြသွားတော့ အချို့ရဟန်းတွေက နားမလည်လို့ ဘုရားရှင်ကိုလည်း မမေးရဲတာနဲ့ အရှင်မဟာကစ္စည်းကို ချဉ်းကပ်ပြီး မေးကြတယ်။ အရှင်မဟာကစ္စည်းက `အနှစ်ရှိတဲ့သစ်ပင်ဆီက အနှစ်မရှိတဲ့သစ်ပင်ဆီ လာပြီး အနှစ်တောင်းသလို ဖြစ်နေပါလား´လို့ မိန့်တော်မူတယ်။ ဘုရားရှင်နှင့်စာရင် သူ့မှာ ဘာမှအနှစ်မရှိဘူးလို့ပြောလိုက်တာပဲ။ ရဟန်းတော်တွေက `အရှင်ဘုရားကို ဘုရားရှင်ကလည်း ချီးမွမ်း၊ အကျဉ်းကို အကျယ်ဟောနိုင်တယ်လို့လည်း ဂုဏ်သတင်းမွှေးနေလို့ တပည့်တော်တို့ လာရတာပါဘုရား´လို့လျှောက်ကြတယ်။ ဒါဆိုရင် အရှင်ဘုရားတို့ တကယ်နာချင်တယ်ဆိုရင်တော့ သစ္စာတရားပဲ ဟောပေးမယ်ဆိုပြီး သစ္စာအလုပ်တရားကို ဟောတော်မူပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
See also: http://myakyunthar.blogspot.com/?m=1
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.